by Spring Flowers on Monday, November 12, 2012 at 10:50pm 

  •                     ၁၉၄၆....အီတလီမြောက်ပိုင်းက လူစီယာနာ ဆိုတဲ့ မြို့ငယ်လေးတစ်ခုမှာ အန်တိုနီယာ ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို မွေးခဲ့တယ်။ အဖေလက်သမား ၊ အမေက ကလေးသုံးယောက်ကို ထိန်းကျောင်းတဲ့ သာမန်အိမ်ရှင်မပါ ။  အန်တိုနီယာဟာ အနီးအနားက ဘုရားကျောင်းတစ်ခုမှာ ပညာသင်ပြီး ကလေးဘ၀ကို သူလိုငါလိုဘဲ ဖြတ်သန်းခဲ့တယ် ။ အီတလီစစ်စစ်တွေက မွေးပြီး ကက်သလစ်ဘာသာဝင်မိသားစုထဲမှာ ကြီးပြင်းခဲ့တဲ့ အဲဒီသေးသေးကွေးကွေး ကလေးမလေးဟာ သူ့ရဲ့ အသက် ၂၀ ကျော်နောက်ပိုင်း ဘ၀တစ်ခုလုံးကို ဘာသာမတူ၊ လူမျိုးမတူ၊ ယဉ်ကျေးမှုမတူတဲ့ နေရာတစ်ခုက ထိတ်ထိတ်ကြဲ နိုင်ငံရေးမိသားစုတစ်စုထဲမှာ ဖြတ်သန်းသွားရလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာတဲ့လဲ ။ သူ့ကို မွေးခဲ့တဲ့ အီတလီနဲ့ သူအခုနေနေတဲ့ အိန္ဒိယဟာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ ဘာသာတရား ဘာများဆိုင်ပါသလဲ ။

                    အဲလို ဘာမှမဆိုင်သော်လည်း အီတလီ သူကလေး  အန်တိုနီယာဟာ  လက်ရှိမှာ လူဦးရေ သန်း ၁၂၀၀ ရှိတဲ့ အိန္ဒိယရဲ့  The most powerful woman  ပါတဲ့ ။ လွန်ခဲ့တဲ့ လအနည်းငယ်က အိန္ဒိယ၀န်ကြီးချုပ် မတ်မိုဟန်ဆင်းလာတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယကို အလည်အပတ်လာဖို့ လက်ရှိ အာဏာရ ကွန်ဂရက်စ်ပါတီ ဥက္ကဌက ဖိတ်ကြားစာ ထည့်ပေးလိုက်တယ်ဆိုတဲ့ သတင်းကို စာဖတ်သူများ မှတ်မိမယ် ထင်ပါရဲ့ ။ အဲဒီဖိတ်ကြားချက်အရ မနေ့ကဘဲ ဒေါ်စု အိန္ဒိယကို သွားပါပြီ ။  ဖိတ်ကြားသူကတော့ ယခင်က အီတလီသူကလေး အန်တိုနီယာတဖြစ်လဲ  ဆိုနီယာ ဂန္ဒီ ပါဘဲ ။

ငယ်ဘ၀ အမည်                   ..................အန်တိုနီယာ မိုင်နို
လက်ရှိနာမည်                     ..................ဆိုနီယာ ဂန္ဒီ
လက်ရှိမိသားစု                    ..................နေရူး ဂန္ဒီ မိသားစု
နေရူးဂန္ဒီမိသားစုနဲ့ တော်စပ်ပုံ  ..................အိန္ဒိယရဲ့ ပထမဦးဆုံး အမျိုးသမီး ၀န်ကြီးချုပ် အင်ဒီယာ ဂန္ဒီရဲ့ ချွေးမ
                                       ..................အိန္ဒိယရဲ့ ခြောက်ယောက်မြောက် ၀န်ကြီးချုပ် ရာဂျစ် ဂန္ဒီရဲ့ ဇနီး
လက်ရှိ ရာထူး                     ..................ကမ္ဘာ့သက်တမ်းအရှည်ဆုံး  ဒီမိုကရက်တစ်ပါတီတစ်ခုဖြစ်တဲ့ အိန္ဒိယ ကွန်းဂရက်စ်ပါတီဥက္ကဌ
သား                                 .....................ရဟူး ဂန္ဒီ
သမီး                                 .................ပရီယန်ကာ ဗေဒါ
  • နုစဉ်အခါက ခင်ပွန်း ရာဂျစ်ဂန္ဒီနဲ့အတူ
  •                အန်တိုနီယာ ဟာ အသက် ၁၈ နှစ်မှာ အင်္ဂလန်က တက္ကသိုလ်တွေ ၊ ကျောင်းတွေ ပေါလှတဲ့ Cambridge မြို့ကလေးမှာ အင်္ဂလိပ်စာသွားသင်သတဲ့ ။  ကျောင်းသူအဖြစ်နဲ့ အားလပ်ချိန်မှာ ဂရိစားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးဝင်လုပ်ရင်း သူ့ဖူးစာရှင် ရာဂျစ်ဂန္ဒီနဲ့ ဆုံဆည်းခဲ့တယ် ။ ဒါဟာ သူလိုငါလို ရိုးစင်းတဲ့ ဘ၀ကို ပိုင်ဆိုင်တဲ့ အီတာလျံမိန်းကလေး အန်တိုနီယာဘ၀ကနေ ရှုပ်ထွေးပွေလီပြီး သိရခက်တဲ့ အင်ဒီယာဂန္ဒီဘ၀ထဲ ၀င်ဖို့ အစလို့လည်း ပြောလို့ရတယ် ။ ရာဂျစ်ဂန္ဒီနဲ့ တွေ့ပြီး လေးနှစ်အကြာ ၁၉၆၈ မှာ အန်တိုနီယာဟာ ဆိုနီယာဂန္ဒီ ဆိုတဲ့နာမည်နဲ့ အိန္ဒိယရဲ့ ပါဝါအကြီးဆုံး နိုင်ငံရေးမိသားစုဖြစ်တဲ့ နေရူး-ဂန္ဒီမိသားစုထဲကို ချွေးမအနေနဲ့ ရောက်သွားပါတော့တယ် ။
  • အိန္ဒိယကို ရောက်စက ရာဂျစ်ဂန္ဒီနဲ့အတူ ။
  •              ဒီနေရာမှာ နေရူး-ဂန္ဒီမိသားစုအကြောင်းကို နည်းနည်း ပြောပြချင်ပါတယ်။  အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကို ဦးဆောင်ခဲ့သူ ဂျဝါဟလာ နေရူး ဆိုတာကို သိကြမှာပါ ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တစ်ခေတ်တည်း၊ ခင်မင်ရင်းနှီးသူ ဖြစ်တယ် ။ နေရူးဟာ အကြမ်းမဖက်ရေးဝါဒကို ဦးဆောင်သူ မဟတ္တမဂန္ဒီရဲ့တပည့် ဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းမှုမှာ အခရာဖြစ်တဲ့  ကွန်ဂရက်စ်ပါတီကို ဦးဆောင်ခဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ်။ ၁၈၈၅  မှာ တည်ထောင်ခဲ့တဲ့ Congress Party ဟာ လက်ရှိအာဏာရ ပါတီလည်း ဖြစ် ၊ အိန္ဒိယမှာ သက်တမ်းအရှည်ဆုံး ပါတီလည်း ဖြစ်ပါတယ် ။
  • (ဒီဓါတ်ပုံကို ၀ါးလုံးရှည် အတီး ဆီမှ ကူးယူပါသည် )
    နေရူးနဲ့ သူ့ဆရာ မဟာ့တ္တမ ဂန္ဒီ ။ နေ့စွဲ ၁၉၄၆ ဂျူလိုင် ၆ ရက်နေ့ ။
