Sunday, November 4, 2012

ဒေဝတာမြို့တော်

by မင်းလူ၏ ၀တ္တုတိုများ on Sunday, November 4, 2012 at 1:13am ·


(ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း)
စာပေနှင့် ရုပ်ရှင်နယ်တွင် ခြေရှုပ်နေသော မျောက်ညီနောင်လေးဖော်မှ အငယ်ဆုံးကောင် မျောက်လူသည် စာပေလောကသားများကို ဇာတ်ကောင်လုပ်၍ ' စာပေကြော်ငြာ စတိတ်ရှိုးပွဲတော် ' ဆိုသော ဝတ္ထုတစ်ပုဒ်ကို ရေးလိုက်ရာ ဇာတ်လမ်းထဲတွင်ပါဝင်သော စာရေးဆရာတစ်ချို့က မကျေနပ်သဖြင့် လေထန်ဖုန်းတရားရုံးတွင် တရားစွဲဆိုကြ၏။
သုခမိန်ကြီးပေါင်စိန်က အပြစ်ထင်ရှားသည်ဆိုပြီး မျောက်လူကို လိပ်ခေါင်းဓားစက်ဖြင့်လက်ဖြတ်ပစ်ရန် အမိန့်ချမှတ်လိုက်သည်။ ဦးရီးတော် ပဝမ်ကွေးနှင့် ပညာရှိအမတ်ကြီး ဘိုးဘိုးကြပ်တို့က မေတ္တာရပ်ခံသဖြင့် အူမတက်မချင်း ကလိထိုးကြရန် ပြောင်းလဲအမိန့်ချသည်။ စာရေးဆရာများလည်း မျောက်လူကို ဝိုင်း၍ ကလိထိုးကြရာ ရယ်ရလွန်းသဖြင့် အူတက်ပြီးသတိလစ်သွား၏။

မပြီးသေးသော ဇာတ်လမ်းအကျယ်
သူ သတိပြန်ရလာ၏။
မရောက်ဖူးသော နေရာတစ်ခု။ ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ ပင်လုံးကျွတ်ပွင့်နေသော ကသစ်ပင်များမှလွဲ၍ ဘာမှမရှိ။ လူသူလည်း တစ်ယောက်မှမတွေ့ရ။ မြေပြင်တစ်ခုလုံးမှာ မီးခိုးငွေ့လိုလို၊ မြူနှင်းတွေလိုလို ဝေ့ဝဲပိတ်ဖုံးနေ၏။
ဒါ ဘယ်နေရာလဲဟု စဉ်းစားကြည့်သည်။ မီးခိုးငွေ့တွေရှိပုံထောက်တော့ စတိတ်ရှိုးစင်မြင့် ဖြစ်မှာပဲ တွေးမိသေးသည်။ စတိတ်ရှိုးစင်မြင့်ဆိုလည်း ဒီလောက်တော့ ကြီးမားကျယ်ပြန့်စရာ အကြောင်းမရှိ။ စည်ပင်သာယာကများ အထူးသန့်ရှင်းရေးအတွက် ခြင်ဆေးငွေ့တွေ မှုတ်ထားတာလား၊ ဒါလည်းမဖြစ်နိုင်။ မီးခိုးငွေ့တွေ အပေါ်ကို ပျံ့လွင့်တက်မလာဘဲ မြေပြင်မှ တစ်ပေလောက်မှာသာ ဝပ်ဆင်းဝေ့ဝဲနေ၏။ သူ အစဉ်းစားရကြပ်လာသည်။ ထို့ကြောင့်
" ဘယ်မှာလဲ မသိတော့ဘူး။ ပြောပါတော့ ပြောပါတော့ " ဟု သံကုန်အော်လိုက်၏။
ထိုအခါ ရှေ့ခပ်လှမ်းလှမ်းဆီတွင် မီးခိုးငွေ့တွေ အနည်းငယ်ပြယ်သွားပြီး တံတားလေးတစ်စင်းကို လှမ်းမြင်လိုက်ရသည်။ သူ ထရပ်ပြီး တံတားလေးဆီသို့ လျှောက်သွားသည်။
တံတားအောက်တွင် ရေမရှိဘဲ ရွှေမှုန်ငွေမှုန်ကလေးတွေသာ တလွင့်လွင့် မျောနေသည်။ တံတား၏ တစ်ဘက်ကမ်းမှာတော့ ကနုတ်ပန်းပွင့်တွေနှင့် ဘောင်ကွပ်ထားသော ဆိုင်းဘုတ်တစ်ခုရှိ၏။
" ဒေဝတာမြို့တော် "
ထိုအခါကျမှာ နတ်ပြည်၏ အဝင်ဝကိုရောက်နေကြောင်း သိလိုက်ရ၏။ ဒါဆိုငါက သေခဲ့ပြီပေါ့ဟု တွေးလိုက်၏။ ဒီလိုလည်း မဟုတ်သေး။ သူ့ခန္ဓာကိုယ်က အကောင်းပကတိအတိုင်းကြီး ရှိနေသေးသည်။ အရှင်လတ်လတ်နတ်ပြည်ရောက်တာမျိုးများလားဟု သူ့ကိုယ်သူ အထင်ကြီးမိလိုက်၏။ သို့ရာတွင် သူ့ပုံစံက အရပ်ဝတ်အရပ်စားနှင့်ပဲ ရှိနေ၏။ နတ်ဝတ်တန်ဆာတွေ၊ မကိုဋ်တွေနှင့် မဟုတ်။
နတ်ဆိုလျှင် တန်ခိုးရှိသည်၊ လိုတရသည်ဟု ကြားဖူးသည်။ စမ်းကြည့်မှပဲ ဆိုပြီး...
