Sunday, November 25, 2012

သတင်းထောက်ဘက်မှ ရပ်တည်ချက် အမှန်


by Naung Taw Lay on Sunday, November 25, 2012 at 7:55am 

   
       Hot News Journal vol-3, no-113 25-31 Oct 2012 နေ့ထုတ် ဂျာနယ်တွင် လက်ထောက် သတင်း အယ်ဒီတာ ကိုစိုးဝင်းနိုင်သည် `၀တက္ကမြေပါဝင်လို့ ဇေကမ္ဘာအား တရားစွဲဆို´ သတင်းနှင့် ပတ်သက်၍ ဇေကမ္ဘာကုမ္ပဏီ၏ ညွှန်ကြားချက်အရ မျိုးမျိုးမြတ်မြတ်ရသော ရှေ့နေများမှ ၎င်းတို့၏ မိတ်ဆွေ ဒေါက်တာခင်ရွှေအတွက် ဘက်မှ ကာကွယ်၍ ရှင်းလင်းကြေညာချက် ထုတ်ပြန်ပါသည်။


ရှင်းလင်းကြေညာချက်ပါ အချက်များ
`အထက်ပါသတင်းတွင် x x x ဗုဒ္ဓဘာသာကို ညှိုးနွမ်းအောင် ၊ ပျက်စီးအောင် လုပ်တာပဲဟု ဖော်ပြချက်သည် မှန်ကန်ခြင်း မရှိသလို လူတစ်ဦးအား ဘာသာ၊ သာသနာအား ညှိုးနွမ်းပျက်စီးအောင်လုပ်သူဟု သတင်းဖတ်ရှုသူများ အထင်လွဲမှားခြင်း ၊ သတင်းခေါင်းစီးပါ ဇကမ္ဘာဟု ဖော်ပြချက်သည် ကျွန်ုပ်တို့၏ မိတ်ဆွေနှင့် ၎င်းတာဝန်ယူထားသော ကုမ္ပဏီတို့၏ ဂုဏ်သရေ ထိခိုက်ပျက်ပြား အောင် တမင်ရည်ရွယ်ဖော်ပြနေခြင်းသာ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ မိတ်ဆွေသည် နိုင်ငံတော်က အသိအမှတ် ပြုထားသည့် ဗုဒ္ဓဘာသာ အသင်းကြီးတစ်ခုတွင် ဥက္ကဌအဖြစ် ယနေ့ထက်တိုင် တာဝန်ထမ်းဆောင်နေမှုကို သိလျှက်နှင့် တမင်ထိပါးစော်ကားသော အသုံးအနှုန်းများ ဖြစ်နေ၍ အမြန်ဆုံး ၀န်ချတောင်းပန် ရုပ်သိမ်းကြောင်း သတင်းကြေညာချက်အား သတင်းပေးပို့သူ ဦးသိန်းလွင်ဦး နှင့် သတင်းရေးသားသူ စိုးဝင်းနိုင်တို့က ဤကြေညာချက်ပါသည်မှ ခုနှစ်ရက်အတွင်း လူသိရှင်ကြားပြုလုပ်ပေးရန် ကျွန်ုပ်တို့၏ မိတ်ဆွေက တောင်းဆိုပါသည်။´ ဟု ဖော်ပြပါရှိပြီး `သတင်းဖော်ပြချက်သည် အလွန်အမင်း လွဲမှားနေပါ၍ ကျွန်ုပ်တို့၏ မိတ်ဆွေ ဒေါက်တာဦးခင်ရွှေအပေါ် စီးပွားရေးအရလည်းကောင်း၊ လူမှုရေးအရ လည်းကောင်း၊ ဘာသာရေးအရ လည်းကောင်း လက်ရှိနိုင်ငံတော်က ပေးအပ်သော တာဝန်ကို ထမ်းဆောင်နေမှုအရ လည်းကောင်း ထိခိုက်နစ်နာအောင် ဆောင်ရွက်နေမှုများဖြစ်၍ တည်ဆဲဥပဒေနှင့်အညီ အမြန်ဆုံး အရေးယူဆောင်ရွက်သွားခငြ်း ပြုမည်ဖြစ်ပါသည်။´ဟု ခြိမ်းခြောက်ဖော်ပြထားပါသည်။

Hot News အယ်ဒီတာ အဖွဲ့၏ တုန့်ပြန်ချက်
          အထက်ပါ အကြောင်းအရာများပါ ဒေါက်တာခင်ရွှေ ခေါ် သာသနာ့ဝန်ထမ်းကြီး တစ်ဦးကိုယ်စား ရှင်းလင်းကြေညာချက်အပေါ် `Hot News သတင်းထောက်အပေါ် ဇေကမ္ဘာကုမ္ပဏီ၏ သတိပေးချက်အား သတင်းထောက်ဘက်မှ ရပ်တည်၍ ဥပဒေနှင့်အညီ ရင်ဆိုင်တုန့်ပြန်သွားမည်ဖြစ်ကြောင်း သဘောထား ရပ်တည်ချက် ထုတ်ပြန်ခြင်း´ကို Hot News vol-3, no-117 စာမျက်နှာ (၄)တွင် တုန့်ပြန်ပြောဆိုလိုက်ပါသည်။

