ဆရာဝန်စားရသော ထမင်းတစ်နပ်……
by Aung Kyaw Thu on Saturday, November 10, 2012 at 6:55am
“မနုဿတ္တဘာဝေါ ဒုလ္လဘော - လူ့ဘ၀ဟာရခဲတယ်”.. လို့ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့အတိုင်း ဒီကမ္ဘာ၊ ဒီနေရာ၊ ဒီအချိန်မှာ ကျွန်တော်တို့ လူလာဖြစ်နေတာဟာ နည်းတဲ့ကုသိုလ်ကံတော့ မဟုတ်ပါဘူး။ လူအဖြစ် ဘ၀တစ်ခုဖြစ်တည်လာဖို့ က ဗြဟ္မာ့ပြည်ကအပ်တစ်စင်းနဲ့ လူ့ပြည်ကအပ်တစ်စင်း ထိပ်ချင်းထိဖို့ ထက်တောင်မှ ခက်တယ်လို့ဆိုတဲ့အတွက် လူ့ဘဝဟာ အင်မတန်ရတောင့်ရခဲ ဘဝတစ်ခုဖြစ်တယ်ဆိုတာ တွေးဆကြည့်ရင် သိနိုင်ပါတယ်။ ၃၁ ဘုံမှာ လူ့ဘုံက ကုသိုလ်ကောင်းမှုတွေပြုဖို့ အကောင်းဆုံးဖြစ်လို့ ဘုရားအလောင်းတော် တွေတောင် နတ်ပြည်မှာသက်တမ်းစေ့အောင်မနေကြဘဲ စုတေခြင်းတစ်မျိုးမျိုးနဲ့ စုတေ အောင် အဓိဋ္ဌာန်ပြီး လူ့ပြည်မှာ ပါရမီဖြည့်ကြပါတယ်။
တရားအားထုတ်ဖို့၊ ဥပုသ်သီလဆောက်တည်ဖို့ကလည်း လူ့ပြည်မှာက လုပ်လို့အသင့်တော်ဆုံးပါပဲ။ နတ်ပြည်မှာ အာရုံများစရာတွေပေါလွန်းလို့ ၀ိဓူရဇာတ်တော်ထဲက သိကြားမင်း ကြီးတောင် လူ့ပြည်ကိုဆင်းပြီး ဥပုသ်စောင့်ရပါသတဲ့။ ဒီတော့ လူသားတစ်ယောက်ဖြစ်နေရတာဟာ အင်မတန်မှ ကုသိုလ်ကံထူးတယ်လို့ ဆိုရမှာပါ။ ဒါဆိုရင် ဒီလူသားတွေရဲ့ ရောဂါဘယတွေ ပျောက်ကင်းအောင် ကုသပေးနေတဲ့၊ ဒီလူသားတွေ ကျန်းကျန်းမာမာနဲ့ ဘ၀ကိုအဓိပ္ပါယ်ရှိရှိနေနိုင်ဖို့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့၊ ဒီလူသားတွေရဲ့သက်တမ်းကိုရှည်အောင်ဆွဲ ဆန့်ပေးနေတဲ့…..ဆရာဝန်တစ်ယောက် ဖြစ်ရတာဟာ ဘယ်လောက်တောင် ကျေနပ်ဂုဏ်ယူစရာ ကောင်းလိုက်ပါသလဲ….။
လူရယ်လို့ဖြစ်လာပြီဆိုရင် အရေးအကြီးဆုံးက ကျန်းမာဖို့ပါပဲ။ ကျန်းမာခြင်းဟာ အနှိုင်းမဲ့လာဘ် ဖြစ်ပါတယ်။ မကျန်းမာတဲ့ဘ၀တစ်ခုဟာ လုပ်ချင်တာတွေရော လုပ်သင့်တာတွေရော မလုပ်နိုင်တဲ့ဘ၀ဖြစ်လေတော့ ရှင်လျက်နဲ့သေနေရသလိုပါပဲ။ ကျန်းမာမှ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒီတော့မှ ဘ၀ကလည်း အဓိပ္ပါယ်ရှိပြီး လူဖြစ်ကျိုးလည်း နပ်ပါလိမ့်မယ်။ ဒါ့ကြောင့်ဆရာဝန်ဆိုတာ လူတွေရဲ့ အနှိုင်းမဲ့ဆုလာဘ်ကြီးဖြစ်တဲ့ ကျန်းမာခြင်းဆုလာဘ်ကို မဆုံးရှုံးရအောင်၊ အကယ်၍ ဆုံးရှံးသွားခဲ့ရင်လည်း အမြန်ဆုံးပြန်ရအောင်ကူညီစောင့်ရှောက်နေသူတွေ ဖြစ်ပါတယ်။
နိုင်ငံတစ်ခုတိုးတက်ဖွံ့ဖြိုးဖို့ဆိုရင်လည်း အဲဒီနိုင်ငံရဲ့လူ့စွမ်းအားအရင်းအမြစ်တွေ ကျန်းကျန်းမာမာနဲ့ ကျရာတာဝန်ကို ထမ်းဆောင်နိုင်ဖို့ လိုပါတယ်။ ကျောင်းဆရာကြီးလည်း ကျန်းမာမှ စာကောင်းကောင်း သင်နိုင်လိမ့်မပေါ့။ အင်ဂျင်နီယာကြီးလည်း ကျန်းမာမှ လမ်းတွေ၊တံတားတွေဆောက်နိုင်လိမ့်မပေါ့။ စာရေး ဆရာကြီးလည်း ကျန်းမာမှ စာကောင်းပေမွန်တွေရေးနိုင်လိမ့်မပေါ့။ ဂျာနယ်လစ်ကြီးတွေ၊ မီဒီယာ သမားကြီးတွေလည်း ကျန်းမာမှ သတင်းမှန်တွေကို ပြည်သူကိုတင်ပြနိုင်လိမ့်မပေါ့။ တပ်မတော်သားကြီး တွေလည်း ကျန်းမာမှ နိုင်ငံကိုကာကွယ်နိုင်လိမ့်မပေါ့။ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေလည်း ကျန်းမာမှ (မျက်စိတွေ၊ နားတွေ ကောင်းပါမှ) ပြည်သူတွေရဲ့ဘဝကိုမြင်နိုင်လိမ့်မပေါ့။ ပြည်သူ့အသံကိုကြားနိုင်လိမ့်မပေါ့။ မကျန်းမာတဲ့ သူတွေ ပေါများနေတဲ့ နိုင်ငံတစ်ခုဟာ ကျန်းမာသန်စွမ်းစွာနဲ့ အလုပ်လုပ်နိုင်သူတွေများပြားတဲ့ နိုင်ငံကိုဘယ်လိုနည်းနဲ့မှ ယှဉ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဆရာဝန်ဆိုတာ ကိုယ့်နိုင်ငံအတွင်းက လူ့စွမ်းအား အရင်းမြစ်တွေ ကျန်းမာသန်စွမ်းစွာနဲ့ အလုပ်လုပ်နိုင်ဖို့ စောင့်ရှောက်မှုပေးနေတဲ့၊ တစ်နည်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုနေတဲ့ သူတွေလည်း ဖြစ်ပါတယ်။
ဒီလိုမွန်မြတ်တဲ့အသက်မွေးမှုဖြစ်တဲ့ ဆရာဝန်အလုပ်ဟာ လွယ်လွယ်ကူကူနဲ့ လုပ်ခွင့်ရတာတော့ မဟုတ်ပါဘူး။ ဖြစ်ချင်သူတိုင်းလည်း ဖြစ်ခွင့်ရကြတာမဟုတ်ပါဘူး။ ဒီလူတွေတော်တော်များများဟာ ငယ်စဉ်ကတည်းက သူများတွေ ကစားတဲ့အချိန်မှာ မကစားနိုင်ကြဘဲ၊ သူများတွေ ပျော်ရွှင်ရယ်မောနေတဲ့အချိန်မှာ မပျော်ရွှင် မရယ်မောနိုင်ကြဘဲ၊ သူတို့ရဲ့ ဘဝအစိတ်အပိုင်းတွေကို စာအုပ်တွေထဲမှာမြှုပ်နှံရင်း ဖိစီးမှုများစွာနဲ့ ရှင်သန်ခဲ့ရသူတွေ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းမှာ အမှတ်အများဆုံးရသူတွေထဲမှာပါမှ ဆေးကျောင်း ရောက်ပါတယ်။ ဆေးကျောင်းမှာ (၅)နှစ်တာကာလပတ်လုံး စာမေးပွဲကြီး၊ငယ်များစွာကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှ နောက်ဆုံးနှစ်အပိုင်း(ခ) ပြီးပါတယ်။ နောက်ဆုံးနှစ်အပိုင်း(ခ)ပြီးတဲ့နောက် အလုပ်သင်ဆရာဝန်ဆင်းပြီးမှ ဘွဲ့ရကြပါတယ်။
ဘွဲ့နှင်းသဘင်မှာတောင် အဓိဋ္ဌာန်ပြု ကတိသစ္စာကို ရွတ်ဆိုသစ္စာပြုပြီးမှ ဆေးပညာဘွဲ့ကို အပ်နှင်းခံရတာဖြစ်ပါတယ်။
ဆေးပညာဘွဲ့ရတာဟာ ဆေးပညာသင်ယူမှု ပြီးမြောက်သွားတာမဟုတ်ဘဲ ဆေးပညာကို ဆက်လက်လေ့လာခွင့် ပြုလိုက်တာသာ ဖြစ်တယ်လို့ ဆရာကြီးတစ်ယောက်က ပြောခဲ့ဖူးပါတယ်။ ဟုတ်ပါတယ်။ အမြဲပြောင်းလဲနေတဲ့ ဆေးပညာကို မျက်ခြေမပျက်ဖို့ဆိုတာ တစ်သက်လုံးလေ့လာနေမှ ဖြစ်မှာပေါ့။ M.B.,B.S ဘွဲ့ရပြီးရင်လည်း M.Med.Sc, Dr.Med.Sc/Ph.D, MRCP, MRCS, MRCOG, MRCPCH…စတဲ့ ကိုယ်သန်ရာသန်ရာ ထပ်ပြီးယူစရာဘွဲ့တွေက စောင့်ဆိုင်းနေလေရဲ့..။ တကယ်တော့ ဆရာဝန်ဘဝဆိုတာ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ စုတ်ချက်ကြမ်းကြမ်းနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ပါပဲ။