  •                ဘိလပ်ပြန် ပညာတတ်ရှေ့နေကလေး နေရူးဟာ မဟတ္တမဂန္ဒီ ဦးဆောင်တဲ့ အိန္ဒိယလွတ်လပ်ရေးကြိုးပမ်းမှုမှာ စွမ်းစွမ်းတမံပါဝင်ရင်း ကွန်းဂရက်စ်ပါတီရဲ့ ခေါင်းဆောင်ပိုင်းကို ရောက်လာခဲ့တယ် ။ အင်္ဂလိပ်တွေက ကွန်းဂရက်စ်ပါတီကို  မတရားအသင်း ကြေငြာလိုက်တဲ့နောက် နေရူးဟာ ထောင်ကို အိမ်ဦးနဲ့ ကြမ်းပြင်ပမာ ၀င်ထွက်ရင်း နိုင်ငံရေးကို တစိုက်မတ်မတ် ဆက်လုပ်ခဲ့တယ် ။  ထောင်ကျနေစဉ်အတွင်းမှာ သူဟာ သူ့ရဲ့ တစ်ဦးတည်းသောသမီး အင်ဒီရာနေရူး ကို  ထောင်ထဲကနေ ရေးခဲ့တဲ့ စာတွေဟာကမ္ဘာကျော်ပါတယ် ။ အဲဒီစာတွေဟာ ခရစ်တော်မပေါ်မီ နှစ်ပေါင်း  ၆၀၀၀ လောက်သမိုင်းက စပြီး သူထောင်ကျနေတဲ့ အချိန်ထိ ကမ္ဘာ့ သမိုင်းကြောင်းကို ရှင်းပြထားတာပါ ။ အင်ဒီရာရဲ့ အသက် ၁၃ မွေးနေ့အတွက် လက်ဆောင်အဖြစ် စရေးခဲ့ပြီး သမီးကို ကမ္ဘာ့သမိုင်းနဲ့ မိတ်ဆက်ပေးဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ် ။  ''  လူတွေဟာ ဘာကြောင့် အခုလို ပြုမူနေထိုင်တယ်ဆိုတာ သိဖို့ ကမ္ဘာ့သမိုင်းကို သိမှ နားလည်လွယ်မယ် ''  လို့ နေရူးက ဆိုပါတယ် ။  
  • အစာငတ်ခံဆန္ဒပြနေတဲ့ မဟတ္တမ ဂန္ဒီကို သွားကြည့်တဲ့ ကလေးဘ၀က အင်ဒီရာ ဂန္ဒီ ( ထိုစဉ်က နာမည်က အင်ဒီရာ နေရူး )
    နေရူးက သမီး အင်ဒီရာဆီကို ရေးတဲ့ အဲဒီစာတွေကို နေရူးရေးခဲ့တဲ့ ကမ္ဘာ့သမိုင်းအကြောင်း တစေ့တစောင်း Glimpses of World History ဆိုတဲ့ စာအုပ်မှာ ဖတ်နိုင်ပါတယ် ။
                    နေရူးဟာ ဘာကိုးကားချက်စာအုပ်မှ မပါဘဲ သမီးဆီကို ကျရာထောင်ကနေ အဲဒီလို လက်တန်းရေးတဲ့စာပေါင်း  ၁၉၆  စောင်တိတိ ရှိတယ် ။ ဂရိ ၊ ရောမ ယဉ်ကျေးမှုတွေက အစ အာရှအလယ် ၊ အာသောက ၊ ဂျင်ဂျစ်ခန် ၊ ဂန္ဒီ ၊ လီနင်အဆုံး စုံလင်နေအောင် ပါပါသတဲ့ ။ ကမ္ဘာပေါ်က စစ်ပွဲအမျိုးမျိုး ၊ အစိုးရ စနစ်အမျိုးမျိုးအကြောင်း အသေးစိတ်ပါတဲ့ အဲဒီစာတွေဟာ နေရူးရဲ့ သမိုင်းနဲ့ နိုင်ငံရေးထိုးထွင်းဥာဏ်တွေကို ဖော်ပြနေခဲ့တယ် ။ သူဟာ လွတ်လပ်ရေးရအပြီးမှာ အိန္ဒိယရဲ့ ပထမဆုံး ၀န်ကြီးချုပ် ဖြစ်လာပါတယ် ။  ဒီလိုနဲ့ ငယ်စဉ်ကတည်းက နိုင်ငံရေးနဲ့ အကျွမ်းဝင်နေတဲ့ အင်ဒီရာဟာ အရွယ်ရောက်လို့   Oxford   မှာ ပညာသင်တုန်း သူတို့မိသားစုနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဖယ်ရို့ဇ် ဂန်ဒီ  Feroze Gandhi  ဆိုသူနဲ့ အိမ်ထောင်ကျခဲ့တယ် ။ ဒါကြောင့် အင်ဒီရာနေရူး ကနေ အင်ဒီရာ ဂန္ဒီဆိုတဲ့ နာမည်ရလာခဲ့တာပါ ။ ဒီလိုနဲ့ အရင်က နေရူးမိသားစုနာမည်ဟာ နေရူး -ဂန္ဒီမိသားစု  Nehru-Gandhi Family  ဆိုပြီး ဖြစ်လာခဲ့တယ် ။ ( မဟတ္တမဂန္ဒီနဲ့ နာမည်ချင်းတူသာတာသာ ဖြစ်တယ် ။ သွေးသားမတော်စပ်ဘူး ဆိုတာကို ပြောချင်တာပါ  ) ။
  • အဖေ ဂျဝါဟလာ နေရူးနဲ့ သမီး အင်ဒီရာ ဂန္ဒီ
  •                 အင်ဒီရာနဲ့ ဖယ်ရို့ဇ်တို့ကနေ ရာဂျစ် ဂန္ဒီ နဲ့ ဆန်ဂျေ ဂန္ဒီ ဆိုပြီး သားနှစ်ယောက်ထွန်းကားခဲ့တယ် ။ သားတွေအရွယ်ကောင်းကောင်းမရောက်ခင် အဖေလုပ်သူ ဖယ်ရို့ဇ်ဟာ နှလုံးရောဂါဖောက်ပြီး ဆုံးပါသွားခဲ့တယ် ။ မဆုံးခင်မှာ သူနဲ့ အင်ဒီရာတို့ရဲ့ အိမ်ထောင်ရေးဟာ ပြိုကွဲလုနီးပါး ဖြစ်နေခဲ့ပြီ ။ အကြောင်းကတော့ ဖယ်ရို့ဇ်ကိုယ်တိုင်ဟာလည်း ဂျာနယ်လစ်တစ်ယောက် ဖြစ်ပြီး အိန္ဒိယသတင်းစာနှစ်စောင်ကို ထုတ်ဝေသူ အရေးပါ အရာရောက်ခဲ့သူ နိုင်ငံရေးသမားတစ်ယောက်ပါ ။
                    ဒါပေမယ့်  ယောက္ခမလုပ်သူ ၀န်ကြီးချုပ် နေရူးနဲ့ သဘောထားချင်းမတိုက်ဆိုင်ရာကနေ အဖုအထစ်တွေ စဖြစ်ရင်း အိမ်ထောင်ရေးကို ထိခိုက်လာခဲ့တယ် ။  အစက ဘယ်ဘက်လိုက်ရမှန်းမသိ ကြားညပ်နေခဲ့တဲ့ အင်ဒီရာဟာ နောက်ဆုံးမှာ အဖေ့ခြေရာနင်းတဲ့သမီးပီပီ အဖေဖက်က ရပ်တည်ခဲ့တယ် ၊ ဖယ်ရို့ဇ် ဂန္ဒီ ဆုံးတော့ သူနဲ့ အင်ဒီရာတို့ဟာ တရားဝင်မကွာရသေးပေမယ့် အတူမနေကြတော့တဲ့ ဘ၀ကို ရောက်နေခဲ့ပါပြီ ။ အဲဒီနောက်တော့ အဖေရဲ့ အရိပ်ပမာ ဖြစ်နေတဲ့ အင်ဒီရာဟာ  ၁၉၆၆ ကနေ  ၁၉၇၇ ထိ သက်တမ်း သုံးခုဆက်တိုက် ၀န်ကြီးချုပ်ဖြစ်လာခဲ့တယ် ။ ( တကယ်က ၀န်ကြီးချုပ် ၄ ခါဖြစ်တာပါ ၊ ဆက်တိုက်က သုံးခါ )
  •  
    အင်ဒီရာ နဲ့ ဖယ်ရို့ဇ် ဂန္ဒီတို့ လက်ထပ်ပွဲ
  • ဂျဝါဟလာနေရူးနဲ့ သမီး အင်ဒီရာ ဂန်ဒီ ( နှစ်ဦးလုံး အိန္ဒိယ၇ဲ့ ၀န်ကြီးချုပ်ဖြစ်ခဲ့တယ် )
  • အဖေနဲ့ သမီး ( ၀ဲ-ယာ အမေရိကန်သမ္မတ ကနေဒီတို့ စုံတွဲ )
  •                     အီတလီသူကလေး ဆိုနီယာဟာ ရာဂျစ်ဂန္ဒီနဲ့ အိမ်ထောင်ကျပြီးနောက် အဲလို နိုင်ငံရေး အရှိန်အ၀ါကြီးတဲ့ နေရူး-ဂန္ဒီ မိသားစုကြီးထဲကို  ၀န်ကြီးချုပ် အင်ဒီရာရဲ့ ချွေးမအဖြစ် ရောက်လာခဲ့တယ် ။ ဒါပေမယ့် သူတို့လင်မယားဟာ အစပိုင်းမှာ နိုင်ငံရေးနဲ မပတ်သက်ခဲ့ပါဘူး  ။  ဆိုနီယာဟာ ယောက္ခမ၀န်ကြီးချုပ်အပါအ၀င် သူတို့အားလုံးပေါင်းနေတဲ့ အိမ်ကြီးကို တတပ်တအား စီမံခန့်ခွဲပြီး အိမ်ရှင်မတစ်ယောက် ၊ မိခင်တစ်ယောက်အဖြစ် ရပ်တည်ခဲ့တယ် ။ တစ်ပြည်တစ်ရွာမှာ ခင်ပွန်း ရာဂျစ် ဂန္ဒီရဲ့ မျက်နှာဟာ သူ့အတွက် ကမ္ဘာဖြစ်ပြီး ကလေးတွေဟာ သူ့ရဲ့ ဘ၀ ဆိုရင် မမှားပါဘူး ။
  •                   ယောက္ခမလုပ်သူ အင်ဒီရာ ဂန္ဒီက အစကတော့ ဘာသာမတူ၊ လူမျိုးမတူလို့ သူ့သားမင်္ဂလာဖက်ကို သဘောမတွေ့ခဲ့ဘူးလို့ ဆိုတယ် ။ ဒါပေမယ့် တကယ်တမ်း ယူလာတော့လည်း တပြည်သူ ဆိုနီယာကို  ကောင်းကောင်းဆက်ဆံခဲ့သတဲ့ ။ '' ဘာမှ အားမငယ်နဲ့ သမီး ။ ဒီကလူတွေအားလုံး မင်းကို ချစ်ကြတယ် '' ဆိုတဲ့ ယောက္ခမရဲ့ စကားဟာ သူ့ကို တအားဖြစ်စေခဲ့တယ်လို့ ဆိုနီယာက ဟိုးအရင် ရှားရှားပါးပါး ပေးခဲ့ဖူးတဲ့ အင်တာဗျူးတစ်ခုမှာ ဆိုတယ်  ။
 
