Monday, April 6, 2015

သုံးကိုယ်တစ်စိတ်



ပူပြင်းတဲ့နေရောင်အောက်မှာ နိုင်ငံခြားဂီတတေးသံနဲ့ အတူ လူ ၃ ယောက် ကခုန်နေကြတယ်။ သနပ်ခါးကို ထူပိန်းနေအောင်လိမ်းထားကြတဲ့ အဲဒီလူ ၃ ယောက်စလုံးမှာ နေကာမျက်မှန် ကိုယ်စီတပ်ထားကြတယ်။ ဦးထုပ်ကိုယ်စီ ဆောင်းထားကြတယ်။ အကျီင်္လက်ရှည်၊ ဘောင်းဘီရှည် ကိုယ်စီဝတ်ထားကြတယ်။ သူတိုရဲ့ လက်နဲ့ ခြေထောက်တွေမှာ အချင်းချင်း သံချောင်းငယ်တွေနဲ့ ချိတ်ဆက်ထားတယ်။
ဒီတော့ တစ်ယောက်က ကတဲ့အခါ ယိမ်းတိုက်ထားသလိုမျိုး ကကွက်တွေက ညီနေတယ်။

အဝေးကကြည့်ရင် လူ ၃ ယောက်လို့ ထင်စရာရှိပေမယ့် အနီးကပ်ကြည့်တဲ့အခါ တစ်ယောက်တည်းဆိုတာတွေ့ရမယ်။ အရှေ့နဲ့ အနောက်က အရုပ်တွေဖြစ်ပြီး အလယ်ကတစ်ယောက်ကပဲ သက်ရှိလူသားပါ။ ဒီလို ထင်ယောင်ထင်မှားဖြစ်စေတာကြောင့်လည်း ဒီကကွက်ကို လူစိတ်ဝင်စားကြတာ။ သုံးကိုယ်တစ်စိတ်လို့ အမည်ပေးထားတဲ့ ဒီကကွက်လေးရဲ့ ပရိသတ်အများစုကတော့ ကလေးတွေပေါ့။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွာသစ်ရွာက ရှင်ပြု၊နားသ အလှူပွဲတစ်ခုမှာ အဲဒီအကအဖွဲ့ကို ပထမဆုံးမြင်ဖူးခဲ့တယ်။ ထော်လာဂျီပေါ်တင်ထားတဲ့ ဆောင်းဘောက်က သီချင်းသံထွက်လာပြီး သုံးကိုယ်တစ်စိတ်အကသမား လမ်းပေါ်ထွက်လာတာနဲ့ ကလေးပရိသတ်တွေက အရင်ဆုံးဝိုင်းအုံလာကြတယ်။

အထက်ပိုင်းဒေသ အလှူတွေရဲ့ထုံးစံအတိုင်း နေ့လယ်ခင်းမှာ ရှင်လောင်းလှည့်ထွက်ကြတယ်။ ရွှေရောင်တ၀င်းဝင်းနဲ့ တခမ်းတနားဆောက်လေ့ရှိတဲ့ အလှူ့ရှင်မဏ္ဍပ်က ထွက်တယ်ဆိုရင်ပဲ ရှေ့တော်ပြေးလို့ခေါ်တဲ့ ၀တ်စုံနီဝတ် မြင်းစီးသမားလေးတွေက ရှေ့ဆုံးကပြေးတယ်။ နောက်မှာတော့ ဘုရားပင့်ဆောင်တဲ့ကားပါမယ်၊ အလှူ့ရှင်တွေရဲ့ကားအချို့ပါမယ်၊ စည်တော်အဖွဲ့နဲ့ မင်းသားတွေပါမယ်၊ သင်္ကန်းပရိက္ခရာတွေရွက်ထားတဲ့ အလှူ့ဒါယကာ၊ ဒါယိကာမတွေ ပါမယ်၊ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်တွေပါမယ်၊ ဂီတဖျော်ဖြေရေးကားနဲ့ တေးသံရှင်တွေပါမယ်။ မြင်းကိုယ်စီနဲ့ မောင်ရင်လောင်းတွေ၊ အလှဆင်ထားတဲ့ နွားလှည်းယဉ်တွေပါမယ်။ အားလုံးကို မျက်စိတစ်ဆုံးမြင်ရမယ်။