အရင်က ဆေးပညာဘွဲ့နဲ့အတူ ဆရာဝန်များမှတ်ပုံတင်လက်မှတ်(ဆမ)ပါ တပါတည်းရကြပါတယ်။ နောက်ပိုင်းမှာ ဘွဲ့ရရုံနဲ့ မပြီးဘဲ အစိုးရဝန်ထမ်းအဖြစ် အမှုထမ်းတော့မှ ဆ.မ ရကြပါတယ်။ အခုခေတ်မှာတော့ ဆ.မ သင်တန်းကို တက်ပြီးမှ ဆ.မ ရကြပါတော့တယ်။ ဒီအထဲကမှ အစိုးရဝန်ထမ်းအဖြစ် အမှုထမ်း လိုတဲ့သူတွေက ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးစာမေးပွဲ ဖြေကြရပါတယ်။ (ပထမတစ်သုတ်တုန်းက နှုတ်ဖြေပဲ ဖြေရပါတယ်။ အခုတစ်သုတ်မှာတော့ ရေးဖြေရော နှုတ်ဖြေပါ ဖြေကြရပါတယ်။ ရေးဖြေအောင်တဲ့သူတွေကမှ နှုတ်ဖြေထပ်ဖြေကြရပါတယ်)။ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးစာမေးပွဲ ပြီးမြောက်အောင်မြင်ရုံနဲ့ အစိုးရ ဝန်ထမ်းဖြစ်ပြီလားဆိုတော့ မဖြစ်သေးပါဘူး။ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)/(ဇီးပင်ကြီး) တို့မှာ အရာထမ်းလောင်းအခြေခံသင်တန်းဆိုတာကို ရက်သတ္တပတ် (၁၄)ပတ်ကြာ တက်ကြရပြန်ပါတယ်။ ဒီသင်တန်းပြီးတာနဲ့ ရန်ကုန်သူနာပြုတက္ကသိုလ်မှာ ဆရာဝန်သစ်လွင်တွေကို ကျန်းမာရေးဝန်ကြီးဌာနက သင်တန်း(၅)ရက်ပေးပါတယ်။ ဒါတွေအားလုံးကို ကျော်ဖြတ်ပြီးမှ အစိုးရဆေးရုံမှာအမှုထမ်းခွင့်ရပြီး လက်ထောက်ဆရာဝန်ဖြစ်ကြရပါတယ်။
အသက်(၁၈)နှစ်လောက်မှာဆေးကျောင်းစတက်၊ ကျောင်းတက်တာ(၅)နှစ်၊ အလုပ်သင်ဆင်းတာ(၁)နှစ်၊ အလုပ်ဝင်ဖို့စောင့်ဆိုင်းရတာ(၂)နှစ်၊ (၂)နှစ်ခွဲ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်တက်တာ(၁၄)ပတ် အားလုံးပေါင်းရင် (၈)နှစ်ခွဲ၊ (၉)နှစ်နီးပါးလောက် အချိန်တွေဖြတ်သန်းပြီးမှ လက်ထောက်ဆရာဝန်ဖြစ်လာကြရတဲ့အတွက် အချိန်၊ ငွေ၊ လုံ့လဝီရိယ စတဲ့အရင်းအနှီးပေါင်းများစွာ ပေးဆပ်ပြီးမှ အလုပ်တစ်ခုကိုရရှိကြတာဖြစ်ပါတယ်။ဒီအတွက် လူလတ်တန်းစားမိဘတွေ၊ အစိုးရဝန်ထမ်းမိဘတွေ၊ စီးပွားရေးအဆင်မပြေကြရှာတဲ့ မိဘတွေခမျာ ဆေးကျောင်းတက်ခွင့်ရတဲ့ သူတို့သားသမီးတစ်ယောက်ကို သူတို့ဖြစ်စေချင်တဲ့ အစိုးရဝန်ထမ်း ဆရာဝန် တစ်ယောက်ဘဝရောက်ဖို့ ဘယ်လောက်ထိရုန်းကန်ရမယ်ဆိုတာ စဉ်းစားတတ်သူတိုင်း ကိုယ်ချင်းစာနိုင်မှာပါ။ အစိုးရဝန်ထမ်းလုပ်မှ ဆရာဝန်အလုပ်လုပ်ရတာမဟုတ်တာ…လို့ တွေးတဲ့သူတွေရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမိသားစုတွေမှာ ရွေးချယ်စရာလမ်း သိပ်များများမရှိကြရှာပါဘူး။ ဒါကြောင့်မို့ ဆရာတစ်ယောက်က သူ့စာထဲမှာ ရေးဖူးပါတယ်။ ဆရာဝန်အလုပ်ဆိုတာ လွှတ်အရင်းအနှီးများတဲ့ အလုပ်ပါလား….တဲ့။
ဒီလိုပေးဆပ်မှုတွေနဲ့ပေးဆပ်ပြီး ရလာတဲ့အလုပ်က ပျော်စရာသိပ်ကောင်းသလား၊ သက်သက်သာသာ အေးအေးဆေးဆေး ရှိသလား၊ ကိုယ့်မိဘတွေကို ကျေးဇူးဆပ်နိုင်ပြီလား..လို့ မေးလာခဲ့ရင် ဖြေဖို့အတော် ခက်ခဲပါလိမ့်မယ်။
