Monday, November 12, 2012

အာသေ၀နပစ္စည်း


by Phio Thiha on Sunday, November 11, 2012 at 7:29am

(၁)
ငယ်ငယ်ကတည်းက သား ကြီးလာရင် ဘာလုပ်မှာလဲ ဟု ဘယ်သူကမေးမေး ဆရာဝန်လုပ်မှာ ဆိုသည့် အဖြေတစ်မျိုးတည်းကိုသာ ပေးတတ်ခဲ့သည်။ တကယ်တမ်း ဆရာဝန်ဖြစ်လာတော့ ကျွန်တော့်အဖြေကို ကြားခဲ့ဖူးသူ လူကြီးတစ်ချို့က ပြောသည်၊ သူက ဆရာဝန်အလုပ်ကို တကယ်ဝါသနာပါတာ ဟူ၍။ စာလေးပေလေးတွေ ဖတ်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်တော့ တချို့သော ဆရာဝန်တွေလို ငယ်စဉ်ကတည်းက ဆရာဝန်လုပ်တမ်းကစားတာ၊ ဒဏ်ရာရနေသည့် တိရစ္ဆာန်လေးတွေကို ပြုစုပေးတာ ဒါမျိုးတွေလည်း တစ်ခါဆိုတစ်ခါတောင် မလုပ်ဖူးခဲ့။ အလုပ်သင်ဆရာဝန်အဖြစ် လက်တွေ့ဆေးရုံဆင်းတော့ လည်း ကိုယ့်ကိုကိုယ် ၀ါသနာပါသလို၊ မပါသလို ခပ်ဝါးဝါးပင်။ ၀ါသနာပါသည်ဆိုတာထက် ဆရာဝန် တစ် ယောက်၏ လေးစားကြည်ညိုစရာ ကောင်းသည့်ဘ၀၊ သူတစ်ပါးအသက်ကို ကယ်ရင်း ကိုယ့်အသက်ကို မွေးရသည့်ဘ၀၊ ကိုယ်အသက်ရှင်နေသမျှကာလပတ်လုံး သူများအသက်တွေကိုလည်း ကယ်ဆယ်နေနိုင် မည့်ဘ၀၊ အဲလိုဘ၀မျိုးကို ပိုမိုလိုချင်ခဲ့ဟန်တူသည်။
ထိုအချိန်ထိုအခါက ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဆရာဝန်ကလွဲလို့ တခြားသော လျှောက်စရာလမ်း မရှိခဲ့သည်ကလည်း တစ်ချက်အပါအ၀င် နေလိမ့်မည်။

(၂)
ဆရာဝန်ဆိုသည့်ဘ၀ကို ရဖို့ အရေးကြီးသော အဆုံးအဖြတ်က တက္ကသိုလ်ဝင်တန်း။ နေ့မအိပ် ညမအိပ် စာတွေကျက်ခဲ့ မှတ်ခဲ့ရသည်။ ဘာအကြောင်းရယ်တော့မသိ၊ အဲလိုတစ်နှစ်ပတ်လုံး စာကြိုးစားလာရင်း ဒီဇင်ဘာလလောက်ရောက်တော့ စာကျက်ချင်စိတ်တွေ ပျောက်ချင်းမလှ ပျောက်ကုန်သည်။ ဒီဇင်ဘာဆိုသည်က ဆယ်တန်းကျောင်းသားတစ်ယောက်အတွက် တော်တော်အရေးကြီးနေသည့်အချိန်။ ကံကောင်းချင်လို့ပဲလားတော့မသိ၊ အဲဒီအချိန် ညာဘက်ပုခုံးက အလိုလိုနေရင်း ညောင်း ညောင်းနေသည့်ဝေဒနာကို ခံစားရသည်။ ညာဘက်ဆိုတော့ ဆရာဝန်မပြဘဲက မနေရဲ၊ SSC ဆေးရုံမှာ ပါမောက္ခဆရာကြီး