Thursday, November 1, 2012

Politicide (သို့) လူ့အဖွဲ့အစည်းတစ်ခုအား နိုင်ငံရေးအရ အသေသတ်ခြင်း (အပိုင်း - ၃)


by U U Mhaw Sayar on Thursday, November 1, 2012 at 8:16pm ·

Politicide (သို့) လူ့အဖွဲ့အစည်းတစ်ခုအား နိုင်ငံရေးအရ အသေသတ်ခြင်း အပိုင်း(၁)တွင် လူအဖွဲ့အစည်းတစ်စုအပေါ် ဘာကြောင့် Politicide လုပ်ရတာလဲဆိုသောအချက်အပေါ် အစ္စရေးနိုင်ငံကိုဥပမာပေး၍ တင်ပြခဲ့သည်။ ခိုင်မာသည့်အကြောင်းပြချက်တစုံတရာမရှိဘဲ လူမျိုးရေး ၊ ဘာသာရေးအရ ကွဲပြားမှုကိုအခြေခံသည့် မုန်းတီးမှုကြောင့် ဖြစ်သည်။ ထိုမှတဆင့်တက်ကာ ကိုယ့်လူမျိုးသီးသန့်သာရပ်တည်သော ကိုယ်ပိုင်ဟန်ရှိသည့် နိုင်ငံမျိုး ထူထောင်လိုသည့် (ယနေ့ခေတ်အမြင်အရ) အံ့သြစရာကောင်းသော လိုလားချက်ကြောင့်ဖြစ်သည်ဟု ရေးသားခဲ့ပါသည်။

(အပိုင်း-၂) တွင် ပါလက်စတိုင်းလူမျိုး များအား ဘယ်လို Politicide လုပ်ခဲ့သလဲဆိုတဲ့အကြောင်း ရေးသားခဲ့ပါသည် ။ အထူးသဖြင့် Plan-D လို့ခေါ်တဲ့ စစ်ဆင်ရေးဗျူဟာတွေချပြီး ပြင်းပြင်းထန် ထန်နှိပ်ကွပ်ခဲ့ပါတယ် ။
ပါလက်စတိုင်းကျေးရွာများအား ဖျက်ဆီး၍ လူများကို ရွာပြင်သို့ အဓမ္မမောင်နှင်ထုတ်ခြင်း ၊ တရားမဲ့စွာကွပ်မျက်ပြစ်ခြင်း ၊ ကျန်ရှိသူအနည်းစုကိုလည်း အဆက်အသွယ်ဖြတ်တောက်ပိတ်ဆို့ထားခြင်း၊ ဒုတိယတန်းစားနိုင်ငံသားများအဖြစ် သဘောထားကာ အခွင့်အရေး လုံးဝမပေးဘဲ ပစ်ပယ်ထားခြင်း စသည့် နည်းလမ်းပေါင်းများစွာ သုံးခဲ့ကြောင်း ရေးသားခဲ့ပါတယ် ။ 

 (၃) လူမျိုးစုတစ်စုအပေါ် Politicide လုပ်တာကို ပြည်သူတွေယုံကြည်လက်ခံအောင် ဘယ်လိုဝါဒဖြန့်သလဲ?

