Saturday, November 24, 2012

ဘုရားသခင်ကို ကျောခိုင်းသွားတဲ့ မိန်းမပျိုဟာ လူသတ်သမားရဲ့ လက်ထဲမှာ ၀စ်လစ်စလစ်


by Sat Paing on Saturday, November 24, 2012 at 11:54am ·



အဓိကပြသနာက လူသတ်သမားဟာ သူ့ကိုသူလူသတ်သမားပါလို့ ပြောတာကနေစတာပဲ
သူဘယ်သူဆိုတာ ဘယ်သူမှမသိပေမယ့် သူဟာလူသတ်သမားတစ်ယောက်ဖြစ်တယ်


ဖြစ်ရိုးဖြစ်စဉ်အရ မှောင်ရိပ်ထဲကနေ ဓါးတစ်ချောင်းကို ခပ်ဖွဖွဆုပ်ကိုင် ၀တ်ရုံအနက်ကြီးခြုံလို့
ဦးထုပ်အ၀ိုင်းကို ခပ်ငိုက်ငိုက်စောင်းပြီး မိန်းမပျိုတစ်ယောက်ကို သိမ်သိမ်မွေ့မွေ့လေး ဖမ်းဆီးသတ်ဖြတ်ပစ်ရမှာ

ဒါပေမဲ့ သူ့ကိုသူ လူသတ်သမားဆိုတာ မေ့နေရှာတဲ့ လူသတ်ကောင်ဟာ
လက်ထဲမှာ ဓါးမြှောင်အစား ငါးပါးသီလကို ဆုပ်ကိုင်ထားတာကို အံ့သြဖွယ်ရာ တွေ့ရှိလိုက်ရတယ်
ဒါပေမဲ့ သူဟာ လူသတ်ကောင်ပဲ ကမ္ဘာကျော် လူသတ်ကောင်တစ်ယောက်ပဲဆိုတာ
သူမေ့နေခြင်းနဲ့ ပက်သက်ပြီး လူတိုင်း လူတိုင်းဟာ မှင်တက်အံ့သြနေကြတယ်

လက်ထဲမှာ သွေးစွန်းနေတဲ့ ဓါးကိုကြည့်ပြီး ခပ်ဟဟ တစ်ချက် သူပြုံးတယ်
ယစ်မူးနေတဲ့ ဓါးသွားအလိုက် သူ့ရဲ့မျက်နှာဟာ ကြမ်းတမ်းရက်စက်နေတယ်
သူဆာလောင်နေတာ ဘုရားသခင်ရဲ့တရားတော်နဲ့ အစိမ်းရောင်ပန်းပွင့်တွေမဟုတ်ဘူး

ဓါးမြှောင်နဲ့သူဟာ ခွဲမရအောင်ပဲ တစ်ယောက်နဲ့တစ်ယောက် ထပ်တူကျနေတယ်

ဒီညဟာ လူသတ်သမားအတွက် နောက်ဆုံးညဖြစ်တယ်
အားလုံးကို စွန့်လွှတ်ဖို့အတွက် သန့်စင်မွန်မြတ်သော သွေးပိုင်ရှင် ကောင်မလေးတစ်ယောက်ကို
သတ်ဖြတ်ရမယ်လို့ သူ့ကိုသူ အမိန့်ပေးထားတယ်

အဲ့ဒီသွေးထဲမှာ နတ်ဘုရားမရဲ့သွေးတွေ ရောစီးဆင်းနေတယ်လို့ သူယုံကြည်ထားတယ်

အချိန်ကတော့  အ ကာလသန်းခေါင်ကျော် ၂ နာရီပဲ
ပတ်ပတ်လည်မှာ အနက်ရောင်တွေပဲ လွှမ်းမိုးနေတယ်
ကံဆိုးရှာတဲ့ မိန်းမပျိုလေးဟာ ထုံးစံအတိုင်း လူသတ်သမားအတွက် အိမ်ကနေဆင်းလာခဲ့တယ်

ထိုနေရာရောက်တော့ ခဏရပ်တန့်လိုက်တယ် ဘေးဘီဝဲယာကိုကြည့်တယ်
ဘာမှမရှိဘူးဆိုတာ သေချာမှ  တွန့်ဆုတ်စွာနဲ့ ရှေ့ကိုခပ်သွက်သွက် ထပ်လျှောက်လှမ်းသွားတယ်