" လက်ဖက်ရည်တစ်ခွက် လာထား "
ဟုခေါ်ပြီး လက်ဝါးဖြန့်လိုက်၏။ ဘာမှမလာ။ ဒါဆိုလျှင်တော့ မဟုတ်သေးဘူး။ ဒါတွေနောက်မှ စဉ်းစား၊ ခုလောလောဆယ်ရောက်တုန်းရောက်ခိုက် ဝင်လေ့လာသွားဦးမှပဲ။ ဒါမှ လူ့ပြည်ပြန်ရောက်တဲ့အခါ ဂျာနယ်မှာဆောင်းပါးရေးလို့ရမည်။ ဒါမှမဟုတ် ဆရာအောင်မောင်းတို့၊ ဆရာကျော်ရင်မြင့်တို့၊ ဆရာကိုရိုးကွန့်တို့လို ခရီးသွား အတွေ့အကြုံဆောင်းပါးတွေ ရေးနိုင်မည်။ ဓန၊ မြန်မာ့ဓာန၊ ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန် မဂ္ဂဇင်းတွေက စာမူခကောင်းကောင်း ပေးသည်ဟု ကြားဖူး၏။
သူသည် တံတားလေးပေါ် ဖြတ်လျှောက်လိုက်၏။ အလယ်လောက်အရောက်မှာပင် တစ်ဘက်ကမ်း တံတားထိပ်တွင် ဝုန်းခနဲ ဝုန်းခနဲ မီးလုံးကြီးများ ထွက်လာပြီးနောက် လူနှစ်ယောက်ပေါ်လာသည်။
သူတို့သည် အရပ်ခြောက်ပေကျော် ခုနှစ်ပေနီးပါရှိသော လူထွားကြီးများ ဖြစ်ကြ၏။ အလွန်တောင့်တင်း သန်မာကြပုံရသည်။ ပုဆိုးခါးတောင်းကျိုက်ထားပြီး အပေါ်ပိုင်းမှာ ဘာမှဝတ်ဆင်မထားကြ တစ်ယောက်က ခက်ရင်းခွလှံတံကြီး ကိုင်ထားသည်။ နောက်တစ်ယောက်က ပေါက်ဆိန်ကြီးကို ထမ်းထား၏။
တစ်ယောက်က လက်လှမ်းတားပြီး
" ရပ်လော့၊ ရပ်လော့ "
ဟုပြော၏။ မျောက်လူက
" ခင်ဗျားတို့ ဘာလုပ်ကြတာလဲ၊ ဂိတ်ကြေးတွေ မကောက်ရတော့ဘူးလို့ ညွှန်ကြားထားတယ်မဟုတ်လား "
ဟု ခပ်တည်တည် ပြန်ပြောသည်။ အစောင့်က
" ဘာတွေ လာပြောနေတာလဲ၊ နားမလည်ဘူး၊ မင်းနာမည် ဘယ်သူလဲ "
" မျောက်လူ "
" ရှာကြည့်စမ်းဟေ့ "
ဘေးကတစ်ယောက်ကို လှည့်ပြောလိုက်သည်။ အစောင့်တစ်ယောက်က သားရေစာအုပ်ကြီးကို လှန်ကြည့်ပြီး
" မတွေ့ဘူး "
" ကဲ... ဒီကိုလာရမယ့် စာရင်းထဲမှာ မင်းနာမည်မပါဘူး၊ ဒီကပဲ လှည့်ပြန်ပေတော့ "
" ဒီလိုပါ၊ ကျွန်တော်က ခဏအလည်လာတာပါ၊ ကြုံတုန်းဝင်ပြီး လေ့လာချင်လို့ "
" ဒါဆို ဖိတ်စာပါလား "
ဟိုက်၊ ဒီမှာလည်း ဖိတ်စာပြဿနာ ရှိတာပါလား၊ ဘာပဲဖြစ်ဖြစ် ဂျာနယ်သမားတွေနဲ့ ပေါင်းနေတာပဲ၊ ဒီလောက်တော့ ရပါတယ်ဟုတွေးပြီးခပ်တည်တည်ဖြင့်
" ကျုပ်က စာရေးဆရာဗျ၊ ဖိတ်စာ မလိုဘူး "
" ဒါ စူပါမားကက် မဟုတ်ဘူး၊ ဝင်ချင်တိုင်းဝင်လို့ ရတယ်မှတ်နေလား "
အင်း... ဒီလူတွေကြည့်ရတာ လူ့ပြည်မှာတုန်းက ဆေးရုံအပေါက်စောင့် လုပ်ဖူးတယ်ထင်တယ်ဟု တွေးပြီး အင်္ကျီအိတ်ထဲ လက်နှိုက်မည်ပြုစဉ်...
" အံမယ်ကြည့်စမ်း၊ လူ့ပြည်ကအပေါက်မျိုး လာချိုးနေတာကိုး၊ ဟေ့ သွားမလား၊ မသွားဘူးလား "
ဆိုပြီး ပေါက်ဆိန်ကြီးကို မြှောက်၍ရွယ်လိုက်၏။ ကိုင်း... ဒီလိုမှ မရရင်တော့ ရတဲ့နည်းကို သုံးရတော့မှာပေါ။ ထို့ကြောင့် လွယ်အိတ်ထဲတွင်ပါလာသော ပတ္တမြားကျောက်စီပုလင်းကိုထုတ်၍ မြှောက်ပြလိုက်ရလေသည်။
ထိုအခါကျမှ အစောင့်နှစ်ယောက်လည်း ပျာပျာသလဲ ဒူးထောက်ထိုင်ချလိုက်ပြီး....
" ဝမ်းပက်၊ ဝမ်းပက်၊ ဝမ်းဝမ်းပက် "
ဟုပြိုင်တူအော်၍ အရိုအသေပေးကြ၏။
သူတို့ကို ပတ္တမြားကျောက်စီပုလင်းထဲမှ နှစ်တစ်ထောင် ရှဉ့်မတက်ဥ စိမ်ထားသော ဘီအီးတစ်ပက်စီ တိုက်လိုက်သောအခါ အစောင့်များလည်း အငမ်းမရ မော့သောက်ကြပြီးနောက်....
" ဆရာ ဘယ်ကို သွားချင်လို့ပါလဲ အမိန့်ရှိပါ "
" ကျုပ် စာရေးဆရာတွေ ရှိတဲ့နေရာ သွားချင်တယ်၊ ကကတစ်စင်းလောက်ခေါ်ပေးစမ်းပါ "
" ဒီမှာ ကကတော့မရှိဘူး၊ နနပဲရှိတယ် "
" အဲဒီ နနပဲခေါ်ဗျာ "
သူတို့က ' နနတစ်စင်းလာထား 'ဟု အော်လိုက်သော အခါ စောစောကလို ဝုန်းခနဲ မီးခိုးလုံးကြီးတက်လာပြီးနောက် ဇာတ်သဘင်တွေထဲမှာ တွေ့ဖူးသော ပန်းရထားလို ယာဉ်တစ်စင်းပေါ်လာသည်။ တစ်ခုရှိတာက ဇာတ်ထဲက ပန်းရထားတွေလို ချပ်ဘီးမျိုးမဟုတ်ဘဲ သတ္တုစပ် အလွိုင်းဘီးတပ်ထားခြင်းပင် ဖြစ်၏။ ပန်းရထားမောင်းသူက
" ဘယ်သွားမလဲ အကြည်တော်၊ အဲ... သူငယ်ချင်းက ဘယ်လိုဖြစ်လာတာလဲ၊ လာချိန်လည်း မတန်သေးဘဲနဲ့ " ကဗျာဆရာဇောင်းထက်က မေးသဖြင့် " ကျွန်တော် ခဏလာလည်တာ ရောက်တုန်းရောက်ခိုက်လေ့လာချင်လို့၊ အဲ နေစမ်းပါဦး၊ ခင်ဗျားက ဒီမှာ တက္ကစီမောင်းနေတာလား "
" ဘယ်ကလာ တက္ကစီရမှာလဲ၊ ဒါကိုယ်ပိုင်ပါ၊ ကဗျာရေးနေရင်းက ခေါင်းကြည်လင်သွားအောင် အပြင်တစ်ပတ် ထွက်မောင်းရင်း မုခ်ဝက အကူအညီတောင်းသံကြားလို့ လာခဲ့တာ၊ ဒီမှာတော့ ဒီလိုပဲ ကြုံတဲ့ရထားက ကြုံသလို ခေါ်တင်သွားကြတာပဲ "
" ဩော် မသိပါဘူး၊ ဟိုပုဂ္ဂိုလ်တွေက နနလို့ပြောတာနဲ့ လူ့ပြည်က ကကလိုများလားလို့ "
" ဒီမှာတော့ ဒီလိုပဲ ခေါ်ကြတာပဲ "
ဇောင်းထက်ကို အကဲခတ်ကြည့်လိုက်သောအခါ နတ်ဝတ်နတ်စားနှင့် မဟုတ်ဘဲ စတစ်ကော်လာ ရှပ်အင်္ကျီဖြူနှင့် မာစရိုက် ချည်ချောလုံချည်သာ ဝတ်ထားတာတွေ့သဖြင့်....