ဆရာဝန်တွေဟာ…. ပြည်၊ သွေး၊ သလိပ်၊ ချွေး၊ အနံ့အသက်၊ အညစ်အကြေး..... တို့ ရောပြွန်းရာဆေးရုံဆိုတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်စားသောက်ရင်း…..၊ ရောဂါပိုးပေါင်းစုံတို့ လွင့်မျောကျက်စားရာ ဆေးရုံအဝန်းအဝိုင်းထဲက လေထုကိုရှူရှိုက်ရင်း….၊ ဖိစီးမှုတွေကိုပွေ့ပိုက်ရင်း မိုးလင်းသွားတဲ့ ညတွေကို မငြီးမငြူ ဖြတ်သန်းရင်း….၊ လူနာတွေကို နေ့တိုင်းထိတွေ့စောင့်ရှောက် ကုသနေပေမယ့် အဝေးရောက်နေတဲ့ မိဘဆွေမျိုးတွေကို အမေနေကောင်းလား၊ အဖေကျန်းမာလားဆိုတဲ့ စကာလုံးတွေလောက်နဲ့ပဲ နှစ်သိမ့်ပေးနိုင်ရင်း….၊ မလောက်ငှတဲ့လစာကို ကာမိဖို့ ညနေခင်းနဲ့ ညဦးပိုင်းတိုင်းမှာ ကိုယ်ပိုင်ဆေးခန်းလေးထဲ အချိန်ကုန်ရင်း…၊ မိသားစုနဲ့အတူနေရရင်တောင် မိဘတွေအတွက် သားသမီးဝတ္တရားမကျေနိုင်တဲ့၊ ဇနီး၊ခင်ပွန်းသည်အတွက် လင့်ဝတ္တရား၊ မယားဝတ္တရားမကျေနိုင်တဲ့၊ သား၊သမီးတွေအတွက် မိဘဝတ္တရားမကျေနိုင်တဲ့….တာဝန်မကျေတဲ့ သားသမီး၊ တာဝန်မကျေတဲ့ အိမ်ထောင်ရှင်၊ တာဝန်မကျေတဲ့ မိဘတွေ ဖြစ်မှန်းမသိ ဖြစ်နေကြပါပေါ့….။ တကယ်တော့ ဆရာဝန်ဆိုတာ လူပီသစွာမနေရတဲ့ လူတစ်ယောက်ပါပဲ..။
ဆရာဝန်အလုပ်ဟာ စီးပွားရေးလုပ်သလို အကျိုးအမြတ်ကို ကြည့်ပြီးလုပ်ရတဲ့အလုပ်မဟုတ်ပါဘူး။ ချမ်းသာချင်ရင် အစတည်းက ဆေးကျောင်းမတက်နဲ့လို့ ကျောင်းတက်စဉ်ကတည်းက ဆရာကြီး၊ ဆရာမကြီးများက ဆုံးမကြပါတယ်။ ငွေတစ်မျက်နှာထဲကိုကြည့်ပြီး ဆရာဝန်အလုပ်လုပ်ရင် ကျင့်ဝတ်နဲ့ညီတဲ့ ဆရာဝန်တစ်ယောက် ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူး။ ဒီပညာတစ်ခုထဲ တတ်မြောက်ဖို့ ကိုယ်အား၊ စိတ်အား၊ ငွေအား၊ အချိန်..စတဲ့ အရင်းအနှီးများစွာ စိုက်ထုတ်လာခဲ့ရပြီးကာမှ ကိုယ့်မိသားစု စားဝတ်နေရေး၊ သာရေး၊ နာရေး၊ လှူရေးတန်းရေးအတွက် ဒီပညာလေးကိုသုံးပြီး ငွေမရှာရရင်လည်း ဆရာဝန်အဖြစ် အသက်မွေးသူတွေအတွက် တခြားလုပ်ကိုင်စရာဆိုတာ မရှိနိုင်တော့ပါဘူး။ ဆရာဝန်ဆိုတာ ကျင့်ဝတ်နဲ့ မိသားစုစားဝတ်နေရေးကြား မျှတအောင် မနည်းလှုပ်ရှား ရုန်းကန်နေရသူတွေပါပဲ။
ဘဝတလျှောက်လုံး ဖိစီးမှုတွေနဲ့နေထိုင်လာခဲ့ရတဲ့ဆရာဝန်တွေဟာ Stress ကြောင့်ဖြစ်တဲ့ရောဂါတွေကို အနည်းနဲ့ အများခံစားကြရပါတယ်။ အရွယ်ကောင်းမှာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ တိမ်းပါးသွားကြတဲ့ ဆရာဝန်တွေ မရှားလှပါဘူး။ ကူးစက်ရောဂါတွေ အကူးစက်ခံရတာလည်း ဆရာဝန်တွေတင်မက အိမ်က မိသားစုဝင်တွေတောင် အဆစ်ပါပါသေးတယ်။ HIV(+) လူနာတွေ၊ အသည်းရောင်အသားဝါ B(+)၊ C(+) လူနာတွေကို ထိုးထားတဲ့ဆေးထိုးအပ်တွေ၊ ခွဲစိတ်ထားတဲ့ ခွဲစိတ်ကိရိယာတွေနဲ့ မတော်တဆ စူးမိ၊ ထိမိတာတွေလည်း မကြာခဏဖြစ်တတ်ကြပါတယ်။ HIV(+) အပ်စူးမိလို့ ဆေးသောက်ရင်းက ဆုံးပါး သွားရှာတဲ့ အလုပ်သင်ဆရာဝန်လေး၊ HCV(+) အပ်စူးမိရာကနေ စီပိုး(+) ဖြစ်သွားတဲ့အခါ ကောင်လေးဘက်ကစပြီး စေ့စပ်ကြောင်းလမ်းတာကို အဖျက်ခံလိုက်ရတဲ့ ဆရာဝန်မလေး ၊ ကလေးမွေးဖို့ ဆေးစစ်တော့မှ နှစ်ယောက်စလုံးမှာ HCV(+) ဖြစ်နေတဲ့ ဆရာဝန်လင်မယားနှစ်ယောက် (ယောက်ျားဖြစ်သူက ခွဲခန်းထဲမှာ အပ်စူးဖူးပါသတဲ့)……. ပြောမကုန်နိုင်တဲ့အဖြစ်တွေ။ နောက်ဆက်တွဲ လူမှုရေး၊ စီးပွားရေးအခက်အခဲတွေ…။ ဒါကြောင့် ဆရာဝန်ဆိုတာ သူများတွေ ကျန်းမာအသက်ရှည်အောင် ကုသ စောင့်ရှောက်ရင်းက သူတို့ကိုယ်တိုင် လူနာဖြစ်မှန်းမသိ ဖြစ်သွားတတ်တဲ့သူတွေပါပဲ..။