အဲဒီအထဲမှာမှ သုံးကိုယ်တစ်စိတ်အကအဖွဲ့က နောက်နားခပ်ကျကျမှာ ပါလာတယ်။ ရွာသစ်ကျေးရွာကနေ  တဲနန်းသာ၊ မြစ်ငယ်၊ ယဉ်တော်စံ စတဲ့နေရာတွေကိုဖြတ်သန်းပြီး အလှူ့ရှင်အိမ်ကို ပြန်လာတဲ့ ရှင်လောင်းလှည့်လမ်းကြောင်းတစ်လျောက် ဒေသခံတွေက သူတို့ကို စိတ်ဝင်တစားကြည့်ကြတယ်။ သုံးကိုယ်တစ်စိတ်ရယ်လို့ အကအဖွဲ့ကနာမည်ပေးထားပေမယ့် ကလေးတွေအသိအမှတ်ပြုထားတာက အိုပါဂန်းနားစတိုင် တဲ့။

ဖြတ်သန်းခဲ့တဲ့ ရွာတွေတိုင်းမှာ “အိုပါဂန်းနားစတိုင်လာပြီဟေ့” ဆိုတဲ့အသံနဲ့ ကလေးတွေဝိုင်းအုံလာကြတယ်။ တချို့ကလေးတွေက အကသမားရဲ့နောက် လမ်းမပေါ် တစ်ကောက်ကောက်လိုက်ပြီးအားပေးတယ်။ တချို့ကလေးတွေက ခြံဝန်းဝမှာ ပြူတစ်၊ ပြူတစ်လုပ်ပြီးကြည့်တယ်။ ကြောက်တတ်တဲ့ ကလေးတစ်ချို့က မိခင်ကိုဖက်ထားရင်း မ၀ံ့မရဲကြည့်တယ်။ ရဲတင်းတဲ့ကလေးတစ်ချို့ကတော့ သီချင်းသံနဲ့အတူ အကသမားကို လိုက်တုပြီး ကတယ်၊ အရုပ်တွေကို ထိတွေ့ကိုင်တွယ်ဖို့ကြိုးစားတယ်။ “သုံးကိုယ်တစ်စိတ်”လို့ပြောပြော၊ “အိုပါဂန်းနားစတိုင်”ပဲ ဆိုဆို၊ လူအများစိတ်ဝင်စားမှုကိုရခဲ့တာကတော့အမှန်ပဲဆိုတာ တွေ့ရတယ်။

“ပထမဆုံးကခိုင်းတော့ မကချင်ဘူး၊ ဇွတ်ငြင်းတာ။ အရုပ်ကိုထွင်တဲ့သူက ဇွတ်ပြောလို့ ကရတာ။ ပထမတော့ အလွဲလွဲအချော်တွေပဲ။ ညတောင်မအိပ်နိုင်ဘူး။ လမိုင်းတင်တာပေါ့လေ။ အဲဒီညက လူကအခုလိုမများဘူး။ အဲဒါတောင် ကြောက်တာ။ အပြင်မှာက လူပေါင်းစုံအများကြီးဆိုတော့ အိပ်လို့တောင်မရဘူး။ ဟေ့ ငါ့ကိုတော့ အရက်တိုက်ပြီး ဇွတ်မခိုင်းနဲ့၊ ကဖြစ်အောင်ကမယ်ဆိုပြီး စကဖြစ်သွားတာ” လို့ သုံးကိုယ်တစ်စိတ်ကကွက်ပိုင်ရှင် ကိုကျော်မင်းကပြောတယ်။