" ခင်ဗျား အဝတ်အစားက..."
" ဩော်...ခင်ဗျားက ပြောင်ပြောင်လက်လက် ချွန်ချွန်တက်တက်တွေဝတ်ထားမယ်ထင်လို့လား၊ အဲဒါက ဇာတ်ထဲမှာဝတ်ကြတာပါ၊ ဒီမှာတော့ ကိုယ်ဝတ်နေကျအတိုင်းပဲ ဝတ်ကြတာပါပဲ "
" သူငယ်ချင်း ခုနပြောတဲ့အထဲမှာ ကဗျာရေးနေတယ်ဆိုတာ ပါတယ်နာ်၊ ကဗျာရေးပြီး ဘာသွားလုပ်မှာလဲ "
" မဂ္ဂဇင်းထဲထည့်မှာပေါ့ "
" ဒီမှာမဂ္ဂဇင်းရှိတယ် "
" ရှိတာပေါ့၊ စာရေးဆရာတွေ ကွယ်လွန်ပြီး နတ်ပြည်ရောက်သလိုပဲ မဂ္ဂဇင်းတွေလဲ ကွယ်လွန်တဲ့အခါ နတ်ပြည်ရောက်လာတာပဲလေ "
" ဘယ်လိုဗျ၊ ကျွန်တော် နားမလည်ဘူး "
" ဒီလိုလေ၊ လူ့ပြည်မှာထုတ်တဲ့ မဂ္ဂဇင်းတွေထဲက ဆက်မထုတ်နိုင်ဘဲ ရပ်သွားတဲ့ မဂ္ဂဇင်းတွေဟာ ကွယ်လွန်ကုန်ကြတဲ့သဘောပဲ မဟုတ်လား၊ အဲဒီမဂ္ဂဇင်းတွေကို နတ်ပြည်မှာ ဆက်ထုတ်ကြတာပေါ့ "
" တယ်ဟုတ်ပါလားဗျ "
" ဟိုမှာရော မဂ္ဂဇင်းတွေ အခြေအနေ ဘယ်လိုရှိလဲ "
" ဒီလိုပါပဲ....၊ တချို့မဂ္ဂဇင်းတွေကတော့ အဆင်ပြေကြပါတယ်၊ အများစုကတော့ မပြုတ်အောင် အတော်ကြိုးစားရပ်တည်နေကြရတာ ခင်ဗျားတို့ဆီမှာ မဂ္ဂဇင်းတွေ တိုးကောင်းတိုးလာနိုင်တယ်ဗျို့၊ ဂျာနယ်တွေကတော့ တော်တော်များတယ်၊ ဂျာနယ်တစ်ခေတ်လို့တောင် ဆိုနိုင်တယ် "
" ရေးစရာ၊ နေရာများလာတော့ စာရေးဆရာတွေအတွက် ကောင်းတာပေါ့ဗျာ၊ ကဗျာတွေ အခြေအနေကော ဘယ်လိုရှိလဲ "
" ကဗျာကတော့ အခြေအနေကောင်းတယ်ပြောရမှာပဲ၊ ပုံသဏ္ဌန်ရော အကြောင်းအရာပါ ပိုပြီးဆန်းသစ်တဲ့ကဗျာတွေ ရေးလာကြတယ်၊ လူငယ်ကဗျာဆရာတွေလည်း အများကြီးထွက်လာတယ်၊ တော်ကြပါတယ် "
" ဒါဆိုရင်တော့ ဝမ်းသာစရာပဲ၊ အဲဒါနဲ့ ခင်ဗျားဘယ်သွားချင်သလဲ ပြောဦးလေ"
" ကျွန်တော့်အဖေဆီ သွားချင်တယ် "
" ဆရာသာဓုက ဆရာကြီးတွေချည်းပဲ စုပြီးနေတဲ့ နေရာမှာဗျ၊ လူကြီးတွေ စိတ်အေးချမ်းသာ နေလို့ရအောင်ဆိုပြီး ဆိတ်ငြိမ်ရပ်ကွက်မှာ နေရာပေးထားတာ၊ ပြီးမှ အေးအေးဆေးဆေး သွားတာပေါ့ "
" ခင်ဗျားတို့ကျတော့ ဘယ်မှာနေကြလဲ "
" ခြောက်ထပ်ဗိမာန်တွေမှာ ကိုယ့်အခန်းနဲ့ကိုယ်နေကြတာပဲ "
" ခင်ဗျားတို့ကျတော့ သီးခြားဗိမာန်မရဘူးလား "
" လိုချင်ရင်တော့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့ဆီ လျှောက်လို့ရပါတယ်၊ ဒါပေမယ့် ဘာလုပ်မှာလဲ၊ ခုလို လူငယ်တွေစုပြီးနေရတာက ပိုပြီး ပျော်စရာကောင်းတာပေါ့ ဆရာဒေါင်းနွယ်ဆွေတောင် သူရတဲ့ ဗိမာန်ကြီးက ခမ်းနားလွန်းလို့ မနေတတ်ဘူးဆိုပြီး ကျွန်တော်တို့ဆီမှာ မကြာခဏ လာနေတတ်တယ် "
" ဆရာဒေါင်းက ဒေါသကြီးတုန်းပဲလား "
" ထုံးစံအတိုင်းပဲ၊ ဒါပေမယ့် ဆရာ့ဒေါသက အတ္တနဲ့ယှဉ်တဲ့ဒေါသမှ မဟုတ်ဘဲ၊ ကဗျာဒေါသကိုး၊ အားလုံးက ကျေနပ်ကြပါတယ် "
" ခင်ဗျားတို့ စုပြီးနေကြတာ ဘယ်သူတွေရှိလဲဗျ "
" ဆရာမောင်လေးအောင်က အကြီးဆုံးပေါ့၊ ဆရာမောင်လူမှိန်လဲရှိတယ်၊ ခင်ဗျားတို့အုပ်စုထဲက တိုးမိုးလည်းရှိတယ် "
" အေးဗျာ တိုးမိုးနဲ့လည်းတွေ့ချင်သေးတယ်၊ ဒီကောင် ခုထိအပျင်းထူတုန်းပဲလား "
" အကျင့်ဆိုတာကတော့ ဖျောက်နိုင်ခဲသားပဲ၊ သူ့အခန်းထဲမှာ တကုပ်ကုပ်နဲ့ရေးနေတာတော့ တွေ့တွေ့နေတာပဲ၊ များသောအားဖြင့်တော့လှိမ့်အိပ်နေတာပဲ "
" တခြားကော ဘယ်သူတွေရှိသေးလဲ "
" ပန်းချီတဂိုးမျိုးလဲ ရှိတယ်၊ ဒါပေမယ့်သူက ဆရာဗဂျီအောင်စိုးဆီ သွားနေတာများတယ် "
" ဆရာကြီး သခင်ကိုယ်တော်မှိုင်းက နာယက၊ ဆရာကြီး ဂျိမ်းလှကျော်က ဥက္ကဋ္ဌ၊ ဆရာသိပံ္ပမောင်ဝက အတွင်းရေးမှူး၊ ဆရာပီမိုးနင်း၊ ဆရာကြီး ဒဂုန်ရွှေမျှား၊ ဆရာဇော်ဂျီ၊ ဆရာကြီးဦးရန်အောင်၊ ဆရာဦးခင်မောင်လတ်တို့က အဖွဲ့ဝင်တွေ "
