Tuesday, November 13, 2012

ကလေးကိစ္စ


by သစ္စာနီ on Monday, November 12, 2012 at 11:49pm ·

 တစ်နေ့သ၌   ကျွန်ုပ်သည် တခြား စာရေးရန် ကိစ္စမရှိသည်နှင့် နှပ်သုံးဖော်တို့ ညီလာခံကိုပင် စာတစ်စောင် ပေတစ်ဖွဲ့  ပြုရန် ပြတင်းတံခါး ဖွင့်ကာ မျှော်ပါသော်လည်း နှပ်သုံးဖော်မှာ အတော်ကြာအောင် ပေါ်မလာဘဲ ရှိလေသည်။ ကျွန်ုပ်က စိတ်ပျက်လက်လျှော့မည် ပြုတော့မှ ကစားကွင်းထဲ ဝင်လာသော  နှပ်ချေးထူ နှပ်ချေးယိုနှင့် နှပ်ချေးတွဲလောင်းကို တွေ့ရလေသည်။ သူတို့စကားအရ နှပ်ချေးယို၏ အမေသည် မျက်နှာမြင် မီးထွက်သည့်အတွက် နှပ်ချေးယိုက ဒကာခံကာ အကြော် ဝယ်ကျွေးသည်ကို စားသောက်လာကြခြင်း ဖြစ်ကြောင်း သိရလေသည်။

 နှပ်ချေးတွဲလောင်း။ ။ နှပ်ချေးယို၊ အခု မင်းအမေ မွေးတာ ဘယ်နှယောက်မြောက် ကလေးလဲ။

နှပ်ချေးယို။ ။ ပဉ္စမမြောက် ကလေးလေ။ ရတနာရှိရာ ရတနာလာစု ဆိုတာ ဒါကို ခေါ်တာပေါ့။

နှပ်ချေးထူ။ ။ အချင်းချင်း အမြင်ကပ်အောင် ကြွားမနေနဲ့ကွာ။ မင်းတို့အိမ်မှာ ပြောင်ပြောင်လက်လက်ဆိုလို့ ငါတော့ ပုလင်းကွဲပဲ တွေ့တယ်။ ဘယ်က ရတနာလဲ။

နှပ်ချေးယို။ ။ ငါ့အမေ နာမည်က ဒေါ်ရတနာလေ။

နှပ်ချေးတွဲလောင်း။ ။ တရုတ်ပြည်မှာလို တစ်အိမ်ထောင် ကလေး တစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ ဥပဒေသာ ရှိရင် မင်းအမေတော့ ဒုက္ခပဲ။

နှပ်ချေးယို။ ။ အမေရိကန်က ဒေါ်ဂျနီဖာဒန်နီယယ် ကိုတော့ မမီသေးပါဘူး။ တစ်လောက အဲဒီ ကြီးတော်ကြီးက ၁၇ နှစ်ယောက်မြောက် ကလေးကို မွေးတယ်။ သူ့ကလေးတွေမှာ အကြီးဆုံးက ၁၉ နှစ်၊ အငယ်ဆုံးက ၂ နှစ်၊ အမွှာက ၂ ကြိမ်ပါသေးတယ်။ ဒီကြီးတော်ကြီးကိုတော့ မွေးလွန်းလို့ “ရှင်မွေးလွန်း” ဘွဲ့တောင် ပေးဖို့ ကောင်းနေပြီ။

နှပ်ချေးတွဲလောင်း။ ။ အဓိက ကတော့ စီးပွားရေးပဲပေါ့ကွာ။ ကလေးဆိုတာ မွေးတာထက် ကြီးပြင်းလာအောင် စောင့်ရှောက်ဖို့ ပိုခက်ခဲတယ်တဲ့။ မဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ အရွယ်မရောက်သေးတဲ့ ကလေး လူမမည် သေဆုံးမှုနှုန်းက အခုချိန်ထိ မြင့်မားနေတုန်းပဲ။

နှပ်ချေးယို။ ။ ဟုတ်တယ်လေ၊ လေကောင်းလေသန့် ရပြီး အလင်းရောင် မျှတတဲ့ နေစရာ ရှိရမယ်။ သန့်ရှင်းပြီး ကျန်းမရေးနဲ့ ညီညွတ်တဲ့ သောက်သုံးရေနဲ့ မိလ္လာစနစ်လည်း ရှိရမယ်။ အာဟာရ ပြည့်ဝတဲ့ အစားအသောက်ကိုလည်း လိုအပ်သလောက် စားသောက်နိုင်ရမယ်။

နှပ်ချေးထူ။ ။ တော်တော့၊ မဖြစ်နိုင်တာတွေ မပြောနဲ့။ ဒီနေ့ ကမ္ဘာမှာ လူဦးရေ သန်းတစ်ထောင်ကျော်ဟာ လူမွဲစာရင်းဝင် ဖြစ်နေတယ်။ အဲဒါဟာ နေ့စဉ် ဝင်ငွေ တစ်ဒေါ်လာလောက်ပဲ ရတဲ့သူတွေကို ပြောတာ။ အာရှပစိဖိတ် ဒေသမှာ အများဆုံးပဲ။

