Thursday, April 30, 2015

“ဖရဲသီး နဲ့ ဘဲဥ”

          ဆေးရုံကြီးမှာ အရေးအကြောင်းရှိ အကူအညီလိုရင် ပြောပါ လို့ ဖိတ်မန္တက ပြုထားတဲ့အတိုင်းပဲ သူငယ်ချင်း မိတ်ဆွေထဲက နာရေးဖျားရေး မမာမကျန်းများ ရှိခဲ့သော် ဘယ်သွားလို့ ဘာလုပ်ရမှန်းမသိ ရွာလည်နေမှာစိုးလို့ အကြံဥာဏ်ပေးတန်ပေး၊ သင့်ရာအပ်ပို့ လုပ်တဲ့အခါလုပ်၊ နတ်လမ်းညွှန်တဲ့အခါညွှန် ၊ကူညီနိုင်သလောက် ကူညီပေးခဲ့သလို ကိုယ်နဲ့ဆိုင်တဲ့ ရောဂါဝေဒနာများကျတော့လည်း တတ်အားသရွေ့ကုသပေးခဲ့ပါတယ်။ သည်ပတ်ဝန်းကျင်မှာ ကျင်လည်ခဲ့တာ နှစ်ပေါင်းမနည်းတော့သလောက် လက်ရှိခေတ်အခါ အခြေအနေမှာလည်း ကိုယ်တိုင်ပါဝင်နေသူတစ်ယောက်မို့ ဘယ်နေရာမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သူများထက်စာရင်တော့ ထဲထဲဝင်ဝင် သိတာ အမှန်ပါပဲ။ ဒါပေမယ့်လည်း မြင်တိုင်းတွေ့တိုင်း ပါးစပ်ဖွာနေရင် ရွာပြင်ကို ရောက်ကိန်းမြင်တာမို့ ဆေးရုံနဲ့ ပတ်သက်ရင် တော်ရုံနဲ့ မရေးဖြစ်အောင် သတိထားပါတယ်။
ကိုယ်တို့ဆေးဝန်ထမ်းမိသားစုတွေဖြစ်ဖြစ် လူနာနဲ့ လူနာရှင်မိသားစုတွေဖြစ်ဖြစ် တစုံတရာ အကျိုးရှိနိုင်မယ်လို့ ယုံကြည်မှ အမယ်ဘုတ်ကယ့် သူ့ချည်ခင်ထဲကနေ အစဆွဲထုတ်ပေးလေ့ရှိပါတယ်။ ဒေါ်မြလေးကြီးပြောတဲ့ “မပြောချင်ဘူး။ မပြောချင်ဘူး။ ပြောကို မပြောချင်ဘူး။” ဆိုတာလိုပဲ ကိုယ်လည်း မပြောချင်ပါဘူးဆိုမှ “အင်း။ ထီးမရှိလည်း ခမောက်ကလေးပဲဖြစ်ဖြစ် ဆောင်းပြောရဦးမှာပေါ့လေ။” လို့ ပြဲပုတ်သည်မစန်း လုပ်ရပြန်ဦးမယ်။ အကြောင်းကတော့ ဆေးရုံနဲ့ လူနာအကြားမှာ ကြားလေမသွေးပဲ ဝေးဝေးလာရလို့ပါ။ ဆရာဝန် ဆရာမတွေဘက်ကလည်း မိုင်ကုန်နေပြီ။ သေလုမြောပါး အသက်ထွက်ခမန်း အလုပ်လုပ်နေရတာ။ လူနာတွေဘက်ကျတော့လည်း ဒီဆရာဝန်ဆရာမတွေလောက် အကြင်နာတရားခေါင်းပါးတာ မရှိဘူး။ လို့ ခံစားနေရတယ်။ တစ်ခုခုတော့ လွဲနေပြီမဟုတ်လား။ ဘယ်နေရာမှာ လွဲသွားတာလဲ နည်းနည်းလောက် ခြေရာကောက်ကြည့်ရအောင်လေ။

          သူငယ်ချင်းတစ်ယောက် ကိုယ့်ဆီ အရေးတကြီး ဖုန်းဆက်လာတာက သူ့အလုပ်ထဲက ကလေးတစ်ယောက် ငြမ်းပေါ်ကပြုတ်ကျပြီး အရေးပေါ်ရောက်နေလို့ အကူအညီတောင်းတာပါ။ အဆင်သင့်တာကတော့ အဲသည်နေ့က ကိုယ့် On Call ယူထားတဲ့နေ့ဆိုတော့ နံမည်မေး အသက်မေးပြီး “ဘာမှ မပူနဲ့။ကြည့်ထားပေးမယ်။” လို့ အကြောင်းပြန်လိုက်ပါတယ်။ ကိုယ်ကသာ မပူနဲ့ ပြောနိုင်တာ။ ကာယကံရှင်ကတော့ မပူပဲ ဘယ်နေမလဲ။ ဘိုးဘိုးအောင် လိပ်စာရပဟဲ့ဆို တဆေးရုံလုံး ဒေါင်းတောက်အောင် လိုက်ရှာကြသတဲ့။ ရှာလည်း တွေ့စရာ မရှိပါဘူး။ ခွဲခန်းထဲမှာ လူနာနဲ့ အသည်းအသန်။ ဒီတစ်ယောက်ပြီးလို့ ရုံးချိန်ကုန်ပြီဆိုပြီး အိမ်ပြန် ရေမိုးချိုး