ရွှေအမြုရဲ့ ငွေရတု (အပိုင်း -၂) ဇာတ်သိမ်း
by မင်းလူ၏ ၀တ္တုတိုများ on Friday, November 9, 2012 at 3:03am ·
မျိုးဆက်သစ် အလင်္ကာဝတ်ရည်တေးဂီတအဖွဲ့၏ ဖျော်ဖြေမှုအစီအစဉ်ပြီးဆုံးသွားတော့
" ကြွရောက်လာသော ဧည့်ပရိသတ်များခင်ဗျား၊ ခုချိန်ကစပြီး ရွှေအမြုတေစာပေဆု နှစ်ဆယ့်ငါးကြိမ်မြောက် ငွေရတုအခမ်းအနား စတင်ပါတော့မယ်ခင်ဗျား "
အခမ်းအနားမှူးဖြစ်သော ဆရာအတ္တကျော်စင်မြင့်ပေါ်တက်လာပြီး ကြေညာလိုက်သည်။
သူသည် ပထမအကြိမ်ကတည်းကစပြီး အခမ်းအနားမှူးအဖြစ် စဉ်ဆက်မပြတ် ဆောင်ရွက်လာခဲ့သူဖြစ်၏။ နောက်ပိုင်းအသက်အရွယ်ထောက်လာတော့ စကားပြောတဲ့အခါ လေဆက်ပြတ်တာတို့၊ ဗလုံးဗထွေးဖြစ်တာတို့ ရှိလာသည်။ ထို့ကြောင့် လူငယ်တစ်ယောက်ကို တာဝန်လွှဲပေးဖို့ မေတ္တာရပ်ခံသော်လည်း သူကလက်မခံ။
" ကျုပ်က ရွှေမန်းတင်မောင်လိုပဲ စင်မြင့်ပေါ်မှာပဲ သေချင်သေပစေ "
ဟု ကြုံးဝါးသည်။ ထို့ကြောင့် သူ့ဆန္ဒပြည့်ဝအောင် စာပေနှင့် ပက်သက်သော ပွဲမှန်သမျှကို သူ့ကိုပဲ အခမ်းအနားမှူးလုပ်ခိုင်းကြသည်။ အခုလည်း အသံတုန်ချည့်ချည့်နဲ့ပဲ ဆက်ကြေညာသည်။
" အဟမ်း၊ အခု ပထမအစီအစဉ် အရ၊ အဟင်း ဆရာကြီး ဦးဝင်းငြိမ်းက အဖွင့်အမှာစကားပြောကြားပေးဖို့ ဖိတ်ခေါ်အပ်ပါတယ် "
ဆရာကြီးဦးဝင်းငြိမ်းကို ဆရာဦးရာပြည့်က ဖေးမပြီး စင်ပေါ်ခေါ်လာသည်။ ဆရာကြီးဦးဝင်းငြိမ်းက နှစ်ဆယ့်ငါးကြိမ်တိုင်သည် အထိအားပေးကူညီကြသော စာပေလောကသားများနှင့်တကွ ပံ့ပိုးပေးသူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောပြီး စပွန်ဆာပေးကြသော ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ လူပုဂ္ဂိုလ်များ၏အမည်များကို ဖတ်ကြားပြသည်။ စာရင်းမှာ ရှည်လျားလွန်းသဖြင့် ဖတ်ရင်းကမောလာပြီး ဘေးမှာရပ်စောင့်နေသော ဦးရာပြည့်၏ လက်ထဲသို့စာရွက်ကိုထည့်ပေးလိုက်ပြီး
" မင်းပဲဆက်ဖတ်ပြလိုက်တော့ "ဟုပြောလိုက်ရသည်။
နောက်အစီအစဉ်တစ်ခုကတော့
" အခုဆက်လက်ပြီး အမှတ်တရ အမှာစကားပြောကြားပေးဖို့ ဆရာကြီးမောင်ဝံသကို ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျား "
သူ့အသံကလည်း လုံးလုံးထွေးထွေး၊ ဆရာကြီးမောင်ဝဏ္ဏကဟုကြားလိုက်မိပြီး
" ဟာ...ဒီကောင်တွေ လုပ်ချလိုက်ပြန်ပြီ၊ ငါ စင်ပေါ်တက်ပြီး စကားမပြောချင်ပါဘူးလို့ အတန်တန်ပြောထားတဲ့ကြားက လှမ်းခေါ်နေတယ် "
ဟုဆိုနေသဖြင့် ဘေးမှာရပ်နေသော ဆရာဝါဆိုဦးက
" ဆရာ့ကိုခေါ်တာ မဟုတ်ပါဘူး၊ ဆရာကြီးမောင်ဝံသကိုခေါ်တာပါ "
