Saturday, November 3, 2012

စိတ်ညစ်ရင်ရေချိုးပါ (၂)



ဒီလိုပါပဲ။ ကျောင်းသားတစ်ယောက်ဟာ စာမကျက်ခင် ရေချိုးထားရင် စိတ် ကော ရုပ်ကော ကြည် လင် နေတဲ့ အတွက် စာကျက်လို့လည်းပိုကောင်းနေပါလိမ့်မယ်။ ကိုယ်က ဓိသဘောလေးတွေ အာရုံပြုပြီး ကိုယ်တွင်းကိုယ်ပ နှစ်ဌာနကို သန့်ရှင်းနေအောင် မကြာခဏ လုပ်ပေးနေရပါမယ်။ စိတ်ချမ်းသာနေရင် တရားအလုပ်ပဲလုပ်လုပ်၊ စီးပွားရေးပဲလုပ်လုပ်၊ စာပဲကျက်ကျက် ၊ဘာပဲလုပ်လုပ်၊အဆင်ပြေနေပါလိမ့်မယ်။

တကယ်လို့ စိတ်ညစ်လာပြီဆိုရင် ကိုယ်နေတဲ့အခန်းကို သန့်ရှင်းရေးလုပ်လိုက်ပါ။ အိပ်ရာ၊ ခြင်ထောင်၊စောင်၊ ခေါင်းအုံးတွေကို လျှော်ဖွပ်ပြီး အသစ်နဲ့လဲလိုက်ပါ။ ပြီးတော့ရေချိုးလိုက်ပါ။ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွပ်ပြီးသား အဝတ်လေးကို ဝတ်လိုက်ပါ။

အားလုံးပြီးတာနဲ့ အသစ်လဲပြီးသားအိပ်ရာပေါ်မှာ ကိုယ်နဲ့ သပ္ပာယဖြစ်သလိုထိုင်ပြီး ခါးကို ဖြောင့်ဖြောင့်ထား၊ မျက်လုံးလေးမှိတ်၊ လက်အုပ်ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ။ တစ်ဆက်တည်းပဲ'' မြတ်စွာဘုရား၊ ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံးတော်မူပါဘုရား'' လို့ပင့်လိုက်ပါ။ ကိုယ်က အမျိုးသမီးဖြစ်နေလို့ ပင့်ရမှာအားနာနေရင် ဦးခေါင်းထက်ကိုပင့်လိုက်ပါ။

စိတ်ထဲမှာလည်း မြတ်စွာဘုရား ကိုယ့်ခန္ဓာကိုယ်ထဲ၊ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားလိုက်ပါ။ မြတ်စွာဘုရားကတော့ ပရိနိဗ္ဗာန် စံပြီးပြီဆိုတော့ တကယ်တော့ ဘယ်ကြွလာမှာလဲ။ စိတ်ဓာတ်အင်အား ကိုယူတာပါ။ စိတ်ထဲမှာမြတ်စွာဘုရား တကယ်ကြွလာတယ်လို့ နှလုံးသွင်းထားရမှာပါ။

အားလုံးပြီးရင် လက်အုပ်ကလေးချီ ထားတာလေးချပြီး အရဟံဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ ဝိပဿနာကို ငါးမိနစ် ပွားနေလိုက်ပါ။ ဒါဆိုရင်စိတ်ချမ်းသာလာပါလိမ့်မယ်။ မယုံရင် စမ်းကြည့်ပါ။ စာရေးသူလည်း စိတ်ညစ်လာရင် ဒီနည်းအတိုင်းပဲ လုပ်တာပါ။ ဒါဆို စိတ်ညစ်တာပျောက်သွားတာများပါတယ်။ ကိလေသာမကင်းသရွေ့တော့ စီတ်တွေက အခါအားလျှော်စွာ ညစ်နေရအုံးမှာပါ။