ကိုကျော်မင်းက ပိန်ပိန်ပါးပါး၊ အရပ်ရှည်ရှည်။ အနေအထိုင်အေးပြီး ရှက်ကြောက်တတ်တဲ့ လူပျိုကြီးအဖြစ် သူ့ရဲ့မိတ်ဆွေအပေါင်းအသင်းတွေက ပြောကြတယ်။ သူကိုယ်တိုင်လည်း ရှက်ကြောက်တတ်တာကို ၀န်ခံပေမယ့် အခုတော့ အလှူတကာမှာလှည့်ပြီး ကပြဖျော်ဖြေနေတဲ့သူဖြစ်လာတယ်။

နေ့လယ်၁၂း၀၀ နာရီလောက်က စတင်လှည့်ခဲ့တဲ့ ရှင်လောင်းလှည့်ပွဲက ညနေ ၅း၀၀နာရီကျော်မှာ အလှူ့ရှင်အိမ်ကို ပြန်ရောက်ပြီးတဲ့နောက် သူနဲ့စကားပြောခွင့်ရတာပါ။ အလှူ့ရှင်အိမ်ရောက်ပြီး သီချင်း ၃ ပုဒ်လောက်ကပြဖျော်ဖြေတော့လည်း အားပေးသူပရိသတ်က ရှိနေဆဲ။ အရုပ်တွေကို ပြန်သိမ်း၊ အကျီင်္အ၀တ်အစားတွေကို လဲပြီး မျက်နှာသစ်နေတဲ့အချိန်ထိ ကလေးတချို့က သူ့နောက်တစ်ကောက်ကောက်လိုက်ပြီး စိတ်ဝင်တစားစပ်စုနေကြဆဲ။

“ တံခွန်တိုင်(ရွာနာမည်)ပွဲကို အပြင်လောကမှာ ပထမဆုံးကဖူးတာ။ အလတ်စားစက်မှုလက်မှု ကထိန်ပေါ့။ အဲဒီမှာစပြီးကဖြစ်တာ၊ အခကြေးငွေနဲ့စတာ အဲဒီမှာစတာ” လို့ ကိုကျော်မင်းက ပြောတယ်။

အခုအခါမှာတော့ သူက မျက်နှာကသနပ်ခါးတွေကို ဖျက်ထားပြီး ရှပ်အကျီင်္နဲ့ ပုဆိုးကို မြန်မာဆန်ဆန်ပဲ ၀တ်ထားတယ်။ အဖွဲ့သားအချို့ကတော့ သူတို့ရဲ့ပစ္စည်းကိရိယာတွေကို ထော်လာဂျီပေါ်ပြန်တင်ပြီး သိမ်းဆည်းနေတာတွေ့ရတယ်။

သူတို့အက အဖွဲ့အောင်မြင်လာတာကလည်း မမျှော်လင့်ဘဲ ဖြစ်ခဲ့တာလို့ ဆိုရမယ်။ မြစ်ငယ်မြို့မှာ အစိုးရရဲ့ မီးရထားတွဲပြင်စက်ရုံရှိတယ်။ စက်ရုံဝန်ထမ်းတွေကိုချည်း သီးသန့်နေရာချထားတဲ့ ပန်းနာမည်နဲ့ ရပ်ကွက်တွေရှိတယ်။ မြစ်ငယ်မြို့မဟာဘုံကထိန်က မြန်မာနိုင်ငံမှာ အစည်ကားဆုံး၊ အကြီးကျယ်ဆုံးဘုံကထိန်တွေထဲမှာ တစ်ခုပါဝင်တယ်။

နှစ်စဉ် နှစ်တိုင်း ကထိန်ခင်းတဲ့အခါအတီးအမှုတ် အကအခုန်တွေနဲ့ သူ့ထက်ငါ အပြိုင်အဆိုင် ဆင်နွဲလေ့ရှိတယ်။ အဲဒီကထိန်ပွဲမှာ အပျော်သဘောနဲ့ အရုပ်တွေကိုတီထွင်ပြီး အချင်းချင်း ပြိုင်ဆိုင်ကပြကြရာကနေ အခုတွေ့နေရတဲ့ သုံးကိုယ်တစ်စိတ်အကက တခြားအလှူတွေမှာ အခကြေးငွေနဲ့ လိုက်လံဖျော်ဖြေရတဲ့အထိ အောင်မြင်လာတယ်။

“တကယ်တမ်း ဒီအကကို စထွင်တာက ကျွန်တော်တို့မဟုတ်ဘူး။ ထိုင်းမှာ အရင်ရှိပြီးသား။ ကျွန်တော်တို့က တွေ့လို့ ကိုယ်ဘာသာကိုယ် အရုပ်ထွင်လိုက်တာ။ အကုန်လုံးကလည်း စက်ရုံဝန်ထမ်းတွေချည်းပဲ။ ကထိန်မှာ တစ်နှစ်တစ်ခါ ထူးထူးဆန်းဆန်းလေးတွေဖြစ်ချင်လို့ လုပ်လိုက်တာ။ လုပ်ခွင့်လည်းရပါတယ်။ ကထိန်ဆိုတာကတော့ ပြိုင်ကြ၊ ဆိုင်ကြ ဆိုတော့ သူ့ထက်ငါ ထူးထူးဆန်းဆန်းလေးတွေ လုပ်ကြတာပေါ့” လို့ အကအဖွဲ့သားတစ်ဦးဖြစ်တဲ့ ကိုကျော်စိုးလှိုင်က ပြောတယ်။

သူတို့အကအဖွဲ့လေးမှာ အဖွဲ့ဝင် (၁၀) ယောက်လောက်ရှိပြီး ၂၀၀၉ ခုနှစ်လောက်က စပြီး အဖွဲ့လေးဖြစ်လာခဲ့တာပါ။ လက်ရှိမှာ သုံးကိုယ်တစ်စိတ်အရုပ်၊ ဂေါ်ဇီလာအရုပ်၊ ကင်းကောင်အရုပ်နဲ့ ခေါင်းလောင်းအရုပ်တွေရှိတယ်။ မိန်းကလေးတစ်ဦးကို လှောင်အိမ်ထဲမှာထည့်ပြီးကိုင်ထားတဲ့ ကင်းကောင်အရုပ်နဲ့ သုံးကိုယ်တစ်စိတ်အရုပ်တွေကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပြင်ပက ငှားရမ်းမှုတွေလည်း အများဆုံးဖြစ်တယ်။

သုံးကိုယ်တစ်စိတ်အရုပ်ကတော့ နောက်ဆုံးမှာမှ ပြုလုပ်ခဲ့တဲ့အရုပ်ဖြစ်ပေမယ့် အခုချိန်မှာတော့ အအောင်မြင်ဆုံးနဲ့ ပွဲရေအများဆုံးကရတဲ့ အရုပ်ဖြစ်လာခဲ့တယ်။ ၂၀၁၄ ခုနှစ်ကုန်ပိုင်း ကထိန်ရာသီမှာ စတင်ကပြခဲ့တဲ့အဲဒီအရုပ်က အခု ၂၀၁၅ ခုနှစ် မတ်လကုန်အထိ ပွဲရေ ၂၅ ပွဲကခဲ့ရတယ်။

“ ဒီအရုပ်တွေလုပ်ရတာလည်း လွယ်ပါတယ်။ ဌာနမှာက အလေအလွင့်ပစ္စည်းတွေကလည်းရှိတော့ အရုပ်မှာသုံးလို့ရတဲ့ ဖော့တွေ၊ ကော်တွေသုံးပြီးလုပ်ရတာပေါ့။ အဓိကက စိတ်ကူးလေးပါပဲ” လို့ အဖွဲ့မှာ အရုပ်တွေပင်တိုင်ပြုလုပ်သူဖြစ်တဲ့ ကိုယဉ်ကြည်ကပြောတယ်။

အခုတော့ သုံးကိုယ်တစ်စိတ်ကကွက်နဲ့ လူသိများလာတဲ့ သူတို့အဖွဲ့လေးက မြစ်ငယ်မြို့တ၀ိုက်အပြင် ရေနံချောင်း၊ မြင်းခြံ၊ မေမြို့၊ရေဦး၊ မြင်းမူ စတဲ့ဒေသတွေအထိ လိုက်ကခဲ့ရပြီး သုံးကိုယ်တစ်စိတ်ကကွက်ပိုင်ရှင် ကိုကျော်မင်းလည်း ပွင့်လင်းရာသီမှာ ရုံးပိတ်ရက်တိုင်း လက်မလည်အောင်ကိုဖြစ်လာခဲ့တယ်။