မိသားစု
  •                   စကားက အစမတူတဲ့ နေရာတစ်ခုမှာ ဆိုနီယာဟာ အီတလီသူပီပီ အီတာလျံအစားအသောက်တွေချက် ၊ ဆာရီဝတ်ပြီး ကလေးထိန်း အိမ်ရှင်မလုပ်ရင်း အိမ်ထောင်သက် ဆယ်နှစ်ကျော်လောက် ခပ်အေးအေးနေနိုင်ခဲ့တယ် ။ ရာဂျစ် ဂန္ဒီကလည်း အဲဒီအချိန်က နိုင်ငံရေးထဲ ပါလေ့မရှိဘဲ အိန္ဒိယ လေကြောင်းမှာ လေယာဉ်မှုးလုပ်နေခဲ့တယ်လေ ။ ဒီတော့ ဆိုနီယာဟာ တခါတလေ ယောက္ခမရဲ့ မဲဆွယ်ပွဲခရီးစဉ်တွေမှာ အဖော်လိုက်တာကလွဲလို့ နိုင်ငံရေးထဲ ၀င်မပါခဲ့ ။ အင်ဒီယာဂန္ဒီက နိုင်ငံရေးအတွက် မျှော်လင့်ချက်ထား အားကိုးသူက သားကြီး ရာဂျစ် မဟုတ်ဘဲ  သားငယ်ဖြစ်တဲ့ ဆန်ဂျေ ဂန္ဒီပါတဲ့ ။
  • အင်ဒီရာရဲ့ သားငယ် ဆန်ဂျေ Sanjay Gandhi
  • သားနှစ်ယောက်နဲ့ အမေ
  •                 အင်ဒီရာဟာ ၀န်ကြီးချုပ်ဖြစ်စဉ်အတွင်းမှာ သူ့အဖေနေရူးရဲ့ လမ်းစဉ်အတိုင်း ဒီမိုကရေစီဖော်ဆောင်ရေးကို လုပ်ခဲ့တယ် ။  လူထုထောက်ခံမှုကိုလည်း များစွာရခဲ့ပါရဲ့ ။ ဒါပေမယ့် တစ်ကြိမ်မှာတော့ သူဟာ အာဏာရှင်အဖြစ်သမိုင်းတွင်မယ့် လုပ်ရပ်တစ်ခုကို လုပ်ခဲ့တယ် ။ အဲဒါကတော့ ၁၉၇၁  ရွေးကောက်ပွဲမှာ သူဟာ မဲခိုးပြီး နိုင်တာဖြစ်တယ်လို့ အတိုက်အခံတွေက စွပ်စွဲရာက စတာပါဘဲ ။  အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အတိုက်အခံဘက်က အင်ဒီရာ ကို  ၁၉၇၅  မှာ တရားစွဲခဲ့တယ် ။ တရားရုံးက စစ်ဆေးပြီးနောက် မှန်တယ်လို့ အတည်ပြုလိုက်ပြီး အင်ဒီရာရဲ့ ရွေးကောက်ပွဲ ရလာဘ်ကို ပယ်ဖျက်လိုက်ပါတယ် ။  နောက်ထပ် ၆ နှစ် ရွေးကောက်ပွဲ မ၀င်ဖို့လည်း တားမြစ်ခဲ့တယ် ။ ( သူများနိုင်ငံများ အဲဒီလို တရားရေးမဏ္ဍိုင် ရှိသကိုး )
                   အဲဒီကနေစပြီး အင်ဒီရာကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ နေရာအနှံ့ ပေါ်လာခဲ့တယ် ။ တခြားသော နိုင်ငံရေး စီးပွားရေး ပြသာနာတွေကလည်း တောက်လျှောက်ဖြစ်လာခဲ့တယ် ။  ဒီလို မငြိမ်သက်မှုတွေကို  အကြောင်းပြပြီး  အင်ဒီရာဟာ သူ့ရဲ့ အာဏာကို သုံးပြီး  တိုင်းပြည်ကို အရေးပေါ်အခြေအနေကြေငြာလိုက်တယ် ။ အဲဒီနောက်  အတိုက်အခံမှန်သမျကို နှိမ်နင်းပါတော့တယ် ။  အရင် ဒီမိုကရေစီ ဖော်ဆောင်သူ အင်ဒီရာဟာ အဲဒီလို ဒီမိုကရေစီကို မျက်ကွယ်ပြုပြီး အာဏာရှင် ဆန်ဆန်  သုံးနှစ်ကျော် အုပ်ချုပ်ခဲ့တယ် ။  ဒီကာလအတွင်းမှာ အင်ဒီရာ ယုံကြည်အားထားခဲ့သူတွေက သားငယ် ဆန်ဂျေနဲ့ လူယုံအနည်းကိုသာပါ ။ ဒီလိုနဲ့ ဆန်ဂျေဟာ အရေးပေါ်ကာလမှာ ပိုပြီး အာဏာရှိလာခဲ့တယ် ။ လူတိုင်းက ဆန်ဂျေဟာ တစ်နေ့ အမေ့ခြေရာနင်းမယ့် ၀န်ကြီးချုပ်လောင်းလို့ သတ်မှတ်ထားရလောက်အောင် ထင်ပေါ်ခဲ့တယ်။ အစိုးရအတွင်းမှာ ဆန်ဂျေ ပြီးမှ ပြီးတယ် ၊ ဆန်ဂျေနဲ့ မတည့်လို့မဖြစ်ဘူး ဆိုတဲ့ အထိ အလွန်အကျွံ ပေါက်ရောက်နေခဲ့သတဲ့ ။ အမေနဲ့ သားတစ်တွဲတွဲ နဲ့ အဲဒီလို သွားလိုက်တာ ၁၉၈၀ မှာ ဆန်ဂျေ ရုတ်တရက် လေယာဉ်ပျက်ကျပြီး ဆုံးသွားတဲ့ အခါ အင်ဒီရာဟာ အရုပ်ကြိုးပြတ် ကျန်ခဲ့ပါတယ် ။ အစိုးရတွင်းမှာ ရာထူးမယ်မယ်ရရ မရှိဘဲ ပါဝါရှိလွန်းမက ရှိနေတဲ့ ဆန်ဂျေသေတာ သွေးရိုးသားရိုးလားလို့ သံသယရှိသူတွေလည်း ရှိတယ်လို့ ဆိုတယ် ။
                 စကားချပ်။  ။  ဒါက ဆန်ဂျေနဲ့ သူ့ မိန်းမ မာနက်ကာ ဂန္ဒီ Maneka Gandhi ရဲ့ပုံပါ  ။ ( မာနက်ကာဟာ အိမ်ထောင်မကျခင်တုန်းက မော်ဒယ်တစ်ယောက်ပါ ။  အိမ်ထောင်ကျပြီးနောက် ဆန်ဂျေနည်းတူ  ကွန်ဂရက်ပါတီမှ လူငယ်အဖွဲ့မှာ ထဲထဲဝင်ဝင် ပါဝင်လာခဲ့တယ် ။ ဆန်ဂျေကွယ်လွန်ပြီးနောက် ယောက္ခမလုပ်သူ အင်ဒီရာနဲ့ သဘောထားကွဲလွဲပြီး ၁၉၈၃ မှာ သူမက တစ်ပါတီထောင်ပါတယ် ။ ၁၉၈၄ ရွေးကောက်ပွဲမှာ ဆန်ဂျေနာမည်နဲ့ ၀င်ပြိုင်ပေမယ့် ရာဂျစ်ဂန္ဒီက နိုင်သွားခဲ့တယ် ။ ၁၉၈၈ မှာ သူမဟာ ကွန်းဂရက်စ်ပါတီရဲ့ အတိုက်အခံပါတီတစ်ခုနဲ့ ပူးပေါင်းပြီး အဲဒီ Janata Dal လို့ ခေါ်တဲ့ အဲဒီပါတီမှာ အထွေထွေ အတွင်းရေးမှုးဖြစ်လာခဲ့တယ် ။ ၁၉၈၉ မှာ Janata Dal ပါတီက ရွေးကောက်ပွဲကို နိုင်တဲ့အတွက် သူမဟာ အသက် ၃၃ နှစ်မှာ အိန္ဒိယရဲ့ အသက်အငယ်ဆုံး ၀န်ကြီး ဖြစ်လာခဲ့တယ် ။ အခုဆိုရင် သူမဟာ အစိုးရ လေးဆက်မှာ ၀န်ကြီးဖြစ်ခဲ့ပြီးပါပြီ ။ သမိုင်းဆိုင်ရာ စကားလုံးများကို လေ့လာတဲ့ Etymology ဘာသာရပ် ၊ ဥပဒေ နဲ့ တိရစ္ဆာန်အခွင့်အရေး စတဲ့ နယ်ပယ်တွေမှာ စာအုပ်ပေါင်းများစွာ ရေးခဲ့သူလည်း ဖြစ်ပါတယ် ။ ယခုလည်း တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူ ၊ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး လှုပ်ရှားသူနဲ့ ဂျာနယ်လစ်တစ်ယောက်အနေနဲ့ နိုင်ငံရေးထဲမှာ ပါဝင်နေဆဲ ပါ ။ )
  • ယခု မာနက်ကာ ဂန္ဒီ