စိတ်ညစ်တာကိုစိတ်ညစ်တဲ့အတိုင်းမထားဘဲ ကိုယ်နှစ်သက်တဲ့နည်း တစ်ခုခုနဲ့ ပယ်ပစ်လိုက် နိုင်ဖို့ပါ။ ရေချိုးလိုက် တာကတော့ သိပ်ပြီးမခက်လှပါဘူး။ဒီနည်းကလေးကို အထုံအကျင့်လေးတစ်ခုလုပ်ထားလိုက်ဖို့ပါ။ စိတ်ညစ် လာတာနဲ့ ရေချိုးလိုက်၊ဂုဏ်တော် မေတ္တာလေးပွားလိုက်၊ စိတ်ညစ်လာတာနဲ့ ရေချိုးလိုက်၊ ဂုဏ်တော် မေတ္တာ လေး ပွားလိုက်နဲ့ ကျင့်ပါများသွားရင် အထုံဖြစ်သွားပါလိမ့်မယ်။အထုံဖြစ်သွားရင် စွဲသွားတာ များပါတယ်။ ကောင်းတဲ့ အထုံလေးတွေဆို စွဲနေအောင် လုပ်ထားရပါမယ်။

အဲ့ဒီလိုမှ မဟုတ်ဘဲ စိတ်ညစ်လာရင် ထွက်ပေါက်အနေနဲ့ အကုသိုလ်မကင်းတဲ့ တခြားတစ်ခုခုကို သွားလုပ်မယ် ဆိုရင်တော့ ကိုယ်ပြုတဲ့ အပြုအမူက စွဲသွားတတ်ပါတယ်။မကောင်းတာ စွဲသွားရင် ဖြတ်ရတာခက်ပါတယ်။ စိတ်ညစ်တာကို အကြောင်းပြုပြီး အကုသိုလ်မကင်းတဲ့ အပြုအမူတွေ စွဲသွားတဲ့လူတွေ အများကြီးပါ။ တွေ့ဖူးမြင်ဖူးကြမှာပါ။

တချို့ကျတော့ စိတ်ညစ်လာရင် တစ်ယောက်ယောက်ဆီကို ဖုန်းဆက်ပြောလေ့ရှိပါတယ်။ ကိုယ်ဖုန်းဆက် ပြောတဲ့လူက ကောင်းမြတ်တဲ့အကြံပေးရင်တော်ပါရဲ့ ၊ဘယ်လိုကဲလိုက်ပါလား၊ ၊ဘယ်လိုလုပ်လိုက်ပါလား၊ စသည်ဖြင့် အကုသိုလ်မကင်းတဲ့အကြံပေးလိုက်ရင် ကိုယ့်အတွက် အများကြီးနစ်နာ သွားနိုင်ပါတယ်။

ကဲ ထားပါတော့ တစ်ယောက်ယောက်ဆီကိုဖုန်းဆက် အကြံ ဥာဏ်တောင်းလို့ ကိုယ်အကြံ ဥာဏ်တောင်း တဲ့ သူက လာခဲ့၊ ဘယ်ဆိုင်မှာ၊ ဘယ်ကလပ်မှာ သွားကဲရအောင်၊ လုံးဝလန်းစေရမယ် ဆိုပြီး လှမ်းခေါ်ပါပြီတဲ့ ၊ ခေါ်တဲ့အတိုင်း နေရာတစ်ခုခုမှာ ကဲနေပါပြီတဲ့၊ ကဲနေတုန်းမှာ လန်းတယ်လို့ထင်ရပေမယ့် ကဲပြီးတော့လည်း ညစ်လက်စစိတ်က ပြန်ညစ်ရအုံးမှာပါ။

နောက်ဆုံး ကိုယ့်မှာအကုသိုလ် အပို ဖြစ်ရတာပဲအဖက်တင်တာပါ။ အဓိက ကတော့ ဘယ်လိုအာရုံပဲ ကြုံလာ ကြုံလာ၊ ကြုံလာတဲ့ အာရုံကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်သွားဖို့ပါ။ ဒါကိုကိုယ်က အလေ့အကျင့်ဖြစ်အောင် လေ့ကျင့် ၊လေ့ကျင့် ထားဖို့ပါ။ လေ့ကျင့်ထားရင် စွဲသွားတတ်ပါတယ်။ နောင်ဆိုရင် အထူး ကြောင့်ကြစရာ မလိုတော့ပါဘူး။

ဘာပဲပြောပြော စိတ်ညစ်ရင်ရေချိုးလိုက်ပါ။ဒါဆိုရင်စိတ်ချမ်းသာလာပါ လိမ့်မယ်။

by poemflower (ဧရာဝတီစာကြည့်တိုက်)

  1 comment:

  1. စိတ်ညစ်ရင် ရေချိုးမယ် စိတ်ရောလူပါ ရေချိုးမယ်:)

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...