“ အဓိကကတော့ ပိတ်ရက်တွေပဲ ဦးတည်လုပ်ရတာပေါ့။ ကိုယ်က အစိုးရ၀န်ထမ်းလည်းဖြစ်နေတော့။ အဲလိုမှ မရရင်တော့ ခွင့်ယူရတာပေါ့။ အရာရှိတွေကလည်း ခွင့်ပြုကြပါတယ်” လို့ ကိုကျော်မင်းကဆိုတယ်။

သူရဲ့မိဘတွေကလည်း မီးရထားစက်ရုံမှာပဲ ၀န်ထမ်းတွေအဖြစ်လုပ်ကိုင်ခဲ့ကြပြီး အငြိမ်းစားယူခဲ့ကြသလို ကိုကျော်မင်းကလည်း  မြစ်ငယ်မီးရထားတွဲပြင်စက်ရုံမှာ လက်သမား(ကျွမ်းကျင် ၄) အဖြစ်လုပ်ကိုင်နေသူပါ။

ငယ်စဉ်ကတည်းက အတန်းပညာကို ပြီးဆုံးအောင်မသင်ကြားဖြစ်ခဲ့ဘဲ လက်သမားအဖြစ်လိုက်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေက မီးရထားတွဲပြင်စက်ရုံမှာဝင်လုပ်တဲ့အခါ အများကြီးအထောက်အကူရခဲ့တယ်လို့ သူကဆိုတယ်။

ကိုကျော်မင်းက “ ငယ်ငယ်တုန်းကတော့ အင်ဂျင်နီယာလိုမျိုးဖြစ်ချင်ခဲ့တာ။ ဒါကြောင့်လည်း လက်သမားလိုက်လုပ်တာ။ ပညာကလည်းတစ်ပိုင်းတစ်စဆိုတော့လေ” လို့ ငယ်ဘ၀အကြောင်း ပြန်ပြောပြတယ်။

သူ့ရဲ့ငယ်ဘ၀မှာ အများသူငါနည်းတူ ထူးထူးခြားခြား မရှိလှပေမယ့် အခုတော့ မြစ်ငယ်မြို့၊ မဉ္ဇူရပ်ကွက်မှာနေတဲ့ ကိုကျော်မင်းကို သုံးကိုယ်တစ်စိတ်အရုပ်နဲ့တွဲပြီး အနီးတစ်ဝိုက်မှာနေထိုင်ကြသူတွေက ကောင်းကောင်းသတိထားမိလာကြပြီ။ သူကိုယ်တိုင်လည်း ဒီကကွက်မှာ နစ်မျောပြီး သဘောကျလာတတ်ခဲ့ပြီ။အသက်(၄၀)ကျော်မှ အကသမားတစ်ယောက်အဖြစ် အနုပညာပိုးက ၀င်ခဲ့ပြီ။

“တဖြည်းဖြည်းနဲ့တော့ ၀ါသနာကပါလာတယ်။ ပိုပြီး ထူးခြားသွားတာက ဘယ်ဟာလူ၊ ဘယ်ဟာ အရုပ်ဆိုပြီး ရုတ်တရက်ခွဲခြားမရအောင် လှည့်စားနိုင်တယ်ဆိုတဲ့ Mood ကလေးရတော့ ပိုပျော်တယ်” လို့ သူဆိုတယ်။