  •                  အသက် ၃၃ နှစ်နဲ့ ဆန်ဂျေသေတော့ သူ့မိန်းမ မာနက်ကာ ဂန္ဒီဟာ သားဦးလေးကို မွေးပြီး ရက်တစ်ရာလောက်ဘဲ ရှိသေးတယ် ။ ဒီရင်ကျိုးရတဲ့ အဖြစ်ဟာ မိခင် အင်ဒီရာ ဂန္ဒီကို အရှိုက်က ထိုးလိုက်သလို အားပြတ်လဲမတတ် ဖြစ်စေခဲ့တယ် ။ သားငယ်ဆုံးတဲ့နောက် သားကြီး ရာဂျစ်ဂန္ဒီနဲ့ ဆိုနီယာတို့ရဲ့ နိုင်ငံရေးနဲ့ တိုက်ရိုက်မပတ်သက်သေးတဲ့ ဘ၀ဟာလည်း မဖြစ်မနေ ပတ်သက်ဖို့ဖြစ်လာပါတော့တယ် ။ ၁၉၈၂ မှာ ရာဂျစ်ဂန္ဒီဟာ သေသူညီအစား အမေရဲ့ အတိုင်ပင်ခံ အကြံပေးဖြစ်လာဖို့ နိုင်ငံရေးထဲ ၀င်ခဲ့ပါတော့တယ် ။ အခြေအနေက သူတို့ကို ပွေလီရှုပ်ထွေးတဲ့ အိန္ဒိယနိုင်ငံရေးထဲကို တွန်းပို့လိုက်ပါပြီ ။ နေရူး-ဂန္ဒီမိသားစုကြီးထဲမှာ ရာဂျစ်ဂန္ဒီဟာ လက်ရှိအခြေအနေအရ တစ်ဦးတည်းသော နိုင်ငံရေးအမွေဆက်ခံသူ မဟုတ်လား ။
  •  
    မာနက်ကာနဲ့ ဆန်ဂျေတို့ရဲ့သားကလည်း အခု ကွန်းဂရက်စ်ပါတီရဲ့ အတိုက်အခံ ပါတီဖြစ်တဲ့ BJP ပါတီမှာ အရေးပါသူနိုင်ငံရေးသမားဖြစ်လာသည်
  •                 ဒီလိုနဲ့ ရာဂျစ် ဂန္ဒီဟာ ဆန်ဂျေရဲ့ မဲဆန္ဒနယ်ကနေ ၀င်ပြိုင်ပြီး နိုင်ငံရေးထဲရောက်လာပါတယ်။  အင်ဒီရာဟာ ကျန်ခဲ့တဲ့ တစ်ဦးတည်းသောသား ရာဂျစ်ကို အားကိုးယုံကြည်လာပြီး ၀န်ကြီးချုပ်ဖြစ်ဖို့ မြေတောင်မြှောက်ပေးခဲ့တယ် ။ ဆန်ဂျေဦးဆောင်ခဲ့တဲ့ ( ကွန်းဂရက်စ်ပါတီကြီးရဲ့ )  လူငယ်အဖွဲ့မှာ ရာဂျစ်ဟာ ဥက္ကဌဖြစ်လာခဲ့တယ် ။ ဒီလိုနဲ့ ဆိုနီယာနဲ့ ရာဂျစ်ဂန္ဒီတို့ အိမ်ထောင်ရေးဟာ အဖုအထစ်ကလေးတွေ ရှိလာခဲ့တယ် လို့ သတင်းတွေ ပေါ်ထွက်လာခဲ့တယ် ။ အရင်က နိုင်ငံရေးကို စိတ်မ၀င်စားခဲ့တဲ့ လင်ယောက်ျား၊  လူမမယ် သားသမီး ၂ ယောက်ရဲ့  ဖခင်  နိုင်ငံရေးထဲကို ခြေပစ်လက်ပစ်ဝင်သွားရတော့ ဒါတွေဟာ မဖြစ်မနေ ပေါ်လာတတ်တဲ့ မိသားစု ပြသာနာတွေဘဲ မဟုတ်လား ။ ဒါပေမယ့် သူတို့ဘ၀ဟာ အခုမှ လှုပ်ခါရှုပ်ထွေးဖို့ အစဘဲရှိပါသေးတယ် ။
  •               ၁၉၈၄ မှာ ၀န်ကြီးချုပ် အင်ဒီယာဂန္ဒီဟာ သူ့လူယုံ ကိုယ်ရံတော် နှစ်ယောက်ရဲ့ လုပ်ကြံတာခံလိုက်ရပါတယ် ။ အိန္ဒိယရဲ့ လူမျိုးရေး အကွဲအပြဲတစ်ခုဖြစ်တဲ့ ဆစ်ခ်အကြမ်းဖက်ခွဲထွက်ရေးသမားတွေကို နှိမ်နင်းဖို့ အတွက် အင်ဒီရာက စစ်တပ်ကို သုံးခဲ့လို့  လူပေါင်းများစွာ သေခဲ့တယ် ။  ဒါကို မကျေနပ်တဲ့ ဆစ်ခ်လူမျိုး လူယုံတွေက လက်စားချေခဲ့တာပါ  ( အင်ဒီရာ ဂန္ဒီ လုပ်ကြံခံရစေတဲ့  ကြယ်ပြာစစ်ဆင်ရေး  Operation Blue Star အကြောင်းရေးထားတဲ့  '' လက်စားဆိုတာ အချေမတတ်ရင် '' ကို   ဒီမှာ ဖတ်ပါ   )
  •                  အင်ဒီရာ ဂန္ဒီသေဆုံးရခြင်းဟာ ဆိုနီယာတို့ မိသားစုတင်မက အိန္ဒိယ တစ်နိုင်ငံလုံးအတွက် အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုဖြစ်သလို နိုင်ငံရေး မတည်ငြိမ်မှုတွေဆက်တိုက်ဖြစ်လာခဲ့တယ်။ အင်ဒီရာကို ရန်ငြိုးနဲ့ သတ်တာက ဆစ်ခ် လူမျိုး ဘော်ဒီဂတ်တွေမို့ အင်ဒီရာ သေပြီး နောက်သုံးလေးရက်အတွင်းမှာ ဟိန္ဒူတွေဟာ ဆစ်ခ် တွေကို လက်စားချေပြန်သတ်ခဲ့တယ်။ အဲဒီလူသတ်ပွဲမှာ ဆစ် ခ် ၃၀၀၀ လောက် သေရပြီး ၂၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ရတယ် ။ အမေလုပ်ကြံခံရတော့ နိုင်ငံခြားကို ခဏရောက်နေတဲ့ ရာဂျစ် ဂန္ဒီဟာ အမောတကော ပြန်ရောက်ချလာပြီး ရက်ချင်းဘဲ ၀န်ကြီးချုပ်အဖြစ်ကြမ်းကြိမ်ပါတယ် ။ ဒါပေမယ့် အမေကို ရုတ်တရက်ဆုံးရှုံးလိုက်ရသူ ၀န်ကြီးချုပ်အသစ်စက်စက်ဟာ အခြေအနေကို ထိန်းဖို့နေနေသာသာ သူ့ဟာသူတောင် ဆောက်တည်ရာရပုံ မပေါ် ။ သုံးလေးရက်အတွင်းမှာ ဆက်တိုက်အသတ်ခံနေရတဲ့ ဆစ်ခ် တွေကို လျစ်လျူရှုတယ်ဆိုပြီး ဝေဖန်ခြင်း အကြီးအကျယ် ခံရပါတယ် ။ သို့ပေမယ့် သူက အမေသေတဲ့ လအတွင်းလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ဆိုဖြစ်အောင် ဆိုလိုက်ပါသေးတယ် ....''  သစ်ပင်ကြီးတစ်ပင်လဲရင် အောက်က မြေသား တုန်ခါသွားတာ အဆန်းမှ မဟုတ်တာ '' တဲ့ ။
 
  •                  အိန္ဒိယနိုင်ငံကြီးကို သိမ့်သိမ့်တုန် ရိုက်ခတ်ခဲ့တဲ့ အင်ဒီရာဂန္ဒီသေဆုံးခြင်းဟာ ဆိုနီယာကိုလည်း အတော်ရိုက်ခတ်ခဲ့ပါတယ် ။ အကြောင်းကတော့ လုပ်ကြံမှုမှာ ဆိုနီယာပါဝင်ပတ်သက်တယ် ဆိုပြီး သတင်းထွက်လာလို့ပါဘဲ ။ လုပ်ကြံသူတွေ ပစ်တဲ့ သေနတ်ဒဏ်ရာနဲ့ မျောနေတဲ့ ယောက္ခမကို ဆေးရုံခေါ်သွားခဲ့တာ ဆိုနီယာပါ ၊ အဲဒီလို ခေါ်သွားရာမှာ အိမ်နဲ့ နီးတဲ့ ဆေးရုံကို မခေါ်ဘဲ နည်းနည်းဝေးတဲ့ ဆေးရုံကို ခေါ်သွားလို့ မသင်္ကာသူစာရင်းထဲ ပါသွားခဲ့သတဲ့  ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ လုပ်ပေမယ့်အထောက်အထား မခိုင်လုံလို့ ဘာမှတော့ မဖြစ်ခဲ့ပါ ။  သူက အင်တာဗျူးတစ်ခုမှာ ဆိုတယ် ......... '' ကျမတို့အားလုံး ဒီလို ကိစ္စအတွက် စိတ်ထဲမှာ ပြင်ဆင်ထားပြီးသားပါ ၊ ကျမယောက္ခမဟာ ကြယ်ပြာစစ်ဆင်ရေး အပြီးမှာ မကြာမတင် အသတ်ခံရတော့မယ်ဆိုတာ ကြိုသိနေတယ်  ၊ ကျမတို့အားလုံးကို ခေါ်ပြီး သူသာ အသတ်ခံရရင် ဘာတွေ ဆက်လုပ်သင့်တယ်ဆိုတာ ညွှန်ကြားချက်တွေ ပေးခဲ့ပါတယ် ''  လို့ ဆိုတယ် ။
                    ရာဂျစ်ဂန္ဒီ ၀န်ကြီးချုပ်ရာထူးကို မဖြစ်မနေယူရတော့မယ်ဆိုတော့ ဆိုနီယာဟာ အစမှာ ခါးခါးသီးသီးကန့်ကွက်ခဲ့သတဲ့ ။ '' ရှင်သာ ၀န်ကြီးချုပ်ဖြစ်ရင် ရှင့်ကိုလည်း တနေ့သတ်ကြမှာဘဲ ''  လို့ သူက ငိုယိုတောင်းပန်တော့  ရာဂျစ်ဂန္ဒီက  '' ဘယ်နည်းနဲ့မဆို ငါက အသတ်ခံရမယ့်သူဘဲကွာ ''  လို့ ပြန်ပြောသတဲ့ ။ ( အောင်မလေးလေး ...........ဒီထက် ကြည်နူးရွှင်ပြစရာ ဇာတ်လမ်းလေးများ ရေးစရာ မရှိတော့ဘူးလား ၊ တချိန်လုံး သတ်နေကြတော့တာဘဲ   ()း 