ဟု အသံကိုမြှင့်ပြောလိုက်ရသည်။
" ဩော်...ဟုတ်လား "
ဆိုပြီး ဆရာကြီးမောင်ဝဏ္ဏသည် နားမှာတပ်ထားသော နားကြပ်ကလေးကို ထုတ်ယူပြီးကြည့်လိုက်သည်။ ထိုနားကြပ်မှာနောက်ဆုံးပေါ် နာနိုနည်းပညာဖြင့်ပြုလုပ်ထားခြင်းဖြစ်၏။ ဘက်ထရီထည့်စရာမလို။ နားဖာချေးမှထွက်လာသော NPG ဓာတ်ငွေ့စွမ်းအင်ကို အသုံးပြုပြီး အလုပ်လုပ်သည်ဆို၏။
" ဟင်း..ကိုတာဆိုတဲ့လူဟာ ပြောတော့ဖြင့် UKကဝယ်လာတာ၊ ဘာညာနဲ့ ချိုင်းနားမိတ်ကြီးကို ငါ့ကိုလာရောင်းသွားတာပဲ၊ ကဲ...သွားပေတော့ကွာ "
ဟုပြောပြီး နားကြပ်ကို ရှေ့မှာရှိသော ဝိုင်ခွက်ထဲသို့ ပစ်ထည့်လိုက်၏။
" ကောင်းတယ်၊ ဘာမှမကြားရတာ ပိုစိတ်ချမ်းသာတယ် "
ထို့နောက် အခမ်းအနားမှူးက ကြားဖြတ် အစီအစဉ်တစ်ခုကို ကြေညာပြန်သည်။
" အခမ်းအနားကို ကိုယ်တိုင်မတက်ရောက်နိုင်တဲ့ အပြည်ပြည်ဆိုင်ရာ ဟာသစာရေးဆရာများအသင်း ဥက္ကဌဆရာကြီးမင်းလူက ဖင်လန်နိုင်ငံ၊ ဟယ်ဆင်ကီမြို့ကနေ ဗွီဒီယိုဖုန်းနဲ့တိုက်ရိုက်နှုတ်ခွန်းဆက်သပါတော့မယ်ခင်ဗျား..."
လက်မတစ်ရာ အယ်လ်စီဒီ ရုပ်မြင်သံကြားပေါ်တွင် ဆရာကြီးမင်းလူ၏ရုပ်ပုံပေါ်လာသည်။
" ဟိုင်း...ဘရာသာဂျော်နီ၊ ဟက်ဖီးဘာ့သ်ဒေးထယူ "
ဟုစတင်နှုတ်ဆက်သည်။ ဆရာကြီးမောင်ဒီက
" ဒီကောင် အင်္ဂလိပ်စကားပြောတာ အသံထွက်မှားနေတယ် "
ဆိုပြီး ဝေဖန်လိုက်သေးသည်။
ဆရာကြီးမင်းလူမှာ အရင်လို ပိန်ခြောက်ခြောက်၊ ညိုညစ်ညစ်၊ ကုပ်ချောင်းချောင်း မဟုတ်တော့။ ဝဝဖြိုးဖြိုးဖြစ်နေသည်။ အသားအရေကလည်း စိုပြည်ဖြူဝင်းနေ၏။ အနောက်တိုင်းဝတ်စုံကို ကျကျနနဝတ်ထားသဖြင့် အတော် သားနားနေသည်။
" ဒီကောင်တော်တော်ကောင်းစားနေပုံရတယ် "
ဟု စာနယ်ဇင်းသမားတစ်ယောက်က မှတ်ချက်ချသည်။
" ဟုတ်တယ်၊ သူဝတ်ထားတဲ့ဝတ်စုံက ပြင်သစ်နိုင်ငံ ဂွိဇေးကုမ္ပဏီက ချုပ်တာ သိပ်ဈေးကြီးတယ် "
" သူစီးထားတဲ့ဖိနပ်ကလည်း ကက်ဂလုပ်ပဲ "
ဟု ရှူးဂလယ်ရီမှ ဒေါ်မေမျိုးသူက ဝင်ပြောသည်။
မင်းလူကတော့ ဒါတွေမသိဘဲ ဆက်ပြောနေသည်။ အစပိုင်းမှာတော့ ရိုးရိုးနှုတ်ဆက်စကားပဲ။ နောက်ကျတော့ မိန့်ခွန်းပြောတဲ့ လေသံမျိုးဖြစ်လာပြီး စာပေဆိုတာ ဘယ်လိုဖြစ်ရမယ်၊ ဝတ္ထုကောင်းတွေ ထွက်မလာတော့ဘူး၊ အရည်အသွေးတွေညံ့ဖျင်းလာပြီ၊ ကျုပ်ပြန်လာပြီး ကယ်တင်မှဖြစ်တော့မယ်၊ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာစာရေးဆရာတို့၏ တာဝန်သာဖြစ်ပါကြောင်း စသည်ဖြင့် အာပေါင်အာရင်းသန်သန်ပြောနေသည်။