အဲ့ဒီအချိန်ထိ လူသတ်သမားရဲ့အရိပ်အယောင်ကို မတွေ့ရသေးဘူး

လူသတ်သမားဟာ တစ်ဘ၀လုံးစာအတွက် နောက်ဆုံးညကို ကျော်ဖြတ်ဖို့
အသန့်ရှင်းဆုံး ပြင်ဆင်နေတယ် ဘုရားသခင်ရဲ့ခြေဖ၀ါးတော်ကို ပွတ်သပ်ထားတဲ့
ဓါးပါးလေးကို ဘယ်ဘက်အိတ်ကပ်ထဲ တယုတယထည့်သွင်းလိုက်တယ်
ခြုံနေကျဝတ်ရုံကို နံရံမှာချိတ်ထားရာကနေ အသာအယာဖြုတ်ခွာပြီး ကိုယ်ပေါ်ကို လွှမ်းခြုံလိုက်တယ်
နောက်ဆုံးအဆင့်အနေနဲ့ ဦးထုပ်အ၀ိုင်းကို ခပ်ငိုက်ငိုက်စောင်းပြီး
ဘုရားသခင်ရုပ်ပုံလွှာကို တစ်ချက် ခပ်စူးစူးကြည့်ပစ်လိုက်တယ်

ယုံကြည်ရာ ကိုယ်စီနဲ့ လူနှစ်ဦးဟာ မကြာခင် တစ်နေရာမှာ တွေ့ကြဖို့အတွက်
ကြံစည်ထားတဲ့အတိုင်း ဖြစ်လာတော့မယ်

လူသတ်သမားဟာ တဖြည်းဖြည်းချင်း လျှောက်လှမ်းလာတယ်
သားကောင်ရဲ့ တည်နေရာကို မသိစိတ်ကနေ သိနေတယ်လို့
သူ့ကိုယ်သူ သိနေတယ်

တစ်နေရာရောက်တော့ ရပ်တန့်လိုက်တယ်
မိန်းမပျိုလေးဟာ ချက်ချင်းကြီးပဲ ရုတ်တရက် ဘာမှန်းမသိပဲ ကြောက်စိတ်တွေ ပေါ်လာတယ်
အဲ့ဒီကြောက်စိတ်ကပဲ မိန်းမပျိုကို စတင် သတ်ဖြတ်တော့တယ်

ခဏကြာတော့ မိုးတွေ ရုတ်တရက် ရွာချလိုက်တယ်
မိန်းမပျိုလေးရဲ့ ဆံပင်တွေဟာ မိုးရေတွေနဲ့ စိုကပ်ကပ်ဖြစ်သွားတယ်

လူသတ်သမားကတော့ ထုံးစံအတိုင်း ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းပြီး
မှောင်ရိပ်ထဲကနေ ရုတ်တရက် ထွက်ခွာလိုက်တယ်

အရာအားလုံးဟာ ဖရိုဖရဲဖြစ်ကုန်တယ်လို့ မိန်းမပျိုလေးက မှတ်ချက်ချလိုက်တယ်
သူ့မှာ ချီတုံချတုံနဲ့ ဘာကိုခွဲခြားလို့ ခွဲခြားရမှန်းမသိအောင် ဖြစ်နေတယ်

လူသတ်သမားက သူနဲ့ တဖြည်းဖြည်းချင်း နီးကပ်လာတာကို သူမသိရှိခြင်းဟာ
သူ့အတွက်တော့ အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့တယ်

လူသတ်သမားဟာ သူ့ရဲ့နောက်ကျောကို ရောက်ရှိလာပြီပဲ ဖြစ်တယ်
မိန်းမပျိုလေးရဲ့ နောက် ခပ်လှမ်းလှမ်းအကွာကနေ စူးစူးစိုက်စိုက် ကြည့်နေလိုက်တယ်
မိန်းမပျိုလေးရဲ့ နောက်ဆုံးအချိန်ကို သူ စိတ်ဝင်တစား ကြည့်မိနေတယ်


မိုးဟာ သည်းသထက်  သည်းပြင်းလာတယ် နောက်တော့ လေပါ ပါလာတယ်
ဒီထက်ပိုပြီး လေကကြမ်းလာတယ်လို့တောင် ထင်ရတယ်
မိုးအတု လေအတုထက်တောင် ပိုဆိုးရွားတယ်

အခွင့်ကောင်းကို စောင့်မျှော်နေတဲ့ လူသတ်သမားဟာ မမျှော်လင့်ပဲ
အခွင့်ကောင်းတွေက ဆက်တိုက် သူ့အပေါ်ပိကျလာတယ်