  • အင်ဒီရာဂန္ဒီရဲ့ နောက်ဆုံးခရီး
  •                      ရာဂျစ်ဂန္ဒီဟာ သူ့အမေလက်ထက်မှာ ရောတိရော့ရဲ ဖြစ်လာခဲ့တဲ့ ကွန်ဂရက်စ်ပါတီကို ၁၉၈၄ မှာ သူဝန်ကြီးချုပ်ဖြစ်တော့ ပြန်လည်စုစည်းနိုင်ခဲ့တယ် ။ အိန္ဒိယရဲ့ စီးပွားရေးကို တိုးတက်အောင် အတိုင်းအတာတစ်ခုထိ လုပ်နိုင်ခဲ့တယ် ။ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အရင်ထက် ပိုလုပ်ပြီး ပညာရေး နဲ့ အိုင်တီဘက်မှာ မြှင့်တင်မှုတွေ လုပ်နိုင်ခဲ့တယ် ။
                        ဒါပေမယ့် ၁၉၈၇ နောက်ပိုင်းမှာ သူ့ရဲ့ ဂုဏ်သိက္ခာကျစရာ အကြောင်းတစ်ခု ဖန်လာခဲ့တယ် ။ အဲဒါကတော့ ဆွီဒင်လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဟာ အာဏာရကွန်ဂရက်စ်ပါတီက ရာဂျစ်ဂန္ဒီအပါအ၀င် အာဏာရှိသူတွေကို နင်းကန် လာဘ်ထိုးပြီး အိန္ဒိယကို အမြောက်တွေ အရောင်းအ၀ယ်လုပ်ခဲ့တယ် ဆိုတဲ့ သတင်းထွက်လာတာပါ ။ ဒီအမှုမှာပါတဲ့ အမေရိကန်ဒေါ်လာ ၁၂  သန်းကျော်ဆိုတဲ့ လာဘ် ပမာဏဟာ ထိုခေတ် အိန္ဒိယသမိုင်းမှာ မရှိဖူးလောက်အောင် များတာမို့ ရာဂျစ်ဂန္ဒီတစ်ယောက် ကုန်းကောက်စရာမရှိအောင် သိက္ခာကျရုံမက ၁၉၈၉ ရွေးကောက်ပွဲမှာ ရှုံးခဲ့တယ် ။
  • ရာဂျစ်ဂန္ဒီကို သိက္ခာကျစေခဲ့တဲ့ အမှုကို Bofors Scandal လို့ခေါ်တယ် ။ လက်နက်ကုမ္ပဏီ Bofor ကုမ္ပဏီရဲ့ လာဘ်ပေးမှုကို အစွဲပြုခေါ်တာပါ ။
  •                    ဒီအမှုကို စစ်ဆေးနေစဉ်  ၁၉၉၁ မှာဘဲ ရာဂျစ်ဂန္ဒီဟာ သီရိလင်္ကာက တမီးလ်သူပုန်တွေ လုပ်ကြံလို့ သေရပြန်ပါတယ် ။ နောက်ရွေးကောက်ပွဲအတွက် ပြည်နယ်တစ်ခုမှာ မဲဆွယ်နေတဲ့သူ့ကို တမီးလ်သူပုန်မိန်းကလေးတစ်ယောက်က အသေခံဗုန်းခွဲသတ်ခဲ့တာပါ ။ အကြောင်းကတော့ ရာဂျစ်ဂန္ဒီဟာ သီရီလင်္ကာအစိုးရနဲ့ တမီးလ်သူပုန်တွေကြားမှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ မျှော်လင့်ပြီး အိန္ဒိယ ငြိမ်းချမ်းရေး တပ်ဖွဲ့တွေကို သီရိလင်္ကာကို ပို့ခဲ့တယ် ။ ငြိမ်းချမ်းရေးတပ်ရဲ့ ရည်ရွယ်ချက်က တမီးလ်းသူပုန်ရယ်မှမဟုတ်ဘဲ သီရိလင်္ကာထဲက ရှိသမျှအကြမ်းဖက်တပ်ဖွဲ့တွေကို သီရိလင်္ကာအစိုးရစစ်တပ်နဲ့ ပေါင်းပြီး လက်နက်ဖြုတ်ဖို့ပါ ။ အစပိုင်းမှာ ပြင်းထန်တဲ့တိုက်ပွဲတွေထဲ ပါဖို့ အစီအစဉ်မရှိပေမယ့် တမီးလ်တွေက လုံးဝ လက်နက်မချတာကြောင့် မကြာခင်မှာဘဲ ငြိမ်းချမ်းရေးတပ်နဲ့ တမီးလ်တွေကြား တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပါတော့တယ် ။ နှစ်ဖက်လုံး အသေအပျောက်များလှတဲ့ အဲဒီတိုက်ပွဲတွေရဲ့ ရလာဘ်တစ်ခုကတော့ ၁၉၉၁ မှာ ရာဂျစ်ဂန္ဒီ လုပ်ကြံခံလိုက်ရတာပါဘဲ ။ ( အဲဒီတမီးလ်သူပုန်တွေကို ၂၀၀၉ ကျမှ သီရိလင်္ကာစစ်တပ်က အနိုင်တိုက်လိုက်နိုင်တာပါ ။ ရာဂျစ်ဂန္ဒီ သေတဲ့ အချိန်မှာ ပွဲကြမ်းလို့ ကောင်းတုန်းရှိသေး ။)

ဗုံးမကွဲခင် စက္ကန့်ပိုင်း က ရာဂျစ်ဂန္ဒီ
ဗုံးကွဲပြီး စက္ကန့်ပိုင်းက ရာဂျစ်ဂန္ဒီ
ပို့ရပြန်ပြီ
သား ရဟူး ဂန္ဒီ ၊ သမီး ပရီယန်ကာ တို့နဲ့အတူ မုဆိုးမ အသစ်စက်စက် ဆိုနီယာ ။
  •                   ရာဂျစ်ဂန္ဒီ လုပ်ကြံခံရတော့ ကွန်းဂရက်စ်ပါတီက ဆိုနီယာကို ပါတီခေါင်းဆောင်လုပ်ဖို့ တိုက်တွန်းပါတယ် ။ ဒါပေမယ့် ယောက္ခမရော ၊ ယောက်ျားပါ ပိုးစိုးပက်စက်သေတာကို မြင်ခဲ့ရပြီးနောက်တော့ ဆိုနီယာဟာ နိုင်ငံရေးကို စိတ်ကုန်သွားသလားမသိ  ( မကုန်ဘဲ ခံနိုင်စရာလားနော် )  ရာထူးကို အပြတ် ငြင်းခဲ့တယ် ။ သူ့ကလေးတွေရဲ့ လုံခြုံရေးကိုလည်း ထည့်စဉ်စားရဦးမယ်လေ ။  ဒီလိုနဲ့ သူဟာ ခင်ပွန်းသေပြီး ( ၇ ) နှစ်လောက် နိုင်ငံရေးကို လုံးဝ ကျောခိုင်းခဲ့တယ် ။  ဒီကြားထဲမှာတော့ ကွန်ဂရက်စ်ပါတီဟာ တဖြည်းဖြည်းနဲ့ လုံးပါးပါးလာပါပြီ ။  အသစ်တက်လာတဲ့ ၀န်ကြီးချုပ်တွေဟာ ကွန်းဂရက်စ်ပါတီကို မစုစည်းထားနိုင်ဘဲ ပါတီတွင်းတိုက်ပွဲတွေ ပြင်းထန်လာခဲ့တယ် ၊ ပါတီဘဏ္ဍာတွေ တစတစ လျော့ပါးလာခဲ့တယ် ။ အရေးပါတဲ့ ပါတီခေါင်းဆောင်တချို့ နှုတ်ထွက်ကုန်ပြီး ၁၉၉၆  ရွေးကောက်ပွဲမှာ ကွန်းဂရက်စ်ပါတီ ရှုံးတဲ့အထိ ဖြစ်လာခဲ့တယ်  ။ မျက်စိရှေ့မှာ အစိတ်စိတ်အမွှာမွှာဖြစ်လာနေတဲ့ ကွန်ဂရက်စ်ပါတီကြီးကို ကယ်တင်ဖို့  ၁၉၉၇ မှာ ဆိုနီယာဟာာ ပါတီဝင်ဖြစ်လာပြီး  ထောက်ခံမှုအပြတ်ရတာကြောင့်  နှစ်လအတွင်းမှာ ပါတီခေါင်းဆောင် ဖြစ်လာခဲ့ပါတယ် ။
                 သူကပြောတယ် '' ကျမတို့ မိသားစုဟာ ကွန်းဂရက်စ်ပါတီအတွက် အသက်ရှင်ပြီး ပါတီအတွက်ဘဲ အသက်ပေးခဲ့ကြတာပါ ။ ဒီပါတီကြီး ကျမမျက်စိရှေ့မှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲလာတာကို ထိုင်ကြည့်နေရမှာ သရဲဘောကြောင်တယ်လို့ ကျမခံစားရတယ် ။  ပါတီခေါင်းဆောင်ပိုင်းကလည်း ကျမကိုလာပြီး ခဏခဏ ဖျောင်းဖျတယ်လေ ။ ဒါကြောင့် သမိုင်းဝင်မိသားစုတာဝန်ကို ယူဖို့ ဆုံးဖြတ်လိုက်တာပါ  ''  တဲ့ ။

  •                  ဒါပေမယ့် သူမရဲ့ နိုင်ငံခြားဇစ်မြစ်ကြောင့် ၀န်ကြီးချုပ်ရာထူးကို တက်လှမ်းရာမှာ အမျိုးမျိုးသော အတိုက်အခိုက်တွေက စောင့်ကြိုနေပါတယ် ။ ၁၉၉၉ မှာ ပါတီတွင်းခေါင်းဆောင် သုံးယောက်က နိုင်ငံခြားသွေးပါတဲ့ သူမကို ၀န်ကြီးချုပ်ရာထူးနဲ့ မထိုက်တန်ဘူး လို့ ကန့်ကွက်တဲ့အတွက် သူမက ပါတီခေါင်းဆောင်အဖြစ်က နှုတ်ထွက်ပေးမယ်လို့ ဆိုပါတယ် ။ ဒါပေမယ့် ဒီလိုဆိုလိုက်တာဟာ သူမကို ထောက်ခံသူသာ ပိုများသွားစေခဲ့ပြီး အဲဒီပါတီဝင် သုံးယောက်လုံးကို ပါတီက ထုတ်ခြင်းခံလိုက်ရတယ် ၊ ဒီတော့ အထုတ်ခံလိုက်ရသူတွေဟာ Nationalist Congress Party ဆိုတဲ့ အတိုက်အခံပါတီတစ်ခုကို ထောင်သွားခဲ့ကြတယ် ။
  •  
    မဲဆွယ်ပွဲတစ်ခုမှာ
  •                  ၂၀၀၄  ရွေးကောက်ပွဲမှာ ဆိုနီယာဟာ အပြင်းအထန်မဲဆွယ်မှုတွေကို လုပ်ခဲ့ပြီး မဲအပြတ်အသတ်နဲ့ နိုင်ခဲ့လို ၀န်ကြီးချုပ်ရာထူးကို ယူမယ်ဆိုရင် ရတဲ့အနေအထားကို ရောက်လာခဲ့တယ်  ။ ဒါပေမယ့် အတိုက်အခံ ပါတီဘက်က ထုံးစံအတိုင်း အကြီးအကျယ် ကန့်ကွက်မှု တွေ လုပ်ခဲ့တယ် ။  ''  ၀န်ကြီးချုပ် ဖြစ်ရဲ ဖြစ်ကြည့် ၊ မင်းကို ကတုံးတုန်းပစ်ပြီး မြေကြီးပေါ် အိပ်ခိုင်းပစ်မယ် '' လို့  အတိုက်အခံ ပါတီခေါင်းဆောင်တစ်ယောက်က ခြိမ်းခြောက်သတဲ့။ ဒါက ခြိမ်းခြောက်မှုများထဲက တစ်ခုသာ ရှိပါသေးတယ် ။ နောက်တစ်ခုကတော့ သူဟာ အိမ်ထောင်ကျကတည်းက သူ့မွေးရပ်မြေ အီတလီကို စွန့်ပြီး အိန္ဒိယမှာ အခြေချခဲ့သူဖြစ်ပေမယ့် သူ့ရဲ့ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းဒွိဟာဟာလည်း အတိုက်အခံအတွက် အမြဲတမ်းအသုံးချကန့်ကွက်စရာ ဖြစ်နေခဲ့တယ် ။ ၁၉၅၅ ခုနှစ်မှာပြဌာန်းခဲ့တဲ့ အိန္ဒိယရဲ့ နိုင်ငံသားဥပဒေအရ သူမဟာ ၀န်ကြီးချုပ်ရာထူးကို ယူလို့ မရဘူးလို့ဆိုပြီး အတိုက်အခံဘက်က တရားရုံးထိ တက်ပြီး ကန့်ကွက်ခဲ့တယ် ။ တရားရုံးချုပ်က စစ်ဆေးမှုတွေ လုပ်ပြီး အဲဒီကန့်ကွက်ချက်ကို ပယ်ချလိုက်ပေမယ့် ဆိုနီယာကတော့ ဆုံးဖြတ်ချက်ကို ချပြီးသွားခဲ့ပါပြီ ။

                       ရွေးကောက်ပွဲပြီး ရက်အနည်းငယ်အကြာမှာ သူမဟာ ၀န်ကြီးချုပ်ရာထူးကို ကွန်ဂရက်စ်ပါတီထဲမှာ နာမည်ကောင်းရှိပြီး အပြောင်းအလဲကို လိုလားသူလို့ နာမည်ထွက်တဲ့ အရင်က ဘဏ္ဍရေးဝန်ကြီးလည်း ဖြစ်တဲ့ မာမိုဟန်ဆင်းကို ပေးခဲ့ပါတယ် ။

ဝန်ကြီးချုပ် မာမိုဟန်ဆင်း ၊ သား ရဟူး ဂန္ဒီတို့နဲ့အတူ
  •                  ဒီအတိုချုံးကို ဖတ်ကြည့်ပြီး ဆိုနီယာရဲ့ ဘ၀ဟာ ဆန့်ကျင်ဖက် ဒွိဟတွေနဲ့ အပြည့်နဲ့ဆိုတာ စာဖတ်သူ ရိပ်မိလောက်ပါပြီ ။ သူဟာ နိုင်ငံခေါင်းဆောင် အဖြစ် ၀က်ဝက်ကွဲထောက်ခံမှုရသလို အစိတ်စိတ်အမွှာမွှာကွဲစပြုနေတဲ့ ကွန်းဂရက်စ်ပါတီကို ပြန်လည်စည်းရုံးတည်ထောင်ပေးနိုင်ခဲ့တယ် ။  တဖက်ကလည်း လျို့လျို့ဝှက်ဝှက်နေတတ်သူ ၊ နိုင်ငံခေါင်းဆောင် ဖြစ်ပေမယ့် ပွင့်လင်းမြင်သာမှုမရှိသူအဖြစ် အင်မတန် ဝေဖန်ခံရသူပါ ။  ဥပမာပြောရရင် ၂၀၁၀ မှာ သူဟာ ကင်ဆာရောဂါကိုကုဖို့ ဆိုပြီး နယူးယောက်ကို သွားပေမယ့် ဘယ်ဆေးရုံမှာ ခွဲစိတ်မယ်ဆိုတာကို ယနေ့ထိ ပြောကြားခြင်းမရှိပါဘူး ။ ဒါဟာ ဒီမိုကရေစီနိုင်ငံအိန္ဒိယရဲ့ လွတ်လပ်တဲ့ မီဒီယာမှာ အတော် ငြင်းခုန်စရာကိစ္စတစ်ခုဖြစ်ခဲ့တယ်  ။ ပြည်သူ့အခွန်ငွေနဲ့ ဆေးကုတာကို ပြည်သူကို အသိမပေးဘူး ၊ ကိုယ့်ကိုထောက်ခံတဲ့ ပြည်သူကို လေးစားမှုမရှိဘူး စသည်ဖြင့် ပွက်လောရိုက်ခဲ့တယ် ။ အင်တာဗျူးတွေလည်း ပေးလေ့မရှိဘဲ သူနဲ့တွေ့ခွင့်ရဖို့ အတော်ခက်တယ်လို့လည်း နာမည်ကြီးပါတယ် ။

  •                    ဖိလစ်ပိုင်အာဏာရှင် ဖယ်ဒီနန်မားကို့စ်နဲ့ အီမဲဒါးလ်မားကို့စ်ကို မှတ်မိကြမယ် ထင်ပါတယ် ။ မဖတ်ရသေးရင်  ဒီနေရာကို နှိပ်ပါ > ၁၉၉၁ မှာ ဆွစ်ဇာလန် မဂဇင်းတစ်စောင်မှာ ပါတဲ့ ဆောင်းပါးတစ်ပုဒ်အရ သက်ဆိုင်ရာက အီမဲဒါးအပါအ၀င် ဆင်းရဲတဲ့နိုင်ငံ ၁၄ ခုရဲ့ ခေါင်းဆောင်များ ဆွစ်စ်ဇာလန်ဘဏ်စာရင်းကို စစ်ပါသတဲ့ ။ ရည်ရွယ်ချက်ကတော့ အီမဲဒါးတို့ရဲ့ ငွေမဲတွေကို ဖမ်းဖို့ လုပ်တာပါ ။ အဲဒီမှာ ယုံထောင်ကြောင်မိဆိုသလို ရာဂျစ်ဂန္ဒီရဲ့ ဘဏ်စရင်းထဲမှာ အမေရိကန်ဒေါ်လာ  သန်း ၂၂၀၀ နဲ့ ညီတဲ့ ဆွစ်ဇာလန်ငွေတွေကို တွေ့တယ်လို့ ဆိုပါတယ် ။ ကွန်းဂရက်စ်ပါတီရဲ့ အတိုက်အခံတွေဟာ  ဒီနေ့ထိ အဲဒီကိစ္စကို ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေကြဆဲ ။ အရေးယူဖော်ထုတ်ဖို့လည်း အကြိမ်ကြိမ်ကြိုးစားကြဆဲ ။ ကွန်းဂရက်စ်ပါတီကလည်း လုံးဝငြင်းဆန်ကြဆဲပါ ။

                      နောက်တစ်ခု နာမည်ကြီးတဲ့ စွပ်စွဲချက်ကတော့ ရာဂျစ်ဂန္ဒီဟာ  KGB လို့ ခေါ်တဲ့ ရုရှားကွန်မြူနစ် လျို့ဝှက်ထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးခဲ့ပြီး KGB ရဲ့ ငွေကြေးထောက်ပံ့မှုကို ရခဲ့သတဲ့ ။ ၁၉၉၂ တုန်းက အိန္ဒိယသတင်းစာနှစ်စောင်ကနေ ဖော်ထုတ်ကြေငြာလိုက်တဲ့ ဒီကိစ္စကို ရုရှားအစိုးရ အတည်ပြုပေးလိုက်တယ်လို့ ဆိုပါတယ် ။ ဒီကိစ္စဟာ နိုင်ငံတော်သစ္စာဖောက်မှုမည်တယ်ဆိုပြီး ရာဂျစ်ဂန္ဒီသေပြီး အနှစ်နှစ်ဆယ်ကျော်တဲ့ အခုထိ ဆိုနီယာတစ်ယောက်  အဝေဖန်ခံနေရဆဲပါ ။ တခြားစွပ်စွဲဝေဖန်ခံရမှုတွေလည်း များစွာရှိပါသေးတယ် ။
