အိုဘားမား ဘာကြောင့် အာရှကို လာရောက်သလဲ
လောလောလတ်လတ် ဒုတိယသက်တမ်းအဖြစ် အရွေးခံရတဲ့ သမ္မတဟာ ပြည်တွင်းက ကိစ္စရပ်တွေ၊
အရှေ့အလယ်ပိုင်းက အရေးကိစ္စတွေကိုခေတ္တခဏ ဘေးဖယ်ထားပြီး အာရှကို အချိန်ပေး
ခရီးထွက်လာခဲ့ပါတယ်။
ဘာကြောင့်ပါလဲ။
အင်ဒိုနီးရှားနိုင်ငံဟာ အာရှရဲ့ အလျင်အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာတဲ့ စီးပွားရေးနဲ့အတူ အရေးပါတဲ့
ဈေးကွက်ဖြစ်လာနေချိန်မှာအာရှရဲ့ နောက်ကျားတကောင်ဟာ အခုလို လွတ်လပ်လာတဲ့ မြန်မာနိုင်ငံ
ဖြစ်လာနိုင်တယ်လို့ တချို့ စီးပွားရေးပညာရှင်တွေက ယူဆကြပါတယ်။
သမ္မတ အိုဘားမားရဲ့ အာရှခရီးစဉ်က စီးပွားရေးအကျိုးအမြတ်တွေကို စတင်ပြီးတော့ တွေ့နေရပါပြီ။
အမေရိကန်က ကျားကန်ပေးမဲ့ Trans-Pacific Partnership လို့ ခေါ်တဲ့ ပစိဖိတ်ရပ်ဝန်းဒေသ လွတ်လပ်တဲ့
ကုန်သွယ်မှုအဖွဲ့ ဖွဲ့စည်းရေးမှာ ပါဝင်ဆွေးနွေးဖို့ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝတ်က သဘောတူလိုက်ပါတယ်။
ဒါကြောင့် အရှေ့တောင်အာရှဟာ စီးပွားရေးမှာ တရုတ်ကို ချိန်ခွင်လျှာညှိနိုင်တော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးမှာလည်း အလားတူ ပါပဲ။
သမ္မတအိုဘားမားရဲ့ အာရှခရီးစဉ်ဟာ ပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့သြဇာခိုင်မြဲနေမှုကို ပြသလိုက်တာ
ဖြစ်သလို ဒေသတွင်းနိုင်ငံအများအပြားကလည်းအလားတူ သဘောထားမျိုးရှိတယ်ဆိုတာကို ပြသလိုက်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
အရှေ့တောင်အာရှမှာ တရုတ်ရဲ့ စီးပွားရေး နိုင်ငံရေးသြဇာအာဏာ ကြီးမားလာတဲ့ အဖြစ်က
မြန်မာနိုင်ငံကို နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တွန်းပို့ခဲ့တယ်လို့ယူဆသူတွေ ရှိပါတယ်။
အဲဒီကနေ အမေရိကန်၊ ဥရောပနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေး ကို ပြန်လည်ပြုပြင်ဖို့ ဖြစ်လာစေတယ်လို့
ဆိုပါတယ်။တောင်တရုတ်ပင်လယ်ကို တရုတ်နိုင်ငံက လွှမ်းမိုးဖို့ တရားလွန် ကြိုးစားမှုဟာ တခြားနိုင်ငံတွေကို အမေရိကန်နဲ့ ပိုမိုနီးကပ်စေခဲ့ပါတယ်။
တကြိမ်တခါမှာတောင် ဗီယက်နမ်နိုင်ငံက အမေရိကန်နဲ့ တွဲပြီး ရေတပ်စစ်ရေးလေ့ကျင့်မှုမှာ ပူးပေါင်း
ပါဝင်လာတဲ့အထိ တရုတ်ရဲ့ အာဏာဖြန့်ကျက်မှုအပေါ်စိုးရိမ်မှုတွေ တွေ့ရပါတယ်။ အရိုးဆုံးပြောရရင်
အာစီယံဟာ တရုတ်နဲ့ချိန်ခွင်လျှာမျှဖို့အတွက် အရေးပါတဲ့ အမေရိကန်ရဲ့ မဟာမိတ် ဖြစ်လာနိုင်တယ်
ဆိုတာကိုအိုဘားမားရဲ့ မဟာဗျူဟာကျတဲ့ အာရှခရီးစဉ်က ထင်ထင်ရှားရှား ပြလိုက်တာပဲ ဖြစ်ပါတော့တယ်။
Times မဂ္ဂဇင်းရဲ့ စီးပွားရေး ကဏ္ဍမှာ ဖော်ပြတဲ့ မိုက်ကယ် ရှူးမန်းရဲ့ ဆောင်းပါးကို မှီငြမ်းပြန်ဆိုပါတယ်။(MZ)
0 comments:
Post a Comment