သူ့ရဲ့ညာဘက်လက်ဟာ ဘယ်ဘက်အိတ်ကပ်ထဲကို ရောက်ရှိနေပြီပဲ ဖြစ်တယ်
ထိုပုံစံအတိုင်း ခပ်သွက်သွက် မိန်းမပျိုလေးနောက်ကို လျှောက်လှမ်းလိုက်တယ်
နီးကပ်စပြုနေပြီ ဖြစ်တဲ့ ထိုနှစ်ယောက်ရဲ့ပုံပန်းသဏ္ဍာန်ဟာ သိပ်ကိုကြောက်ဖို့ကောင်းနေတယ်
အချိန်မရွေးသတ်ဖြတ်လိုက်လို့ရနေပြီ ဖြစ်တဲ့အတွက် လူသတ်သမားဟာ အချိန်ကို အနည်းငယ်
ဆွဲဆန့်ထားလိုက်တယ် ထိုအချိန်မှာ မမျှော်လင့်ပဲ မိန်းမပျိုလေးဟာ လျှောက်လှမ်းနေရာကနေ
ရုတ်တရက် ရပ်တန့်လိုက်တယ် လူသတ်သမားဟာ တခဏတော့ ကြောင်သွားတယ်
ဒါပေမဲ့ အတွေ့အကြုံက လူသတ်သမားကို အလိုလို နံရံဘေးကို တွန်းပို့လိုက်တယ်

နောက်မှာ တစ်ယောက်ယောက်ပါလာတယ်ဆိုတာ သိနေပေမယ့် တကယ့်တကယ် နောက်ကို
လှည့်ကြည့်လိုက်တဲ့အချိန်မှာ တစ်ယောက်မှ ရှိမနေတာကို တွေ့ရှိလိုက်ရတဲ့အတွက်မိန်းမပျိုလေးဟာ
ပိုမိုပြီး ထိတ်လန့်တုန်လှူပ်သွားတယ် အကယ်၍ တွေ့ရှိလိုက်တဲ့အခါ မည်သို့ဖြစ်မယ်ဆိုတာကိုတော့
ဖော်မပြတတ်အောင် ဖြစ်သွားတယ်

အခြေအနေနဲ့ အချိန်အခါက မိန်းမပျိုလေးဘက်မှာ တစ်စက်ကလေးတောင် ရှိမနေဘူး

လူသတ်သမားဟာ နံရံကနေ ရုတ်တရက် ခွာလိုက်တယ်
ဝတ်ရုံကြားကနေ လက်ကို လျှိုထုတ်လိုက်ပြီးနောက်
မိန်းမပျိုလေးနောက်ကို ထပ်မံလိုက်တော့တယ်

ဒီပုံစံအတိုင်းဆို မိန်းမပျိုလေးဟာ ဒီတစ်ခါတော့ လူသတ်သမားလက်က လွတ်ဖို့
လမ်းမရှိတော့ဘူးလို့ ထင်ရတယ်

သွေးပျက်ဖွယ် အနေအထားတစ်ခုကို ရောက်ရှိနေပြီပဲ ဖြစ်တယ်
ရုတ်တရက် မိုးကြိုးအကြီးကြီး ခြိမ်းသွားတယ်လျှပ်စီးအကြီးကြီး လက်သွားတယ်
လျှပ်စီးရဲ့ အလင်းရောင်က လူသတ်သမားလက်ထဲက ဓါးပါးလေးထဲကို ဖြတ်စီးသွားတယ်
ဝင်းကနဲပဲ တောက်ပသွားပုံက ဘာနဲ့မှ မတူဘူး

 မိန်းမပျိုလေးရဲ့ ငယ်သံပါအောင် အော်ဟစ်လိုက်ပုံနဲ့
လူသတ်သမားရဲ့ အပြုံးဟာ တစ်ထပ်တည်း ကျရောက်သွားတယ်

ကျွမ်းကျင်စွာနဲ့ပဲ လူသတ်သမားဟာ မိန်းမပျိုလေးကို ပွေ့ထမ်းခေါ်ယူသွားတယ်
မိန်းမောမေ့မျောနေတဲ့ မိန်းမပျိုလေးဟာ အိမ်မက်ကမ္ဘာထဲမှာ ရုန်းထိုးလူးလွန့်နေတယ်

အခန်းတံခါးကို ဘယ်ဘက်လက်နဲ့ အသာအယာတွန်းဖွင့်ဝင်လိုက်တယ်

လူသတ်သမားဟာ မိန်းမပျိုလေးကို ကုတင်ပေါ်ခပ်ရွရွ လှဲသိပ်လိုက်တယ်

ကုတင်အောက်က သေတ္တာကို ဆွဲထုတ်ယူငင်လိုက်ပြီး
သူ့ရဲ့ဓါးပါးလေးကလွဲပြီး ပစ္စည်းအားလုံးကို ထည့်သွင်း သော့ခတ်ပစ်လိုက်တယ်

လူသတ်သမားဟာ ဘုရားသခင်ကို တစ်ချက် မိန်းမပျိုလေးကိုတစ်ချက်
ကြည့်တယ် အဲ့ဒီလို သုံးကြိမ်သုံးခါ ကြည့်လို့ပြီးတော့
မိန်းမပျိုလေးရဲ့ အ၀တ်အစားအားလုံးကို ချွတ်ပစ်လိုက်တယ်