ဒေါက်တာဦးခင်မောင်မြင့်နှင့် ပြသခဲ့ရသည်။ ကျွန်တော့်အတွက်တော့ အထူးကုဆေးခန်းကြီးတစ်ခုထဲကို ပထမဆုံးအကြိမ် ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင် ရောက်ခဲ့ဖူးခြင်း။ အဲဒီမှာတင် ဆရာဝန်တစ်ယောက်၏ ကြီးကျယ်ခမ်းနားမှု၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိသည့် ဟန်ပန်၊ လူနာတစ်ယောက်ကို စမ်းသပ်ပုံ၊ ကုသပုံတွေ၊ လူနာတွေ ဆေးရုံဝန်ထမ်းတွေ၏ ရိုသေလေးစားခြင်းကို ခံရမှု၊ အဲဒါတွေကို ကျွန်တော်အကြီးအကျယ် ကြွေသွားပြန်သည်။ အဲဒီဆေးခန်းကအပြန် ကျွန်တော်ရောဂါလည်း ပျောက်၊ စာတွေလည်း နေ့မနား ညမနား ပြန်ကျက်၊ အမေတို့မှာ အံ့သြလို့မဆုံး၊ ဆေးခန်းပြပြီးမှ စာတွေပိုကြိုးစားလာတယ်၊ ဘာဆေးတွေများ ပေးလွှတ်လိုက်ပါလိမ့်။ ကျွန်တော့်ဆီကို ကူးစက်လာသည့် ဆရာဝန်တစ်ယောက်၏ သံလိုက်ဓါတ်တွေကိုတော့ ကျွန်တော်ကလွဲပြီး ဘယ်သူမှမသိ။

(၃)
အဲလိုနဲ့ ဆေးကျောင်းတက်လို့ နောက်ဆုံးနှစ်ပင် ရောက်လို့လာပြီ။ ၂၀၀၉ခုနှစ်ကုန်ပိုင်းလောက်မှာတော့ SSCဆေးရုံက သတင်းတစ်ပုဒ်က ဂျာနယ်တွေထဲ ကျယ်ကျယ်ပြန့်ပြန့် ပါလာသည်။ အဲဒီမှာတင် ဆရာဝန်ဆို အသေအလဲ ယုံကြည်သည့် လေးစားသည့် ကျွန်တော်တစ်ယောက် ဘယ်လိုမှ မခံမရပ်နိုင်တော့။ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တိုင်း စကားက အဲဒီဘက်ပဲ ရောက်ရောက်သွားသည်။ စင်စစ် ထိုဆရာကြီးကို ကျွန်တော်မသိ၊ ကုန်ကုန်ပြောရရင် ကြားပင်မကြားဖူး။ သို့သော်လည်း ကျွန်တော်တို့ကို လက်ရှိစာသင်ပေးနေကြသည့် ဆရာ၊ ဆရာမများက ထိုဆရာကြီး၏ တပည့်တပန်းတွေ၊ ဒါနဲ့တင် ဆရာကြီး၏ သမ္ဘာနှင့်ပညာကို မှန်းလို့ရနေပေပြီ။ ဒီကြားထဲ အူအတက်ရောင်ရောဂါအကြောင်းကို ကျကျနန သင်လိုက်ရတော့ ကျွန်တော့်ရဲ့ ဆရာဝန်ဘက်က ရှေ့နေလိုက်ချင်စိတ်တွေက တဖွါးဖွါးကို ပေါ်လာခဲ့တော့သည်။

(၄)