နှပ်ချေးယို။ ။ ဒါကတော့ ကြိုးစားရမှာပေါ့၊ တရုတ်ပြည်မှာ ၁၉၉၀ ခုနှစ်လောက်ကဆို လူ ၃ ဦးမှာ တစ်ဦးဟာ လူမွဲစာရင်းဝင်တဲ့။ အခုတော့ လူ ၁၀ ဦးမှာ တစ်ဦးပဲ လူမွဲ စာရင်းဝင်တော့တယ်။ ဒါတွေကို အတုယူရမှာပေါ့။ အခု ဗီယက်နမ်မှာ လူငယ်တွေ အရပ်မြင့်ရေးကို စီမံကိန်းချပြီး အကောင်အထည် ဖော်နေပြီတဲ့။

နှပ်ချေးထူ။ ။ ဘာတွေ လုပ်မှာလဲ။

နှပ်ချေးယို။ ။ တစ်နိုင်ငံလုံး ၁၄ နှစ်အောက် လုငယ်တွေနဲ့ သက်ဆိုင်တယ်လေ။ သူတို့ကို ခန္ဒာကိုယ် ဖွံ့ဖြိုး တိုးတက်စေတဲ့ အစားအစာတွေကို ပုံမှန် စားသောက်နိုင်အောင်၊ ပြီးတော့ ပုံမှန် ကိုယ်လက်လှုပ်ရှား အားကစားနဲ့ ထိရောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ရမှာပေါ့။ ဒုတိယ ကမ္ဘာစစ်က ဂျပန်ငပုလို့ အခေါ်ခံခဲ့ရတဲ့ ဂျပန်တွေရဲ့ အရပ်အမောင်းဟာ အခုဆို အားလုံးက မော့ကြည့်ရတဲ့ အခြေအနေ ရောက်နေပြီ မဟုတ်လား။ ဒါလည်း စီမံကိန်းချ ဆောင်ရွက်ခဲ့တာပဲ။ မကြာသေးခင်ကလည်း သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ နောက်ဆို မြန်မာ့လက်ရွေးစင် ဘောလုံးသမားဆို ၅ ပေ ၈ လက်မ အထက်ပဲ ရွေးတော့မယ်တဲ့။

နှပ်ချေးထူ။ ။ ကလေးမို့လို့ ကလေးစကား ပြောတာ မဟုတ်ပါဘူး။ နိုင်ငံတိုင်းလိုလို ကလေးသူငယ် စောင့်ရှောက်ရေး ကိစ္စတွေကို ဦးစားပေးသင့်တယ်။ ဒီနေ့ ကလေးတွေဟာ နောင်တစ်နေ့ရဲ့ လူကြီးအလောင်းအလျာတွေပဲ။ သူတို့ထဲမှာ နိုင်ငံကို အုပ်ချုပ်တဲ့သူတွေ မပါဘူးလို့ မပြောနိုင်ဘူး။

နှပ်ချေးတွဲလောင်း။ ။ နင်မပါဘူးလို့တော့ ပြောနိုင်ပါတယ်။

နှပ်ချေးယို။ ။ အဲဒါတွေက အဘက်ဘက်က ပြည့်စုံဖို့လိုတယ်။ တိုင်းပြည် စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်ရမယ်။ ဒေသတွင်း ငြိမ်းချမ်းရေလည်း ရှိရမယ်။ အာဖဂန်နစ္စတန်မှာဆို အကြမ်းဖက်မှုတွေကြောင့် ကျောင်းမသွားနိုင်တဲ့ ကလေး ၃ သိန်းကျော်တောင် ရှိတယ်တဲ့။

နှပ်ချေးတွဲလောင်း။ ။ ဒါဆို ကျောင်းမှန်မှန် တက်နေရတဲ့ တို့တစ်တွေ ကံထူးတာပေါ့နော်။


ဤတွင် နှပ်သဘင် ပြီး၍ သွားပါလေတော့သတည်း။


Ecovision၊ ၁၂ မတ် ၂၀၀ဂ

  • စာစုများ မာတိကာ 
  • ဝတ္ထုတို၊ အက်ဆေး
  • ကဗျာ
  • ဟာသ၊ သရော်စာ
  • ဆောင်းပါး၊ အင်တာဗျူး
  • ဘာသာပြန်
  • ဘာသာရေး
  • နိုင်ငံရေး
  • စာအုပ်အညွှန်း
  • 0 comments:

    Post a Comment

    စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

    Followers

    Total Pageviews

    အမှာပါးစရာများရှိနေရင်

    Pop up my Cbox

    Blog Archive

    အက်ဒမင်

    အခြားကဏ္ဍများကို လေ့လာရန်

    ရှာဖွေလေ တွေ့ရှိလေ

    စာပေမြတ်နိုးသူများ

    free counters
    Related Posts Plugin for WordPress, Blogger...