မိန်းမပျိုလေးဟာ မေ့မျောနေတုန်းပဲ သူမရဲ့ဆံစတွေဟာ စိုကပ်နေတုန်းပဲ
မိုးရေနဲ့ ထိထားတဲ့ မျက်နှာပြင်ဟာ ခြောက်သွေ့နေပြီး နီးမြန်းစိုစွတ်နေတဲ့ နုတ်ခမ်းသားတွေဟာ
တဆတ်ဆတ်တုန်နေတယ်လို့တောင် ထင်ရတယ်

လူသတ်သမားဟာ မိန်းမပျိုလေးရဲ့ ဆံစတွေကို တစ်ချက် ကိုင်တွယ်လိုက်တယ်

လူသတ်သမားရဲ့မျက်ဝန်းတွေထဲမှာ တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်ဖူးတဲ့ဝမ်းနည်းပူဆွေးမှုတစ်ချို့
စီးမျောနေတယ်လို့ထင်ရတယ် ထိုအဖြစ်အပျက်ကို လူသတ်သမားဟာ ကျေနပ်ခြင်းမရှိဘူး

လူသတ်သမားဆိုတာ တစ်ယောက်တည်း နေရမယ်
သိမ်သိမ်မွေ့မွေ့ ရက်စက်တတ်ရမယ်
အလျင်မလိုရဘူး ၀မ်းမနည်းတတ်ရဘူး
သနားကြင်နာခြင်း အလျင်းမရှိရဘူးလို့ ခံယူထားသူတစ်ယောက် ဖြစ်တယ်

သူ့မျက်ဝန်းထဲက ၀မ်းနည်းမှုဟာ သူ့ကို တုန်လှူပ်ခြင်းကိုဖြစ်ပေါ်စေနေတယ်

သူဟာ မိန်းမပျိုလေးကို သတ်ဖြတ်ပြီး သွေးတွေကို ဖောက်ထုတ်ပစ်မယ်လို့
ဆုံးဖြတ်ထားသူ တစ်ယောက်လဲ ဖြစ်တယ်
ဒွိဟစိတ်တွေဟာ လူသတ်သမားကို တရစ်ရစ်နဲ့ဖိညှစ်နေတယ်

ဘုရားသခင်နဲ့မိန်းမပျိုလေးဟာ သူ့ဘ၀ကို ကိုင်လှူပ်နိုင်သော အရှားပါးဆုံး
အရာနှစ်ခု ဖြစ်တယ်လို့ သူ့ကိုသူ သိလိုက်ရတယ်

လူသတ်သမားဟာ သူဝင်လာတဲ့ တံခါးပေါက်ကနေပဲ တိတ်တဆိတ် ပြန်ထွက်ခွာသွားတယ်

ကုတင်ပေါ်မှာတော့ မိန်းမပျိုလေးဟာ ၀တ်လစ်စလစ်အနေထားနဲ့ လဲလျောင်းနေတယ်
သူမရဲ့ ညာဘက်အပေါ်ထောင့်မှာတော့ ဘုရားသခင်ရဲ့ရုပ်ပုံလွှာဟာ တည်ရှိနေတယ်
ကုတင်ရဲ့အောက်ဖက်မှာတော့ လူသတ်သမားရဲ့ သေတ္တာရှိနေတယ်


မိန်းမပျိုလေးရဲ့ မျက်ခွံလွှာတွေဟာ တဖြည်းဖြည်းချင်း ပွင့်ဟလာတယ်
သူမရဲ့ လှပကြော့ရှင်းတဲ့ လက်ချောင်းလေးတွေဟာ သူမရဲ့ ရင်သားလှလှလေးတွေပေါ်
အလိုလို အုပ်မိုးမိသွားတယ်

နောက်တော့ မိန်းမပျိုလေးဟာ
ထူးဆန်းတဲ့ အိပ်မက်ထဲကနေ
နိုးထလာတဲ့ပုံစံနဲ့ လမ်းမပေါ်ထွက်ခွာသွားတယ်
သူမခန္ဓာကိုယ်ဟာ ၀စ်လစ်စလစ်ပဲ
သူမအတွေးတွေဟာ ၀စ်လစ်စလစ်ပဲ
သူမရဲ့ ဖြစ်တည်မှုဟာ ၀စ်လစ်စလစ်ပဲ

ဘုရားသခင်ကို ကျောခိုင်းကာထွက်ခွာသွားတဲ့ ၀စ်လစ်စလစ် မိန်းမပျိုလေးဟာ
တည်နေရာမရှိတဲ့ နေရာကို တရွေ့ရွေ့လျှောက်လှမ်းသွားတယ်
  
ဇာတိ(ဖျာပုံ)
24.11.2012
8:24PM
zartipyapon@gmail.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...