ဆရာမင်းလူအင်တာဗျူးဟောင်း
by မင်းလူ၏ ၀တ္တုတိုများ on Thursday, November 22, 2012 at 10:59pm ·
ပေဖူးလွှာမဂ္ဂဇင်းရဲ့ စာဖတ်သူများနဲ့တွေ့ဆုံပေးခြင်းကဏ္ဍမှာ ဘ၀သရုပ်ဖော်၊ အချစ်၊ ရာဇ၀င်၊ စုံထောက်စာရေးဆရာများနဲ့ တွေ့ဆုံပေးခဲ့ပြီးတဲ့နောက် ဒီလ တွေ့ဆုံပေးချင်တဲ့သူက ကဗျာတွေ၊ ၀တ္ထုတွေရေးတဲ့ လူငယ်စာရေးဆရာမင်းလူပဲဖြစ်ပါတယ်။
စာချစ်သူများသိကြပြီးဖြစ်တဲ့အတိုင်း မင်းလူဟာ စာရေးဆရာဒါရိုက်တာကြီးဦးသာဓုနဲ့ ဒေါ်ခင်ညိုတို့ရဲ့ အထွေးဆုံးသားဖြစ်ပြီး မင်းသားအဆိုကျော် သုမောင်၊ ရုပ်ရှင်မင်းသားမောင်ရူပတို့ရဲ့ ညီထွေးပဲဖြစ်ပါတယ်။ မင်းလူက ကဗျာရေးတဲ့နေရာမှာ အလှဘွဲ့ကဗျာ၊ အသည်းကွဲကဗျာတွေထက် အချစ်ကို သူ့အမြင်၊ သူ့ရှုထောင့်၊ ဘ၀ကို သူ့အမြင်၊ သူ့ရှုထောင့်ကနေ ရေးလေ့ရှိပါတယ်။ ဥပမာ ဆိုပါတော့ သူရေးခဲ့တဲ့ ကဗျာတွေထဲက 'ဗိုလ်ချုပ်ဈေး ငွေစာရင်းရှင်းတမ်း'ကိုကြည့်ပါ။
ဒီလိုလေ ကိုကိုရဲ့၊ သေသေချာချာနားထောင်နော်
ဒီနေ့အသုံးစရိတ်က
ခိုင်သဇင်ဖိနပ်ဆိုင်မှာ
နှစ်လက်မဒေါက်မြင့်ဖိနပ်ဝယ်တာက
သုံးဆယ့်ခြောက်ကျပ်
အန်တီဒေါ်လီဆိုင်မှာ
လက်သည်းဆိုးဆေး ပုလဲရောင်က
ဆယ့်ကိုးကျပ်ခွဲ
မမမာကို
ဘလောက်စ်အင်္ကျီတွေ ချုပ်ခပေးတာ
နှစ်ဆယ့်ခုနစ်ကျပ်
ပြီးတော့.. ဟို...
အတွင်းခံစကတ် ပန်းနုရောင်
ဆယ့်ရှစ်ကျပ်
နန်းကြီးသုပ်နဲ့
ရွှေရင်အေးက ငါးကျပ်
တက်စီခ
နှစ်နာရီအတွက်ဆိုတော့
သုံးဆယ်
အဲဒီတော့ စုစုပေါင်း .... ဟိုက
သုံးဆယ်ခြောက်နဲ့ ဆယ့်ကိုးခွဲနဲ့
အင်း... နှစ်ဆယ့်ခွန်နဲ့ ရှစ်ဆယ်နဲ့
အားလုံး ကိုကိုရယ် တစ်ရာ့သုံးဆယ့်ငါးကျပ်ခွဲ
အဲ... မေ့လို့ မေ့လို့
ကိုကို့အတွက်လည်း ၀ယ်လာသေးတယ်
မုတ်ဆိတ်ရိတ် ဘလိတ်ဓား
နှစ်ချောင်း ငါးမူး
တစ်ရာ့သုံးဆယ်ခြောက်ကျပ် အတိပေါ့ ဟင်း ဟင်း
ဟုတ်ပါပြီ ဟုတ်ပါပြီ
ဘလိတ်ဓားက တော်တော်ထက်တယ် ထင်တယ်။
နောက်တစ်ပုဒ် လေ့လာစေချင်သေးတာက နှလုံးသားရေးရာနဲ့ပတ်သက်တဲ့ ကဗျာတစ်ပုဒ်ပါ။ အဲဒီကဗျာခေါင်းစီးကတော့ "တာဝန်မှရပ်စဲခြင်းခံရသော နှလုံးသား"ပါတဲ့။
စာအမှတ် ၇/၇၇ နှလုံးသား။
ယနေ့မှစ၍
"၁၆"ကားပေါ်တွင်
"ထမင်းဘူးတော်ကိုင်"တာဝန်မှလည်းကောင်း
ပုဂံလမ်းပေါ်တွင်
"ထီးတော်မိုး"တာဝန်မှလည်းကောင်း
သက်သာချောင်ချိရေးဆိုင်တွင်
"စားပွဲတော်ထိုး"တာဝန်မှလည်းကောင်း
အင်းလျားကန်ဘောင်ပေါ်တွင်
"သက်တော်စောင့်"တာဝန်မှလည်းကောင်း
ဗိုလ်ချုပ်ဈေးတွင်
"ပစ္စည်းတော်ထမ်း"တာဝန်မှလည်းကောင်း
အခန်းအေ-၂၀၅တွင်
"အနမ်းတော်ဆက်"တာဝန်မှလည်းကောင်း
သင့်အား လုံးဝရပ်စဲလိုက်ကြောင်းနှင့်
"ငှက်ပြာ"တစ်စင်း
"ဂျင်းရှပ်"တစ်ထပ်
"ဆေးထိုးအပ်"တစ်ချောင်း
အဆင့်ရှိသူအား
သင်၏နေရာတွင်
အစားထိုးခန့်ထားလိုက်ပါကြောင်း။
ယင်းကဲ့သို့သောအမြင်ကလေးတွေရှိတတ်တဲ့ မင်းလူပါ။ အဖေရော အစ်ကိုတွေပါ အနုပညာနယ်ထဲမှာ ကျင်လည်နေကြတာဆိုတော့ သူလည်း ဗီဇအရရော၊ ပတ်ဝန်းကျင်အရပါ အနုပညာနယ်ထဲ ရောက်လာခဲ့တာပါပဲ။
* * *
►►► ကျွန်တော်နဲ့ပတ်သက်လို့ ဘယ်လိုပြောရမလဲဆိုတော့ ဗီဇလို့ ပြောရမယ်။ အဖေ့မှာပါတဲ့ စာရေးချင်တဲ့ဗီဇ ပါလာတယ်ထင်တယ်။ တကယ်လို့ အဖေက စာရေးဆရာမဖြစ်ခဲ့ဘဲ ကျွန်တော်တို့က ဖြစ်လာရင်တော့ တစ်မျိုးပေါ့။ တချို့က စာရေးဆရာမျိုးရိုးမဟုတ်ဘဲ ဖြစ်လာတာတွေလည်း ရှိတယ်လေ။ ဒါပေမဲ့ ဗီဇတစ်ခုတည်းကြောင့်တော့လည်း မဟုတ်ဘူး။ ကျွန်တော်တို့က စာပေနဲ့ပတ်သက်တဲ့ အသိုင်းအ၀ိုင်းမှာနေရတယ်ဆိုတော့ ဗီဇပါပြီးသားကို ပတ်ဝန်းကျင်ကပါ ၀ိုင်းပြီး ဖန်တီးပေးလိုက်တဲ့ သဘောရှိပါတယ်။ ဒီနေရာမှာ အမေ့ကိုလည်း ထည့်ပြောချင်တယ်။ အဖေက စာရေးဆရာ၊ အမေက စာရေးဆရာမဟုတ်ဘူး။ ဒါပေမဲ့ အမေက စာရေးဆရာဘ၀ကိုဝင်ပြီး ခံစားတတ်တယ်။ ဒါကြောင့်မို့ အမေ့ အနေနဲ့ ကျွန်တော်တို့ကိုလည်း အများကြီးအထောက်အကူပေးခဲ့ပါတယ်။ အမေက အဖေ့ကို ပါရမီဖြည့်ခဲ့သလို ကျွန်တော်တို့ကိုလည်း ပြုစုပျိုးထောင်ပေးခဲ့တယ်။
☼☼☼ ကိုမင်းလူ ဘယ်အရွယ်လောက်ကစပြီး စာရေးတာ ၀ါသနာပါလာသလဲ။
►►► ပြောရမယ်ဆိုရင်တော့ ကျွန်တော် "ပန်းကျောင်း"အမှာစာမှာ ရေးခဲ့သလိုပါပဲ။ အသက် ခြောက်နှစ်၊ ခုနစ်နှစ်လောက်ကတည်းကပဲ ၀ါသနာပါခဲ့တယ်။ တကယ်ပြောရရင် မွေးကတည်းက ၀ါသနာပါလာတယ် ပြောရမယ်။ စောစောကပြောသလို ဗီဇက ပါလာတာကိုး။