အစ္စရေးနိုင်ငံတွင် ဂျူးဘာသာရေးအစွန်းရောက်အမာခံများက ဂျူးတို့၏ဒဏ္ဍာရီထဲ မှ ဂျူးဒီးယားနှင့် ဆာမာရီယာ အမည်ရှိ အထွတ်အမြတ်နေရာများ (ယနေ့ခေတ် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း ဒေသ)သည် အစ္စရေးလူမျိုးများ၏ ကိုယ်ပိုင်နယ်မြေများဖြစ်ကြောင်း ၊ ပါလက်စတိုင်းလူမျိုးများက နောက်ပိုင်းခေတ်တွင်မှ ကျူးကျော်အခြေချ နေထိုင်လာခြင်း ဖြစ်ကြောင်း၊ တချိန်ချိန်တွင် မိမိတို့၏အမိမြေအား မိမိတို့ပြန်လည်အုပ်စိုးရမည် ဖြစ်ကြောင်း၊ ထိုသို့ဖြစ်လာရန် ထိုဒေသတွင်အခြေချနေထိုင်နေသော ပါလက်စတိုင်းလူမျိုးများကို မောင်းထုတ်ရမည် ဖြစ်ကြောင်း စသည့် အယူအဆများကို ဂျူးလူမျိုးများစိတ်ထဲတွင် စွဲမြဲစွာယုံကြည်လာစေရန် ရိုက်သွင်းပေးခဲ့သည်။ အစ္စရေးလူနေမှုအဖွဲ့အစည်းများကိုလည်း အစဉ်အလာဖြစ်သည့် ဟာလာချာ အဆုံးအဖြတ်အရလည်းကောင်း ၊ ရက်ဘိုင်ခေါ် ဂျူးဘုန်းကြီးများ၏ အဆုံးအဖြတ်အရလည်းကောင်း ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်လာ၏။ ဤ  ဆောင်ရွက်မှုများ၏ နောက်ကွယ်မှ အဓိက တွန်းအားပေးနေသော အကြောင်းအရာမှာ “ဂွတ်ရှ်အီမူနင်” (သစ္စာရှိသူများ အဖွဲ့) အမည်ရှိသော ဘာသာရေးနှင့် အစွန်းရောက်အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုကြီးပင် ဖြစ်သည်။ ဤသို့ဖြင့်   ၁၉၇၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ်များအကြားတွင် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသကို အစ္စရေးကိုလိုနီအဖြစ် ပီပြင်စွာ အကောင်ထည်ဖေါ်တော့သည် ။


“ဂွတ်ရှ်အီမူနင်” အဖွဲ့အပါအ၀င် အမျိုးသားရေး၊ လူမှုရေးအမည်ခံ လက်ယာစွန်းရောက်အဖွဲ့များက -

“ ပါလက်စတိုင်းတို့၏ မူရင်းနိုင်ငံသည် ဂျော်ဒန်နိုင်ငံ ဖြစ်သည်။”

“ပါလက်စတိုင်းလူမျိုးဆိုသည်မှာ အမှန်တကယ် မရှိ၊ အစ္စရေးနယ်မြေလုယူရန် ဖန်တီးထားသော  လူမျိုးနာမည် ဖြစ်သည

“ ပါလက်စတိုင်းမြေဆိုသည်မှာ ဘုရားသခင်က ဂျူးလူမျိုးများအတွက် သီးသန့်ပေးခဲ့သော ကတိထားရာမြေ (promised land) ဖြစ်သည် ”