" အမယ်၊ ဒီမှာတုန်းက ပေါက်ကရ ပေါတောတောတွေလျှောက်ရေးခဲ့ပြီး ခုကျမှ လေကျယ်နေတယ်၊ အလကားငကြောင်ကွ "
ဟု အကြောင်းသိ ကဗျာဆရာတစ်ယောက်က ထအော်လိုက်သည်။
ထို့နောက်ဆုရွေးချယ်ရေးအဖွဲ့၏ မှတ်ချက်များကို ဖတ်ခြင်း၊ ဆုရသူများကို ကြေညာခြင်း၊ ဆုပေးခြင်း၊ ကျေးဇူးတင်စကားပြောခြင်းများ ဆက်လက်ပြုလုပ်သည်။ ဆုရသူများအနေဖြင့် ကျေးဇူးတင်စကားပြောရာတွင် သုံးမိနစ်အတွင်းပြီးအောင်ပြောရသည်။ နည်းနည်းလေရှည်မိလျှင် အခမ်းအနားမှူးက လက်သုံးချောင်းထောင်ပြီး ချောင်းဟန့်၍ သတိပေးသည်။
ယခုနှစ်အတွက်ဆောင်းပါးဆုကို နေမျိုးကျော်ကျော်က လည်းကောင်း၊ ဝတ္ထုတိုဆုကို ချိုမြကေးကလည်းကောင်း၊ အက်ဆေးဆုကို ပန်းနုကလည်းကောင်း၊ မျိုးဆက်သစ်ဆုကို ဖွေးဖွေးကလည်းကောင်း ရရှိကြသည်။
ထူးခြားချက်ကတော့ ဝတ္ထုရှည်ဆုကို ဟာသစာရေးဆရာ ပုလုကွေးက ရရှိသွားခြင်းပင်ဖြစ်၏။
နောက်ထူးခြားချက်တစ်ခုရှိသေးသည်။ ကဗျာဆုရွေးချယ်ပုံစနစ်ပင်ဖြစ်၏။ ကဗျာတစ်ပုဒ်ကို ဖတ်ကြည့်လို့ အစအဆုံးနားလည်လျှင် ပယ်သည်။ ဒုတိယအဆင့်မှာ ကဗျာတစ်ပိုဒ်ကို နားလည်လျှင်ပယ်သည်။ တတိယအဆင့် စာတစ်ကြောင်းကို နားလည်လျှင်ပယ်သည်။ နောက်ဆုံး စကားလုံးတစ်လုံးတောင်မှ နားမလည်သော ကဗျာကိုသာဆုပေးဖို့ ရွေးချယ်လိုက်သည်။ ကဗျာဆုကို ရရှိသွားသော အံ့ဘုန်းသစ်က ကျေးဇူးတင်စကားပြောကြားရာမှာ သူကိုယ်တိုင်လည်း သူရေးသောကဗျာကို ဘာမှနားမလည်ပါဟု ဆိုလေသည်။
ဒီလိုနဲ့ ရွှေအမြုတေရဲ့ ငွေရတုဆုပေးပွဲကြီးသည် အောင်မြင်စွာကျင်းပ ပြီးစီးသွားခဲ့သည်။ ရှေ့ဆုံး ဆိုဖာကြီးပေါ်မှာ ထိုင်ရင်းပြုံးပြုံးကြီးလုပ်နေသော ဆရာကြီးဝင်းငြိမ်းအနီး တာဝန်ခံ အယ်ဒီတာ ဂျူနိုက်ရောက်ရှိလာပြီး
" ဘယ်လိုလဲ ဘိုးဘိုး၊ ကျေနပ်ရဲ့လား "
ဟုမေးလိုက်သည်။ ဆရာကြီးဦးဝင်းငြိမ်းက ခေါင်းတညိတ်ညိတ်လုပ်ရင်း
" ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ဒါပေမယ့်.... "
" ဒါနဲ့ သတို့သမီးက ခုထိလည်းရောက်မလာသေးပါလားကွ "
ဟုပြောလိုက်လေသည်။
----------------------------------
မင်းလူ
(ဤဝတ္ထုကို ရွှေအမြုတေစာပေဆုပေးရန် ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရ၏။ သို့ရာတွင် ဒီနှစ်အတွက်တော့မဟုတ်။ နှစ်ဆယ့်ငါးကြိမ်မြောက်ငွေရတုမှ ပေးရန်ဆုံးဖြတ်ထားကြောင်း သတင်းရရှိပါသည်။)
(ရွှေအမြုတေမဂ္ဂဇင်း၊ အမှတ်-၂၄၀၊ နိုဝင်ဘာ ၂၀၀၉)
Credit to - (ရွှေအမြုတေမဂ္ဂဇင်း)
0 comments:
Post a Comment