အဲဒီလိုနဲ့ ကိုယ်တိုင်ဆရာဝန်ဖြစ်လာတော့ အလုပ်သင်ဆရာဝန်ဘ၀မှာ လူနာတွေရဲ့ အခက်အခဲ၊ ဆရာဝန်တွေရဲ့ အာဏာရှင်ဆန်မှု၊ ပေါ့လျော့မှုတွေကိုလည်း ကိုယ်တွေ့မြင်လာရသည်။ အဲဒါနဲ့ တစ်ဆက်တည်းမှာတင် မြန်မာပြည်က ဆရာဝန်တစ်ယောက်(ကြီးကြီးငယ်ငယ်)ရဲ့ အခက်အခဲတွေကို ကိုယ်ချင်းစာလာမိသည်။ ဒီအခါမှာ ကျွန်တော့်ရဲ့ ရပ်တည်ချက်က ကြီးကြီးကျယ်ကျယ် စကားလုံးသုံးရရင် တည့်မတ်သော ကြားနေ၀ါဒ။ နှစ်ဖက်လုံးရဲ့ အနေအထား၊ အခက်အခဲတွေကို သိနေသူဆိုတော့ ကြားမနေလို့လည်း တခြားနေစရာ ဘယ်မှာမှမရှိ။ ဖြစ်ခဲ့ပြီးသည့် ပြဿနာတိုင်းတွင် ဆရာဝန်မှားသည်လည်း ရှိမည်၊ မှန်သည်လည်း ရှိမည်။ ဆရာဝန်များဘက်မှလည်း ငါ့မိသားစုဝင်တစ်ယောက်ယောက်သာ ဒီလိုဖြစ်ရင် ဆိုသည့်အတွေးမျိုးနှင့် ကိုယ်ချင်းစာစိတ်အပြည့်ထားကာ၊ အဝေဖန်ခံနိုင်သည့်စွမ်းအားအပြည့်နှင့် ပညာရှင်ဆန်ဆန် တုန့်ပြန်ကြဖို့လိုသည်။ မြန်မာပြည်မှ ဆရာဝန်များကို အပြစ်ပြောနေကြသူများကိုတော့ အထွေအထူး ပြောမနေချင်တော့။ အစိုးရဆေးရုံက ဆရာဝန်တွေနှင့်အတူတူ ၂၄နာရီတစ်ရက်လောက် အနီးကပ် လာရောက်လေ့လာ မှတ်တမ်းယူလှည့်ပါလို့သာ ဖိတ်ကြားလိုက်ပါရစေ။

(၅)
ဆေးတက္ကသိုလ်ကနေ ဘွဲ့ရပြီး သိပ်မကြာ၊ မထင်မှတ်ဘဲ NGOတစ်ခုမှာ အလုပ်ရသွားခဲ့သည်။ ဆိုရလျှင် မြို့ကြီးပြကြီးက ဆရာဝန်-လူနာပြဿနာများနှင့် ဝေးရာ နယ်မြို့လေးကို ရောက်သွားခြင်းပင်။ ဒီအခါမှာ အလုပ်ချိန်ကလည်း မနက် ၉နာရီမှ ညနေ၅နာရီထိသာ၊ စနေ တင်္နဂနွေကလည်း အပြည့်အ၀ အနားရသေး၊ အရေးပေါ် သေလုနီးနီး လူနာတွေနင့်လည်း ဆုံရ တွေ့ရသည်မဟုတ်၊ အလုပ်ရဲ့သဘောသဘာဝကိုက ကာကွယ်ရေးဆေးပညာ ဆိုတော့ သူတို့တွေ အသိအမြင်ကျုယ်လာအောင်၊ အမူအကျင့်တွေ ပြောင်းလာအောင် အဓိကထား လုပ်ရသည်။ အချိန်မလောက်လို့ မရှင်းပြနိုင်ဘူးဆိုသည့် ဆင်ခြေက ဒီမှာ လာပေးလို့မရ၊ တကူးတကကို မရှင်းမနေရ ရှင်းပြ ဆွေးနွေးရသည်။ ထိုအခါ လူနာများ၏ တုံြ့ပန်မှုက မည်သို့ရှိသည်ထင်သနည်း။ တချို့တလေက ရှင်းပြတာကို သဘောကျသည့်တိုင် အများစုက ပြောနေလျှင် တောင်ငေးမြောက်ငေး၊ အချင်းချင်း စကားထပြောလိုပြော၊ သွားစရာရှိသေးလို့ မြန်မြန်ုလုပ်ပါ ဆိုသူကဆို၊ ဘယ်လိုလုပ်ကြမလဲ၊ မြန်မာဆရာဝန်တွေ မရှင်းပြဘူးဆို ရှင်းတော့လည်း နားမထောင်။ ကျွန်တော် တစ်ခါရေးဖူးသလိုပင်၊ ကျွန်တော်တို့ ဆရာဝန်တွေရဲ့ ဘ၀က တကယ့်ကို စပ်ကူးမတ်ကူးကာလ၊ ပိုဆိုးသည်က ဟိုဘက်ကိုလည်း လုံးလုံးလျားလျား ပြောင်းလိုက်လို့က မရသေး၊ ဒီဘက်မှာချည်း အရင်လို ဆက်နေဖို့ကလည်း တစ်ဖက်က ဖိအားတွေ တစ်ပုံတပင်နှင့်။

(၆)
ကျွန်တော့်ဆရာ ဒေါက်တာဦးစိုးလွင်ရဲ့ စာအုပ်ခေါင်းစဉ်လေးကို ယူကာ ရှက်ရှက်မှာဖြစ်သော ကင်ဆာ ခေါင်းစဉ်ဖြင့် ဟောပြောပွဲလေးတစ်ခု လုပ်ဖြစ်သည်။ မေးကြည့်မိသည့် အမျိုးသမီးတော်တော်များများက သားအိမ်ခေါင်းကင်ဆာကို ကြောက်နေကြသည်၊ သိလည်းသိချင်နေကြသည်။ စိတ်ထဲမှာ သူတို့စိတ်ဝင်စားတဲ့ ခေါင်းစဉ်ကို ပြောမှာဆိုတော့ လူတွေအများကြီး လာကြမှာပဲ၊ ဆေးခန်းက ကျဉ်းကျဉ်းလေးဆိုတော့ ဆံ့မှာမဟုတ်ဘူး၊ ဒီတော့ (၃)ချိန်ခွဲပြီး ပြောမယ်၊ မနက် ၁၀နာရီ၊ နေ့လည် ၁နာရီ၊ ညနေ ၄နာရီ။ သူတို့အဆင်ပြေတဲ့အချိန်တက်ကြပါစေပေါ့။ ဆိုင်းဘုတ်ထောင်လိုက်သည်၊ သွားသမျှ ရွာ၊ ဆင်းသမျှ ရပ်ကွက် အကုန်လိုက်ပြောသည်၊ လာခဲ့ကြပါပေါ့။ ညနေကျတော့ ဟောပြောပွဲအမည်ကို ရှက်ရှက်မှာဖြစ်တဲ့ ကင်ဆာအစား မိုက်ချက်ကတော့ ကမ်းကုန်ဟု ပြောင်းလိုက်ရသည်။ အကြောင်းကတော့ ၃ချိန်ပေါင်းမှ စုစုပေါင်းတက်ရောက်သူ ၁၁ဦးသာ ရှိ၍ဖြစ်သည်။ ကိုင်း ဘယ်နှယ့်ရှိစ၊ ပိတ်ရက်ကို မနားချင်ဘဲ လျှာရှည်ပြီး ဟောပြောပွဲလုပ်ချင်တာကိုး ဆိုပြီးများ တစ်မြို့လုံး ၀ိုင်းပညာပြလွှတ်လိုက်သလား မှတ်ရသည်။ ကိုယ်ကသာ မျှော်လင့်ထားတာ၊ ဆေးခန်း Night Guard က ခုံတွေစီရင်း "လာမယ်တော့ မထင်ပါဘူး ဆရာရယ်၊ ဘာလက်ဆောင်မှမှ မပေးတာ၊ ဘယ်လာမလဲ"။ စိတ်ထဲထင့်ခနဲတော့ ဖြစ်သွားသည်။ project က လုပ်ခိုင်းတာ မဟုတ်တော့လည်း လက်ဆောင်တော့ မပေးနိုင်၊ လာတာ မလာတာထား ကိုယ့်ဘက်ကတော့ အစွမ်းကုန် ပြင်ဆင်ထားရမပေါ့၊ အားတင်းထားလိုက်သည်။ တကယ်တမ်းကျတော့ ကျွန်တော်မှားသည်၊ NG မှန်သည်။ မိတ်ဆွေတစ်ဦး၏ စကားက