စသဖြင့် ပါလက်စတိုင်းများအပေါ် လူမျိုးရေးအရမုန်းတီးဆန့်ကျင်စိတ်ကိုမြှင့်တင်ရန် ပြောင်ပြောင်တင်းတင်း ၀ါဒဖြန့်ခဲ့ကြသည်။ အမှန်မှာ ထိုဒေသ၌အခြေချနေထိုင်ခဲ့သည့် ပါလက်စတိုင်းလူမျိုး(ဖိလစ်စတင်း) အမှန်တကယ် ရှိကြောင်း၊ ဂျူးများနည်းတူ ရှေးနှစ်ပေါင်းထောင်ချီ၍  အမှန်တကယ် အခြေချနေထိုင်လာကြသူများဖြစ်ကြောင်းကို သမိုင်းဆရာအားလုံးနီးပါးက လက်ခံထား ကြသည်။ ထို့ပြင် လက်ရှိအစ္စရေးနိုင်ငံရှိ ဂျူးလူမျိုးများတွင် ၈၀% ခန့်မှာ ပါလက်စတိုင်းဒေသကို အင်္ဂလိပ်အုပ်စိုးစဉ်က ကမ္ဘာအရပ်ရပ်မှ အစုလိုက်အပြုံလိုက် ၀င်ရောက်အခြေချလာခဲ့သော ဂျူးအနွယ်များသာ ဖြစ်သည်။ ထို့ကြောင့်ပင် ကမ္ဘာ့မည်သည့်အရပ်ဒေသမှ ဂျူးလူမျိုးမဆို ဤပါလက်စတိုင်းဒေသ သည် ဘုရားသခင်ပေးသောမြေဖြစ်သည်ဟု လက်ခံလာစေရန် ဘာသာရေးယုံကြည်ချက်ကို အသုံးချ၍ ၀ါဒဖြန့်ခဲ့ခြင်း ဖြစ်ဟန်တူသည်။ဤသို့ဖြင့် အစ္စရေးတို့ သိမ်းပိုက်ထားသော  ဂျောဒန်မြစ်အနောက်ဘက်ကမ်းဒေသများသည်  ဂျူးဘာသာရေး အစွန်းရောက်သူတို့၏ “အမိမြေ” ဟု သတ်မှတ်ခြင်း ခံလာရတော့သည် ။ ဂျူးတို့၏ အဓမ္မနယ်ချဲ့ခြင်းသည်ပင် သမိုင်းအစဉ်အဆက်က အမိမြေကိုကာကွယ်ခြင်းဟု အများမြင်လာစေသည်သာမက ဂျူးတို့ကိုယ်တိုင် စွဲမြဲစွာ ခံယူလာကြသည်အထိ စည်းရုံးလာနိုင်ခဲ့တော့သည် ။


ဤသို့ အမျိုးသားရေးဝါဒအမည်ခံ ဘာသာရေး၊ လူမျိုးရေးအခြေခံသော အစွန်းရောက်ဝါဒ အောင်မြင်လာခြင်းမှာ ၁၉၆၇ခုနှစ် နှင့် ၁၉၇၃ ခုနှစ်စစ်ပွဲအခြေအနေများ၏ နိုင်ငံရေးနှင့်လူမှုရေး ရှုပ်ထွေးမှုအခြေအနေများကို ပြည်သူတို့ နားလည်လက်ခံလာအောင် ရှင်းပြနိုင်သည့် သဘောတရားရေးရာတစ်ရပ် မရှိခဲ့ခြင်းကြောင့်ပင် ဖြစ်သည် ။


ယင်းကဲ့သို့ ပါလက်စတိုင်းကျေးရွာများ ဖျက်ဆီးခံရခြင်း၊ ပါလက်စတိုင်းများ အတင်းအဓမ္မနယ်မြေပြောင်းရွှေ့ခံရခြင်း နှင့်ပက်သက်၍ အစ္စရေးတို့ဘက်မှ တရားဝင်အကြောင်းပြချက်မှာ အာရပ် နှင့် ပါလက်စတိုင်း အထက်တန်းလွှာနှင့် လူလတ်တန်းစားများက မိမိတို့အချင်းချင်း အန္တရာယ်ပြုလာမည်ကို ကြောက်ရွံ့၍ မိမိတို့ဆန္ဒအလျောက် မိမိတို့နေအိမ်များကို ဖျက်ဆီး၍ထွက်ပြေးကြခြင်းဖြစ်ကြောင်း ၊ နောက်တစ်ကြောင်းမှာလည်း အာရပ်ခေါင်းဆောင်များက အစ္စရေးကိုဝင်တိုက်မည့် အာရပ်စစ်ကြောင်းများအတွက် နေရာဖယ်ပေးသည့်အနေဖြင့် ဒေသခံအာရပ်ရွာများအား တိမ်းရှောင်ပေးကြရန် မေတ္တာရပ်ခံ၍ဖြစ်ကြောင်း လိမ်လည် သတင်းလွင့်လေ့ရှိသည်။


(ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးတို့တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော နေအိမ်များနှင့် ပါလက်စတိုင်း ကလေးငယ်လေး တစ်ဦး)