ထမင်းစားလို့မရဘူး။ ညနေချိန် ကားတွေပိတ်ပုံနဲ့ မိုးကြိုးပစ်သွားမယ်။ ဆေးရုံနောက်က တရုတ်တန်းတင် ခေါက်ဆွဲကလေးစားရတာ မနက်စာပါ။ နောက်ထပ် နှစ်ယောက်လောက် ခွဲစရာ ကျန်သေးတာကိုး။ ကိုယ့်ကိုလိုက်ရှာမရတဲ့ လူနာရှင်တွေက စောစောက သူငယ်ချင်းနဲ့ ဖုန်းလိုက်ချိတ်ပါတယ်။“ကူညီပါဦး။ နေ့လည် တစ်နာရီကတည်းက ရောက်နေတာ။ ခုထက်ထိ ဘာမှလည်း လုပ်မပေးသေးဘူး” တဲ့။ အဲ့ဒါတော့ မဖြစ်နိုင်ဘူးလေ။ ကိုယ်ခွဲခန်းထဲမဝင်ခင် သုံးနာရီလောက်က အရေးကြီးလူနာတွေ ကလေးတွေပြလို့ ကြည့်ပြီးသား။ လုပ်စရာရှိတာ လုပ်ပြီးသား။ “ဘာမှ မလုပ်သေးတဲ့လူနာဆိုရင် ဘာမှ လုပ်စရာမလိုသေးပဲ စောင့်ကြည့်နေရတဲ့လူနာပဲ ဖြစ်ရမယ်။ စိတ်မပူနဲ့။” လို့ အကြောင်းပြန်ပြီး လူနာသွားကြည့်ရတယ်။ သူ့လူနာက တကယ်တော့ ဆရာဝန်ပေါင်းများစွာ ကြည့်ထားပြီးသား၊ အရေးပေါ်ကုသမှုတွေပေး၊ သွေးစစ်၊ ဓါတ်မှန်ရိုက်၊ Ultrasound ရိုက်၊ CT Scanပါရိုက်၊ သွေးတွေတောင်း၊ သွေးပေါင်တွေကျလို့ ပြန်တက်လာအောင် ဆွဲတင်၊ ဆရာဝန်များစွာက အကြိမ်ကြိမ်အခါခါ စမ်းသပ်ကုသထားပါလျက် သူတို့ဘက်က“ဘာမှလည်း လုပ်မပေးဘူး” လို့ ပြောရက်တာ အံ့သြလွန်းလို့ စိတ်ပါတိုမိတယ်။ ဒါပေမယ့်လည်းကိုယ်က စိတ်လျော့ရမယ့်ဘက်က မဟုတ်လား။ ကိုယ်ဘယ်လောက် လုပ်ပေးလုပ်ပေး သူတို့ဘက်က ဂရုမစိုက်ဘူးလို့ ခံစားရလို့သာ သည်စကားမျိုး ပြောထွက်တာပေါ့။ သည်လိုပြသနာမျိုးက ကိုယ်တစ်ယောက်တည်း ကြုံရတဲ့အခင်း မဟုတ်ဘူး။ အရေးပေါ်ကို ရောက်လာတဲ့ လူနာတိုင်းနဲ့ တာဝန်ကျ ဆရာဝန် ဆရာမတွေ နိစ္စဓူဝ ကြုံရတဲ့ဖြစ်ရပ်။ ဂျာနယ်လစ်ဆွေမျိုးသားချင်းများ ပါလို့ကတော့ နာပြီသာမှတ်။ ရေးလိုက်ကြတာ ရေးလိုက်ကြတာများ။ ဆန်စင်ရာ ကျည်ပွေ့လိုက် မရှင်းနိုင်လို့ အခုတစ်ခါတည်း ဆုံထဲထည့်ထောင်းလိုက်မယ်။ လာလေ့။

          တကယ်တော့ အဲသည်လူနာရှင်တွေ စိတ်ပူတာဟာ “အရေးကြီးတယ်။ အသက်အန္တရာယ်ရှိတယ်။ ခွဲခန်းဝင်ရမယ်။” လို့ ပြောပြီး ခွဲခန်းထဲ ခေါ်နိုးခေါ်နိုး နဲ့ မစောင့်နိုင်တော့တဲ့ ဒုက္ခပါ။ “အရေးကြီးတယ်” လို့လည်း ပြောကြတယ်။ သွေးတွေလည်း တစ်ပုလင်းပြီးတစ်ပုလင်း သွင်းကြတယ်။ နောက်ထပ်လည်း ထပ်တောင်းတယ်။ ခွဲဖို့ကျတော့ မခေါ်တာဟာ ဆရာဝန်တွေ ပိုက်ဆံမရသေးလို့ စောင့်နေတာလားမသိဘူး လို့ စိတ်ထဲမှာ စနိုးစနောင့် ဖြစ်လာပုံရပါတယ်။ ကိုယ်တို့ဘက်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ သူတို့မသိတဲ့အတွက် သူတို့ဘက်က ပူပန်စိတ်တွေများပြီး အမျိုးမျိုး တွေးတာပေါ့။ ကိုယ်တို့ဘက်မှာဖြစ်နေတဲ့ ဒုက္ခက ခွဲရမယ့်လူနာတွေက အများကြီး။ ခွဲခန်းက အားလုံးပေါင်းမှ သုံးခန်းပဲ ဖွင့်ထားတယ်။ အဲဒီထဲမှာ တစ်ခန်းက မေးခိုင်ပိုး သံသယရှိတဲ့လူနာခွဲထားလို့ ဓါတ်ခွဲခန်းပို့စစ်ရဦးမယ်။ သူဟာအရေးပေါ်မို့လို့ သူ့အရင်တင်ထားတဲ့ ခွဲလူနာ တစ်ကျိပ်ကျော်ကို ကြားဖြတ်ပြီး အမြန်ဆုံးခွဲဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် သူ့ထက် အရေးပေါ်ကို စောရောက်တဲ့ အရေးပေါ်တွေ ရှိသေးတယ်။ ပိတောက်ပင်ပေါ်က ကျတာ၊ ကားနဲ့ဖြတ်ကျိတ်ခံရတာ။ ဓါးနဲ့ခုတ်လိုက်လို့ လက်မောင်းအလယ်က ပြတ်သွားတာ။ တစ်ခုမပြီးပဲ နောက်တစ်ခု လုပ်လို့မရဘူး။ အဲသည်ညက တညလုံး မိုးအလင်းခွဲတာတောင်မှ နောက်တနေ့မနက်ရောက်တော့ အူအတက်ရောင်လူနာက လေးယောက်၊ ခြေထောက်ဖြတ်ရမယ့်လူနာက တစ်ယောက်၊ ပြည်ဖောက်ရမယ့်လူနာကနှစ်ယောက် ကျန်နေသေးတယ်။ အဲ့ဒါတွေအားလုံး ၂၄ နာရီကျော်အောင် စောင့်နေရတဲ့ အရေးပေါ်လူနာတွေချည့်ပဲ။ သူတို့အားလုံးက “ဟိုလူနာတွေကျတော့ ပိုက်ဆံရလို့ နောက်မှရောက်လာလျက်သားနဲ့ အရင်ခွဲပေးတယ်။ ငါတို့ကျတော့ ပိုက်ဆံမပေးလို့ မခွဲပဲထားတာ” လို့ ထင်သွားတော့ မခက်ပါလား။ စာအုပ်ထဲမှာ သင်ရတုန်းကတော့ “အရေးပေါ်ဆိုတာ နေကို အထွက်ရော အဝင်ရော နှစ်ခါမမြင်စေသင့်ဘူး” တဲ့။ သည်မှာဖြင့် နေ့ကူးတာ တစ်ရက်မကပေါင်။

          အရေးပေါ်မှာ ကိုယ်တို့တာဝန်ကျတဲ့အခါ ခွဲရမယ့်လူနာတွေကို တန်းစီပြီး ဝှိုက်ဘုတ်ကြီးတစ်ချပ်နဲ့ ရေးထားရတယ်။ အခု အဲသည်ဘုတ်ကြီးနဲ့ နှစ်ပြန်လောက် ရေးရေးထားရတာ နံရံပေါ်မှာ။ ဓါတ်ပုံနဲ့ စတေးတပ်စ်တင်ထားကြတာ ခဏခဏ။ တစ်နေ့ကို ခွဲလူနာ ၂၄ ယောက် ရှိတယ်ဆိုရင် တစ်ယောက် တစ်နာရီနဲ့ အပြီးခွဲရမယ့် သဘောပေါ့။ (ဖြစ်နိုင်ပါ့မလား) ဘာလို့ဆိုတော့ ကိုယ့်ချည့်ခွဲနေတာ မဟုတ်ဘူးလေ။ ဟိုဘက်က အရိုးဆရာဝန်တွေကလည်း ဝင်လာမစဲ တသဲသဲ ခွဲနေတာ။ အဲသည်ညကဆို သူတို့ဆရာကြီးကိုယ်တိုင် ပြတ်သွားတဲ့လက်ကို လာဆက်တယ်။ ဟိုဘက်က ဆေးကုသဆောင်က လူနာကြည့်တဲ့ဆီမှာလည်း ပျားပန်းကိုခပ်လို့။ ကင်ဆာဆောင်က ဆရာဝန်ကလေးက သူ့ဂျူတီနေ့မှာ လူနာအသစ် တစ်ရာကျော် နှစ်ရာနီးပါး လက်ခံရလို့ မျက်ဖြူလန်နေတယ်။ ၁၇-၁၈ ကို သည်နေ့ လူနာသွားပြတော့ သူတို့ဝဒ်မှာ လူနာ ၂၀၀ ပြည့်ဖို့တစ်ယောက်ပဲ လိုတော့တယ်တဲ့။ ဘယ်လူနာဆောင်မှာမှ ချောင်နေတယ်ဆိုတာ မရှိဘူး။ ငါးပိသိပ်ငါးချဉ်သိပ်။ ဘယ်ဆရာဝန်မှလည်း အားယားနေတယ်ဆိုတာ မရှိဘူး။ အကုန်လုံး အရူးမီးဝိုင်း။ သွေးအဖြေရွေးတဲ့နေရာမှာ အုတ်အော်သောင်းနင်း၊ ဓါတ်မှန်ဌာနမှာလည်း အူအူကြွက်ညာ။ “အားလုံးကျန်းမာ သက္ကရာဇ် ၂၀၀၀မှာ” ဆိုတဲ့သူကြီးကို ဖနောင့်နဲ့တောင်ပေါက်ချင်တယ်။ ဖြစ်ရတဲ့ ပြသနာကတော့ ဝန်နဲ့အားနဲ့မမျှတာ လို့ သုံးသပ်မိပါတယ်။ ဘာမသိညာမသိ လူကြီးတွေကတော့ နင်တို့ဆရာဝန်တွေ အလုပ်ကောင်းကောင်းမှမလုပ်တာ လို့ မြင်ချင်မြင်မှာပေါ့။ အဲ့ဒီတော့လည်း မြင်းပိန် လှိမ့်ပိမ့်ရိုက်သလို ကြာပွတ်သံ တရွှမ်းရွှမ်းပေးဦးမှာပေါ့။ ဒါမှ မဟုတ်လည်း လူနာအလာရှင်းသွားအောင် တံမျက်စည်းကလေး ပြောင်းပြန်ထောင်ထားလို့ ယတြာပေးမယ့်သူက ပေးဦးမှာ။