ဒီလိုဆိုတော့ “ဆရာဝန် အလုပ်ကဘာကောင်းတာရှိလို့လဲ။ ကျေနပ်ဂုဏ်ယူစရာကောင်းတဲ့၊ မွန်မြတ်တဲ့ အသက်မွေးမှု ဆိုတဲ့ခေါင်းစဉ်အောက်မှာ…. အဆင်မပြေမှုတွေ၊ ဆင်းရဲဒုက္ခတွေ၊ အန္တရာယ်တွေ ရောပြွမ်း နေတဲ့အလုပ်တစ်ခုကို အချိန်၊ ငွေ၊ လုံ့လဝီရိယ စတဲ့အရင်းအနှီးပေါင်းများစွာ ပေးဆပ်ပြီးလုပ်နေကြတာ မိုက်မဲကြလို့လား။ ရူးသွပ်နေတာလား။ လူဖြစ်မရှုံးဘူးလား။” လို့ မေးစရာရှိပါတယ်..။ ဟုတ်ပါတယ်။ အပေါ်ယံအသွင်သဏ္ဌာန်အားဖြင့်ကြည့်ရင်တော့ ဆရာဝန်ဘဝဟာ စိတ်ညစ်စရာ၊ စိတ်ပျက်စရာဘဝတစ်ခုပေါ့။ ဒါပေမယ့် အသွင်သဏ္ဌာန်ကိုကျော်ပြီး အနှစ်သာရကိုကြည့်ရင်တော့ဆရာဝန်ဘ၀ဆိုတာ ကုသိုလ်ကောင်းမှု တွေ၊ ကျေနပ်စရာတွေ၊ ပီတိဖြစ်စရာတွေ၊ ဂုဏ်ယူစရာတွေ….နဲ့ ပြည့်လျှမ်းနေတဲ့ ရတောင့်ရခဲဘဝတစ်ခု ဆိုတာ ဘယ်သူမှ ငြင်းလို့မရနိုင်ပါဘူး..။
ဘာဖြစ်လို့လဲဆိုတော့….
လောကမှာ အသက်နဲ့ ခန္ဓာကိုယ်ရထားတဲ့ ဘဝတစ်ခုဟာ သေခြင်းနဲ့အဆုံးသတ်ကြရပါတယ်။ ပညာတွေတတ် လို့ ဘွဲ့တွေဘယ်လောက်ပဲရရ၊ ရာထူးဂုဏ်ဝါတွေကြီးကျယ်လို့ တန်းခိုးတွေ ဘယ်လောက်ပဲထွားထွား၊ ရွှေ၊ငွေ၊စိန်၊ကျောက်၊ပတ္တမြား..တွေပိုင်ဆိုင်လို့ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ သေတဲ့တစ်နေ့မှာ အားလုံးကို စွန့်ခွာသွားကြရမှာပါပဲ။ တစ်သက်လုံးကျားကုတ်ကျားခဲရှာခဲ့ရတဲ့ ပညာတွေ၊ ဥစ္စာတွေ သေတော့လည်း ဘာမှ သယ်သွားလို့မရကြပါဘူး။ သေခြင်းရဲ့နောက်မှာ ကျွန်တော်တို့ နဲ့ ထပ်ချပ်မကွာ အရိပ်လိုလိုက်လာမှာကတော့ ကျွန်တော်တို့ပြုခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်တွေပါပဲ။ တစ်နည်းပြောရရင် ကျွန်တော်တို့ သူများတွေအပေါ် ထားခဲ့တဲ့ စိတ်ကောင်း၊စေတနာကောင်းတွေနဲ့ စိတ်ဆိုး၊စေတနာဆိုးတွေပါပဲ။ ဒါကြောင့် လူ့အသက်ကယ်တဲ့ ဆရာဝန်အလုပ်ဟာ စိတ်ထားတတ်မယ်ဆိုရင် မသေခင်ကိုယ့်ကို အကျိုးပေးမယ့် ၊ သေရင်ကိုယ့်နောက်ပါမယ့် ကုသိုလ်ကောင်းမှုတွေ အများကြီးရရှိ၊ စုဆောင်းနိုင်တဲ့ မွန်မြတ်တဲ့ အသက်မွေးဝမ်းကြောင်းအလုပ် ဖြစ်ပါတယ်။
“အာရောဂျ ပရမာ လာဘာ” အနာရောဂါ ကင်းရှင်းပြီး ကျန်းမာတာဟာ အနှိုင်းမဲ့လာဘ်ဖြစ်တဲ့အတွက် ကျန်းမာပြီး အသက်ရှည်တာကို လူတိုင်း တောင့်တကြပါတယ်။ လူတွေကျန်းမာပြီး အသက်ရှည်ဖို့ ဆေးပစ္စည်းလှူဒါန်းတာတွေ၊ နာမကျန်းသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေ၊ သူနာပြုလုပ်ငန်း လုပ်တာတွေ.. ဟာ ဆေးအလှူတော်လို့ခေါ်တဲ့ ဘေသဇ္ဇဒါနမှာ အကျုံးဝင်ပါတယ်။ တစ်နည်းပြောရရင် ဆရာဝန်တွေဟာ နေ့စဉ်နဲ့အမျှ ဘေသဇ္ဇဒါနပြုနေသူတွေလို့ဆိုရင် မမှားပါဘူး။ ဒါကြောင့် ဆရာဝန်တွေဟာ “သက်ရှည်၊ကျန်းမာ၊ ဘေးရန်ကွာ၍၊ ချမ်းသာ၊ဆင်းလှ၊ ခြံရံရလျက်၊ ဗလအားသည်း၊ ပညာကြီးသည်၊ ပစ္စည်းခိုင်မြဲ၊ မကွဲချစ်သူ”…ဆိုတဲ့ ဘေသဇ္ဇဒါနရဲ့ အကျိုးဆယ်ပါးကို အနှေးနဲ့အမြန်ဆိုသလို ရရှိခံစားကြရမှာ အသေအချာပါပဲ။