နားထဲဝင်လာသည်၊ ဆရာတို့ကမှ ကျန်းမာရေးမို့လို့ ထားဦး၊ ကျွန်တော်တို့က လယ်သမားတွေကို ဟောပြောမှာ ခင်ဗျားတို့တွေ လယ်အထွက်တိုးဖို့ ပညာပေးမှာ၊ လာခဲ့ကြ ဆိုတာကို လာတဲ့သူက လက်ချိုးရေလို့ ရတယ် ဆရာ တဲ့။ အော် ဒုက္ခ၊ လက်ဆောင်ပေးနိုင်မှပဲ လာကြတော့မှာလား၊ လက်ဆောင်လိုချင်လို့ လာမှတော့ ဘယ်လိုလုပ် အသိပညာက ရသွားတော့မလဲ၊ ဒီလိုအသိပညာတွေကို အလကားပေးနေတာကျတော့ မယူချင်ကြတော့ဘူးလား။ စိတ်ဓါတ်တွေကျရသည်။ အာရှကျားဖြစ်ဖို့တို့ ကမ္ဘာ့ဆန်အတင်ပို့ဆုံး နိုင်ငံဖြစ်ဖို့တို့က နောက်ထားဦး၊ အရင်ဆုံး ဘာလက်ဆောင်မှ မပေးနိုင်သည့် အခမဲ့အသိပညာပေးဟောပြောပွဲတွေကိုပဲ အာသာပြင်းပြင်းနှင့် တက်ရောက်နားထောင်ဆွေးနွေးကြဖို့ အရင်လုပ်ကြပါဦးလို့ပဲ ပြောလိုက်ချင်ပါသည်။

(၇)
ကျွန်တော့်အလုပ်သင်ဆရာဝန်ဘ၀ကို ဂျပန်ဆေးရုံမှာ ၆လတိတိ ဖြတ်သန်းခဲ့ရသည်။ ထိုဆေးရုံမှာက ပါမောက္ခ၊ ဌာနမှူးတွေချည်း၊ ဆိုရလျှင် အစိုးရဆေးရုံပင် ဖြစ်လင့်ကစား အဲဒီဆေးရုံက အခပေးခန်းတွေကို ဒိတ်ဒိတ်ကြဲ တော်တော်များများ ရောက်လာလေ့ရှိသည်။ အပြင်ဆေးခန်းတွေမှာ မလုပ်ဖူးသည့်တိုင် ထိုဆေးရုံကလည်း တူညီသည့် အတွေ့အကြုံမျိုးတွေကို ပေးစွမ်းနိုင်ပါသည်။ အဲဒီလို ဒိတ်ဒိတ်ကြဲတွေ ဆေးရုံလာတက်ပြီဆို ကျွန်တော်တို့ အလုပ်သင်တွေ အရမ်းကြောက်ကြသည်။ ကိုယ်တွေက မကျွမ်းကျင်သေးဘူးမဟုတ်လား၊ အဲဒီအခန်းတွေထဲ ၀င်ဖို့ဆို ဟိုလူဝင်၊ ဒီလူဝင်နှင့်။ ဆေးရုံစဆင်းစက ပိုဆိုးသည်၊ နောက်ပိုင်းတော့ နည်းနည်း တော်သွားပါသည်။ ဘာကြောင့် အဲလိုဖြစ်ရလဲ ဆို နံပါတ် ၁ က ခုခေတ်လူနာတွေက ထစ်ခနဲဆို တိုင်မယ်ဆိုတာချည်းပဲလေ၊ အဲဒါထက် ပိုအရေးကြီးသည့်အချက်က ကိုယ်တိုင်တွေကိုက ကျွမ်းကျင်မှု မပြည့်ဝလို့ပေါ့။ ကိုယ့်ကိုကိုယ်ယုံကြည်မှုဆိုသည်က ကျွမ်းကျင်မှုကပဲ စဖြစ်လာတာမဟုတ်လား။ ပွင့်ပွင့်လင်းလင်း ပြော၇၇င်တော့ ကျွန်တော်တို့ဆရာဝန်တွေ ကျွမ်းကျင်မှုပြည့်ဝဖို့အရေး အစိုးရဆေးရုံမှ စရိတ်မျှပေးလူနာများက