☼☼☼ တကယ် စရေးဖြစ်တာက။
►►► တကယ် စရေးဖြစ်က ကျွန်တော် အထက်တန်းကျောင်း(သင်္ကန်းကျွန်း အ-ထ-က ၁)မှာ ကတည်းက နံရံကပ်စာစောင်တွေ စရေးခဲ့တာပါ။ ကျောင်းမှာ စာပေအသင်းဝင်လုပ်တော့ ဆရာမ ဒေါ်ခင်ဆွေမြင့်က အားပေးလို့ ကဗျာတွေ စရေးခဲ့တယ်။ တက္ကသိုလ်ရောက်တဲ့အခါကျတော့ ကဗျာတွေ၊ ၀တ္ထုတွေရေးပြီး မဂ္ဂဇင်းတွေကို ပို့တယ်။ ၁၉၇၂ လောက်ကပေါ့။ ဒီလိုပဲ ရေးလိုက်၊ ပို့လိုက်၊ အပယ်ခံရလိုက်နဲ့ မဂ္ဂဇင်းတွေမှာတော့ ဖော်ပြမခံရသေးဘူး။ အဲဒီတုန်းက ရေးခဲ့တာတွေထဲကဆိုရင် ကျောင်းနံရံကပ်စာစောင်မှာ ရေးတဲ့ကဗျာပဲ အရွေးခံရသေးတယ်။ နောက် ကျောင်းနှစ်လည်မဂ္ဂဇင်းမှာ ကဗျာတစ်ပုဒ် အရွေးခံရတယ်။ ကဗျာနာမည် "စေ့စပ် ကြောင်းလမ်းပြီးစီးခြင်း"။ အဲဒီတုန်းက "တောကျောင်းဘုန်းကြီး"ဆိုတဲ့ကလောင်နာမည်နဲ့ပဲ ရေးခဲ့တာပါ။ အဲဒီနှစ် (၁၉၇၆)မှာပဲ ရုပ်ရှင်ပဒေသာမဂ္ဂဇင်းမှာ "နေ၀င်သွားတော့ လထွက်သည်"ဆိုတဲ့ဝတ္ထုတိုလေး ဖော်ပြခံရတယ်။ ဒါ ပထမဆုံးဝတ္ထုပဲပေါ့။
☼☼☼ လုံးချင်းအနေနဲ့ကော။
►►► ပထမဆုံးလုံးချင်းက "ပန်းကျောင်း"။ ၁၉၇၇ခုနှစ်မှာထွက်တယ်။ ကဗျာစာအုပ်ထဲက "အချစ်လားဟေ့ ၀င်ခဲ့လေကွယ်"က ၁၉၇၈ခုနှစ်က ထွက်တယ်။
☼☼☼ "အချစ်လားဟေ့ ၀င်ခဲ့လေကွယ်"မှာပါတဲ့ ကဗျာတချို့က တက္ကသိုလ်မှာတုန်းက တောကျောင်းဘုန်းကြီးကလောင်နာမည်နဲ့ရေးခဲ့တာတွေပါလို့ အမှာစာမှာရေးထားတာတွေ့လိုက်ရတယ်။ ကိုမင်းလူအနေနဲ့ ကျောင်းသားဘ၀ကရေးခဲ့တဲ့ကဗျာတွေနဲ့ အခုရေးနေတဲ့ကဗျာတွေ ဘယ်လို ခြားနားတယ်လို့ ခံစားမိသလဲ။ ►►► ကျောင်းသားဘ၀ကရေးခဲ့တဲ့ကဗျာတွေလည်း ကြိုက်တာပဲ။ အခုရေးတဲ့ကဗျာတွေလည်း ကြိုက်တာပဲ။ တစ်ခုပဲရှိတယ်။ အခုရေးတဲ့ကဗျာတွေက ပိုပြီးကျယ်ပြန့်လာတာပဲရှိတယ်။ အပြင်လောက ရောက်လာတော့ လောကအကြောင်း၊ လူတွေအကြောင်း ပိုပြီးသိလာတော့ ရေးရတာ ပိုပြီးကျယ်ပြန့် လာတယ်။ ဒါပဲ ခြားနားပါတယ်။
☼☼☼ ကဗျာရေးတဲ့နေရာမှာ တချို့က စကားလုံးကျစ်လျစ်သိပ်သည်းမှု၊ အဓိပ္ပာယ် သွယ်ဝိုက် ဖွဲ့နွဲ့မှုတွေကို ဦးစားပေးကြပြီး တချို့ကတော့လည်း အကြောင်းအရာကို တိုက်ရိုက်ဖော်ပြတဲ့ ကာရန်မဲ့ ကဗျာပုံစံမျိုးကို ကြိုက်ကြတယ်။ ကိုမင်းလူကော ဘယ်လိုမြင်ပါသလဲ။
►►► ကျွန်တော် နှစ်မျိုးစလုံးကိုကြိုက်ပါတယ်။ တချို့ကဗျာတွေကျတော့ စကားလုံးသိပ်ကျစ်တယ်။ ကျစ်ကျစ်လျစ်လျစ်ရေးတယ်။ စကားလုံးတစ်လုံးဆိုတစ်လုံး ဆိုသလောက် အဓိပ္ပာယ်ထိရောက်တယ်။ အဓိပ္ပာယ်ကလည်း ဝေ့ကာဝိုက်ကာ ရေးတတ်ကြတယ်။ အဲဒီလိုကဗျာတွေလည်း ကြိုက်တော့ ကြိုက်တယ်။ အခုထက်ထိ စွဲစွဲလမ်းလမ်းအလွတ်ရနေတဲ့ကဗျာတွေလည်းရှိပါတယ်။ တစ်ဖက်က ကြည့်ပြန်တော့ စကားလုံးကျစ်လျစ်ဖို့လောက်ပဲ ကြိုးစားနေရပြီး ကဗျာဆိုတာ လူနားမလည်လေ ကောင်းလေပဲဆိုတဲ့ အယူအဆ၀င်လာတယ်။ အဲဒီအယူအဆကိုတော့ ကျွန်တော်လက်မခံဘူး။ ကဗျာဆိုတာ လူနားမလည်အောင်ရေးရင် ကဗျာက အဆင့်အတန်းမြင့်တယ်။ လူတွေအများကြီး နားလည်အောင်ရေးရင် ကဗျာက အဆင့်အတန်းမြင့်တယ်။ လူတွေအများကြီးနားလည်အောင်ရေးရင် ကဗျာက ပေါသွားတယ်ဆိုတဲ့အယူအဆတွေ တချို့မှာ ဖြစ်လာတယ်။ နောက် ပြောကြတာတစ်ခုရှိသေးတယ်။ ကဗျာဆိုတာ က၀ိတွေ၊ ပညာရှိတွေအတွက်သာ ဖြစ်တယ်ဆိုတဲ့အယူအဆ။ ဒါတွေကို ကျွန်တော်တို့ လက်မခံကြတော့ဘူး။ ကဗျာဆိုတာ ပြည်သူပိုင် ပစ္စည်း။ အားလုံးပိုင်တယ်။ အားလုံးနဲ့ဆိုင်တယ်။ အားလုံးနားလည်အောင်ရေးနိုင်ရင် ပိုကောင်းတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ယူဆတယ်။ ဒါကြောင့် ကျွန်တော်တို့ကဗျာတွေမှာ အဓိပ္ပာယ် သိပ်မ၀ှက်တော့ဘူး။ ကိုယ်ရေးတဲ့ကဗျာကို လူနားမလည်အောင် အဓိပ္ပာယ်ကို အတင်းကွယ်ဝှက်ရေးရမယ်ဆိုတာမျိုးကို ကျွန်တော်တို့ လက်မခံပါဘူး။
☼☼☼ ကိုမင်းလူရဲ့ကဗျာအချို့ဟာ ကာရန်မဲ့တာတွေ့ရသလို ကာရန်နဲ့ရေးတာလည်းတွေ့ရပါတယ်။ ဒါကလေး တစ်ဆိတ်သိချင်ပါတယ်။