ကမ္ဘာကျော်ခဲ့သောအဖြစ်ဆိုးတစ်ခုမှာ ၁၉၈၂ ခုနှစ် စက်တင်ဘာ(၁၆)ရက်နေ့တွင် ဆာဘရာနှင့် ရှာတီလာ ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ် နှင့် ပြည်သူ့စစ်များပူးပေါင်း၍  ၀င်ရောက်စီးနင်းမှုဖြစ်စဉ်၌  ပါလက်စတိုင်း ကလေးသူငယ်များနှင့် ယောက်ျား၊မိန်းမ၊ စုစုပေါင်း ၂၀၀၀ ခန့်ထိ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည်။ ထို့ပြင် ရိုက်နှက်ညှဉ်းပမ်းမှု ၊ အဓ္ဓမပြုကျင့်မှုများလည်း ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပက်သက်၍ အစ္စရေးအစိုးရက မိမိ၏တာဝန်မဲ့မှုကိုလျော့ပါးစေရန် ယင်းကိစ္စ၏အရေးပါမှုကို မထင်မရှားပြုလုပ်ကာ နိုင်ငံတကာအသိုက်အ၀ိုင်း အနေနှင့် မကြာမီမေ့ပျောက်သွားလိမ့်မည်ဟု ယူဆခဲ့သည်။ ထိုစဉ်က ၀န်ကြီးချုပ် မီနာခင်ဘေဂင်ကိုယ်တိုင်က“အစွန်းရောက်အချင်းချင်း သတ်ဖြတ်ကြပြီး ဂျူးများအပေါ် အပြစ်ဖို့သည်” ဟု ပြောဆိုခဲ့ရာ ယင်းစကားမှာကမ္ဘာကျော်သွားခဲ့သည် ။


ဤသို့ ပါလက်စတိုင်းလူမျိုးများအပေါ် အပြင်းအထန်နှိပ်ကွပ်မှုများအကြောင်း နိုင်ငံတကာသို့သတင်းပေါက်ကြားမှု မရှိစေရန် ဒုက္ခသည်မျာဆိုင်ရာအကူညီပေးရေးအဖွဲ့များ၊ အိုင်အန်ဂျီအိုများ စသော နိုင်ငံရေး၊ သာသာရေးနှင့် မည်သို့မျှမသက်ဆိုင်သော အဖွဲ့အစည်းများကိုပါ ပြည်တွင်းသို့ လာရောက်ကူညီခွင့်မပြုဘဲ ကန့်သတ်ခဲ့သည်။ သတင်းသမားများကိုလည်း စစ်ဆင်ရေးကာလအပြီး အချိန်အတော်ကြာမှသာ များပြားလှသော ကန့်သတ်ချက်များဖြင့် ၀င်ရောက်သတင်းယူခွင့်ပေးခြင်းဖြင့် သတင်းအမှောင်ချခဲ့သည်။ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့များကိုကား လုံးဝလက်မခံခဲ့ပေ။ သို့သော် ၄ သိန်းခန့်ရှိသော အစ္စရေးလူထုက ထိုဖြစ်ရပ်အတွက် သီးခြားစုံစမ်းစစ်ဆေးပေးရန် ကော်မရှင်တစ်ရပ်ဖွဲ့စည်းပေးဖို့အတွက် တဲလ်အဗစ်မြို့၌ ဆန္ဒပြတောင်းဆိုခဲ့သောကြောင့် ဘေဂင်က တရားသူကြီးချုပ်ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးခဲ့သည် ။ ထိုစုံစမ်းစစ်ဆေးရေးကော်မရှင်ကလည်း အစ္စရေးထောက်လှမ်းရေးမှ တင်ပြသော အချက်အလက်များကိုသာ လက်ခံပြီး ထုတ်ပြန်ခဲ့သောကြောင့် ရလဒ်မှာ ဖြစ်ရပ်မှန်နှင့် အလွန်ကင်းကွာခဲ့သည်။ ဤသို့ဖြင့်  သာမာန် အစ္စရေးပြည်သူများနှင့် အစိုးရ၀န်ထမ်းများပင် ထိုသို့သော ဖြစ်စဉ်များနှင့်ပက်သက်၍ သတင်းဖြစ်ရပ်မှန်များ မသိစေရန် လိမ်လည်သတင်းထုတ်ပြန်ခြင်းဖြင့် အဖြစ်မှန်များကို ဖုံးကွယ်ထားခဲ့ပေသည်။ ယခုလို စနစ်တကျနှင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သောကြောင့် ဤလုပ်ရပ်များနှင့်ပက်သက်၍ အစ္စရေးအစိုးရသည် နိုင်ငံသားအများစု၏ ကျေနပ်နှစ်သက်မှု၊ ထောက်ခံမှုကို ရယူနိုင်ခဲ့ပေသည်။ ( လူမဆန်သော လုပ်ရပ်များနှင့်ပက်သက်ပြီး ထောက်ပြဝေဖန် ဆန့်ကျင်ခဲ့ကြသူ အစ္စရေးနိုင်ငံသား ၁၅%ခန့်သာ ရှိခဲ့သည်။)