          ပထမဆုံးစဉ်းစားရမှာက လူနာတွေ ဘာလို့ သည်လောက် အလာများသလဲ။ “အမလေး။သူ့ဆေးရုံများ ဘယ်သူက အားအားယားယား အဆူခံအဟောက်ခံ လာပါ့မလဲ။ နေမကောင်းလို့လာတာပေါ့။ နေကောင်းရင် ရှူရှူးတောင် ဝင်မပေါက်ဘူးမှတ်။” ဒါပေမယ့် နေမကောင်းတိုင်း ဆေးရုံလာရတာ မဟုတ်ပါဘူး။ ဆေးရုံက ကုသမှုကို လိုအပ်မှ လာရတာလေ။ “ဆရာမ သမီးရဲ့ ဗိုက်ထဲက အောင့်အောင့်နေတယ်” ဆိုတာမျိုးကျတော့ ကျောင်းကျန်းမာရေးဆရာဝန်ဆီ အရင်ပြပြီး သူက လိုအပ်လို့ ဆေးရုံသွားပါဆိုမှ ဆေးရုံလာရတာပါ။ တော်ရုံတန်ရုံ ခေါင်းကိုက်ဗိုက်နာတာလောက်ကတော့ အရပ်ထဲတင် “ကျွန်တော်ဆရာဝန်တစ်ယောက်ပါ” ဆိုသူတွေနဲ့ပြပြီး “သူ့ကို ကရင်မေးအက်စ် ပေးလိုက်ပါဟေ့” နဲ့ ပျောက်ပါတယ်။ လောလောဆယ် ကျွန်တော်တို့ အရေးပေါ်မှာ ကြည့်နေရတာက “ယားဖုကလေးတွေ ထွက်နေလို့” ဆိုတာလည်းပါရဲ့။ “ညဘက်ကြီး အိပ်မပျော်လို့ ကြင်နာစွာ အိပ်ဆေးလေးများ ပေးပါ” ဆိုတဲ့သူလည်း ပါရဲ့။“မကြည့်ပေးဘူး” ပြောရင် အားကြီး စိတ်ဆိုးတယ်။ ဒါလေးကုပေးလိုက်ရတာ ဘာဖြစ်သွားမှာမို့လဲလို့ ထင်တယ်။ လိုရင်းပြောရရင်တော့ သူများနိုင်ငံတွေမှာလို စံနစ်တကျ လူနာလွှဲပို့တဲ့စံနစ် မရှိတဲ့အတွက် လူနာတွေ များနေရတယ်။ ပူတာအိုက အုန်းသီးလောက် ရင်သားအကျိတ်ကြီးနဲ့ ကျောင်းဆရာမလည်း ရန်ကုန်မှာပဲ လာခွဲတယ်။ မြန်မာနိုင်ငံ တနံတလျားက လာချင်တဲ့လူနာတွေ Proxy မျိုးစုံနဲ့ရောက်လာသ၍ လက်ခံကုသပေးနေတာမို့လည်း လူနာများတယ်။ အဲသည်ထဲမှာမှ အရာခပ်သိမ်း စားရိတ်ငြိမ်း ကျန်းမာရေးစောင့်ရှောက်မှုကြီးကြောင့် အရင်ကထက်စာရင် လူနာတွေ နှစ်ဆသုံးဆ များလာတယ်။ လူနာအင်အားက မနိုင်ဝန်ဖြစ်လာတဲ့အချိန်မှာ ဝန်ထမ်းအင်အားနဲ့ အခြေခံအဆောက်အဦက မီအောင်လိုက်မတိုးချဲ့နိုင်သေးတဲ့အတွက်  ကိုယ်တို့ဆေးရုံထဲမှာလည်း ခုံးကျော်တံတားတွေ ပြိုင်ဆောက်နေတဲ့ ရန်ကုန်ကားလမ်းမများပမာ တစ်ဘီးချင်းလှိမ့်နေရတယ်။

          ဒုတိယတစ်ခု စဉ်းစားစရာက မြန်မာပြည်ကလူတွေကပဲ အရင်ကထက်ပိုပြီး မကျန်းမမာဖြစ်လာတာကြောင့်လားပေါ့။ ဆေးရုံကြီးက ကင်ဆာဌာနရောက်ဖူးသူတိုင်း “ဘုရားဘုရား။ ငါတို့နိုင်ငံကင်ဆာဖြစ်တဲ့လူနာတွေ များလှချည့်လား” လို့ ခေါင်းနားပန်းကြီးသွားစေရမယ်။ ဒါဖြင့်ရင် Diabetic Clinic ဘက် ဝင်ခဲ့ပါဦး။ အဲသမှာလည်း ဆီးချိုဝေဒနာသည်တွေ အံ့မခန်းလောက်အောင် တွေ့ရမယ်။ အဲ့ဒါတွေ အားလုံးက မြန်မာပြည်မှာ လူဦးရေတိုးပွားလာတဲ့အတွက် မကျန်းမမာဖြစ်တဲ့ လူနာဦးရေလည်း အချိုးညီစွာ လိုက်တိုးတက်လာရတယ် လို့ သဘောထားလို့ရတယ်။ အဲသလို သဘောထားလို့မရတဲ့ လူနာဦးရေ အဆမတန်တိုးပွားလာတာကို သိချင်ရင်တော့ အရေးပေါ်ဌာနကိုပဲ ပြန်လှည့်မှရမယ်။ ကိုယ်တို့ဆေးရုံမှာ အသေအပျောက်အများဆုံးနဲ့ ဆေးရုံတက်လူနာ အများဆုံးဦးရေဟာ ဘယ်ကလာတယ် ထင်သလဲ။ မော်တော်ယာဉ်မတော်တဆမှုတွေနဲ့ ကားလမ်းမပေါ်က လာကြတယ်ဗျ။ ယာဉ်တိုက်မှု မဖြစ်တဲ့နေ့ဆိုတာ တစ်နေ့မှ မရှိဘူး။ မနက်တိုင်း ရင်ခွဲစစ်ဆေးနေကြတဲ့ အလောင်းတော်တော်များများဟာလည်း ကားအက်စီးဒင့်နဲ့ချည့်ပဲ။ မတော်တဆ ထိခိုက်ဒဏ်ရာရတဲ့ လူနာဦးရေဟာ မမာမကျန်း ရောဂါဝေဒနာ ခံစားနေရသူတွေထက်ကို ပိုများတယ်။(သူတို့က ရဲမှုနဲ့ဆိုတော့ အပြင်ဆေးခန်းသွားလို့ မရတာလည်း ပါတာပေါ့လေ) ဟိုးတုန်းကတော့ သည်လိုလူနာတွေဟာ ကိုယ်တို့ဆီ ရောက်အောင်မလာနိုင်ကြဘူး။ လမ်းတင် ဒုက္ခဖြစ်ပြီး ရင်ခွဲရုံတန်းရောက်သွားတာ။ အခုအခါမှာတော့ Ambulance Service တွေက ကောင်းလာတာရယ်၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလာတာရယ်ကြောင့် လမ်းတင် ပိုးစိုးပက်စက် သေရမယ့်လူနာတွေဟာ ဆရာဝန်တွေလက်ထဲမှာ ပိုးလိုးပက်လက် လူမမာကြီးတွေဖြစ်ကုန်တယ်။ တချို့တော့ ကယ်လို့ရတယ်။ တချို့ကတော့ လူမျောသရွေ့ ငွေနဲ့လိုက်ဖို့သာပြင်ထား။ ဆရာဝန်တွေ အစွမ်းကုန် ဝိုင်းဝန်းကြိုးစားကုသကြရင်း အထူးကြပ်မတ်ကုသဆောင်ထဲမှာ နာတာရှည်ပြီးမှ သင်္ဘောနစ်သလိုနစ်ရတယ်။ ပြောချင်တာက ယာဉ်တိုက်မှုဆိုတဲ့ကိစ္စဟာ ဖြစ်လာပြီးမှ နောက်ကလိုက်ရရင် အသက်ရင်လည်း သေတတ်တယ်။ ဥစ္စာရင်လည်း ပျက်တတ်တယ်။ ဆရာဝန်ဆရာမတွေလည်း မနိုင်မနင်း အလုပ်ပိစေတယ်။ နိုင်ငံတော်က ကုန်ကျငွေတွေလည်း သောက်သောက်လဲ ပြုန်းတီးတယ်။ စဉ်းစားကြည့်။ လူနာတစ်ယောက် ပက်လက်လာရင် ခေါင်းခါးခြေလက်၊ ရင်ခေါင်း ဝမ်းပြင် ဓါတ်မှန်တင် အချပ်ပေါင်းများစွာ ရိုက်ရတာ။ သွေးစစ်သွေးသွင်း၊ ခွဲခန်းဝင်၊ မကောင်းမချင်း နောက်ကလိုက်ရတာ ငွေကုန်လူပန်း ကျောချမ်းစရာကောင်းလွန်းလို့ မဖြစ်ခင်က ကြိုတင်ကာကွယ်ကြဖို့ ကောင်းတယ် လို့ ပြောချင်တာပါ။

          ဒါကတော့ ဦးရယ်။ မတော်တဆပါဆိုမှ။ ဘယ်သူက တမင်ကားတိုက်အောင် လုပ်ပါ့မလဲ။ သေလို့သာသေသွားဦး။ “မို့ ထင်မထားဘူး” နဲ့ပဲ ဘဝတစ်ပါးကို ကူးပြောင်းသွားရတာပါ။ ဒါပေမယ့် အဲသည် မတော်တဆမှုတွေ အဖြစ်နည်းသွားအောင် လုပ်ဖို့အတွက်က ကာယကံရှင်တွေကို “သတိထားမောင်းနော်။ ဖြေးဖြေးမောင်းနော်။” အော်နေရုံနဲ့ မပြီးပါဘူး။ တရားဥပဒေပိုင်းက ယာဉ်စည်းကမ်းထိန်းသိမ်းရေးကို