►►► အဲဒီမှာ ကျွန်တော့်ကဗျာတွေမှာ ကာရန်မဲ့မှကြိုက်တယ်။ ကာရန်ရှိရင်မကြိုက်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကာရန်ရှိရှိ မဲ့မဲ့၊ ကျွန်တော့်ရင်ထဲစွဲငြိရင် ကျွန်တော်ကြိုက်တာချည်းပါပဲ။ ကျွန်တော် ကိုယ်တိုင်လည်း ကာရန်မဲ့ကဗျာတွေရေးသလို ကာရန်ရှိကဗျာတွေလည်း ရေးပါတယ်။ ခုထိလည်း ရေးတုန်းပါပဲ။ ပြီးခဲ့တဲ့လပိုင်းလောက်က သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ကထုတ်တဲ့ နှစ်ပတ်လည် မဂ္ဂဇင်းမှာ ကဗျာတစ်ပုဒ်ရေးခဲ့ပါတယ်။ အဲဒါ ကာရန်ရှိကဗျာပါ။ ကျွန်တော်က ကာရန်ရှိကဗျာလည်း ရေးချင်ရေးမှာပဲ။ ကာရန်မဲ့ကဗျာလည်း ရေးချင်ရေးမှာပဲ။ ကဗျာနဲ့ပတ်သက်တဲ့အယူအဆက များသားလား ကိုဝင်းငြိမ်း။ ဒါကြောင့် ကျွန်တော့်ကဗျာနဲ့ ကျွန်တော့်အယူအဆကိုပြောရရင် ကဗျာဆိုတာ ကာရန်ရှိချင် ရှိမယ်။ မဲ့ချင် မဲ့မယ်။ ကာရန်မဲ့ပေမယ့် တခြားကဗျာအင်္ဂါရပ်တွေရှိသေးရင် ဒါ ကဗျာပဲလို့ ကျွန်တော်ယူဆတယ်။
☼☼☼ ကာရန်မဲ့ကဗျာနဲ့ပတ်သက်ပြီး ပြောကြတာရှိတယ်။ ကာရန်မဲ့ကဗျာဆိုတာ စကားပြောလို့ပါပဲ တဲ့။ ဒီအယူအဆကိုကော ကိုမင်းလူ ဘယ်လိုမြင်ပါသလဲ။ ကိုမင်းလူ ကဗျာတွေထဲမှာလည်း "အချစ်မြို့သားများ"စာအုပ်ထဲမှာရေးခဲ့တဲ့ "မမ နွေ-မိုး-ဆောင်း"က စကားပြေပုံသဏ္ဌာန် ရေးထားတာတွေ့ရတယ်။ ဒီလိုရေးထားတယ်လေ။
မမသိသာရန် ကျွန်တော် စာရေးလိုက်ပါသည်။
အရောင်တဖျပ်ဖျပ်တောက်ပခြင်းမရှိသော်လည်း
မမမျက်လုံးများဖြင့် စိုက်ကြည့်ခြင်း ခံရသောအခါ
အထက်အရာရှိ၏ရှေ့မှောက်တွင်ရောက်နေသော
လက်အောက်ငယ်သားကဲ့သို့ ရိုကျိုးဝပ်တွားခဲ့ရပါသည်။
ပီပြင်ခြင်းမရှိတော့သော်လည်း မမ၏နှုတ်ခမ်းဖျားမှ
ချစ်စကားသံလွင်လွင်ကို ကြားရသောအခါ
ကျောင်းဆင်းခေါင်းလောင်းထိုးသံကြားရသော
ကျောင်းသားငယ်ကဲ့သို့ ၀မ်းမြောက် ရွှင်လန်းခဲ့ရပါသည်။
အတန်ငယ်လျော့ရဲနေပြီဖြစ်သော်လည်း မမလက်မောင်းပေါ်၌
ဦးခေါင်းကို မှီလိုက်ရသောအခါ လူပျံတော်ပတ္တမြားသွေးဆေးကို
သောက်သုံးရသကဲ့သို့ စိတ်နှလုံးချမ်းမြေ့ရပါသည်။
အကြောများထင်ရှားစပြုပြီဖြစ်သော်လည်း မမ၏
လက်ချောင်းကလေးများဖြင့် ဆံပင်ကြားသို့ ထိုးဖွခြင်းကို
ခံရသောအခါ သခင်၏ကျောသပ်ခြင်းကိုခံရသော
အမဲလိုက်ခွေးကဲ့သို့ ကျေနပ်နှစ်သိမ့်ခဲ့ရပါသည်။
ခေတ်မမီတော့သော်လည်း တန်ဖိုးမကျသည့်
တစ်လက်ကိုင် "စလုံး"နံပါတ် မာစီဒီးကားကဲ့သို့
ခန့်ညားထည်ဝါလှသော အို...ချစ်မမ။
ထိုကဲ့သို့သော မမသည် နွေမွန်းတည့်ကဲ့သို့
နှိပ်စက်ညှဉ်းပန်းတတ်ပြီး မြောက်ပြန်လေကဲ့သို့
လှည့်စားတတ်လျက် ရန်ကုန်မိုးကဲ့သို့မူရာမာယာများကာ
ဗွေဆိုးဖောက်သောမြင်းကဲ့သို့ပညာတတ်ခြင်းအတွက်
ကျွန်တော် အထိတ်တလန့် အံ့သြမိကြောင်းပါခင်ဗျာ။
☼☼☼ ဒီပုံစံကိုကော ကာရန်မဲ့ကဗျာလို့ သတ်မှတ်လို့ရမလား။
►►► ကျွန်တော်ကတော့ သတ်မှတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စာပေမှာ ပုံစံအမျိုးမျိုးရှိတယ်။ ၀တ္ထု၊ ကဗျာ၊ ပြဇာတ်၊ ဆောင်းပါး၊ စာညွန့် စသဖြင့်ပေါ့လေ။ အဲဒီလိုသတ်မှတ်ကြတဲ့အထဲမှာ ကဗျာကလည်း ပုံစံတစ်ခုပါပဲ။ အဲဒီတော့ ကဗျာဟာ ကဗျာပါပဲ။ ကဗျာဟာ ပြဇာတ်လည်းမဟုတ်ဘူး။ စကားပြေလည်းမဟုတ်ဘူး။ စာညွန့်လည်းမဟုတ်ဘူး။ "မမ နွေ-မိုး-ဆောင်း"မှာ ကျွန်တော် ဘာကြောင့် ဒီပုံစံရေးထားတာလဲဆိုတော့ စောစောက ကိုဝင်းငြိမ်းပြောသလို ကာရန်မဲ့ကဗျာဆိုတာ စကားပြေလို့ ပြောကြတယ်။ စကားပြေကိုပဲ စာကြောင်းကလေးတွေ ဟိုနားကဖြတ်လိုက်၊ ဒီနားကဖြတ်လိုက်၊ အောက်ကိုတစ်ကြောင်းချင်း စီကာစဉ်ကာ ရေးထားတာတဲ့။ ဒီကဗျာတွကို အတန်းလိုက် ပြန်ဆက်ကြည့်ရင် ကဗျာမဟုတ်တော့ဘူး။ စကားပြေဖြစ်သွားတယ်တဲ့။ အဲဒီလိုပြောကြတယ်။ အဲဒီတော့ ကောင်းပြီ။ "မမ နွေ-မိုး-ဆောင်း"ကို သူတို့ပြောသလို အပိုင်းကလေးတွေဖြတ်ပြီး အပေါ်အောက် တစ်ကြောင်းစီ စီကာစဉ်ကာရေးတာမဟုတ်ဘဲနဲ့ ဒီအတိုင်းပဲ တောက်လျှောက် ရေးချပြလိုက်တာပဲ။ ပြလိုက်တော့ ကဗျာမဟုတ်ဘူးလို့ ပြောကြမလား။ အဲဒီကဗျာက ကျွန်တော် ဒီမေးခွန်းကိုမေးချင်လို့ ရေးပြလိုက်တာပဲ။ ကျွန်တော့်မေးခွန်းကို ကျွန်တော်ပဲပြန်ဖြေရမယ်ဆိုရင် ဒါ ကဗျာပဲ။ ဒါကို ကျွန်တော် တစ်ယောက်တည်းက ဆိုလိုတာမဟုတ်ပါဘူး။ လူငယ်အများအပြားက လက်ခံကြပါတယ်။ တစ်ဆက်တည်းပဲ နိုင်ငံတကာစာအုပ်နှစ်တုန်းက ကဗျာနဲ့ပတ်သက်တဲ့စာတမ်းတစ်ခုကို ကိုးကားပြီး ပြောချင်တယ်။ ဘာလဲဆိုတော့ ကဗျာမှာ ဟိုအရင်တုန်းက ပုံစံအမျိုးမျိုးရှိတယ်။ အချိုး၊ သံပေါက်၊ လေးလုံးစပ်၊ ရတု စသဖြင့်ရှိတယ်။ အဲဒီမှာ နောက်ဆုံးအသုံးများပြီး ကျန်ရစ်ခဲ့တာက လေးလုံးစပ်ပဲ။ အဲဒီ လေးလုံးစပ်ကို ရေးရင်းရေးရင်းကပဲ နောက်ပိုင်းခေတ်ကျတော့ ဘယ်လိုဖြစ်လာသလဲဆိုတော့ လေးလုံးစပ်ကဗျာမှာပဲ သတ်စေ့နှက် သုံးချက်ညီ စတဲ့ ကဗျာစပ်နည်းတွေကို တိတိကျကျမယူတော့ဘဲ ကာရန်ကို လိုအပ်သလို ညှိယူလာကြတယ်။ အဲဒီနောက်ပိုင်းကျတော့ လေးလုံးစပ်မဟုတ်တော့ဘူး။ တစ်ကြောင်းမှာ စာလုံးအရေအတွက် ရှိချင်သလောက်ရှိပေပေ။ စကားလုံးကန့်သတ်ချက်မရှိတော့ဘဲ ကာရန်ကို တစ်ကြောင်းနဲ့တစ်ကြောင်း ချိတ်တယ်ဆိုရုံကလေးပဲယူတော့တယ်။ ဒီထက်နောက်ကျလာတော့ ကာရန်ကို လုံးဝမဲ့လိုက်တဲ့ကဗျာတွေ ပေါ်လာကြတယ်။ အဲဒီနောက်မှ ကျွန်တော်တို့က ကာရန်မဲ့ကဗျာဆိုပြီး ဆက်ရေးနေကြတာ။
☼☼☼ တချို့က စကားပြေနဲ့ကဗျာကို လုံးဝစည်းခြားချင်ကြတယ်။ တစ်ခုနဲ့တစ်ခု လုံးဝစည်းခြားထား ချင်တယ်။ လုံးဝမပတ်သက်ရအောင် တံတိုင်းကြီးတစ်ခု ခြားထားချင်တယ်။ အဲဒါမျိုးတော့ မဟုတ်သေးဘူးလို့ ထင်တယ်။ ကာရန်မဲ့ကဗျာတွေ ရေးလာကြတဲ့အခါကျတော့ ကဗျာနဲ့ စကားပြေကြားမှာ ကာရန်တို့၊ စကားလုံးအရေအတွက်တို့ ဆိုတဲ့ဟာတွေ နယ်နိမိတ်စည်းမျဉ်းကြီးတစ်ခု မဟုတ်ဘူး။ အဲဒါတွေကို ဖယ်လိုက်တယ်။ စကားပြေရဲ့အင်အားကို ကဗျာမှာပေါင်းစည်းလိုက်ပြီး ကဗျာရဲ့နယ်ပယ်ကို ပိုပြီးကျယ်ပြန့်တိုးတက်အောင် လုပ်လာကြတယ်။ အဲဒီလိုဆိုတော့ တချို့က ပြောမယ်။ ဒီလို နယ်နိမိတ်မရှိတော့ရင် ကဗျာနဲ့စကားပြေ ရောထွေးကုန်ပြီလား၊ ကြားထဲမှာ စည်းခြားမှု မရှိသင့်ဘူးလားလို့။
►►► ဒီလိုတော့လည်း မဟုတ်ပါဘူး။ ခုထက်ထိ စည်းကမ်းရှိနေတုန်းပါပဲ။ ကဗျာဟာ ကဗျာပါပဲ။ စကားပြေက စကားပြေပါပဲ။ ကဗျာက အင်္ဂါရပ်တွေနဲ့ စကားပြေက အင်္ဂါရပ်တွေ ခုထက်ထိ ကွဲပြားနေတာ အများကြီးရှိပါသေးတယ်။ ကျွန်တော်ထင်တာကတော့ ကဗျာနဲ့စကားပြေဟာ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ အဲဒီလို အပြန်အလှန်ဆက်သွယ်နေကြတယ်လို့။
☼☼☼ ကဗျာအများစုကိုလေ့လာကြည့်ရင် အချစ်ဘွဲ့၊ အလှဘွဲ့နဲ့ အသည်းကွဲကဗျာတွေများနေတာ တွေ့ရပါတယ်။ ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ ကိုမင်းလူအနေနဲ့ ဘ၀သရုပ်ဖော်ကဗျာတွေ၊ လုပ်အား ဂုဏ်ပြုတဲ့ကဗျာတွေ၊ လူငယ့်အားမာန်သရုပ်ဖော်ကဗျာတွေရေးကြဖို့ ရည်ရွယ်ချက်ရှိပါသလား။
►►► တစ်ခွန်းတည်းပြောရရင်တော့ ရှိသင့်တဲ့ရည်ရွယ်ချက်ပါပဲ။ ကျွန်တော်တို့ ကဗျာစရေးတဲ့ အချိန်မှာ ကဗျာက ကျနေတယ်။ အရည်အချင်းကိုပြောတာမဟုတ်ပါဘူး။ ပရိသတ်ကြားမှာ စိတ်ဝင်စားမှုကို ပြောတာပါ။ ဘယ်လောက်အထိဖြစ်သွားသလဲဆိုရင် တစ်နှစ်လုံးနေမှ ကဗျာစာအုပ် တစ်အုပ်လောက်ထွက်ဖို့ ဖျစ်ဖျစ်မြည်အောင်ကြိုးစားရတယ်။ ထွက်လာပြီးတော့လည်း ပျောက်သွားတာပဲ။ ဒီအထိ ကဗျာက အားနည်းခဲ့တယ်။ အဲဒီတော့ ပရိသတ်ကြားမှာ စိတ်ဝင်စားသွားအောင်၊ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားအောင် ဘယ်လိုလုပ်မလဲ။ အဲဒါ ကျွန်တော်တို့အတွက် အရေးကြီးဆုံးအချက်ပဲ။ သိပ်ပြီး ပညာရှိဆန်ဆန် မလုပ်ဘဲနဲ့ ရိုးရိုးလေးနဲ့ ပရိသတ်နားလည်အောင် ချပြကြည့်မယ်။ အဲဒီလိုချပြတဲ့အခါကျရင် ဘယ်လိုပုံစံ ချပြကြည့်မလဲ။ ဒါ ရှင်းရှင်းလေးပါ။ လူတိုင်းစိတ်ဝင်စားနေတာက အချစ်ပါ။ နောက်ပြီးတော့ ကဗျာ ဖတ်မယ့် အရွယ်ကလည်း လူငယ်တွေများတော့ လူငယ်တွေစိတ်ဝင်စားမယ့် အချစ်အကြောင်းနဲ့ စရရင် ပိုပြီးလွယ်ကူမယ်လို့ ကျွန်တော်ယုံကြည်တယ်။ အဲဒီတော့ အချစ်အကြောင်းကို အဓိကထားပြီး ရေးကြတယ်။ ဒါပေမဲ့ အချစ်ကို ကျွန်တော်တို့လက်လွတ်စပယ်ရေးခဲ့ကြတာတော့ မဟုတ်ပါဘူး။ အချစ်ကို မူတည်ရေးပြပြီး အချစ်ပေါ်မှာပဲ လူမှုရေးကိစ္စ၊ ဘ၀ကိစ္စ၊ အားမာန်ကိစ္စတွေကို ထင်ဟပ်ပြခဲ့ပါတယ်။ သာမန်ကြည့်လိုက်ရင်တော့ အချစ်ကဗျာပဲ။ ဒါပေမဲ့ စောစောကပြောတဲ့ ကျွန်တော်တို့လိုချင်တဲ့ အချက်တွေကို မသိမသာထည့်ပြထားပါတယ်။ အဲဒါ ကျွန်တော်တို့ပထမအဆင့်ပါ။ တဖြည်းဖြည်းတော့ ကျွန်တော်တို့ ရေးရမှာပဲ။ အချစ်ကဗျာနဲ့တင် ကျွန်တော်တို့ ရပ်တန့်နေလို့ မပြီးပါဘူး။ အခုနောက်ဆုံးထွက်တဲ့ကဗျာစာအုပ်မှာပဲ အဲဒီလိုပုံစံတွေ ကြားညှပ်ပြီးထည့်လာပြီလေ။ နောင်တစ်ချိန်ကျရင်လည်း ကျွန်တော်တို့ရေးရဦးမှာပါပဲ။ လူငယ်တွေက အချစ်ကို စိတ်ဝင်စားလို့၊ ကျွန်တော်တို့က အချစ်ကဗျာတွေရေးရပါတယ်ဆိုလို့ ကျွန်တော်တို့ကကော အချစ်ကို စိတ်မ၀င်စားဘူးလားလို့ မေးစရာရှိပါတယ်။ ကျွန်တော်လည်း လူငယ်ပါပဲ။ ငါတို့ကတော့ စိတ်မ၀င်စားတော့ဘူးကွ။ မင်းတို့အတွက် ရေးပေးနေရတာလို့ ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်တော်တို့လည်း ခုထက်ထိ အချစ်ကို စိတ်ဝင်စားတုန်းပါပဲ။ နောင်တစ်ချိန် ဘ၀အတွေ့အကြုံရင့်ကျက်လာလို့ ဘ၀သရုပ်ဖော်အားမာန်ကဗျာတွေ ရေးလို့ကော အချစ်ကို မရေးတော့ဘူးလားဆိုရင် အချစ်ကို ရေးဦးမှာပါပဲ။ ဘယ်လောက်ကြာတဲ့အထိ ရေးမယ်ဆိုတာတော့ ကျွန်တော်မပြောတတ်ဘူးပေါ့လေ။ တစ်ခုတော့ရှိပါတယ်။ ဘ၀အတွေ့အကြုံ ရင့်ကျက်လာပြီး အသက်ကြီးလာလို့ အချစ်အကြောင်း မရေးချင်တော့ဘဲ ဘ၀အကြောင်းချည်းပဲ ရေးဖို့ ကြုံလာပြီဆိုရင်လည်း ကိုယ့်တုန်းကတော့ အချစ်အကြောင်းတွေချည်း မိုးမွှန်အောင်ရေးခဲ့ပြီး၊ နောက်တက်လာတဲ့လူငယ်တွေလည်း အချစ်အကြောင်းရေးရော ဒီကောင်တွေက အချစ်အကြောင်းပဲ ရေးတတ်တာပါ။ တခြားဟာ မရေးတတ်ပါဘူးလို့ မပြောမိအောင် ကျွန်တော် သတိထားပါမယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ပြောတာပါ။
☼☼☼ ဒါဆို အချစ်အကြောင်း ကျွန်တော် ဆက်မေးချင်ပါတယ်။ ခု ကိုမင်းလူ မစန်းစန်းအောင်နဲ့ အိမ်ထောင်ကျတာ ဘယ်လောက်ရှိပြီလဲ။
►►► ခုနစ်လလောက်ပဲ ရှိပါသေးတယ်။
☼☼☼ အဲဒီတော့ အချစ်ကို ကိုယ်တွေ့ တွေ့ပြီပေါ့ဗျာ။ ကဗျာဆရာ၊ စာရေးဆရာ၊လူငယ်အိမ်ထောင်သည် တစ်ယောက်အနေနဲ့ အချစ်ကို ဘယ်လိုများ ခံစားမိပါသလဲ။
►►► အဲဒီမေးခွန်းကိုဖြေရမှာ တော်တော်လေးခက်တယ်။ ဘာကြောင့်လဲဆိုတော့ ဥပမာ ကျွန်တော် ပြောမယ်။ ကိုဝင်းငြိမ်းအနေနဲ့ကော အချစ်ကို ဘယ်လိုခံစားရသလဲလို့မေးရင် တိတိကျကျဖြေနိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်လည်း မဖြေနိုင်ပါဘူး။ ဒီမေးခွန်းက ဆေးလိပ်သောက်တာ ဘယ်လိုခံစားရသလဲလို့ မေးတာလိုပဲ။ သိတော့သိတယ် ဖြေလို့မရဘူး။ ဒါပေမဲ့ တကယ်သိတာလား၊ ဘာအရသာလဲလို့မေးရင် မဖြေနိုင်ဘူး။ အဲဒီလိုပဲ စိတ်ဆိုတာ ဘာလဲဆိုရင် အဓိပ္ပာယ်သတ်မှတ်ထားတာတော့ရှိတယ်။ ဒါပေမဲ့ အဲဒီလို သတ်မှတ်ထားတာက မလွှဲသာမရှောင်သာလို့ သတ်မှတ်ထားရတာပဲရှိတယ်။ တကယ့်တကယ်ကျတော့ ဘာလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ အချစ်ဆိုတာလည်း ဒီသဘောပါပဲ။ အခု ကျွန်တော်တို့အပါအ၀င် စာရေးဆရာတွေရေးနေကြတဲ့ အချစ်ဝတ္ထုတွေကိုကြည့်၊ တချို့ဝတ္ထုတွေမှာက အချစ်ဆိုတာ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်းလို့ ရေးတယ်။ တချို့ကကျတော့ မဟုတ်ဘူး၊ အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်းပဲ၊ ဒါမှအချစ်။ အချစ်ဆိုတာ မတရားတာမရှိဘူး။ အချစ်နဲ့ပတ်သက်ရင် တရားတယ် ဆိုတဲ့သဘောတရားတွေ ထည့်ရေးကြတယ်။ အဲဒါက ဘာလဲဆိုရင် အတွေ့အကြုံပေါ် မူတည်ပြီး ကောက်ချက်ချလိုက်ကြတာပဲ။ ဥပမာ အခြေအနေတစ်ခုဖြစ်လာတယ်။ အဲဒီအခြေအနေမှာ အချစ်နဲ့ပတ်သက်ပြီး ဘယ်လိုခံစားလိုက်ရသလဲ။ ဘယ်လိုဖြစ်သွားသလဲ။ အဲဒါအပေါ်မှာမူတည်ပြီး အချစ်ဆိုတာ အနစ်နာခံခြင်း၊ စွန့်လွှတ်ခြင်း၊ ရယူခြင်းဆိုပြီးတော့ သတ်မှတ်လိုက်ကြတာပဲ။ ဒီလိုသတ်မှတ်လိုက်ကြတာလည်း တကယ်တော့ ပညတ်သဘောပဲရှိတယ်။ တကယ့် အဓိပ္ပာယ် သတ်မှတ်ချက်သဘောကိုတော့ ဘယ်သူမှမပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ ကမ္ဘာဦးအစက ခုထိ အချစ်ဆိုတာ ဘာလဲဆိုတဲ့မေးခွန်းကို မေးပြီးတော့ လိုက်ရှာနေကြတာပဲ။ တွေ့သလားဆိုတော့ မတွေ့ဘူး။ မတွေ့ဘဲနဲ့ အချစ်ကိုရှာလေ၊ အချစ်က ဝေးသွားလေ၊ ရှာလေ မတွေ့လေဖြစ်နေတယ်။ ကျွန်တော်တို့တွေ့နေကြတဲ့အချစ်ဆိုတာ အချစ်ရဲ့ သီးခြားရောင်ပြန်ဟပ်ချက်ကလေးတွေသာဖြစ်တယ်။ အချစ်ရဲ့တကယ့်သဘောက အရမ်းသိမ်မွေ့ နူးညံ့ပါတယ်။ အဲဒီအချစ်ကို လူတွေမသိနိုင်တာကိုက အချစ်ရဲ့တန်ဖိုးပါပဲ။