ဇုန်(၃)ဆို ဟူသည် အလကား မတ်တင်းသိမ်းဆည်းထားသည့်မြေ
          ဇေကမ္ဘာကုမ္ပဏီသည် ဇုန်(၄)ဟုဆိုကာ ရွှေနံ့သာကျေးရွာမှ လယ်သမားများပိုင်မြေများကို သက်ဆိုင်ရာနှင့် ပူးပေါင်း၍ ရယူရန် နိုင်ငံတော်ဟူသည်ကို အလွဲသုံးစားပြု၍ သိမ်းဆည်းရန် ကြံစည်ခြင်း အပေါ် လယ်သမားအရေး လိုက်ပါဆောင်ရွက်သူ ဦးနေမျိုးဝေ၏ အကူအညီဖြင့် နိုင်ငံတော်မှ တရားဝင်လုပ်ပိုင်ခွင့် ချထားပေးခြင်း မဟုတ်ကြောင်း သိရှိခဲ့ရပါသည်။ ထိုအတောအတွင်း ဇုန်(၃)အတွင်းမှ လယ်မြေများသိမ်းဆည်း ခံခဲ့ရသော လယ်သမားများသည် သိမ်းဆည်းစဉ်က လယ်သမားတို့၏ နစ်နာမှုအပေါ် ပေ ၄၀ x ပေ ၆၀ အိမ်ခြံကွက် တစ်ကွက်စီ ပြန်လည်ချထားပေးမည်ဟု ပြောဆိုထားခဲ့ပြီး ယနေ့အချိန်အထိ ချထားပေးခြင်း မရှိသည့်အတွက် လယ်သမားများမှ အိုးအိမ်ဌာနတွင် အကြိမ်ကြိမ်သွားရောက်မေးမြန်းခဲ့ပြီး မထူးခြားသည့် အပေါ် မြေယာစုံစမ်းရေး ကော်မရှင်သို့လည်း တင်ပြထားပြီး ဖြစ်သည်။ မြေယာစုံစမ်းရေး ကော်မရှင်မှလည်း တိတိကျကျ စစ်ဆေးဆောင်ရွက်ခြင်း မရှိသည့်အပေါ် လယ်သမားများသည် လွတ်လပ်လျှက်ရှိသော ဧက ၄၀ခန့်ရှိ မြေကွက်တစ်ကွက်ကို စည်းရိုးခတ်၍ အငြင်းပွားဆဲကာလအတွင်း မည်သူမျှ ၀င်ရောက်လုပ်ကိုင်ခြင်း မပြုရန် သတ်မှတ်ထားခဲ့ပါသည်။

ရွှေနံ့သာကွင်းအတွင်း က သာသနာ့မြေ
          ၂၀.၁၁.၂၀၁၂ ရက်နေ့က ရွှေနံ့သာလယ်သမား ဦးကျော်မြင့်၏ လယ်မြေအတွင်း ဇေကမ္ဘာမှ ခြံစည်းရိုးခတ်ရန် ပန္နက်ရိုက်ခြင်းကို လယ်သမားများက ကျူးကျော်ခြင်း သက်သက်သာဖြစ်သည်ဟု ယူဆ၍ ပြန်လည်ဖျက်စီးခဲ့ပါသည်။ ထိုနေ့က ဇေကမ္ဘာက ဇုန်(၄)ဟု တဖွဖွပြောသည့် စပါးများ ရိတ်သိမ်းနေသည့် ကွင်းတစ်လျှောက် လိုက်လံကြည့်ရှုရာ ဆရာတော်တစ်ပါးမှ ၎င်းအားလှူဒါန်းထားသည့်မြေအား ကုမ္ပဏီမှ ရယူသိမ်းဆည်းသွားမည် စိုးရိမ်သောကြောင့် ၎င်းပိုင်မြေကွက် မြေပုံနှင့်တကွ သာသနာ့အလံကို လာရောက် စိုက်ထူထားပါသည်။ လယ်သမားများအား မေးမြန်းကြည့်ရာ ကုမ္ပဏီက သိမ်းဖို့စီစဉ်ထားတဲ့အထဲမှာ ပါတဲ့ အတွက် ဆရာတော်က လာကပ်ထားခြင်း ဖြစ်ကြောင်း သိရပါသည်။