ဆရာဝန်တွေဟာ ဆေးကုသတဲ့လုပ်ငန်းအတွက် အစိုးရဆေးရုံကလစာတွေ၊ ကိုယ်ပိုင်ဆေးခန်းမှာ ဆေးကုသကြေးတွေရကြပါတယ်။ ဈေးသည်နဲ့ဈေးဝယ်၊ ဝန်ဆောင်မှုပေးသူနဲ့စားသုံးသူ ဆိုရင်တော့ ဆန်ပေးရင်ဆေးရဆိုသလို ကိုယ်ကငွေပေးလို့ သူကပစ္စည်းပေးတာ၊ ဝန်ဆောင်မှုပြန်ပေးတာ ဘာမှမထူးဆန်းပါဘူး။ ၀ယ်သူကိုရောင်းလိုက်လို့ ရောင်းသူရတဲ့ငွေကြေးဟာ ၀ယ်လိုက်တဲ့ပစ္စည်းရဲ့တန်ဖိုးကို ကိုယ်စားပြုပါတယ်။ လူနာကို ဆရာဝန်ဆေးကုတဲ့အတွက်ရတဲ့ ငွေကြေးကတော့ လူနာရဲ့အသက်၊ လူနာရဲ့ကျန်းမာမှုတန်ဖိုးကို ဘယ်လိုနည်းနဲ့မှ ကိုယ်စားမပြုနိုင်ပါဘူး။ အနာရောဂါကင်းပြီးကျန်းမာတာနဲ့ လူ့အသက်ဆိုတာတွေဟာ ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့ မရစကောင်းပါဘူး။ ဒါကြောင့် ဆရာဝန်တွေအနေနဲ့ ငွေအသပြာမြိုးမြိုးမြက်မြက်ရစေဟဲ့…ဆိုတဲ့ မတော်လောဘရှေ့တန်းမတင်ဘဲ နာမကျန်းသူတွေ အနာရောဂါ ကင်းပြီးကျန်းမာဖို့ စောင့်ရှောက်ကုသပေးတာဟာ အလွန်မွန်မြတ်တဲ့ အဘယဒါန၊ အာယုဒါန ဖြစ်ပါတယ်။
**ဆရာဝန်တွေဟာ ကိုယ်တွေ့ကြုံရတဲ့လူနာတွေကို အမြန်ဆုံးကျန်းမာသွားအောင် ကုသပေးချင်သူချည်းပါပဲ။ ကျန်းမာချမ်းသာပါစေလို့ နှုတ်ကရွတ်ဆိုမနေပေမယ့် ရောဂါသည်တစ်ယောက် ကျန်းမာချမ်းသာသွားအောင် ကုသပေးချင်တဲ့စိတ်ဟာ မေတ္တာစိတ်ပါပဲ..။ လူနာတွေကိုတွေ့မြင်ရတဲ့အခါ ဆင်းရဲဒုက္ခဝေဒနာတွေ ပျောက်ကင်းသွားစေချင်တဲ့ သနားကြင်နာစိတ်ဟာ ကရုဏာစိတ်ဖြစ်ပါတယ်။ လူနာတစ်ယောက် ကိုယ်ဆေးကုပေးလိုက်လို့ ထူထူထောင်ထောင်ဖြစ်လာ၊ ကျန်းမာလာတဲ့အခါ ဝမ်းသာပီတိဖြစ်တာကတော့မုဒိတာစိတ်ဖြစ်ပါတယ်။ ရောဂါပျောက်ကင်းသွားတဲ့ လူနာတွေကို တွယ်တာကပ်ငြိတာတွေမဖြစ်ဘဲ၊ ကိုယ့်ကိုကျေးဇူးတင်တင်၊ မတင်တင် ဘာမှလိုက်မခံစားဘဲ ချစ်ခြင်း၊ မုန်းခြင်းကင်းစွာနဲ့ သူ့လမ်းသူ ဆက်လျှောက်စေတာကတော့ ဥပက္ခာစိတ်ပါပဲ။ ဒါ့ကြောင့် လူနာတစ်ယောက်ကို စိတ်စေတနာကောင်းထားပြီး ကုသမှုပေးနေတဲ့ ဆရာဝန်တစ်ယောက်ဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာ..ဆိုတဲ့ ဗြဟ္မာစိုရ်တရား လေးပါးကိုပွားများနေတဲ့ ဗြဟ္မာကြီးတွေနဲ့ အလားသဏ္ဌာန်တူပါတယ်။ ဗြဟ္မစိုရ်တရားတွေ လက်ကိုင်ထားပြီး လူသားအချင်းချင်း ကူညီဖေးမစောင့်ရှောက်တာဟာ ဆရာဝန်အလုပ်ကို Noble Profession လို့ပြောလို့ ရစေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။
**ဆရာဝန်တွေဟာ လူနာတွေကို ဆေးကုပေးနေရင်းက ပါရမီကုသိုလ်အမျိုးမျိုး ရနိုင်ပါသေးတယ်။ ဆရာဝန်ရဲ့ဘဝတစ်လျောက်မှာ ရဟန်း၊ သာမဏေ၊ သီလရှင်တွေကို အခမဲ့ဆေးကု ပေးတာတွေ၊ ဇီဝိတဒါန ဆေးခန်းတွေမှာ စေတနာ့ဝန်ထမ်း ဆေးကုသပေးတာတွေ၊ ဆင်းရဲနွမ်းပါးကြရှာတဲ့ လူနာတွေကို အခါအားလျော်စွာ ဆေးဝါးပစ္စည်း လှူဒါန်းကြတာတွေ..