☼☼☼ ကိုမင်းလူအနေနဲ့ ကဗျာတော်တော်များများ ရေးခဲ့ပြီးပြီဆိုတော့ အတွေ့အကြုံလည်း တော်တော်ရနေပါပြီ။ အဲဒီတော့ ကဗျာရေးချင်တဲ့လူငယ်များကို ဘယ်လိုများ အကြံပေးချင်ပါသလဲ။
►►► အဲဒါကတော့ ကျွန်တော်လည်း ဘယ်လိုပြောရမလဲမသိဘူး။ တစ်ခုတော့ရှိပါတယ်။ ဒီနေ့ ကာရန်မဲ့ကဗျာဆိုတာ ခေတ်စားနေတော့ ကာရန်မဲ့ကဗျာဆိုတာ ဘာလဲဆိုတာတော့ ပြောပြလိုက်ချင် ပါတယ်။ ကိုဝင်းငြိမ်းမေးခွန်းမှာ လူငယ်တွေကို ဘယ်လိုပြောချင်သလဲဆိုတော့ လူကြီးတွေကိုကော ဘယ်လိုပြောချင်သလဲလို့ မမေးသင့်ဘူးလား။ ကျွန်တော်က ဘာပြောချင်သလဲဆိုတော့ လူကြီးတွေရော၊ လူငယ်တွေကိုရော ပြောချင်တာပါ။ ကဗျာဆိုတာ စောစောကပြောခဲ့သလို လမ်းကြောင်းအဆင့်ဆင့် ပြောင်းလာခဲ့ပါပြီ။ အဲဒီဟာကိုလည်း ပညာရှင်တော်တော်များများက ဒီလိုပြောင်းလာတာ မှန်တယ်လို့ လက်ခံကြပါတယ်။ ပညာရှင်တွေက ဆက်လက်တိုးတက်အောင်လုပ်ရမယ်လို့ ညွှန်ကြားမှုအရ ကျွန်တော်တို့ ဒီကဗျာတွေ ဆက်ရေးနေကြတာပါ။ လူငယ်တွေနဲ့ပတ်သက်ပြီးပြောချင်တာက ဘာလဲဆိုတော့ ကာရန်မဲ့ကဗျာမှာ ကာရန်မဲ့ရင် ပြီးရောဆိုတဲ့သဘော လုပ်လို့မရဘူး။ ကျွန်တော်တို့လည်း မဲ့ရင်ပြီးရောလို့ ရေးခဲ့ကြတာမဟုတ်ပါဘူး။ ရှေးခေတ်ကနေ ခုထိ ကဗျာပုံစံတွေကို လေ့လာတယ်။ ကဗျာစပ်နည်း အထူးသဖြင့် လေးလုံးစပ်ကဗျာတွေကို လေ့လာတယ်။ ဖတ်လည်းဖတ်တယ်။ ရေးလည်း ရေးတယ်။ ကဗျာနဲ့ပတ်သက်လို့ အားလုံးဖတ်ပြီးတော့မှ ကာရန်မဲ့ကဗျာကို ရေးတာပါ။ တချို့လူငယ်တွေရှိတယ်။ ကာရန်မဲ့ကဗျာကို ရေးတတ်ဖို့အတွက် ရှေးကရေးနည်းတွေ၊ ရေးထုံးတွေ သိစရာမလိုဘူး။ လေ့လာစရာမလိုဘူး။ ကာရန်မဲ့ရင်ပြီးရောဆိုပြီး ချရေးကြတယ်။ အဲဒါလည်း မဟုတ်ဘူး။ အခြေခံကိုပိုင်နိုင်မှ ကျွန်တော်တို့ရေးနိုင်မယ်။ ကာရန်မဲ့ကဗျာဆိုတာ ဘာကြောင့်ပေါ်လာရတာလဲဆိုတာကို ပညာရှင်တစ်ယောက်က စာတမ်းတစ်ခုမှာ ရေးဖူးပါတယ်။ ကာရန်မဲ့ကဗျာဆိုတာဟာတဲ့ အရင်တုန်းကရှိခဲ့တဲ့ ကဗျာပုံစံတွေနဲ့တင် ရပ်တန့်မနေဘဲနဲ့ ဒီပုံစံလောက်နဲ့တင် အားရတင်းတိမ်မနေဘဲ နောက်ထပ်ပုံစံသစ်တစ်ခု ထွင်ကြည့်ရအောင်ဆိုပြီး ထွင်ကြည့်ရာကနေ ကာရန်မဲ့ကဗျာ ပေါ်လာတယ်လို့ ဆိုပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ကာရန်မဲ့ကဗျာဆိုတာဟာ လူကြီးတွေကို ကိုးလိုးကန့်လန့် လုပ်ချင်လို့ ပေါ်လာတာမဟုတ်ပါဘူး။ သူတို့က ဒီလိုရေးရင် တို့က သူတို့နဲ့မတူအောင်ရေးမယ်ဆိုတဲ့ သဘောနဲ့ ပေါ်ပေါက်လာတာမဟုတ်ပါဘူး။ လူကြီးတွေရဲ့လမ်းညွှန်ချက်အတိုင်း ကဗျာတွေ ဆက်ပြီး တိုးတက်အောင် ကျွန်တော်တို့ကြိုးစားတာသက်သက်ပါ။ ဥပမာပြောရရင် မော်တော်ကားတွေကို အခု ဓာတ်ဆီနဲ့မောင်းတယ်။ ဒီဇယ်နဲ့မောင်းတယ်။ ဒါနဲ့အားမရသေးတဲ့ လျှပ်စစ်ဓာတ်အားနဲ့မောင်းလို့ရအောင်၊ အဏုမြူစွမ်းအင်နဲ့မောင်းလို့ရအောင် ဆက်လက်ကြံဆကြတဲ့သဘောပါပဲ။ ဒီသဘောပါ။ မော်တော်ကားရဲ့ဘီးက သူတို့စီးတာ အ၀ိုင်းကြီး။ ဒီပုံစံကြီးက အောက်တယ်ကွာ။ တို့က အ၀ိုင်းမစီးဘဲ လေးထောင့်လုပ်မယ်ဆိုတဲ့သဘောမဟုတ်ပါဘူး။ အဲဒါကို ကျွန်တော်က လူငယ်တွေရော၊ လူကြီးတွေပါ သိစေချင်ပါတယ်။ ကျွန်တော်တို့ကို လက်ခံတဲ့လူကြီးတွေ တော်တော်များများရှိပါတယ်။ ကျွန်တော်ဖြစ်စေချင်တာက လူကြီးတွေ၊ ပညာရှင်တွေက ကျွန်တော်တို့ကို ပစ်ပစ်ခါခါနဲ့ လျစ်လျူရှုမထားဘဲနဲ့ ကျွန်တော်တို့ကို လက်ခံမယ်၊ ထိန်းသိမ်းပေးမယ်၊ ပြုပြင်ပေးမယ်ဆိုရင် ကျွန်တော်တို့ကလည်း သူတို့ပြုပြင်ထိန်းသိမ်းပေးတာကို လက်ခံကြဖို့အသင့်ပါပဲ။
☼☼☼ ကိုမင်းလူ ကဗျာစာအုပ်တွေမှာ တွဲရေးနေကြတဲ့ ရေးဖော်တွေကတော့ ကျောင်းမှာ ကတည်းက တွဲဖြစ်ခဲ့ကြတဲ့အုပ်စုပဲဖြစ်မယ်ထင်တယ်။ သူတို့ နာမည်တွေက ကိုမင်းလူရဲ့ဝတ္ထုတွေထဲမှာ ဇာတ်ကောင်တွေအဖြစ် မကြာခဏဖတ်ရလို့။