" ဟိုတလောက ဆရာမကြီး ဒေါ်ခင်မျိုးချစ်လိုက်လာတော့ ဆရာလတ်ကြီး ပျော်မသွားဘူးလားဗျ "
" ပျော်တာပေါ့၊ ဘာဖြစ်လို့ ခုမှလိုက်လာတာလဲလို့တောင် အပြစ်တင်သေးတယ်၊ ဆရာမကြီးက ကျုပ်ကရှင်သွားပြီးကတည်းက လိုက်လာချင်တာ၊ ဟိုက စာရေးဆရာတွေက အတင်းဆေးကုပြီး ဝိုင်းဆွဲထားလို့ ဆိုပြီး ချော့လိုက်မှကျေနပ်သွားတာ "
ပန်းရထားသည် လှစ်ခနဲ လှစ်ခနဲ ပြေးနေ၏။ လမ်းတွေက စကျင်ကျောက်လို ဖြူဖွေးပြီး တိမ်တောင်တိမ်လိပ်တွေက မိုးပေါ်မှာမဟုတ်ဘဲ မြေပေါ်မှာပင်။ ဇောင်းထက်စောစောကပြောခဲ့သော လူငယ်တွေ စုပေါင်းနေကြသည့် ခြောက်ထပ်ဗိမာန်များ၊ လုံးချင်းဗိမာန်များကို မြင်ရသည်။
" ခင်ဗျား ဘယ်ကို အရင်သွားချင်တယ်ဆိုတာ ပြောဦးလေ "
ဟုဇောင်းထက်က သတိပေးသည်။ ရင်းရင်းနှီးနှီး ပြောမနာဆိုမနာရှိနိုင်မည့်သူတစ်ယောက်ကိုစဉ်းစားမိသည်။
" အစ်ကိုကြီးငြိမ်းကျော်ဆီကို ပို့ပေးပါ "
" အတော်ပဲ ဒီဘက်လမ်းချိုးသွားရုံပဲ "
သူကပြောပြီး ရထားကို ဘယ်ဘက်ကွေ့လိုက်၏။ ကွေ့တယ်ဆိုရာမှာ ကားတွေလို စတီယာရင်ကိုလှည့်ပြီး ကွေ့ခြင်းမျိုးမဟုတ်။ ဘယ်လက်ကိုဆန့်ထုတ်ပြီး ညွှန်လိုက်ရုံဖြင့် အလိုလိုကွေ့သွားခြင်းဖြစ်၏။
" ခင်ဗျားယာဉ်က တယ်ဟုတ်ပါလား၊ ဒါနဲ့ ဒီပန်းရထားက ရှေ့ယက်လား၊နောက်ယက်လား "
" အရေးထဲနောက်နေပြန်ပါပြီ "
ထိုစဉ်ရှေ့မှ ပန်းရထားတစ်စင်း အရှိန်ပြင်းစွာ နှင်လာသည်။ မောင်းလာသူက ဆရာအထောက်တော်လှအောင်။ မျောက်လူက လှမ်းနှုတ်ဆက်သည်။ ဆရာသည် ရေးကြီးသုတ်ပျာနိုင်လှ၏။ ကောင်းကောင်းတောင်စကားမပြောလိုက်ရ။
" အောင်ပြည့်တစ်ယောက်နေကောင်းရဲ့လား၊ ဝင်းငြိမ်းရော၊ မြတ်ခိုင်ရော "
ဟု သတိရသမျှ လှမ်းအော်မေးရင်း တစ်စတစ်စဝေးသွားသည်။
ဇောင်းထက်၏ပန်းရထားသည် လမ်းချိုးကလေးတစ်ခုထဲတွင် ကွေ့ဝင်သည်။ ဂရင်းနိုက်လို ကျောက်သားမျိုးဖြင့် ဆောက်ထားသော ဗိမာန်တစ်ခုရှေ့မှာရပ်သည်။
" ဒါ ဆရာငြိမ်းကျော်ရဲ့ဂေဟာပဲ၊ ခင်ဗျား ပြန်ချင်တဲ့အချိန်ကျရင် လာထားလို့ သုံးခါအော်လိုက် "
ဟုပြောပြီး ထွက်သွားသည်။
အဆောက်အဦထဲသို့ ဝင်လိုက်၏။ ဆရာငြိမ်းကျော်သည် ကြမ်းပေါ်မှာ ဖျာကလေးခင်း ဝမ်းလျားမှောက်ပြီး ရင်ဘတ်အောက်မှာ ခေါင်းအုံးကလေးခုလျက် စာရေးနေသည်။
" အစ်ကိုကြီး "
မော့ကြည့်ပြီး အံ့ဩသွားသည်။
ပြီးမှ
" ဟာ... ဟေ့ကောင် မင်းလာလည်တာ မဟုတ်လား "
ထထိုင်ရင်းမေးသည်။
" အံမယ် ကျွန်တော်လာလည်ရုံသက်သက်ပဲဆိုတာ ဘယ်လိုသိလဲ "
" သိတာပေါ့ကွ၊ မင်းကိုယ်က လူစော်နံနေသေးတာကိုး၊ တို့ဆီက ပုဂ္ဂိုလ်တွေမှာ ကိုယ်နံ့လုံးဝမရှိဘူးကွ "
" အစ်ကိုကြီး ဘာတွေရေးနေတာလဲ "
" ဟိုမှာတုန်းက မပြီးပြတ်သေးတာလေး ဆက်လုပ်နေတာပါကွာ၊ ပျူခေတ်ဂီတအကြောင်း သုတေသနစာတမ်းလေ၊ ဒါနဲ့ မင်းအတူးဆီရောရောက်သေးရဲ့လား " သူ့ဇနီးကို သတိတရမေးသည်။
" အရင်ကတော့ ဆွမ်းကျွေးရှိတိုင်း ရောက်ပါတယ်၊ ခုနောက်ပိုင်း မရောက်ဖြစ်တာ နည်းနည်းကြာသွားပြီ "
" ဒီရောက်တော့ မင်းအဖေဆီ သွားပြီးပြီလား "
" မသွားရသေးဘူး၊ အစ်ကိုကြီးဆီ အရင်ဆုံးဝင်လာတာ "
" ဒီအချိန်သွားလဲ မင်းအဖေ နိုးမှာ မဟုတ်သေးဘူး "
" အဖေဒီမှာနေရတာ အဆင်ပြေရဲ့လား "
" ပြေပါ့ဗျာ၊ မင်းအဖေက သူ့ရဲ့ ရေးဖော်ရေးဖက်တွေနဲ့ ပြန်တွေ့နေလို့ ဟန်ကျနေတယ်။ ဆရာတင့်တယ်၊ ဆရာသန်းဆွေ၊ ဆရာအောင်လင်း၊ ဆရာသော်တာဆွေ၊ ဆရာစိန်ခင်မောင်ရီတို့လေ၊ ပဒေသာမဂ္ဂဇင်း ပြန်ထုတ်ဖို့တောင် ကြိတ်ပြီးတိုင်ပင်နေတယ် ကြားတယ်၊ ခုလောလောဆယ်ရှုမဝမှာ ရေးနေကြတယ်ကွ "