တရားခွင် နမူနာ
          တရားရုံးသည်လည်း မျက်နှာကြီးရာ ဟင်းဖတ်ပါသည့် သဘောသာဖြစ်ကြောင်း စဉ်းစားဆင်ခြင် ကြည့်နိုင်ပါသည်။ ဦးနေမျိုးဝေအား တရားစွဲဆိုရန် မြို့နယ်မှူးအား ကျင့် ၂၀၂အရ စစ်ဆေးခိုင်းရာ ဦးနေမျိုးသည် အများအကျိုးရှေးရှုပြောဆိုခြင်း ဖြစ်ကြောင်း၊ ဦးနေမျိုးဝေပြောဆိုသော နိုင်ငံတော် အလွဲသုံးစားမှု၊ လုပ်ပိုင်ခွင့် ရထားခြင်း မရှိသောမြေသာဖြစ်ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ အိုးအိမ်ဌာနမှလည်း သက်သေခံများ ရရှိပြီးဖြစ်ကြောင်း ပြောဆိုနေသည့် ကြားထဲမှ ဇေကမ္ဘာမန်နေဂျာ၏ အသရေဖျက်မှုနှင့် တရားစွဲဆိုချက်ကို မည်သည့်အတွက်ကြောင့် မည်သို့ရယူ၍ စွဲဆိုသည်ကိုပင် ခန့်မှန်း၍ မရနိုင်အောင် ရှိပါသည်။

လူပါးဝခွင့်ရ၍ ပေါပေါများလှူနိုင်ခြင်း
ဇေကမ္ဘာကုမ္ပသည် လူပါးကြီးကြီးဝ၍ ဘုရားများများတည် အလုပ်လုပ်နေသည့်အပေါ် အကျိုးထူး၏ လော့ဟု မေးမြန်းဖွယ်ဖြစ်ပါသည်။ တစ်ဖက်က ဘုရား ဘုရား တစ်ဖက်မှာ လူပါးဝမှုတွေသည် ပုတ်လို့ပေါ် ဟုတ်လို့ကျော်ဆိုသကဲ့သို့ ဖြစ်နေခြင်းအပေါ် နိုင်ငံတော်မှ ဖွဲ့စည်းထားသော ဗုဒ္ဓဘာသာအသင်းကြီးတွင် တာဝန်ဆက်လက်ဆောင်နေခွင့်ရသည်မှာလည်း အံ့သြမဆုံးဖြစ်ကြပေလိမ့်မည်။ တစ်ဖက်တွင် အလကား မတ်တင်း လူပါးဝခွင့်ရ၍ လှူဒါန်းနိုင်ခြင်း အပေါ် `လှူနိုင်ပါစေ တန်းနိုင်ပါစေ . . . လူပါးဝမှု ကိစ္စတွေ အတွက်လည်း နိုင်ငံတော်မှ ဥပဒေ အထက်တွင် လွှတ်တော်အမတ်ကို မထားဘဲ အရေးယူဆောင် ရွက်ပေးနိုင်ပါစေဟု ဆုတောင်းရန်သာ ရှိပါသည်။

သတင်းထောက်ဘက်မှ ရပ်တည်ကြ
ယခု ဇေကမ္ဘာ မခံမရပ်နိုင်ဖြစ်ရသည့် သတင်းနှင့်ပတ်သက်၍လည်း တရားရုံးသည်၎င်း ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတို့သည်၎င်း ဇေကမ္ဘာကို မျက်နှာသာပေးခြင်းကြောင့် အခွင့်သာသည့်နေရာမှ ထုတ်ဖော် ခွင့်ရခြင်းအပေါ် လူသိရှင်ကြားဖြစ်ရ၍ အရှက်ရခြင်း ဖြစ်ပါသည်။ သတင်းထောက်တို့၏ တာဝန်သည် မတရားမှုများကိုဖော်ထုတ်၍ နစ်နာသူ ကုစားမည့်ဘက်မှ ရပ်တည်ရမည်ဖြစ်ရာ ဇေကမ္ဘာမှ ၎င်းသတင်း ထောက်ပေါ် တရားစွဲဆိုခြင်းသည် မတရားမှုတိုက်ဖျက်ရေးကို နှောက်ယှက်ဟန့်တားသည့် သဘောသက်ရောက်၍ နိုင်ငံရေးအမှု မြောက်ပေတော့မည်။ နိုင်ငံရေး အသိုင်းအ၀ိုင်းမှလည်း လူပါးဝမှု မတရားမှုများကို ဖော်ထုတ်နေကြသည်ဖြစ်ရာ လူပါးဝသူက တရားစွဲဆိုလျှင် သတင်းလောက သားများအနေဖြင့်သာမက နိုင်ငံရေးအင်အားစုများကပါ သတင်းထောက်ဘက်မှ ၀င်ရောက်ရပ်တည်ရမည့် အမှုအခင်းတစ်ရပ်သာ ဖြစ်လာပေလိမ့်မည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...