တင်းကြပ်ပေးဖို့ လိုတဲ့အကြောင်း တွေးမိလို့ပါ။ ကိုယ့်မျက်စိရှေ့ ရောက်လာတဲ့ ယာဉ်တိုက်မှုတိုင်းကို စပ်စုတယ်။ ဘယ်မှာဖြစ်ခဲ့တာလဲ။ ဘယ်လိုဖြစ်ရတာလဲ။ လူတော်တော်များများက အမြန်လမ်းကြီးကြောင့်ဖြစ်ရတယ် လို့ ပြောပါလိမ့်မယ်။ ပြောချင်နေတာကိုး။ ဟုတ်တော့ဟုတ်တယ်။ ဒါပေမယ့် မဟုတ်သေးဘူး။ ကိုယ်မြင်တာကတော့ မော်တော်ပီကယ်တွေ မရှိတဲ့နေရာတွေမှာ အဖြစ်များတယ်ဆိုတာပါပဲ။ (ထူးထူးခြားခြားအဝိုင်းပတ်ရင်း မော်တော်ပီကယ်ကိုမှ တည့်တည့်ဝင်တိုက်သွားတာလည်း ရှိတာပေါ့။) ယာဉ်တိုက်မှုတော်တော်များများဟာ ယာဉ်စည်းကမ်းလမ်းစည်းကမ်း မလိုက်နာလို့ ဖြစ်ရတယ် ဆိုတဲ့အဆိုဟာ ဘယ်ဘက်ကမှ ငြင်းစရာမရှိတဲ့အဆိုပါ။ အဲဒီအချက်ကို မြင်တော့မှ ကိုယ့်တသက်တာမှာ ပထမဦးဆုံးအကြိမ် မော်တော်ပီကယ်တွေကို မရှိမဖြစ်လိုအပ်ပါလား လို့ သဘောပေါက်သွားပါတယ်။

          တကယ်တမ်းကျတော့ ကားမောင်းတတ်စကတည်းက ကိုယ် အင်မတန် မျက်မုန်းကျိုးမိတဲ့လူတွေဟာ မော်တော်ပီကယ်လို့ခေါ်ခေါ်၊ ဘဲဥ လို့ခေါ်ခေါ်၊ အဲသည်ယာဉ်ထိမ်းရဲဆိုတဲ့ လူကြီးတွေပါပဲ။ (သူတို့က ဘဲဥ ဆိုရင် ကိုယ်က ဖရဲသီးပေါ့ကွယ်။) အလကားနေ သူများဆီက ပိုက်ဆံတောင်းဖို့ချည့်ပဲ ချောင်းနေတယ် လို့ မြင်ပါတယ်။ ကိုယ့်မှာ အမှားရှိရင် “ညီလေး မင်း ဘယ်လိုလုပ်လိုက်တာလဲကွာ”ဆိုပြီး တောင်းမယ်။ အမှားမရှိရင် လိုင်စင် ဝှီးတက်စစ်မယ်။ အပြစ်ရှာမရရင် “ကိုကြီးတို့ကို လက်ဘက်ရည်ဖိုးလေး ပေးသွားပါဦး” လို့ ပြောင်တောင်းမယ်။ လူဆိုတာ ကိုယ့်အိပ်ထဲက ပိုက်ဆံကလေးများ ထွက်သွားရင် ကိုယ်လုပ်ထားတဲ့အမှားကို မမြင်တော့ပဲ သည်ကောင်တွေ မသထာရေစာ စားနေတယ်လို့ မြင်သွားတတ်တာကိုး။ တခါတုန်းကဆို သူငယ်ချင်းတစ်ယောက်က ဟားတာခံရတယ်။ မော်တော်ပီကယ်က ဟွန်းတီးလို့ ဒဏ်ငွေသွားဆောင်ခိုင်းတာကြောင့် မေတ္တာတွေပို့နေတော့ သူက “ဘယ်နားမှာ ဟွန်းသွားတီးမိလို့လဲ”လို့ ပြန်မေးတယ်။ “၅၂ လမ်းထိပ်မှာလေ။ ရှေ့ကားက ဖယ်မပေးလို့ နောက်က ဟွန်းတီးတာ။” ဆိုတော့ သူက ရယ်လိုက်တာ။ “မောင်ကောင်းထိုက်ထဲကိုပို့” တဲ့။ အဲ့ဒါ မော်တော်ပီကယ်ရုံးရှေ့လေ။ သဘောကတော့ မော်တော်ပီကယ်ကို ခဏခဏ မုန့်ဖိုးတွေပေးနေရပြီဆိုရင် ကိုယ်က ခဏခဏ ယာဉ်စည်းကမ်းဖောက်ဖျက်မိပြီလို့ သတိရသင့်တာပါ။ သူနဲ့ကင်းချင်ရင် ကိုယ်က ကားကို စည်းနဲ့ကမ်းနဲ့ မောင်းမှ ရမှာပေါ့။