" ဩော် ရှုမဝလဲ ပြန်ထွက်နေတာကိုး၊ ဦးလေးဆွေနဲ့ ဦးလေးကျော် ပြန်ဆုံကြပြီပေါ့ "
" အစစ်ပဲ၊ ရှုမဝဦးကျော်က ဆရာသော်တာဆွေကို ကိုရင့်စက်ကွင်းကလွတ်ပြီဆိုပြီး ဝမ်းသာနေတာ၊ အခုတော့ ကိုရင်ဟာ ဒီအထိလိုက်လာပြီး ကျုပ်ကို ဒုက္ခပေးဦးမလို့လားဆိုပြီး ခဏခဏပြောတယ်တဲ့ "
" ဦးလေးဆွေက ဦးလေးကျော်ကို စိတ်တိုအောင် အမြဲစ,နေ နောက်နေကျကိုး "
မျောက်လူက ရယ်ရင်းပြောသည်။ ဆက်၍
" ဒါနဲ့ ဦးလေးကိုတင်အောင်ကော "
" ဆရာဗန်းမော်တင်အောင်လား၊ သူကတော့ ဒီမှာ ဖေးဗရိတ်ပဲလေ၊ အားလုံးက ချစ်ကြခင်ကြ၊ လေးစားကြတယ် မဟုတ်လား၊ မင်းအဖေဆိုရင် သူ့ကို ခဏခဏဖိတ်ပြီး စကားတွေ ထိုင်ပြောလိုက်ကြတာ တစ်ခါတစ်ခါ သုံးလေးရက်တောင် ကြာတတ်တယ် "
" ဆရာမြရော၊ ဒီကို ရောက်လာပြီမဟုတ်လား "
" အေးလေ၊ ရောက်လာလို့ ကြိုဆိုပွဲတောင် အကြီးအကျယ်လုပ်ကြသေးတယ် "
" ဆရာမြသန်းတင့်နဲ့လည်းတွေ့ချင်သေးတယ် "
" သူမရှိဘူး၊ ခရီးသွားနေတယ် "
" ဟင်..ရောက်တာမှမကြာသေးဘူး "
" ဆရာမြအကြောင်း မင်းသိသားပဲ၊ ခရီးသွားရတာကို သိပ်ဝါသနာပါတယ် မဟုတ်လား၊ ဒီကြားထဲ အလုပ်မရှိရင် မနေတတ်တဲ့ ဆရာမင်းကျော်ရယ်၊ ငြိမ်နေရင် မအီမသာဖြစ်တတ်တဲ့ မောင်နေဝင်းရယ်နဲ့ ပေါင်းမိတော့ နတ်ပြည်ခြောက်ထပ်တစ်ခွင် ပြဲပြဲစင်အောင် လေ့လာရေးခရီးထွက်နေကြလေရဲ့ကွာ"
" နင်ရောက်တယ်လို့ ဇောင်းထက်ကပြောလို့ လာခဲ့တာ "
ဟုပြောသည်။ ရုတ်တရက် မမှတ်မိ။ သေသေချာချာ ကြည့်တော့မှ
" ဟင် အစ်မ၊ ကြည့်စမ်း၊ ရုတ်တရက် မမှတ်မိဘူး၊ အသားတွေဖြူပြီး ပိုချောလာတယ် "
သူကား ဆရာမမိုးမိုး(အင်းလျား)ပင်တည်း။
" နင် အဲဒီလို မြှောက်ပင့်ပြောရင် ငါလန့်တယ်၊ ဆရာကောက်လှိုင်းပြောလို့ ငါသိပြီးပြီ၊ နင်က စာရေးဆရာတွေကို ဇာတ်ကောင်လုပ်ပြီး ပေါက်ကရတွေ ရေးနေတယ်ဆို "
" စာပေသမားတွေ ပျော်စေချင်လို့ပါဗျာ "
" ငါ့ကိုတော့ ချမ်းသာပေးပါဟယ်၊ နင်ရေးချင်ရင် မစန္ဒာအကြောင်း များများရေး "
" ဒါတော့စိတ်ချပါ "
" ဟဲ့၊ သူက စာသိပ်မရေးတော့ဘူးဆို "
" ဟုတ်တယ်၊ ဆောက်လုပ်ရေးဘက်မှာ အလုပ်များနေလို့ မအားဘူး "
" ဟယ်... တိုက်တွေဆောက်တာ ဘယ်သူဆောက်ဆောက်ရပါတယ်၊ စာက လူတိုင်း ရေးနိုင်တာ မဟုတ်ဘူး "
" ဟာ.... ဟုတ်တယ်၊ ဟုတ်တယ်၊ အစ်မကြီးမစန္ဒာနဲ့တွေ့ရင် အဲဒါပြောပြရမယ် "
" ကဲ... ငါလဲသွားဦးမှ၊ တွေ့ချင်လို့သာ ဝင်လာတာ၊ သွားစရာရှိသေးတယ်၊ ဒီနေ့ဆွေးနွေးပွဲရှိတယ်၊ သတင်းစာပညာအကြောင်းကို ဆရာသိန်းဖေမြင့်ရယ်၊ ဆရာဦးညိုမြရယ်၊ ဆရာလူထုဦးလှရယ်က ဦးဆောင်ဆွေးနွေးကြမှာ "
" ကျွန်တော်လည်းနားထောင်ချင်လိုက်တာ "
" မရဘူးဟ၊ ကြိုတင်စာရင်းပေးထားတဲ့လူမှ တက်ခွင့်ရတာ၊ ကိုငြိမ်းကျော်ရော မတက်ဘူးလား "
" လာခဲ့မယ်၊ ဒီကောင့်ကို သူ့အဖေဆီ လိုက်ပို့ပေးလိုက်ဦးမယ် "
ဆရာမမိုးမိုးအင်းလျား ထွက်သွားပြီးနောက် ဆရာကိုငြိမ်းကျော်က သူ၏ပန်းရထားဖြင့် ဆရာကြီးများနေထိုင်ရာ အရပ်သို့လိုက်ပို့ပေးသည်။ သွားရင်းက ဗိမာန်ကြီးများကို ညွှန်ပြပြီး " ဒါက ဆရာကြီး မဟာဆွေရဲ့ ဗိမာန်၊ ဟိုဘက်က ဆရာကြီး ဦးရန်အောင်နေတာပေါ့ " စသည်ဖြင့် ညွှန်ပြသွား၏။
ဆရာကြီးများနေသော နေရာမှာ မြို့တော်၏ဆိတ်ငြိမ်အေးချမ်းသော နေရာဖြစ်၏။ သစ်ပင်အုပ်များကြားတွင် လျှိုမြောင်စိမ့်စမ်းဖြင့် အလွန်သာယာသည်။ ကျောက်စိမ်းတောင် တောင်ကုန်းများပေါ်မှ ရွှေမှုန်၊ ငွေမှုန်များက ရေတံခွန်လို စီးကျနေသည်။ သစ်ပင်များပေါ်တွင် တစ်ခါမှမမြင်ဖူးသော ပုံသဏ္ဌန်မျိုးစုံရှိသည့် ရောင်စုံပန်းများဖူးပွင့်နေသည်။
" ကဲ ရောက်ပြီ၊ ဟောဒါ ဆရာသာဓုရဲ့ဗိမာန်ပဲ "
အဖေ့ဗိမာန်ကို သူ့အကြိုက်မီးခိုးရောင် သုတ်ထားသည်။ ပုံသဏ္ဌန်က သူ၏စာသဘင်စာအုပ်တိုက် တံဆိပ်လို စာအုပ်ပုံပါဝင်သော ကျောက်တိုင်ကြီးထောင်ထားသည့်အတိုင်းဖြစ်၏။
" တံခါးပိတ်ထားတယ်ကွ၊ မနိုးသေးဘူးထင်တယ် "
ထိုစဉ် တစ်ဘက်မှ လှမ်းအော်သံကြားရသည်။
" ဟေ့ ဘယ်သူတွေလဲကွ၊ ဒီအချိန် သာဓုမနိုးသေးဘူးဆိုတာ မသိဘူးလား "
အသံကြားရာကို လှမ်းကြည့်လိုက်တော့ ဆရာသော်တာဆွေ။
" ဟာ... ဦးလေးဆွေ "
" ဟယ်... ခွေးပစ်တဲ့တုတ်ပါလား၊ ဘယ်ကဘယ်လို ရောက်လာတာလဲ "
ခေါ်နေကျအတိုင်း နှုတ်ဆက်သည်။
" ကျွန်တော်ခဏလာလည်ရင်း အဖေ့ဆီလာတာ "
" ဟ...ကိုယ့်အဖေအကြောင်း ကိုယ်မသိဘူးလား၊ ဒီကောင်က ဇီးကွက်လိုပဲ၊ လူတွေအိပ်တဲ့အချိန် အလုပ်လုပ်ပြီး သူများတွေနိုးရင် သူက အိပ်ရော၊ ကဲ... လာလာ ငါနဲ့ စကားလေးဘာလေးပြောရင်းစောင့်ပေါ့ကွာ "
ဆရာသော်တာဆွေဘက်ကူးလာခဲ့သည်။ သူ၏ဗိမာန်ကတော့ ပုံဆန်းဆန်းဖြစ်၏။ ပုလင်းတစ်လုံးထောင်ထားသည့်ပုံဖြစ်ပြီး ထိပ်မှာ ကြက်နှစ်ကောင်ခွပ်နေပုံ ရုပ်ထုကို တပ်ထားသည်။
" ဟို လူပိန်သလောက် အသံပြဲတဲ့ကောင်၊ မင်းလည်းလာလေကွာ "
ဆရာငြိမ်းကျော်ကို လှမ်းခေါ်သည်။
" ကျွန်တော် သတင်းစာပညာဆွေးနွေးပွဲသွားမလို့ဆရာ၊ မဝင်တော့ဘူး၊ ဒီကောင့်ကို လိုက်ပို့တာ "
ဟုပြောပြီး ဆရာငြိမ်းကျော် ထွက်သွားသည်။
" လာကွာ ဒီမှာပဲထိုင်တော့ "
အပြင်ဘက်ရှိ ကျောက်သားထိုင်ခုံမှာထိုင်ခိုင်းသည်။ ကျောက်စားပွဲဝိုင်းကြီးဘေးမှာ ထိုင်ခုံကလေးတွေ ခင်းထားခြင်းဖြစ်၏။ ကျောက်သားဆိုသော်လည်း ထိုင်ချလိုက်သောအခါ အိအိစက်စက် နွေးနွေးထွေးထွေးရှိလေသည်။
" ကဲ၊ မင်းက ဧည့်သည်ဆိုတော့ ငါကပဲ ဧည့်ခံရမှာပေါ့ကွာ "
ဆိုပြီး ဆရာသော်တာဆွေက ကျောက်စားပွဲအောက်မှ ပုလင်းတစ်လုံးကို ထုတ်ပြီး စားပွဲပေါ်တင်သည်။
" ဟာ... ဦးလေး ကျွန်တော်မသောက်ဘူး "
" လုပ်မနေစမ်းပါနဲ့ကွာ၊ မင်းခွက်ပုံးဆိုတာ ငါသိပါတယ်၊ ငါနဲ့ညောင်တုန်းဟောပြောပွဲ လိုက်လာတုန်းကတောင် တစ်ခွက်တစ်ဖလား ဝင်နှိပ်သေးတာပဲ မဟုတ်လား "
" ကျွန်တော် အခုမသောက်တော့.... "
" ဘာလဲ မင်းအဖေ သိမှာကြောက်လို့လား၊ ကိစ္စမရှိပါဘူး၊ ဒီဟာက အနံ့လုံးဝမထွက်ဘူး၊ မင်းတို့ဆီက ဟာတွေလိုမှတ်နေလို့လား ဒါ စပယ်ရှယ်ကွ၊ ဟိုမှာ ဒါမျိုးမရဘူး၊ ကြုံတုန်းကြုံခိုက် ချသွားစမ်းပါ၊ လူ့ပြည်ပြန်ရောက်တဲ့အခါ ကိုပိုက်တို့ ကြွားလို့ရတာပေါ့ "
ဒါမျိုးက ကြုံရဆုံရခဲသည်။ အခွင့်အရေးရတုန်း မြည်းစမ်းကြည့်သင့်သည်။ ဟိုပြန်ရောက်တဲ့အခါ မင်းခိုင်ဦးတို့၊ နောင်ဝင်းထွန်းတို့ကို ပြန်ပြောလျှင် ဘယ်လောက်မနာလို ဖြစ်ကြမလဲလို့၊ ကာတွန်းဝင်းအောင်တို့၊ စောမင်းဝေတို့၊ ဆွေမင်း(ဓနုဖြူ)တို့ဆိုလျှင်တော့ သူတို့အတွက် မယူလာရကောင်းလားဆိုပြီး စိတ်ကောက်ချင်ကောက်ကြလိမ့်မည်။
ဆရာသော်တာဆွေက ကျောက်စိမ်းနှင့် ပြုလုပ်ထားသည်ဟု ယူဆရသော ခွက်၂ခွက်ထဲသို့ ငှဲ့ထည့်လိုက်သည်။
" ကဲ၊ ချကွာ "
သူက ခွက်ယူကြည့်လိုက်၏။ ခွက်ထဲမှာ အရည်များမဟုတ်ဘဲ အခိုးအငွေ့များ ဖြစ်နေ၏။
" ဒါက ဘယ်လိုဖြစ်တာလဲ ဦးလေးရဲ့ "
" တို့ဒေဝတာတွေဟာ အငွေ့ကိုပဲ စားသုံးကြတယ်လေကွာ "
" ဒါဖြင့် ကျွန်တော်က ဘယ်လို "
" လွယ်ပါတယ်၊ အဲဒီအငွေ့တွေကို ဆေးလိပ်သောက်သလို ရှိုက်သွင်းလိုက်ပေါ့၊ ဒီမှာကြည့် "