                     Sonia Gandhhi နာမည်နဲ့ အထ္တုပ္ပတ္တိတွေလည်း အခုဆို အတော်ထွက်ခဲ့ပြီးပါပြီ ။ ဒါပေမယ့် အဲဒီစာရေးဆရာတွေကို တခါမှ လက်ခံတွေ့ဆုံပြီး အင်တာဗျူးပေးခဲ့ခြင်းမရှိဘူး လို့ ဆိုနီယာက အတိအလင်း ပြောထားပါတယ် ။ သူ့မိသားစုဝင်တချို့ကတော့ အဲဒီအထ္တုပ္ပတ္တိတွေမှာ ဖန်တီးလုပ်ကြံထားတာတွေနဲ့ ပြည့်နေတယ်လို့ ကန့်ကွက်စကား ဆိုပါတယ် ။
  • သား Rahul Gandhi နဲ့ သမီး Priyanka Vadra
       

  •                ဘာဘဲဖြစ်ဖြစ် ဆိုနီယာဟာ အတိုက်အခံ ရန်သူများစွာကြားထဲကဘဲ ကမ္ဘာ့ထိပ်တန်းပါဝါအရှိဆုံး အမျိုးသမီးများထဲမှာ ပါဝင်နေဆဲပါ ။ အခုထိလည်း ၀န်ကြီးချုပ်မဟုတ်ပေမယ့် အာဏာရကွန်းဂရက်စ်ပါတီမှာ ၀န်ကြီးချုပ်ထက် ပိုပြီး အာဏာရှိသူလို့ အားလုံးက လက်ခံထားရသူပါဘဲ ။ သူ့သား ရဟူးဂန္ဒီဟာလွှတ်တော် အမတ်တစ်ယောက်ဖြစ်ပြီး ကွန်းဂရက်စ်ပါတီမှာ လက်ရှိ အထွေထွေအတွင်းရေးမှုးဖြစ်ပါတယ် ။ အပြောင်းအလဲကို လိုလားသူ လူငယ်တွေ ကြားမှာ အရမ်းပေါ်ပြူလာဖြစ်သူတစ်ယောက်ဖြစ်ပြီး သိပ်မကြာခင်ကာလမှာ ၀န်ကြီးချုပ်ဖြစ်လာမယ်ဆိုပြီးတော့ ခန့်မှန်းထားကြသူတစ်ယောက်လည်း ဖြစ်တယ် ။ သူရော သူ့ညီမ ပရီယန်ကာပါ ငယ်ငယ်ကတည်းက လုံခြုံရေးအရ အိမ်မှာဘဲ စာသင်ခဲ့ကြရတယ် ။ ရဟူးက နောက်ပိုင်းမှာ  Cambridge တက္ကသိုလ် သွားတက်တော့ လုံခြုံရေးအရ နာမည်တုယူပြီး သင်ရသတဲ့ ။ သူ့ Identity အစစ်ကို တက္ကသိုလ် ဆိုင်ရာ officials တွေနဲ့ သူ့လုံခြုံရေးကို တာဝန်ယူရသူတွေကလွဲလို့ ဘယ်သူမှာ မသိဘူး ဆိုပါတယ် ။

                     သမီး Priyanka က Rahul ထက် ပို လူကြိုက်များပြီး ပြည်သူကြားမှာ ပိုပြီး ပေါ်ပြူလာဖြစ်ပါတယ် ။ အမေနဲ့ အစ်ကိုတို့ရဲ့ campagin officer နဲ့ အကြံပေးလည်း ဖြစ်တယ် ။ ဒါပေမယ့်  ကလေး ၂ ယောက်အမေလည်းဖြစ် ၊ မိသားစုအရေးကြောင့် သူ့အစ်ကိုလောက် နိုင်ငံရေးမှာ မျှော်လင့်ချက် မရှိပါ ။ တိုတိုပြောရရင်တော့သူတို့ဟာ ဆိုနီယာရဲ့ အယုံကြည်အားအထားရဆုံး နှစ်ယောက်ဆိုရင် မမှားပါဘူး ။
                ဒီလောက်ဆိုရင် ကံကြမ္မာထူးတဲ့ အီတလီသူတဖြစ်လဲ ဆိုနီယာဂန္ဒီရဲ့ အကြောင်းကို စာဖတ်သူများ အရိပ်အမြွတ်သိပြီလို့ ယုံကြည်မိပါကြောင်း ။
( ၀န်ခံချက် ။   ။ အချိန်အခက်အခဲကြောင့် အရင်ကလို အပိုင်း ၁ တွေ ၂ တွေ မရေးနိုင်လို့ ဒီ Note ကို လုံးဝ အားမရပါဘူး ၊ ရေးမယ်ဆိုပြီး မှန်းထားတာ ဟိုးအရင် မာမိုဟန်ဆင်း မြန်မာပြည်ကိုလာပြီး ဒေါ်စုနဲ့ တွေ့ကတည်းပါ ။ အကြောင်းအမျိုးမျိုးနဲ့ မရေးဖြစ်ခဲ့ ။ ခုမှ ၀ရုန်းသုံးကား ထရေးပြီး အသည်းအသန် ချုံ့ရေးထားတာပါ ။ နေရူး-ဂန္ဒီ မိသားစုအကြောင်း လှစ်ဟပြရုံသက်သက်သာလို့ စာဖတ်သူများက သဘောထားကြီးကြီးထားပေးကြပါနော် ။ )


  •                       �
Unlike ·  · Share
  • Spring Flowers http://www.youtube.com/watch?v=MPX6GTe_Eug
    The timid manner in which media has shied away from finding out more a proper response from free press?
  • Spring Flowers Most Indians are so good at English . Feel so envious of them ! :(
  • Vi Viriya ကျေးဇူးအထူးတင်ပါတယ်
  • Htet Paing တကယ်ပဲ ဆရာမကို ကျေးဇူးတင်မိပါတယ်။
    Monday at 11:51pm via mobile · Like · 1
  • Min Aung သူ့အကြောင်းက စိတ်ဝင်စားစရာကောင်းပါတယ်၊ ဒီဆောင်းပါးကလဲ တော်တော် ပြည့်စုံကောင်းမွန်တဲ့ ဆောင်းပါးကောင်းတစ်ပုဒ်ပါ၊ ကျေးဇူးတင်ပါတယ် ဆရာမ Spring Flowersခင်ဗျား၊ နောက်ထပ်ပြီး အိန္ဒိယမှာ အမေပြောမဲ့ မိန့်ခွန်း ဘာသာပြန်များနဲ့ အခုလို ဆောင်းပါးကောင်းတွေကိုလဲ စောင့်မျှော်လျှက်....။
  • Soe Myint Thein ကောင်းတယ်ဗျာ။ ခုမှပဲ နေရူးမျိုးဆက် အကြောင်း သိဖူးတော့တယ်။ စာရေးသူကို ချီးကျူးမိပါတယ်။
    Tuesday at 12:32am via mobile · Like · 1
  • Than Than Nwe Nwe ကျေးဇူးအထူးတင်ပါတယ် !!!
  • Inter Thet very good. ကျေးဇူး - ဒါမျိုးဆို သိပ်ကြိုက် - တန်ဘိုးရှိတယ် save လုပ်ထားလိုက်ပြီ။
  • Ko MawPyay ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ...
  • Khin Joe Phyu ကျေးဇူးပါ Spring.................
  • Thet Zaw Thanks Spring!
  • Kyaw Mar Lar I've just read finished!
    Liked it Liked it & appreciate your all note!
  • Chan Nyein Moe ဗဟုတွေ အများကြီးပေးတဲ့  အတွက် ကျေးဇူး တူးမတ်ခ်ျ ပါ စပရင်း။
    Tuesday at 2:53am via mobile · Like · 1
  • Ko Kyaw Min ချုံ့ေ၇းထားတာဆိုပေမဲ့  အားလုံးကို ငုံ မိတယ်လို့  ထင်ပါတယ် ကျနော့်  အမြင်ပါ ဖတ်၇တာလဲ အဆင်ပြေပါတယ် ဆွဲဆောင်မှု ၇ှိပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ
  • Ko Kyaw Min ဆက်ပြီးလဲ စောင့် ဖတ်နေပါမယ်
  • Helen Yu Very good post.Thanks a lot.