          အခုနောက်ပိုင်းမှာတော့ မော်တော်ပီကယ်တွေလည်း ကိုယ်တို့ဆေးရုံမှာ ဝန်နဲ့အားနဲ့မမျှသလို သူတို့လည်း လမ်းပေါ်မှာ လူနဲ့ကားနဲ့ မမျှတော့ဘူး။ မီးပွိုင့်တွေကပျက်၊ ကားတွေက မောင်းချင်သလိုမောင်း၊ ဈေးသည်တွေက ပလက်ဖောင်းပေါ်ရောက်၊ လူတွေက ကားလမ်းမ ဆင်းလျှောက်၊ လိုင်းကားတွေက ထိပ်ကပိတ်ပြီး ကျောက်ချရပ်၊ တရားပွဲတွေ လမ်းပိတ်ကျင်းပ၊ ခုံးကျော်တံတားတွေက မပြီးနိုင်မစီးနိုင် လမ်းပိတ်၊ နေက ကျဲကျဲတောက်ပူ၊ ပိုက်ဆံမရချင် နေပါစေတော့။ ထွက်သာပြေးချင်တဲ့စိတ် ပေါ်နေမှာ အမှန်ပဲ။ လူတွေက ပိုက်ဆံရှိလို့ ကားသာဝယ်စီးတာ။ မောင်းတဲ့အခါကျတော့ လစ်ရင်လစ်သလိုချည့်ပဲ။ နောက်ကားတွေ ပါချင်သလောက်ပါလာပစေ။ မကွေ့ရတဲ့နေရာမှာ အလယ်ကောင်တုံးလွတ်တာနဲ့ ဂငယ်ကွေ့ ကွေ့ထည့်လိုက်တာ။ “ဟျောင့် ဘယ်လိုလုပ်တာလဲ။ လမ်းတွေပိတ်ကုန်ပြီ။” လို့ ပြောရင် တုတ်ဆွဲပြီး ဆင်းလာရော။ ကွေ့ရမယ့် ယာဉ်ကျောကျတော့ တန်းမစီချင်လို့ တည့်တည့်လမ်းအတိုင်းလာပြီး လမ်းဆုံရောက်မှ ဖြတ်ကနဲလိုက်ကွေ့ဖို့ ပြင်တယ်။ မျက်နှာချင်းဆိုင်ယာဉ်ကြောထဲ လမ်းပြောင်းပြန် ကို နှစ်ထပ်သုံးထပ်ကနေ လုံးဝလမ်းပိတ်တဲ့အထိ “မိုက်ရင်ကျော်တိုက်ရင်လျော်” လို့ အော်ပြီး ဝင်တယ်။ ကိုယ်တို့တိုင်းပြည်လောက် စည်းမရှိကမ်းမရှိ မောင်းတဲ့သူတွေ ရှိနိုင်ပါ့မလား မသိဘူး။ ဒါပေမယ့် မော်တော်ပီကယ်ကလေးများ အရိပ်အယောင်မြင်လိုက် ချက်ချင်းကို လိမ်မာသွားကြတာ အံ့သြစရာ။ ညနေတိုင်း အိမ်ပြန်လို့ ပန်းဆိုးတန်းကနေ မဟာဗန္ဓုလလမ်းကိုကွေ့ရင် ရှေ့ကားဂိတ်တွေမှာ မော်တော်ပီကယ်ရှိမှ ကားဖြောင့်ဖြောင့်မောင်းလို့ရတယ်။ သူတို့တစ်ရက်ကလေး မရှိလိုက်တာနဲ့ အဲသည်နေ့ လမ်းပိတ်တာပဲ။ ဘတ်စကားကြီးတွေဟာ မော်တော်ပီကယ်မရှိရင် ဘာအကြောင်းနဲ့မှ စည်းကမ်းမလိုက်နာကြတော့ဘူး။ တံခွန်မရှိသောရထား မယားမရှိသောလင်တွေထက် မော်တော်ပီကယ်မရှိသောမီးပွိုင့်ဆိုတာဟာလေ ဖင်ရွှေ့ဖင်ရွှေ့နဲ့ တောင်းစားတဲ့ ဒုက္ခိတကတောင် အလေးမထားဘူးလို့မှတ်။

            သူတို့က ကောင်းလွန်းလို့ တတပြီး လွမ်းနေတာ မဟုတ်ပါဘူး။ ကိုယ့်လူကိုယ့်အကျင့်တွေကြောင့် သူတို့မရှိရင် ကားမောင်းရတာ မင်းမဲ့တိုင်းပြည်ဘဝ ရောက်နေတာမို့လို့ “မရှိမဖြစ်ဘဲဥ” လော်ဘီလုပ်ရတာပါ။ သူတို့ရှိရင် ဘာပဲပြောပြော ကိုယ့်အိပ်ထဲက ပိုက်ဆံထွက်မှာ ကြောက်တာကြောင့် အလိုလို စည်းကမ်းသေဝပ်သွားရော။ တကယ်လို့များ ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်လေ့ဖြစ်ထရှိတဲ့ နေရာတွေမှာ ယာဉ်ထိမ်းရဲတွေ အလုံအလောက် တာဝန်ချထားပေးလိုက်ရင် သူတို့ကို ပေးရတဲ့လခဟာ နောက်ကလိုက်လိုက်ရှင်းရတဲ့ အသေအပျောက် အကျိုးအပဲ့ ဆေးကုစားရိတ်တွေနဲ့စာရင် ဘာမှ မပြောပလောက်ဘူးလို့ သိစေချင်တာပါပဲ။ ကားတိုက်မှုတွေ လျော့သွားတာနဲ့ ကိုယ်တို့အရေးပေါ်မှာ အသည်းအသန်လူနာတွေလည်း လျော့သွားလိမ့်မယ်။ ဆေးရုံကြီးကိုချည့် တိုးချဲ့နေလို့ မဖြစ်သေးဘူး။ ၅၂ လမ်းရုံးကြီးလည်း တိုးချဲ့ဖို့ သင့်နေပြီပေါ့။ (ခုတော့ရပ်ထားတဲ့ကား ကရိန်းကြီးနဲ့ လာလာဆွဲတဲ့ စည်ပင်ကို ပိုကြောက်နေရပြီ။)