►►► ဟုတ်ပါတယ်။ စောစောကပြောခဲ့သလို တက္ကသိုလ်ရောက်တော့ ပန်းချီခန်းမနံရံကပ်စာစောင် နဲ့ပတ်သက်ပြီး လုပ်ကြတော့ အခု သားကြီးမောင်မောင်ဇေယျနဲ့ တိုးမိုးတို့က စာတည်း၊ မောင်မောင်စနေ က ပန်းချီတာဝန်ခံ၊ မျိုးရာဇာညွန့်၊ မြင့်ကောင်းနဲ့ ကျွန်တော်က ကဗျာရေးကြတော့ ကျောင်းမှာကတည်း က အုပ်စုကလေးတစ်စုဖြစ်ပြီး တွဲမိသွားကြတာ ခုထက်ထိပေါ့။ အခုဆို ကျွန်တော်တို့အုပ်စုမှာ ရေးဖော် တစ်ယောက်တောင် တိုးလာတယ်။ နေရီလို့ ကလောင်နာမည်ယူထားပါတယ်။ အားလုံး ခုနစ်ယောက် ဖြစ်သွားပြီပေါ့။
☼☼☼ ကဗျာအကြောင်း ကျွန်တော်တို့ဆွေးနွေးခဲ့ကြတာ တော်တော်လေးပြည့်စုံပြီထင်ပါတယ်။ ၀တ္ထုဘက် ဆက်လိုက်ကြရအောင်။ ကိုမင်းလူ "ပန်းကျောင်း"ကနေ "နှစ်ကိုယ်ခွဲ"အထိ ၀တ္ထုတွေ ရေးတဲနေရာမှာ ဇာတ်ကောင်တွေနဲ့ပတ်သက်ပြီး ဘယ်လိုစံထားရေးပါသလဲ။
►►► ဇာတ်ကောင်ရဲ့ပုံစံနဲ့ပတ်သက်လို့တော့ အမျိုးမျိုးယူဆကြပါတယ်။ တချို့က ကိုယ့် ဇာတ်ကောင်ဟာ ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်ရမယ်လို့ ယူဆတယ်။ တချို့ကတော့လည်း ဇာတ်ကောင်ဟာ သရုပ်မှန်ဖြစ်ရမယ်။ သူဟာ လူတစ်ယောက်ဖြစ်တဲ့အတွက် မှန်ချင်လည်း မှန်မယ်။ မှားချင်လည်း မှားမယ်။ လူတစ်ယောက်လိုပဲ အကောင်းနဲ့အဆိုး ဒွန်တွဲနေရမယ်။ အဲဒီလို ယူဆကြတယ်။ ကျွန်တော်လည်း ဒီလိုပဲ ယူဆပါတယ်။ ကျွန်တော့်ဇာတ်ကောင်ဟာ လူထဲကလူနဲ့ တူရမယ်။ ဒါပေမဲ့ ကျွန်တော်တို့စာရေးဆရာတွေရဲ့တာဝန်က ဘာလဲဆိုတော့ အကောင်းနဲ့အဆိုး ခွဲခြားပြပေးရမယ်။ ဒီနေရာမှာ ဤအရာကား ဆိုး၏၊ ကောင်း၏ဆိုပြီး ဗြောင်ကြီးဝင်ပြောဖို့တော့မဟုတ်ဘူးပေါ့။ တကယ်တော့ အကောင်းနဲ့အဆိုးကို ပရိသတ်က သိပြီးသားပါ။ တချို့ဆို စာရေးဆရာထက်တောင် ပိုသိသေးတယ်။ ပရိသတ်ကို ဆရာလုပ်တဲ့သဘောမဟုတ်ဘဲ အကြံညဏ်ပေးတဲ့သဘော၊ သတိမေ့နေမှာ စိုးလို့ အစဖော်ပေးတဲ့သဘော ဆွဲဆောင်တင်ပြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ "မိုပါဆွန်း"ရဲ့ "ဘယ်လာမိ"ကို ဥပမာပေးချင်ပါတယ်။ ကျွန်တော်က ဆရာတင့်တယ် ဘာသာပြန်တဲ့ "ပျုတို့အချစ်တော်"ကို ဖတ်ရတာပါ။ အဲဒီအထဲမှာ ဒီဇာတ်ကောင်(ဂျော့ဒူရွိုင်း)ဟာ စကတည်းက မကောင်းတဲ့ကောင်၊ နောက်ဆုံး ဇာတ်သာသိမ်းသွားရော ကောက်ကျစ်ယုတ်မာရင်းနဲ့ပဲ သိမ်းသွားတယ်။ အဲဒီလိုယုတ်မာပေမယ့် တဖြည်းဖြည်းအောင်မြင်မှုရလာတယ်။ ထမင်းတစ်နပ်ကို မနက်စာစားရရင် ကောင်းမလား၊ ညစာစားရရင် ကောင်းမလား စဉ်းစားရတဲ့ဘ၀ကနေ အရမ်းကို အောင်မြင်တဲ့သူဖြစ်သွားတယ်။ ဒါပေမဲ့ ဒီလူဟာ အားကျစရာကောင်းတဲ့သူမဟုတ်ဘူး။ စာရေးဆရာက ဘယ်လောက်အထိ တော်သလဲဆိုရင် ဒီကောင်အောင်မြင်သွားတာကို ပရိသတ်က မကျေနပ်ဘူး။ ဒီဇာတ်ကောင်ကို အော့နှလုံး နာသွားအောင်ကို အနုပညာမာယာနဲ့ ရေးပြသွားနိုင်တယ်။ ဇာတ်ကောင်စံနဲ့ပတ်သက်ပြီး ဒီလိုမျိုးဖြစ်သင့်တယ်လို့ ကျွန်တော်ယူဆပါတယ်။
☼☼☼ ဇာတ်ကောင်စရိုက်နဲ့ပတ်သက်ပြီး စရိုက်သေဇာတ်ကောင်နဲ့ စရိုက်ရှင်ဇာတ်ကောင် ဘယ်ဟာကို သဘောကျပါသလဲ။
►►► အဲဒါက ကျွန်တော်ကြားဖူးတာရှိတယ်။ စရိုက်သေဇာတ်ကောင်ဆိုတာ စာရေးဆရာက ပုံသွင်းလိုက်တဲ့ဇာတ်ကောင်ပဲ။ အဲဒီဇာတ်ကောင်မှာက စရိုက်အနေနဲ့တစ်မျိုးနှစ်မျိုးပဲရှိတယ်။ သူက ဇာတ်လမ်းထဲကဇာတ်ကောင်သာဖြစ်တယ်။ အပြင်လောကကလူနဲ့ မတူဘူး။ သရုပ်မှန် မဖြစ်ဘူးပေါ့ဗျာ။ သူ ပေါ်လာတာနဲ့တစ်ပြိုင်နက် ဘာလုပ်တော့မယ်ဆိုတာ ပရိသတ်က သိနေတယ်။ ဒီလိုဇာတ်ကောင်မျိုးကို စရိုက်သေဇာတ်ကောင်လို့ သတ်မှတ်ကြပြီး အဆင့်နိမ့်တဲ့ဝတ္ထုတွေမှာ တွေ့ကြရတယ်လို့ ယူဆကြပါတယ်။ စရိုက်ရှင်ဇာတ်ကောင်ဆိုတာက တကယ့်အပြင်က လူတွေရဲ့စရိုက်အတိုင်း လှုပ်ရှားတာကို ခေါ်တာပါ။ ဒီဇာတ်ကောင်ပေါ်လာရင် ဘာလုပ်တော့မယ်ဆိုတာကို ပရိသတ်က ခန့်မှန်းလို့မရဘူး။ သူ လုပ်တာတွေကလည်း ပရိသတ်ကို လှည့်စားချင်လို့ လျှောက်လုပ်တာမဟုတ်ဘူး။ သူလုပ်သင့်လုပ်ထိုက်လို့ လုပ်တာ။ အဲဒီလို ယုတ္တိရှိရှိဖြစ်ရမယ်။ ကျွန်တော့်အနေနဲ့ စရိုက်ရှင်ဇာတ်ကောင်ကိုပဲ လက်ခံပါတယ်။ အခုခေတ်မှာလည်း စရိုက်သေထားတဲ့စာပေမျိုးက အဆင့်အတန်းမရှိဘူးလို့ သတ်မှတ်ကြပါတယ်။ ကျွန်တော်လည်း စရိုက်ရှင်ဇာတ်ကောင်ကိုပဲ သဘောကျတယ်။ ဒါပေမဲ့ စရိုက်ရှင်ဇာတ်ကောင်ဖန်တီးရတာ သိပ်ခက်ပါတယ်။ ကျွန်တော်တို့လည်း ကြိုးစားပါတယ်။ အဲဒီလိုကြိုးစားတဲ့အခါမှာ အခက်အခဲတွေလည်း ရှိတာမို့ ကျွန်တော့်ဇာတ်ကောင်အားလုံးဟာ စရိုက်ရှင်စစ်စစ် ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ စရိုက်သေနဲ့ ပတ်သက်လို့ အဓိကဇာတ်ကောင်မဟုတ်ဘဲ ဘေးနားကပါလာတဲ့ ဇာတ်ရံဇာတ်ကောင်တွေကျတော့ စရိုက်သေနဲ့ထည့်ပေးမှ အကျိုးရှိတာလည်းရှိပါတယ်။ ဒါမျိုးကတော့ စရိုက်သေပဲ သုံးရပါတယ်။ စရိုက်နဲ့ ပတ်သက်လို့ ကျွန်တော် ဒါလောက်ပဲပြောချင်ပါတယ်။