  • Yan Aung Tun အရမ်းကိုစိတ်ဝင်စားစရာကောင်းပါတယ်။ အမရဲ့အရေးအသားကိုလေးစားပါတယ်။
  • Makhin Oo ဖတ်ရတာ ကျေးဇူးပါ။ တင်ပြပုံလဲကောင်းတယ်။
  • မယ် ပိုး ဖတ်ရတာ တကယ်ပဲ သဘောကျမိပါတယ် မမရေ.. ^_^
  • Thanda Win ကျေးဇူးပါရှင်။ ဒီအချိန်မျိုးမှာ ဒီအကြောင်းအရာဟာ ဘယ်ထောင့်ကဖြည့်သွားသလဲလို့ ဖတ်ရင်းနဲ့ စဉ်းစားနေမိတယ်။ Spring ဟာ ကိုယ့်ဥာဏ်နဲ့ခွန်အားကိုသုံးပြီး နိုင်သမျှ ပံ့ပိုးပေးသွားတာမို့ မိန်းမတယောက်အနေနဲ့ရော၊ မြန်မာတယောက်အနေနဲ့ရော၊ အန်တီစုကို ချစ်ခင်လေးစားသူအနေနဲ့ရော ဂုဏ်ယူပါတယ်။
  • Tin Zar Phyo ကြိုက်လွန်းလို့ ရှယ်ခွင့် ပြုပါ မမ.....
  • Zin Mar Htetချုံ့ရေးထားတယ်ဆိုပေမယ့်လည်းကျွန်တော့လိုသိပ်မသိသေးတဲ့လူအတွက်တော့ပုံရောစာပါဖတ်လိုက်ရလို့ဗဟုသုတရပါတယ်။tag ပေးတာလည်းကျေးဇူးပါ spring ရေ။
    Tuesday at 4:11am via mobile · Like · 1
  • May Juuသိချင်တာတွေ...ပြောချင်တာတွေ...စဉ်းစားမိတာတွေ...နားလည်းသွားတာတွေ...ရလိုက်တဲ.ခံစားမှုတွေများလွန်းလို.ဘာမှပြန်မပြောနိုင်လောက်အောင်ပါပဲ..........ရလဒ်ကောင်းတွေနဲ.ဗဟုသုတတွေမှတ်သားရလို.ကျေးဇူးတင်ပါတယ်.....
  • Htar Htar Nwe Let me share pls:)
  • K Ki Ki ရှုပ်ထွေးပွေလီလှတဲ့ အိန္ဒိယထိပ်တန်းများရဲ့ ရာဇဝင်စာတင်တဲ့ အကြောင်းတွေကို တထိုင်ထဲ ရှင်းရှင်းလင်းလင်း သိမှတ် နားလည် လိုက်ရလို့ .. ကျေးဇူးအကြီးကြီး တင်လိုက်ပါရဲ့  ညီမငယ် Spring Flowers ရေ...
  • K Ki Ki ဒီအချက် ကို သဘောအကျဆုံးပဲ..(( ဒါပေမယ့် သူမရဲ့ နိုင်ငံခြားဇစ်မြစ်ကြောင့် ၀န်ကြီးချုပ်ရာထူးကို တက်လှမ်းရာမှာ အမျိုးမျိုးသော အတိုက်အခိုက်တွေက စောင့်ကြိုနေပါတယ် ။ ၁၉၉၉ မှာ ပါတီတွင်းခေါင်းဆောင် သုံးယောက်က နိုင်ငံခြားသွေးပါတဲ့ သူမကို ၀န်ကြီးချုပ်ရာထူးနဲ့ မထ...See More
  • Myat Kyaw plz, let me share
  • Sai Naing Soe Win အများဗဟုသုတဖြစ်စေရန် အကျိုးမျှော်ရွေ့  ဖေါ်ပြပေးတာ အထူးကျေးဇူးတင်ပါသည်။
  • Wing Wing so interesting,thank you.
  • Than Min Lwin ကျေးဇူးအရမ်းတင်တယ်။စာရေးတဲ့ သူရဲ့ စေတနာ၊ကြိုးစားအားထုတ်မှု၊အပင်ပန်းခံမှုတွေအတွက် အရမ်းလေးစားရပါတယ်...
  • Moe San ရှယ်လိုက်ပါတယ် ။ ဖတ်ခွင်ရတဲ့ အတွက် ကျေးဇူးပါ ။
  • ဂျစ်ပစီ မိုးတိမ် ခေါင်းစဉ်၊ ခေါင်းစီးစာသားကလွဲလို့ ကျန်တာ အားလုံးကြိုက်ပါတယ်..။ မျက်လှည့်၊ ဆပ်ကပ်ခေါင်းစဉ်နဲ့တူနေလို့.....။ အတွင်းစာသားတွေရဲ့ တန်ဘိုးကို လျော့စေတယ်ထင်ပါတယ်....။ စာရေးသူနေရာမှာ ကျနော်သာဆိုရင် (((အီတလီသူ၊ အိန္ဒိယနိုင်ငံနှင့် ဝန်ကြီးချုပ်ဟောင်း ဆိုနီယာဂန္ဒီ)))လို့ ပေးမိမှာ...။ ဒါမှမဟုတ်လဲ အလားတူပေါ့..။
  • Min Aung အချိန်အားလေးများရခဲ့မယ်ဆိုရင် ကနေဒီ မိသားစု အကြောင်းကိုလဲ ဒီလိုမျိုးရေးပေးပါအုံး ခင်ဗျား။ ကနေဒီနဲ့ ဂျက်ကလင်းအကြောင်းကလဲ ဆရာမရေးရင် ဖတ်ကောင်းမယ်ထင်ပါတယ်...။
    Tuesday at 9:13am via mobile · Like · 1
  • MsKhin Ei EiTin ဒီလို notes လေးတွေ မဖတ်ရတာ အတော်တောင် ကြာပေါ့ ညီမရေ။ ကျေးဇူး။ :)
  • Thura Kyaw Aung really precious note, thanks for your efforts.
  • နီ စံ ခုမှ မြန်မာစာဖောင့်ရလို့ ခုမှ ဖတ်ရတယ် ကျေးဇူးအများကြီးတင်ပါတယ် ခုလို ဖတ်ခွင့်၇တာ တကယ်ဝမ်းသာတယ် tag ပေးလို့တာပါ မဟုတ်၇င် သိလိုက်မယ်မထင်ဘူး အမကိုကျေးဇူးအများကြီးတင်ပါတယ် နောက်လဲ ဒီလို note တွေ tag ပေးပါနော်..
  • Htay Minn ကျေးဇူးအများကြီးတင်ပါသည်........ နောက်လဲ ဒီလို note တွေ tag ပေးပါ.... (y) ...
  • မနတ်သမီး အတွေးစာစုများ ကျေးဇူးအများကြီးတင်ပါတယ် ။ ရေးသူက အားမရဘူးပြောပေမယ့် ဖတ်ရသူ ကတော့အလွန်အားရပါတယ် ညီမရေ ။
    Tuesday at 6:48pm via mobile · Like · 2
  • Aye Thu San မသိသေးတဲ့ဗဟုသုတတွေသိခွင့်ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါမနွေဦး။
  • Aye Thu San အေးသူက အဲဒီလို အော်တိုဘိုင်အိုဂရပ်ဖီလို့ပြောကြမလား။ အဲဒီလို စာမျိုးတွေ အရမ်းစိတ်ဝင်စားတယ်။ အရမ်းလည်းကြိုက်တယ်အစ်မ
  • ဦး ကလျာဏ ကျေးဇူးတင်ပါတယ်။
  • Lonelymoon The'Oo ဒီလို တန်ဖိုးရှိတဲ့စာတွေရေးပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်...
    ဟိုး...အရင်ကတည်းက အစ်မရေးတဲ့မာရီလင် မွန်ရိုးအကြောင်း၊ဇာဘုရင့်သမီးတော် အယောင်ဆောင်တဲ့ကောင်မလေးအကြောင်း၊၊နောက်ပြီး အချမ်းသာဆုံး မျိုးရိုးဖြစ်တဲ့ ရော့ဒ်ချိုင်းတွေအကြောင်း၊ ဒေါ်စုမိန့်ခွန်း ဘာသာ
    ...See More
  • Brandfour Bird အမတတ်လုပ်ပေးတဲ.စာတွေကို -သေသေချာချာဖတ်ချင်လို. အေးဆေးအချိန်ယူပီးဖတ်ဖြစ်ပါတယ် - စာတွေဖတ်ပီးတိုင်းအမ၇ဲ. ပ၇ိုဖိုင်ပုံလေးကိုမြင်မြင်မိတတ်ပါတယ်း) ကျေးဇူးတင်ပါတယ် မေ၇ စာတွေေ၇းပေး၇ှယ်ပေးလို.
    16 hours ago · Like · 1
  • Turn On Ideas thanks a lot for the post
  • Sandar Htet မနွေဦး ရေ - ကျေးဇူးတင်လိုက်တာ။ အချိန်ပေးအားစိုက်ထုတ်ပေးမှန်းသိရလို့ပါ။ အရမ်းကိုစိတ်ဝင်စားပါတယ်။
  • Thet Su Kyaw ကျေးဇူးအများကြီးတင်ပါတယ် ..ရှယ်သွားပါတယ် ..