“အိုဘားမားကို ကျမ မမုန်းသလို၊ ဦးသိန်းစိန်ကိုလည်း ကျမ မချစ်ပါဘူး”
by ငယ် ဂျစ် on Saturday, November 17, 2012 at 9:53am
ကျမတို့ငယ်ငယ်က ကျမတို့အိမ်ကို သိပ်အရေးပါတဲ့ ဧည့်သည်တချို့လာတော့မယ်ဆိုရင် အိမ်မှာနှစ်ရှည်လများ မရှင်းလင်းပဲထားတဲ့ စာအုပ်ပုံ၊ သတင်းစာပုံ၊ ကက်ဆက်ခွေပုံတွေကို ကျမတို့ရှင်းလင်းရစမြဲပါ။ ဒီလိုအချိန်တွေဆိုရင်…. ကျမသိပ်ပျော်နေတတ်တယ်။ ကျမက သိပ်အသန့်အပြန့်ကြိုက်ပြီး အိမ်အပြင်အဆင်လုပ်ရတာကို ၀ါသနာပါတတ်တာကိုးးး။
အခုလို အသက်အရွယ်ရလာတော့ ကျမအိမ်မှာ ဧည့်သည်လာမှ အိမ်ထရှင်းရတဲ့အဖြစ်မျိုး ကျမ မနှစ်သက်တဲ့အတွက်၊ ကျမအိမ်ကို အမြဲတမ်းသန့်ရှင်းသပ်ရပ်နေအောင်ထားတတ်ပါတယ်။ ကျမရုံးအဆင်း အိမ်ပြန်လာချိန်များ အိမ်ဟာ ရှုပ်ပွနေမယ်ဆိုရင် အိမ်ရှိလူကုန်အားလုံးကို ကျမ သောင်းကျန်းတတ်ပါတယ်။ ဒါ့ကြောင့် အခုဆို ကျမအိမ်ပြန်လာခါနီးဆို အိမ်က သမီးနဲ့တူမလေးတို့နှစ်ယောက်ဆော့ထားသမျှ အမြဲရှင်းလင်းသပ်ရပ်နေအောင် အိမ်ကလူတွေ သတိထား ရှင်းလင်းတတ်လာတယ်။
အထက်က ကျမပြောလာသမျှတွေမှာ အဓိက ပြောချင်တာကတော့၊ ဒီနေ့ အင်းယားလမ်းကနေ ကျမကားဖြတ်မောင်းလာတော့ ကားလမ်းပိတ်နေကျမဟုတ်တဲ့ ရန်ကုန်တက္ကသိုလ်လှေလှော်အသင်းနားမှာ ကားတွေစီတန်းပိတ်နေတာနဲ့ကြုံတယ်။ ရုတ်တရက်တော့ ကျမစိတ်ထဲ ရှေ့မှာ ယာဉ်တိုက်မှုများဖြစ်သလားလို့ အတွေးဝင်လိုက်မိတယ်။ တဖြည်းဖြည်း ဘွဲ့နှင်းသဘင်ခန်းမနားရောက်တော့….