(ပါလက်စတိုင်းတို့နေအိမ်များကို ဘူဒိုဇာဖြင့် ဖြိုချဖျက်ဆီးနေပုံ)


ယခုလောက်ဆိုရင်တော့ ကျနော့်ဆောင်းပါးခေါင်းစဉ်ပါ Politicide လုပ်ခြင်းနှင်ပက်သက်၍ အကြမ်းဖျင်းတော့ သဘောပေါက်မည် ထင်ပါသည်။ ထို့ကြောင့် ယခုဆောင်းပါးကို အဆုံးသတ်လိုပါသည်။ အစ္စရေးက ပါလက်စတိုင်းလူမျိုးများအပေါ် Politicide လုပ်လာခဲ့တာ အောင်မြင်မှုရပါသလားလို့ စာဖတ်သူများ မေးချင်ကြမှာပါ။ ကျနော်လေ့လာကြည့်သလောက် အချက်အလက်များအရ လုံးဝမအောင်မြင်(သေး)ပါ ဟု ဖြေပါမည် ။ ဘာကြောင့် မအောင်မြင်ဘူးလို့ဖြေရသလဲဟု ထပ်မေးလာရင်တော့ နောက်ဆောင်းပါးတစ်စောင်ရေးပြီး ရှင်းမှသာ ဖြစ်နိုင်မည်။