☼☼☼ ဒီနေ့ မြန်မာစာပေလောကနဲ့ပတ်သက်လို့ ဘယ်လိုများမြင်ပါသလဲ။
►►► အဲဒါကိုပြောရမှာ တော်တော်ကလေးကြောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အသက်လည်းငယ်တယ်။ အတွေ့အကြုံလည်း နည်းပါသေးတယ်။ ဥပမာ ကျွန်တော်စာရေးတာကို စပြီး ပုံနှိပ်စာလုံး ဖော်ပြခံခဲ့ရတာ ၁၉၇၆ခုနှစ်ကမှဆိုတော့ ဒီနေ့ထိဆိုရင် သက်တမ်း ခြောက်နှစ်လောက်ပဲ ရှိပါသေးတယ်။ ကျွန်တော်က ခြောက်နှစ်ပဲရှိသေးတဲ့အချိန်မှာ ဆရာကြီးဦးရန်အောင်ဆိုရင် နှစ်ပေါင်း ခြောက်ဆယ်ရှိနေပါပြီ။ ဒါလောက်ကွာနေတော့ ကျွန်တော်ပြောရမှာ တော်တော်လေး ကြောက်ပါတယ်။ ကြောက်လို့ ဒီမေးခွန်းကို မဖြေတော့ဘူးလားဆိုတော့ ဒီလိုလည်းမဖြစ်ပါဘူး။ ပြောတော့ ပြောချင်တယ်။ ဘာလို့လဲဆိုတော့ စာရေးတဲ့နေရာမှာ ရိုးရိုးသားသားရေးပါ။ စေတနာကောင်းကောင်း ထားပါ။ ကိုယ်ရေးတဲ့စာဟာ သိက္ခာရှိရမယ်။ သရုပ်မှန်ရမယ်။ အဆိပ်အတောက်မဖြစ်စေရဘူး။ ဖြစ်နိုင်ရင် အကျိုးပြုစေရမယ်။ အရေးကြီးဆုံးကတော့ စာရေးဆရာမှာထားတဲ့ စေတနာပါပဲ။ စာရေးဆရာ တစ်ယောက်ဟာ စေတနာမှန်မှန်ထားလိုက်ပြီ ဆိုတာနဲ့ သူ့စာတွေဟာ ဘယ်တော့မှ အဆိပ်အတောက် မဖြစ်တော့ဘူး။ စေတနာပါပြီးသားဆိုတော့ အကျိုးပြုတာ အထိုက်အလျောက်တော့ ပါလာမှာပဲ။ စေတနာထားပြီးရေးကြရင် အဆိပ်အတောက်စာတွေဟာ အလိုလို ပပျောက်သွားမှာပဲ။ တစ်ခုတော့ရှိတယ်။ လူအထင်ကြီးခံရပြီးရောဆိုပြီး ရှင်းရှင်းပြောရရင် အကျိုးပြုစာပေပါလို့ ဘယ်လောက်ပဲ အော်နေအော်နေ ရိုးသားတဲ့စေတနာကောင်းမထားဘဲရေးရင်တော့ ခုနကပြောတာတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ နောက်တစ်ခုပြောချင်တာက ကျွန်တော်ဟာ စာပေနယ်ကို ၀င်ဖို့စပြီးကြိုးစားလာခဲ့တာ ၁၀နှစ်လောက်ရှိသွားပါပြီ။ အဲဒီထဲမှာ လေး၊ ငါးနှစ်လောက်က လုံးဝပုံနှိပ်ဖော်ပြခြင်းမခံရတဲ့ အပယ်ခံ ကလောင်သစ်ဘ၀။ ခုထိလည်း ကျွန်တော့်ကိုယ်ကျွန်တော် ကလောင်သစ်လို့ပဲ ယူဆနေသေးတယ်။ ခုထိလည်း ကျွန်တော့်ကိုယ်ကျွန်တော် ကလောင်သစ်လို့ပဲ ယူဆနေသေးတယ်။ ကျွန်တော်ရေးခဲ့သမျှ စာတွေထဲမှာ ဘယ်ဟာအကြိုက်ဆုံးလဲမေးရင် ကျွန်တော်အနှစ်သက်ဆုံးဝတ္ထု၊ အနှစ်သက်ဆုံးကဗျာကို ခုထိမရေးရသေးပါဘူးလို့ ဖြေရမှာပဲ။ ရေးပြီးသမျှ မကြိုက်ဘူးလားဆိုတော့ မဟုတ်ဘူး။ ကြိုက်ပါတယ်။ ဒါပေမဲ့ အားမရသေးဘူး။ ဆက်ကြိုးစားရဦးမယ်။ အများကြီးလိုသေးတယ်။ အဲ.. ခုနပြောခဲ့သလို ကလောင်သစ်တစ်ယောက်ရဲ့အခက်အခဲကိုကြုံခဲ့ရတော့ ဘ၀တူကလောင်သစ်တွေကို ခုထက်ပိုပြီး နေရာပေးဖို့၊ ဖြစ်နိုင်မယ်ဆိုရင် အရည်အချင်းရှိတဲ့ကလောင်သစ်တွေကို လက်ရွေးစင်ရွေးပြီး မဂ္ဂဇင်းမှာ မကြာခဏဖော်ပြပေးဖို့၊ အဲဒါဆိုရင် ကလောင်သစ်တွေအတွက် အများကြီးလမ်းပွင့်သွားမယ်လို့ ထင်ပါတယ်။ ကျွန်တော့်တုန်းကလည်း မဂ္ဂဇင်းတွေက မြေတောင်မြှောက်ပေးခဲ့တဲ့ကျေးဇူးတွေ အများကြီးပါတယ်မဟုတ်လား။
☼☼☼ ကျေးဇူးတင်ပါတယ် ကိုမင်းလူ။ ဆွေးနွေးချင်တာလေးတွေတော့ တော်တော် ကျန်ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ နေရာအခက်အခဲလေးတွေကြောင့် ဒါလောက်နဲ့ပဲ ကျေနပ်လိုက်ရပါဦးမယ်။ နောင်တစ်ကြိမ်များ ပြန်ဆုံခွင့်ရဦးမယ်ဆိုရင်တော့ ဆွေးနွေးကြတာပေါ့။ အခု ကိုမင်းလူနေတဲ့လိပ်စာက...
►►► အမှတ်(၃)၊ လေးထောင့်ကန်လမ်း၊ သင်္ကန်းကျွန်းပါ (အခုတော့ ဇ၀နဘက်ကို ပြောင်းသွားပါပြီ - Fan Pageအက်ဒမင်)။ ကျွန်တော်ကလည်း ယနေ့ ကလောင်ငယ်များကိုယ်စား ပြောချင်တာလေးတွေ ပြောခွင့်ရလိုက်တဲ့အတွက် ပေဖူးလွှာစာတည်းအဖွဲ့ကို ကျေးဇူးတင်ပါတယ်။
-------------------------------------------------------
(၁၉၈၂၊ သြဂုတ်လ၊ ပေဖူးလွှာမဂ္ဂဇင်း)
0 comments:
Post a Comment