လက်ရှိမှာတော့ သုံးကိုယ်တစ်စိတ်ကကွက်နဲ့ လိုက်ဖက်တဲ့ နိုင်ငံခြားသီချင်း ၅ ပုဒ်ပဲ လေ့ကျင့်ထားနိုင်ပါသေးတယ်။ အရုပ်ရဲ့ဒီဇိုင်းအနေအထားအရလည်း ကချင်တဲ့ကကွက်တိုင်းကို စိတ်လွတ်ကိုယ်လွတ်ကခုန်လို့ရတဲ့အနေအထားမျိုး မရှိကြောင်း သူက ရှင်းပြတယ်။ ခုန်ပေါက်တာ၊ လက်နဲ့ခြေထောက်တွေကို အတွင်းဘက်ကို ဆွဲယူဝေ့၀ိုက်တဲ့အကမျိုးတွေမှာ အရုပ်တွေအားလုံး ဟန်ချက်ညီအောင် စိတ်ကြိုက်လုပ်လို့မရနိုင်တာတွေ့ရတယ်။

အရုပ်ကို အနီးကပ်လေ့လာကြည့်တဲ့အခါ လက်ရာကကြမ်းပါတယ်။ အဝေးကနေ ရုတ်တရက်ကြည့်လိုက်ရင် လူနဲ့အရုပ် ခွဲခြားမသိနိုင်ပေမယ့် အနီးကပ်ကြည့်တဲ့အခါ လက်ရာမှာအားနည်းချက်တွေရှိနေတယ်။ ဒါကလည်း ဘုံကထိန်မှာ အပျော်သဘောသက်သက်နဲ့ ကိုယ့်စက်ရုံတွင်းမှာ ရရာပစ္စည်းနဲ့ ကြံဖန်လုပ်ကိုင်ခဲ့ရတာကြောင့် ဖြစ်ပါလိမ့်မယ်။ အရုပ်တွေကို ဒီ့ထက်ပိုကောင်းအောင် လုပ်နိုင်ရင်၊ ကကွက်တွေ ပိုပြီးတီထွင်နိုင်ရင် ပိုပြီးအောင်မြင်လာလိမ့်မယ်လို့ ကျွန်တော်တွေးမိတယ်။

တဖြည်းဖြည်းနဲ့ အပျော်သဘောကနေ Professional ဘက်ကိုရောက်လာတဲ့ သူတို့အဖွဲ့အနေနဲ့လည်း အဲဒီအချက်ကို ကောင်းကောင်းသတိထားမိကြမယ်ထင်ပါတယ်။

“ ပထမဆုံးစပြီး ကတော့ အောက်က အ၀တ်တွေ မခံထားတော့ သံချောင်းတွေက လူ့အသားကို ပွန်းတာလေ။ နောက်ပိုင်းတော့ လိုတဲ့နေရာတွေမှာ အခုအခံတွေထားတာ၊ ဘောင်းဘီတစ်ထည် ထပ်ဝတ်တာမျိုးတွေလုပ်ရတယ်” လို့ ညာဘက်ခြေချင်းဝတ်က အမာရွတ်လေးကို ညွှန်ပြရင်း ကိုကျော်မင်းက ဆိုတယ်။

အတတ်နိုင်ဆုံး ပေါ့ပါးအောင်ပြုလုပ်ထားပေမယ့် အရုပ်(၂)ရုပ်နဲ့ သံချောင်းတွေရဲ့ စုစုပေါင်းအလေးချိန်(၁၀)ပိသာလောက်ကိုထမ်းပိုးပြီး နေပူပူအောက် အချိန်နေ့တစ်ပိုင်းလောက် လမ်းလျောက် ကခုန်ရတဲ့အလုပ်က သိပ်တော့မလွယ်ကူမှန်း ကျွန်တော်ခန့်မှန်းမိပါတယ်။

“ အဓိကအလုပ်ကတော့ မီးရထားလုပ်ငန်းပါပဲ။ ဒါကတော့ ၀ါသနာအရ လိုက်ကတဲ့သဘောပါ။ မီးရထားမှာကတော့ အသက်ကြီးတဲ့အထိ လုပ်ရမှာပါပဲ။ ကတာကိုလည်း ကနိုင်တဲ့အထိ လိုက်ကနေမှာပါပဲ”  လို့ ကိုကျော်မင်းက ဆိုပါတယ်။

ဇော်နောင်လင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...