            တကယ်တမ်းကျတော့ အခုပြောနေတာလေ “သောင်တူးစက်ပိနေလို့ နည်းနည်းဖယ်ပေးနော်။ အာ့လာပြောတာ။” ဆိုတဲ့ ပဲခူးက နဂါးဖွားဖွားရဲ့ စကားနဲ့ ဘာမှ မထူးဘူး။ အချက်အလက် ခိုင်ခိုင်မာမာ သက်သေသက္ကာရ ဘာမှမရှိပဲ ကိုယ်ထင်ရာကိုယ် တောရမ်းမယ်ဖွဲ့ပြောနေတာ။ ပညာရှင်မှန်ရင် ပညာရှင်ပီပီ ချက်နဲ့လက်နဲ့ မငြင်းနိုင်အောင် ပြောရတယ်။ ကိုယ်တို့ဆေးရုံမှာ မနှစ်က လူနာ သည်လောက်ရောက်တယ်။ အခုသည်ရွေ့သည်မျှ ရောက်လာပြီ။ အဲသည်ထဲမှာ အသေအပျောက်က ဟောသလောက်၊ ယာဉ်တိုက်မှုနဲ့သေတာက ဟောသလောက်၊ အတွင်းလူနာ ဟောသလောက်၊ စသည်စသည် ဒေတာခိုင်ခိုင်လုံလုံ ပြုစုပြီးမှ ဘယ်နေရာမှာ ဘာဖြစ်နေသလဲသိအောင် သုံးသပ်သင့်တာ မဟုတ်လား။ ဟိုးတစ်နှစ် ဂျပန်သွားတုန်းက တစ်ခါလုပ်ဖူးပါတယ်။ အခု အဲသည်အချက်အလက်တွေကို ကိုးကားပြီး ပြောနေတာ။ စာတမ်းတင်တာ မဟုတ်လို့ ခိခိခိ ၃၆ ခါ လို့တော့ တိတိကျကျ ရေမပေးလိုက်ဘူး။ အဲ့သည်တုန်းက ဒေတာတွေက ၂၀၁၂ ကဟာကို ယူထားလို့ ဒိတ်အောက်သွားပြီ။ အခုဖြစ်နေတာ သိချင် အခုဒေတာကို ရအောင်ယူမှ သိမယ်။ တစ်နိုင်ငံလုံးကို စီမံခန့်ခွဲအုပ်ချုပ်နေတဲ့ Strategy Level ကလူတွေဟာ အောက်ခြေမှာ ဘာတွေ ဖြစ်နေသလဲ လို့ သိချင် အောက်လူတွေ သနပ်ခါးလိမ်းတင်တဲ့ အစီရင်ခံစာကလေးတွေ ဖတ်မယ့်အစား အဲသည် ဒေတာကလေးတွေကို မျက်စောင်းကလေး တစ်ချက်လောက် ထိုးကြည့်လိုက်ရင် သဘောပေါက်သွားမှာပါ။ သိသင့်တယ်လို့ ထင်တာပဲ။

           အောင်မယ်။ ဘယ်သူက သိချင်တယ် ပြောလို့တုန်း။ ဘာလုပ်ဖို့ သိချင်ရမှာတုန်း။ သေချင်တဲ့သူတွေ သေချင်သလောက်သေ။ သဗ္ဗေသတ္တာ ကမ္မသကာ။ နင်တို့ဆရာဝန်တွေလည်း စကားကြီးစကားကျယ် လျှောက်ပြောမနေနဲ့။ မလုပ်နိုင်ထွက်။ တပ်ထဲကလူတွေ အကုန် အရပ်ခေါ် ခန့်ပလိုက်လို့ရတယ်။ ကျန်းမာရေး စာရင်းအင်း နဲ့ စီမံကိန်းဌာနဆိုတာ မလိုအပ်လို့ ထားတောင် မထားတော့ဘူး။ ပေရှည်တယ်။ ဇယားရှုပ်တယ်။ အထက်ကို လာမယ့်သူတွေက ဒါတွေသိချင်မှာမဟုတ်ဘူး။ လူကြီးက ပြောရင် ပြောတဲ့အတိုင်းလုပ်။ အဲ့ဒါ ပလန်ပဲ။ လူကြီးပြန်ဆရာလုပ်ချင်ရင် ဗေဒင်တတ်အောင် သင်လာခဲ့။ မှန်အောင်ဟောရင် အိမ်ဦးခန်းတင်ထားမယ်။ အင်္ဂဝိဇ္ဇာလောက်နဲ့တော့ တက်မလာနဲ့။ မင့် ပြန်သင်ပေးလိုက်ဦးမှာ။ သူရဇ္ဇ တဲ့။ ဘောမ တဲ့။ ဂုရု တဲ့။ ကြားဖူးသလား။ အချိန်အခါတွေ ရှိတယ်။ နားမလည်ရင် အလွတ်ကျက်။ လိုရင်းတိုရှင်း မှတ်သွား။ ဘောမ တတ်အောင်ကျင့်။ ဘောမ ရင် ဂုရုဖြစ်မယ်။ ဒါပဲ ဒါပဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...