“wow”
တခါမှ ခုလိုညချမ်းအချိန်မှာ မမြင်ဖူးခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်ခန်းမက မီးရောင်ထိန်ထိန်ညီးနေတဲ့ ခမ်းနားထည်ဝါမှုတွေ၊ ကျမမြင်နေရတဲ့ ခန်းမထောင့်စွန်းနားလေးမှာတောင် အဲကွန်းအောက်ဒိုး (ဘယ်နှစ်လုံးမှန်းတော့ မရေတွက်ခဲ့မိ) အဆင့်ဆင့်ကို ကျမ မြင်တွေ့ခဲ့ရတယ်။ ရုတ်တရက် ကျမတို့ဘွဲ့ဝတ်စုံမဲမဲကြီးတွေနဲ့၊ အလှတွေပြင် ချွေးဒီးဒီးကျပြီး အလှယပ်တောင်လေးတွေနဲ့ အပူမသက်သာပေမယ့် အိုက်တင်ခံယပ်ခပ်ခဲ့ကြတဲ့ ကျမတို့ဘွဲ့ယူခဲ့ကြစဉ်အချိန်ကာလလေးတခုကို ပြေးမြင်ယောင်လိုက်မိတယ်။
“အော်… ငါတို့ အိုဘားမားလောက် ကုသိုလ်ကံမကောင်းခဲ့ကြပါတကား”
ဘယ်တုန်းကမှ မတွေ့မြင်ခဲ့ဘူးတဲ့ “UNIVERSITY OF YANGON” ဆိုတဲ့ မြေစိုက်မှတ်ကျောက်ကြီးတခုကိုလည်း စလိုက်မီးလေးတွေလှလှပပနဲ့ ခမ်းနားထည်ဝါစွာ တွေ့ခဲ့ရသေးတယ်။
ကျမ ၀မ်းသာပါတယ်…ကျမတကယ်ဝမ်းသာတယ်။ ဘာလို့လည်းဆိုတော့ ကျမတခါမှ မမြင်ခဲ့ဘူးတဲ့ ကျောင်းကြီးရဲ့ အလှကို ခုလိုတွေ့ခွင့်ရလိုက်လို့ပါ။
ကျမ စိတ်မကောင်းဖြစ်မိတယ်၊ တကယ်ပါ….. ကျမ စိတ်မကောင်းဖြစ်မိတယ်။
“အော်… အိုဘားမားကြီးတယောက် မြန်မာပြည်လာပြီး အညာခံရဦးမယ်” လို့။
ကျမ ဘာပြောချင်တယ်ဆိုတာ စာဖတ်သူတွေ ရိပ်မိကြမယ်လို့ ကျမထင်ပါတယ်။
စဉ်းစားကြည့်ကြပါ…. “UNIVERSITY OF YANGON” လို့သာ မှတ်ကျောက်သစ်ကြီးတခုတင်တယ်၊ တကယ်ရော ရန်ကုန်တက္ကသိုလ်ဟုတ်သေးရဲ့လား??
ဒီတက္ကသိုလ်ဟာ နိုင်ငံတော်ကပေးတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေကိုရမယ့် ဘာသာရပ်တွေ တကယ်သင်ကြားတဲ့နေရာဌာနရော ဟုတ်သေးရဲ့လား??
ကျမ နောက်ဆုံးပြောချင်တာက… ကိုယ့်အိမ် ကိုယ့်ဝင်းကို ဧည့်သည်လာမှာမို့ ပြုပြင်ပြောင်းလဲနေမယ့်အစား၊ ကိုယ့်အိမ် ကိုယ့်ဝင်း ကိုယ့်မြေပေါ်မှာနေနေကြတဲ့ ကျမတို့ ပြည်သူလူထုထဲက ကျောင်းသူကျောင်းသားတွေသာ ဒီလိုလှပတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းကြီးကို တခါပြန်ပြီး တက်ရောက်ခွင့်ရရှိကြမယ်ဆိုရင် ကျမ အတိုင်းမသိဝမ်းသာမိမှာပါရှင်။
ဒီနေရာကနေ ကျမတို့သမ္မတကြီးဦးသိန်းစိန်ကိုလည်း တခုလောက်ပြောချင်ပါတယ်…
“အဘရေ…. ဧည့်သည်လာမှပဲ အလှပြင်တော့မှာလား”
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။
ငယ်
ရန်ကုန်တက္ကသိုလ်
(ရူပဗေဒ)
P.S အခုလိုမျိုး ကျမနာမည်အောက်မှာ ကျမတက်ခဲ့ဖူးတဲ့ ကျောင်းတော်ကြီးကို မှတ်တမ်းတင်တာကိုလဲ ကျမရဲ့ သူငယ်ချင်းတွေ မကန့်ကွက်လောက်ပါဘူးနော်။ :D
0 comments:
Post a Comment