လေ့ကျင့်ရေးကွင်းအဖြစ် တာဝန်ထမ်းဆောင်ကြရသည်။ အဲလိုကြီးတော့ မကောင်းပါဘူး ဆိုသော်ငြား တစ်ခြားရွေးစရာ လမ်းလည်းမရှိ။ သို့နှင့် လက်ရှိလုပ်နေသည့် အဖွဲ့အစည်းမှာ အလုပ်မရခင် Training ယူခဲ့ရတာလေးကို ပြေးသတိရမိသည်၊ သားအိမ်ထဲပစ္စည်းထည့်တာ၊ လက်မောင်းထဲ ပစ္စည်းထည့်တာတွေကို တစ်ရက် စာတွေ့သင်သည်၊ နောက်ရက်ကျ dummy အရုပ်တွေနှင့် လက်တွေ့ တစ်ယောက်ချင်းလေ့ကျင့်ရသည်။ သေချာပိုင်နိုင်သွားပြီဆိုမှ နောက်ဆုံးရက်တွေကို တကယ့်လူနာနှင့် လေ့ကျင့်ကြရသည်။ ဒီအခါမှာတော့ အနည်းငယ်သော မှားယွင်းမှုများကလွဲလျှင် လူနာစိတ်အနှောင့်အယှက် ဖြစ်လောက်စရာ ဘာမှမဖြစ်ခဲ့။ အစိုးရဆေးရုံတွေမှာကော ဒီလိုသင်ရင် မရဘူးလား။ ကျောင်းသားတွေ တစ်ပြုံတစ်မ၊ သင်ထောက်ကူပစ္စည်းနှင့် အချိန်တွေကလည်း ရှားပါး၊ ဒီလိုပုံနှင့်တော့ ဘယ်လိုမှမဖြစ်။ သို့သော် စဉ်းစားသင့်သည်က NGO ဆိုတာ နိုင်ငံခြားက အလှူရှင်တွေ၏ ငွေကြေးနှင့်ရပ်တည်ရသည်၊ အစိုးရဆေးရုံများကမူ ကျန်းမာရေးဘတ်ဂျက်နှင့် ရပ်တည်ကြရသည်။ ဘာမှမဆိုင်သည့် အလှူရှင်တွေကတောင် လှူနိုင်သေးရင် ကိုယ့်မြန်မာအချင်းချင်း ပိုတောင်လှူနိုင်၇ဦးမည်၊ ခုဟာက လှူခိုင်းနေတာမဟုတ်၊ ရှိနေသည့်ဘတ်ဂျက်လေးကိုပဲ မြှင့်သင့်တာမြှင့်၊ ပြင်သင့်တာပြင်၊ သုံးသင့်သည့်နေရာမှာ သုံး၊ မလိုအပ်သည့်နေရာတွေမှာ မကုန်ရအောင် ပိတ်၊ ဒါမျိုးလေးတွေပဲ လုပ်ခိုင်းတာ။ အဲဒါကိုပဲ ခုထိ အကောင်အထည် ပေါ်မလာသေး။ မြန်မာ့အလင်းကတော့ ရောင်စုံနှင့်ဖြစ်သွားပြီ။ သို့ပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံ ပါလာတာကလွဲလို့ အနှစ်သာရပိုင်းကတော့ ထူးမလာသေး။

(၈)
တကယ်တော့ ယနေ့ဖြစ်နေသည့် ပြဿနာတွေအားလုံး ကချင်အရေး ရခိုင်အရေးမှသည် ကျန်းမာရေးကဏ္ဍက ဆရာဝန်-လူနာ-မီဒီယာပြဿနာတွေအားလုံးဟာ မနေ့တစ်နေ့က ပေါ်လာသည့် အကြောင်းအရာများကြောင့် ဖြစ်ပွါးနေရသည်မဟုတ်။ (Blame Game မလုပ်လိုသော်ငြား) ရှေးရှေးအဆက်ဆက်က ပြုခဲ့ကြသည့် အမှားများ၊ စနစ်ဆိုးများ၊ လုပ်ရပ်များရဲ့ အကျိုးဆက်တွေပင် ဖြစ်သည်။ ပြောရလျှင် ကျွန်တော်တို့တွေအားလုံးက သမိုင်းရဲ့သားကောင်တွေ။ တစ်ဖက်နှင့်တစ်ဖက် လက်ညှိုးထိုးနေရမှာမဟုတ်၊ အားလုံး စည်းစည်းလုံးလုံးနှင့် ၀ိုင်းဝန်းအဖြေရှာရမှာ။ ဆေးရုံတွေမှာ အလကားပေးစရာ ဆေးမရှိတာ ဆရာဝန်အပြစ်လား၊ ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို မရလို့ လူနာတွေ တိုင်ကြတန်းကြတာရော အပြစ်လား၊ အချိန်တိုအတွင်း အစွမ်းမပြတတ်သည့် ပညာတည်းဟူသော ဆေးခါးကြီးကို စိတ်မရှည်လို့၊ သို့မဟုတ် စိတ်ရှည်လို့မရလို့ မသောက်ကြ မသုံးကြတာကိုရော အပြစ်သွားပြောလို့ ရပါမည်လား။ တစ်ခါတစ်လေ ပျက်ဆီးချင်တိုင်း ပျက်ဆီးနေပြီဖြစ်သည့် ကိုယ့်တိုင်းပြည်ကို ကြည့်ပြီး စိတ်ဓါတ်တွေ အကြီးအကျယ် ကျမိသည်၊ ဒီအချိန် ခေါင်းထဲဝင်လာသည်က အာသေ၀နပစ္စည်း အဓိပါယ်။ ထုံသည် မွှမ်းသည်ဟု အနက်ရ၏ ။ ပြေတီဦး အနုပညာလောကထဲ ၀င်ပြီး ၁၀နှစ်လောက်ကြာမှ နာမည်ကြီးလာတော့ သူကပြောမည်၊ ဒီလိုသာ ၁၀နှစ်နေမှ နာမည်ကြီးမယ်မှန်း သိလျှင် ဒီ၁၀နှစ်မှာ ဒါမလုပ်ဘဲ တခြားတစ်ခုခုလုပ်နေလိုက်မှာပေါ့ ဟူ၍။ ဒီလိုတော့လည်း မဟုတ်၊ သူဒီနေ့ရရှိနေသည့် အောင်မြင်မှုတွေမှာ သူ ဒီ၁၀နှစ်အတွင်း ရခဲ့သည့် သရုပ်ဆောင်ပညာတွေ၊ အတွေ့အကြုံတွေကို ဘေးဖယ်ထားလို့က မရ။ ဒီလိုပဲ၊ ကျွန်တော်တို့တွေက စပြီး အပြောင်းအလဲတွေ စလုပ်မည်၊ ၀ိုင်းဝန်းကြိုးစားကြမည်၊ အမှားတွေကနေ သင်ခန်းစာတွေ ယူမည်။ အပျက်ကြီး ပျက်နေခဲ့ပြီဆိုတော့လည်း ကိုယ်တွေသက်တမ်းအတွင်းမှာ ဒီတိုင်းပြည် ထူးထူးခြားခြား တိုးတက်လာသည်ကို မြင်နိုင်ဖို့က မလွယ်၊ သို့သော် ကိစ္စမရှိ၊ ကျွန်တော်တို့ ဒီနေ့ လုပ်သွားခဲ့တာတွေက နောက်လာမဲ့ မျိုးဆက်သစ်တွေအတွက်၊ နောက်နောင် ဖြစ်ပေါ်လာမဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေအတွက် အထောက်အပံ့ကောင်း ဖြစ်တယ်ဆိုလျှင်ပဲ ကျေနပ်ရပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...