မိမိတို့၏ ပြုမူဆောင်ရွက်ပုံများက ကမ္ဘာ့အလယ်တွင် မိမိတို့၏ အမျိုးသားရေး ဗီဇလက္ခဏာများ ဖြစ်လာပါလိမ့်မည်။ အင်္ဂလိပ်လူမျိုးများ၏ အမျိုးသားရေး ဗီဇလက္ခဏာအဖြစ်  စည်းကမ်းကြီးခြင်း ၊ ကိုယ့်ကျင့်သိက္ခာစောင့်ထိန်းခြင်း ၊ အချိန်ကိုရိုသေလေးစားခြင်း ၊ ခံစားမှုထိန်းချုပ်နိုင်ခြင်း စသည့်ကောင်းခြင်းများကို ကမ္ဘာအရပ်ရပ်တွင် ပြောစမှတ် ပြုကြသည်။ ဂျပန်လူမျိုးများ၏ အမျိုးသားရေးဗီဇလက္ခဏာအဖြစ် မိမိအလုပ်တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ကြသူများဟူ၍  ကမ္ဘာကျော်ခဲ့သည်။ အစ္စရေးလူမျိုးများ၏ ဗီဇလက္ခဏာအဖြစ် အခက်အခဲကြားမှ ရုန်းကန်ရှင်သန်နိုင်ခြင်း ၊ အပတ်တကုတ်ကြိုးစားဆောင်ရွက်တတ်ခြင်း စသည့် ကောင်းမွန်သည့် အမျိုးသားဗီဇ လက္ခဏာများရှိလာခဲ့သော်လည်း ပါလက်စတိုင်းများနှင့်ပက်သက်၍ နိုင်ငံတကာအမြင်နှင့်ဆန့်ကျင်ကာ နှစ်ပေါင်းများစွာ မှားယွင်းသည့်လုပ်ရပ်များကို လူအများစုတသဘောတည်း ၀ိုင်းဝန်းကျူးလွန်ခဲ့သလိုဖြစ်ခဲ့တာကြောင့် လက်ရှိအချိန်တွင် အစ္စရေးလူမျိုးများ၏ ဗီဇလက္ခဏာမှာ တကိုယ်ကောင်းဆန်ခြင်း ၊ သူတပါးဥစ္စာပစ္စည်းများကို အချောင်သိမ်းပိုက်လိုခြင်း ၊ အတ္တကြီးခြင်း ၊ ယုံကြည်စိတ်ချဖွယ်မရှိခြင်း စသည့်အမြင်ဆိုးများအဖြစ် ပြောင်းလဲလာတော့သည် ။ အမုန်းကိုကျော်လွန်ပြီး မကြည့်နိုင်ပါက မည်သူကမှ ၀ါဒဖြန့်၊မှိုင်းတိုက်နေစရာပင်မလိုဘဲ မိမိကိုယ်တိုင် အဖြစ်မှန် ၊ အခြေအနေမှန်များကို မြင်နိုင်မည်မဟုတ်ပါ ။ ထို့ကြောင့် မိမိနိုင်ငံအတွင်း လုပ်ဆောင်နေသော Politicide လုပ်ရပ်များအပေါ် ပြည်သူများက အကောင်းမြင်ကာ မျှော်လင့်ချက်ထားနေပါက မိမိတို့အား နိုင်ငံတကာအမြင်တွင် လူသားမဆန်သူများ ၊ အပြန်အလှန်စေ့စပ်ဆွေးနွေးမှု၊ အပြန်အလှန်ယုံကြည်မှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှု စသည်တို့ကို နားမလည်သူများအဖြစ် အထင်သေးလာစေမည်။ ထို့ထက်ပိုဆိုးသည်မှာ Politicide လုပ်ခံရသော လူ့အဖွဲ့အစည်းအား အကြမ်းဖက်ကလပ်စည်းတစ်ခု ဖြစ်လာစေရန် တွန်းပို့သလို ဖြစ်နေသောကြောင့် နောင်တချိန် မိမိနိုင်ငံတွင်းမှာရော၊ ဒေသတွင်းမှာပါ ငြိမ်းချမ်းရေးငှက်လေးသည်ပင် ကျည်ကာအကျီဝတ်ထားရသည့် အခြေအနေမျိုးနှင့် ကြုံတွေ့လာရနိုင်သည်ဟု ထင်မြင်မိပါကြောင်း ပြောရင်း ဆောင်းပါးကို အဆုံးသတ်ပါသည်။



( ဦးဦး မှော်ဆရာ )

2.11.2012

မှီငြမ်းစာရင်း -

A Brief Outline of the History of the Palestine-Israel Conflict

The Nakba: Ethnic cleansing and the birth of Israel

Politicide: Netanyahu the Impediment to Peace

Politicide : Ariel Sharon’s War Against the Palestinians by Baruch Kimmerling

--
Ƭнαиκƨ, 

                         \\\ ///
                       /        \
                      | \\    // |
                    ( | (.)  (.) | )
---------o00o-- (_)--o00o------------
         ======ஜ۩۞۩ஜ=======
◄██▓░  Ѧя Ƨσяcɛяɛя  ░▓██►
         ======ஜ۩۞۩ஜ=======    
------------ooo0---------------------------------
               (   )        0ooo
                \ (          (   )
                 \_)         )  /
                             (_/


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...