ဆရာသော်တာဆွေက လုပ်ပြသည်။ သူလည်းလိုက်လုပ်၏။ ခွက်ထဲက အခိုးအငွေ့များကို ပါးစပ်နှင့်စုပ်ယူပြီး ဆေးလိပ်မီးခိုးကို ရှိုက်သလိုရှိုက်လိုက်သည်။
အနံ့က အလွန်မွှေးကြိုင်သည်။ ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွားပြီး ခဏအကြာမှာ အလွန်ထူးခြားသော ခံစားမှုကို ရလိုက်၏။
" ဘယ်လိုလဲကွ "
" တော်တော်ကောင်းတာပဲ ဦးလေး၊ ဒါနဲ့ဦးလေးကို ကျွန်တော် တစ်ခုမေးရဦးမယ်၊ စာရေးဆရာတွေ ကွယ်လွန်ရင်ကောင်းရာ သုဂတိကိုရောက်ကြတာပဲလား "
" ဒါပေါ့ကွ စာရေးဆရာဆိုတာ ကိုယ်က လူပင်ပန်း၊ စိတ်ပင်ပန်း ဆင်းရဲခံပြီး အများအတွက် ဆောင်ရွက်ကြတာကိုး၊ ပရဟိတာစိတ်ရှိတဲ့ လူတွေပဲလေကွာ "
ထိုအခိုက် လမ်းမကြီးပေါ်မှ မြင်းဖြူကြီးတစ်ကောင်ကို အသားကျစီးလာသော လူကြီးတစ်ယောက်ကိုလှမ်းမြင်လိုက်ရ၏။ သူသည်အရပ်မြင့်မြင့်ကြံ့ခိုင်သော မေးရိုးရှိပြီး မျက်နှာထားက ဣနြေ္ဒကြီးလှသည်။ ဆေးတံခဲထားသည်ကို မြင်တော့မှ
" ဟာ... ဆရာကြီး ရွှေဥဒေါင်းမဟုတ်လား "
" အေးဟုတ်တယ်ကွ၊ ဝှက်ထား၊ ဝှက်ထား "
ဆိုပြီး ပုလင်းနှင့်ခွက်ကို စားပွဲအောက် ဝှက်ထားသည်။ ဆရာကြီးလွန်သွားမှ ပြန်တင်ပြီး
" ဦးကြီးက ဆရာကြီးမြမျိုးလွင်ဆီ သွားတာကွ၊ သူတို့နှစ်ယောက်နေ့တိုင်း ဒိဋ္ဌေဒိဋ္ဌမေတံ္တကျင့်စဉ်အကြောင်း ဆွေးနွေးကြတယ်၊ လက်တွေ့လည်း ကျင့်ကြတယ် "
ဆရာကြီးသွားရာဘက်သို့လှမ်းကြည့်လိုက်၏။ ဆရာကြီး၏ မြင်းနောက်မှခွေးလေးတစ်ကောင် ပြေးလိုက်သွားတာတွေ့လိုက်၏။
" ဆရာကြီးရဲ့အချစ်တော် ဘော်ဘီလေကွာ "
" ကဲ ကဲ ချလိုက်ဦးကွ "ဆိုပြီး တစ်ခွက် ထပ်ငှဲ့ပေးသည်။ အငွေ့များကို တစ်ရှိုက်ရှိုက်လိုက်ပြီးနောက် အဖေ့ဗိမာန်ဘက်လှမ်းကြည့်၏။ တံခါးပိတ်ထားတုန်း။
" ဖေဖေနဲ့ဦးလေးက ရန်ဖြစ်ကြတုန်းပဲလား "
ဦးလေးဆွေက ရယ်လိုက်ပြီး
" ဘာပြောကောင်းမလဲကွာ၊ တကျက်ကျက်ပေါ့၊ ဒါပေမယ့် မင်းသိတဲ့အတိုင်း ငါတို့သူငယ်ချင်းနှစ်ယောက်က ဒီနေ့ရန်ဖြစ်လိုက်၊ နောက်နေ့ ကျတော့လည်း လည်ပင်းဖက်ပြီး ရယ်လိုက်မောလိုက်နဲ့ ငါတို့နှစ်ယောက်ရှိလို့ စိုစိုပြည်ပြည် ဖြစ်နေတာလို့ တင့်တယ်တို့ သန်းဆွေတို့ကတောင် ပြောသေးတယ် "
" အဖေကတော့ ဘုဂလန့်ကျတုန်းပဲလား "
" ထုံးစံအတိုင်းပေါ့၊ နတ်သဘင် အစည်းအဝေးကျရင် သိကြားမင်းကို ခွကျကျမေးခွန်းတွေ ထထမေးတတ်တယ်ကွ၊ ဟိုက ပြန်ရှင်းတာကျတော့ သူကမကြားလို့ ငါက အော်အော်ပြီး ပြန်ပြောပြရတယ် "
" ဟင် ကျွန်တော်ကြားဖူးတာက နတ်တွေဟာ ဒိဗ္ဗစက္ခုရတယ်ဆို ဒါဆို ဒိဗ္ဗသောတရယ်လို့ မရနိုင်ဘူးလား "
" မင်းလဲ မင်းအဖေလိုပဲ၊ တော်တော် ကပ်သီးကပ်သပ်တွေ ပြောတတ်တယ် ဟား... ဟား "
ပြိုင်တူရယ်လိုက်ကြပြီးနောက် ခွက်များကို မြှောက်၍ တစ်ရှိုက်ရှိုက်မည်ပြုစဉ် နောက်ဘက်က တစ်စုံတစ်ယောက်က ဆတ်ခနဲ လုယူသွား၏။ လန့်ပြီး လှည့်ကြည့်တော့....
" ဟင် ဖေဖေ "
အဖေသည် အလွန် ဒေါသထွက်နေသော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။
" မင်း... မင်း ဘာလုပ်တာလဲ၊ ဒါ... "
ခွက်ကိုနမ်းကြည့်၊ နှာခေါင်းရှုံ့ပြီး လွှင့်ပစ်လိုက်၏။ ထို့နောက်လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ပြီး ရွယ်လိုက်စဉ်....
" ဟာ... ဦးလေးဆွေ.. ကယ်ပါဦး "
ဆရာသော်တာဆွေ၏ နောက်သို့ ပြေးဝင်ပြီး အကာအကွယ်ယူလိုက်သည်။
" ဟေ့.. ဟေ့... သိပ်ဒေါသမကြီးနဲ့လေ၊ ငါ...ပြောပါရစေဦး "
ဆရာသော်တာဆွေက ဟန့်တားလိုက်ရာ အဖေက လက်ညှိုးငေါက်ငေါက်ထိုးပြီး...