စတဲ့ အလှူဒါနတွေကို အကြိမ်ကြိမ်ပြုလုပ်ဖူးကြပါတယ်။ ဒီလို လုပ်အားတွေ၊ ဆေးဝါးတွေ လှူဒါန်းကြတာဟာ ဒါနပါရမီ ကို ဖြည့်ကျင့်နေတာပါပဲ။ လူနာကို ဆေးကုသပေးနေတဲ့အချိန်မှာ ဆရာဝန်တွေဟာ ငါးပါးသီလကို ကျိုးပေါက်စရာ အကြောင်းကိစ္စ သိပ်မရှိပါဘူး။ လူနာကြည့်ရင်း သီလကိုထိန်းမှန်းမသိ စောင့်ထိန်းဖြစ်သွားတာဟာ သီလပါရမီ ကို ဖြည့်ကျင့်နေတာပါပဲ။ နေက္ခမ ဆိုတာကတော့ စည်းစိမ်ကိုစွန့်ခွာပြီး လူသူကင်းဝေးတဲ့အရပ်မှာ နေတာကို ခေါ်တာပါ။ ဆရာဝန်တွေ လူနာကိုဆေးကုနေတဲ့ ဆေးခန်း၊ ဆေးရုံ၊ ခွဲစိတ်ခန်း၊ အထူးကြပ်မတ်ကုသဆောင် စတာတွေဟာ လူသူဝေးရာ၊ လောကီစည်းစိမ်တွေနဲ့ဝေးရာ နေရာတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေရာတွေကိုရောက်နေတဲ့ ဆရာဝန်တွေဟာ တဒင်္ဂအားဖြင့် နေက္ခမပါရမီ ကို ဖြည့်ကျင့်နေတာပါပဲ။
**Doctor ဆိုတဲ့စကားလုံးဟာ Docere ဆိုတဲ့စကားလုံးကဆင်းသက်လာတာဖြစ်ပါတယ်။ Docere ရဲ့အဓိပ္ပါယ်က Teacher (သင်ပေးသူ/ဆရာ) ဖြစ်ပါတယ်။ ဆရာဝန်တွေဟာ လူနာတွေကိုဆေးကုပေးရုံမက ဆောင်ဖို့၊ ရှောင်ဖို့ တွေကို ကျန်းမာရေးပညာပေးကြပါတယ်။ ရောဂါဝေဒနာခံစားနေကြရသူတွေကို နှစ်သိမ့်ဆွေးနွေး ပညာပေးကြပါတယ်။ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို သင်ကြားပြသပေးကြပါတယ်။ သင်ကြားရေးဘက်က ဆရာတွေ အနေနဲ့လည်း ဆေးကျောင်းသူ၊ ဆေးကျောင်းသားတွေကို ဆေးပညာတွေ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးကြပါတယ်။ ဒါကြောင့် ဆရာဝန်တွေ ဒီလိုကျန်းမာရေးပညာပေး၊ ဆွေးနွေးတာ၊ နောက်မျိုးဆက်သစ် ဆရာဝန်လောင်းတွေကို ဆေးပညာသင်ကြားပေးတာဟာ ပညာပါရမီ ဖြည့်ကျင့်နေတာပါပဲ။ ဆရာဝန်တွေ လူနာကိုဆေးကုသရာမှာ ပျင်းရိငြီးငွေ့၊ အပါးခိုလို့ မရပါဘူး။ အရေးပေါ်ဌာနတွေ၊ လူနာဆောင်တွေ၊ ခွဲစိတ်ခန်းတွေမှာ နေ့မအား၊ ညမနား တာဝန်ထမ်းဆောင်ကြရပါတယ်။ ညအချိန်မတော် လာခေါ်လည်း ကြည့်ပေးရပါတယ်။ ဒီလိုအစဉ်အမြဲ ဝီရိယစိုက်ထုတ် အလုပ်လုပ်နေကြတဲ့ ဆရာဝန်တွေဟာ ဝီရိယပါရမီ ကို ဖြည့်ကျင့်နေကြ သူတွေပဲဖြစ်ပါတယ်။
**ဒီခေတ်ထဲမှာ ဆရာဝန်တွေဟာ သည်းခံစရာတွေ တော်တော်များများ တွေ့ကြုံကြရပါတယ်။ လူအမျိုးမျိုး၊ စိတ်အထွေထွေနဲ့ ဆက်ဆံရတဲ့အတွက် သည်းခံကြရပါတယ်။ ပင်ပန်းဆင်းရဲတဲ့ဒဏ်ကိုလည်း သည်းခံကြရပါတယ်။ စေတနာကိုစော်ကားတာနဲ့ကြုံရရင်လည်း သည်းခံကြရပါတယ်။ အင်တာနက်မှာ၊ ဂျာနယ်တွေထဲမှာ မဟုတ်တမ်းတရား၊ တစ်ဘက်စောင်းနင်းရေးကြ၊ ပြောကြတာကိုလည်း သည်းခံကြရပါတယ်။ တစ်နေရာတည်းမှာ အကြာကြီး ပစ်အထားခံရတဲ့အခါ မိသားစုနဲ့ဝေးတဲ့ဒုက္ခကိုလည်း သည်းခံကြရပါတယ်။ ဒါ့ကြောင့် ဆရာဝန်တွေဟာ သည်းခံခြင်းဆိုတဲ့ ခန္တီပါရမီ ကို ဖြည့်ကျင့်နေသူများလည်း ဖြစ်ကြပါတယ်။
**ဆရာဝန်တွေဟာ လူနာကိုကုသရာမှာ မှန်ကန်ဖြောင့်မတ်စွာ ပြောဆိုလုပ်ကိုင်ကြရတဲ့အတွက် သစ္စာပါရမီကုသိုလ်ကိုလည်း ရနိုင်ကြပါတယ်။ အဓိဋ္ဌာန် ဆိုတာကတော့ ကောင်းတဲ့အလုပ်ကို မဖြစ်မနေ၊စွဲစွဲမြဲမြဲ အားထုတ်တာဖြစ်ပါတယ်။ ဆရာဝန်တွေ လူနာကို ကုသရာမှာ ရောဂါကို မပျောက်ပျောက်အောင် မဖြစ်မနေ စွဲစွဲမြဲမြဲ အားထုတ်ကြရတဲ့အတွက် အဓိဋ္ဌာန်ပါရမီ ကုသိုလ်ကို ရရှိနိုင်ကြပါတယ်။ ကောင်းကျိုးလိုလားပြီး ကျန်းမာချမ်းသာစေလိုတဲ့စိတ်စေတနာတွေဟာ မေတ္တာပါရမီ ကုသိုလ်ပါပဲ။ လူနာကိုကုသပြီးလို့ သူ့ဆီက ကျေးဇူးတင်တာ၊ မတင်တာတွေဘာမှ မမျှော်လင့်တ၊ဲ့ ချစ်ခြင်း၊ မုန်းခြင်းကင်းတဲ့စိတ်ဟာ ဥပေက္ခာပါရမီကုသိုလ်ပါပဲ။ ဒါကြောင့် ဆရာဝန်တွေဟာ ဘုရားအလောင်းတော်များဖြည့်ဆည်းအားထုတ်တော်မူတဲ့ ပါရမီကုသိုလ်အမျိုးမျိုးကို ဆေးကုသပေးနေရင်းနဲ့ပဲ ရရှိနိုင်ကြပါတယ်။
ကျွန်တော်တို့ရဲ့ သုံးလောကထွတ်ထား မြတ်စွာဘုရားက “ယော ဘိက္ခဝေ မံ ဥပဋ္ဌဟေယျ၊ သော ဂိလာနံ ဥပဋ္ဌဟေယျ” လို့ မဟာဝါပါဠိတော်မှာ ဟောကြားတော်မူခဲ့ပါတယ်။ “ငါဘုရားကို လုပ်ကျွေးပြုစုလိုသောပုဂ္ဂိုလ် သည် နာမကျန်းသော လူအို၊ လူနာကို လုပ်ကျွေးပြုစုရာ၏” လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် နာမကျန်းသူကို ကုသစောင့်ရှောက်တဲ့ ဆေးကုသမှုဆိုတဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းဟာ မြတ်ဗုဒ္ဓအသိအမှတ်ပြုခဲ့တဲ့၊ မြတ်ဗုဒ္ဓချီးမွမ်းခဲ့တဲ့ အလုပ်ဖြစ်ပါတယ်။
အချုပ်ပြောရရင် ဆရာဝန်အလုပ်ဟာ ပေးဆပ်ရတာနဲ့ ထိုက်တန်တဲ့ကောင်းမှုကုသိုလ်တွေရနိုင်တဲ့၊ ကျေနပ်၊ဂုဏ်ယူ၊ပီတိဖြစ်စရာကောင်းတဲ့၊ မွန်မြတ်တဲ့ သမ္မာအာဇီဝအလုပ်ပါပဲ… ဆိုတာ တင်ပြရင်းနဲ့… “ဆရာဝန်အလုပ်ကို ရွေးချယ်ခဲ့မိတာ မှားများမှားပြီလား…..လို့ တွေးတွေးနေကြတဲ့..၊
ဆရာဝန်အလုပ်ကို လုပ်ရင်းနဲ့ အောက်ကိုကျကျသွားတဲ့ စိတ်ဓါတ်ကို မကြာခဏ ပြန်ကောက်တင်နေကြရတဲ့..၊
စိန်ခေါ်မှုတွေပေါများလွန်းတဲ့ လောကကြီးထဲမှာ လူတန်းစေ့နေနိုင်ဖို့တောင် မနည်းလှုပ်ရှားရုန်းကန် နေကြ ရတဲ့..၊
ဆေးရုံဂျူတီများနဲ့ နေ့ရောညပါ နပမ်းလုံးရင်း ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းလျနေကြရရှာတဲ့…
ညီအစ်ကိုမောင်နှမ ဆရာဝန်များအားလုံး”.....ကို ဒီဆောင်းပါးလေးနဲ့ အားပေးဂုဏ်ပြုလိုက်ရပါတယ်။
အောင်ကျော်သူ
၁၀.၁၁.၁၂
(ဝန်ခံချက်။ ။[**]ပြထားသော စာပိုဒ်များကို နိုင်ဇော်(ဗိုလ်မှူးကြီးခင်ဇော်)၏ “ဆေးပညာကျင့်ဝတ်များနှင့် ပရော်ဖက်ရှင်နယ် လစ်ဇင်” စာအုပ်အား မှီငြမ်းရေးသားပါသည်)
0 comments:
Post a Comment