" ဟဲ့... ငသော်တာ၊ နင်က ဘာကောင်လဲ၊ ငါ့သားတွေကို လူ့ပြည်မှာတုန်းက အရက်တိုက်တာ အားမရသေးလို့ ဒီအထိခေါ်ပြီး တိုက်တာလား ဟဲ့ ကြက်သမားရဲ့.... "
" အောင်မာ၊ ဒီမှာ သာဓု နားထိုင်းရဲ့၊ နင့်သားတွေက သူတို့ဘာသာတခြားမှာ သောက်တတ်လာပြီးမှ ငါနဲ့လာတွဲတာဟဲ့၊ ရမ်းမပြောနဲ့၊ အခုလဲ နင်သောက်အိပ်ကြီးနေလို့ ငါက အကောင်းဧည့်ခံထားရတာ "
" ဘာမှ စကားရှည်မနေနဲ့ ဖယ်ပေး၊ ဟေ့ကောင်.. ထွက်ခဲ့ "
အဖေက ရှေ့တိုးလာသည်။ ဆရာသော်တာဆွေက ဆီးကာထားပြီး
" ဟေ့ကောင်လေး ပြေးတော့... ပြေးတော့လေ "
သူလှစ်ခနဲ လှည့်ပြီးပြေးသည်။ ပြီးမှ သတိရသည်။ အဖေနှင့် တွေ့ခွင့်ရဖို့ဆိုတာ ရှားရှားပါးပါးအခွင့်အရေး။ ရိုက်ချင်ရိုက်၊ ထိုးချင်ထိုးစေတော့ဆိုပြီး ပြန်လှည့်လိုက်၏။
ဆရာသော်တာဆွေက အဖေ့ကိုရှင်းပြနေ၏။
" ဒီမှာ သာဓုရဲ့၊ ဒါအရက်မဟုတ်ပါဘူး၊ မဉ္ဇူသက အသက်ရှည်ဆေးပါ၊ ဒီကိုရောက်ကတည်းက ငါမသောက်တော့ဘူးဆိုတာ နင်သိသားပဲ မဟုတ်လား၊ အခုဟာက နင်ဒေါသဖြစ်တာ မြင်ချင်လို့ တမင်တကာ အရက်သောက်ချင်ယောင်ဆောင်ပြီး နင့်ကိုစတာပါ ဟား... ဟား... "
ဆရာသော်တာဆွေက ရယ်သည်။ အဖေက ဘုကြည့်ကြည့်လိုက်၏။ ထို့နောက် သူ့ဘက်လှည့်ကြည့်သည်။ သူသည် အဖေ့ရှေ့မှာ ဒူးတုပ်ထိုင်ချလိုက်ပြီး ကန်တော့သည်။ ပြီးတော့ ဆရာသော်တာဆွေကိုပါ ကန်တော့သည်။ ပြန်မော့ကြည့်လိုက်တော့....
အဖေသည် လက်သီးဆုပ်ထားရာမှ ဖြေလျော့လိုက်သည်။ မျက်နှာပေါ်မှတင်းမာမှုတွေလည်း ပျောက်သွား၏။ ဆရာသော်တာဆွေက ပြုံးကြည့်နေသည်။ အဖေက မေးသည်။
" မင်းအမေ နေကောင်းလား "
" ဟုတ်ကဲ့ ကောင်းပါတယ် "
" ဟိုကောင်တွေရော... "
" ကောင်းပါတယ် "
" မင်းတို့မိန်းမနဲ့ ကလေးတွေရော... "
" ကောင်းပါတယ် "
" ဒါဆိုပြီးရော "
ဆိုပြီး လှည့်ထွက်သွား၏။ ခပ်လှမ်းလှမ်းရောက်မှ တစ်ချက်ငဲ့ကြည့်ပြီး...
" မင်းပြန်တော့၊ မင်းအနေနဲ့ ဒီကိုရောက်ဖို့ အချိန်တွေ အများကြီးလိုသေးတယ်၊ အေး... တစ်ချိန်ချိန် ဒီလိုမြင့်မြတ်တဲ့နေရာမျိုးရောက်ချင်ရင် စာဖတ်ပရိတ်သတ်ကို ငါ့ကိုယ်စား ရိုရိုသေသေ လေးလေးစားစား စေတနာထားတတ်ရမယ်... ဒါပဲ "
" ဟုတ်ကဲ့ပါ ဖေဖေ "
ထိုစဉ်ပတ်ဝန်းကျင်တစ်ခုလုံး အခိုးအငွေ့များ ဖုံးလွှမ်းသွား၏။ ဘာကိုမှမမြင်ရတော့။ ' ပြန်ချင်ရင် လာထားလို့ အော်လိုက် ' ဆိုသော ဇောင်းထက်၏စကားကို သတိရ၏။
" လာထား၊ လာထား၊ လာထား "
ဟုအော်လိုက်သည်။
" ဟော သတိရပြီထင်တယ် "
" ဟုတ်တယ်၊ ဟုတ်တယ်၊ တစ်ခုခု ပြောနေတယ် "
မီးခိုးငွေ့များ ပြယ်စပြုလာသည်။ မြင်ကွင်းသည် တစ်စတစ်စ ကြည်လင်လာ၏။ တစ်စုံတစ်ယောက်က လက်ကိုလာကိုင်သည်။
မျက်စိ ဖွင့်ကြည့်လိုက်၏။ သူ့မိန်းမမျက်နှာကို မြင်ရသည်။ ပြီးတော့ နားကြပ်ကို လည်ပင်းမှာ ဆိုင်းထားသော ဆရာဝန်တစ်ယောက်။ သူဆေးရုံပေါ်ရောက်နေခြင်း ဖြစ်၏။
" ကျွန်တော် ဘာဖြစ်သွားတာလဲ "
သူက မေးသည်။ ဆရာဝန်က...
" ခင်ဗျားကို စာရေးဆရာတွေက ဝိုင်းပြီး ကလိထိုးကြလို့.. အူအတက်လွန်ပြီး အာရုံကြော ထိခိုက်သွားတာပါ "
" ထူးထူးဆန်းဆန်း ဆရာရယ်၊ အူအတက်ပေါက်တယ်ပဲ ကြားဖူးတယ်၊ အူအတက်လွန်တယ်လို့များ "
" အခုကောင်းသွားပါပြီဗျ "
သူ့မိန်းမကဝင်ပြောပြန်သည်။
" သူသတိလစ်နေတုန်းက သူ့ကို ကလိဝိုင်းထိုးတဲ့ စာရေးဆရာတွေ၊ ဆရာမတွေ လာကြသေးတယ်၊ စားစရာ သောက်စရာတွေ ပေးသွားကြတာ အများကြီးပဲ "
" ဩော်... ဟုတ်လား၊ ငါက အဖေတို့ဆီ သွားလည်နေတာ "
မိန်းမမျက်လုံးအနည်းငယ်ပြူးသွား၏။ ဆရာဝန်ကို အဓိပ္ပါယ်ပါပါ မော့ကြည့်သည်။ ဆရာဝန်က....
" ခင်ဗျား အေးအေးဆေးဆေး အနားယူလိုက်ပါဦး၊ ကျွန်တော် ဆေးတစ်လုံးထိုးပေးမယ် "
ဟု ပြောသည်။ သူက
" ကျွန်တော် အခုရောက်နေတာ ဘာဆေးရုံလဲဟင် "
" ဦးနှောက်နဲ့ အာရုံကြောရောဂါ အထူးကုဆေးရုံလေ "
ဆရာဝန်ကဆေးတစ်လုံး ထိုးပေးသည်။ ခဏအကြာတွင် သူပြန်အိပ်ပျော်သွားသည်။ အိပ်မက်ထပ်မက်မလား မမက်ဘူးလားဆိုတာတော့ တပ်အပ် မပြောနိုင်။

------------------------------------------

(ကွယ်လွန်လေပြီးသော စာရေးဆရာကြီးများကို အမှတ်တရရှိကြစေရန် အလွမ်းပြေ ရေးလိုက်ခြင်း ဖြစ်ပါသည်။)
(သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်း၊ ဩဂုတ်လ၊ ၁၉၉၉)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...