Tuesday, April 12, 2016

အုန်းနို့ နို့ဆီ

Kyaw Tun to Friends from Burma


နို့ဆီကို နွားနို့က ထုတ်လုပ်တာလောက်ဘဲ မြန်မာနိုင်ငံက လူတွေက သိကြတယ်။ ကျွဲ၊ ဆိတ်၊ သိုး စတဲ့ တိရစ္ဆာန်တွေဆီက တစ်ဆင့် နို့ဆီထုတ်လုပ်နိုင်တာကိုတော့ သတိမပြုမိကြ။ နွား၊ ကျွဲ၊ ဆိတ်၊ သိုး စတဲ့ တိရစ္ဆာန်တွေကနေ နို့ဆီ၊ cheese အမျိုးမျိုး၊ cheese cream အမျိုးမျိုးကို ကမ္ဘာ့နိုင်ငံတွေက ထုတ်လုပ်နေကြတယ်။
အမေရိကန်နိုင်ငံ၊ ယူတာ့ပြည်နယ်၊ ဆော့လိတ်မြို့ရဲ့ Farmer Market စနေဈေး တစ်ခုမှာဆိုရင် သိုးရဲ့ နို့ကနေ ထုတ်လုပ်ထားတဲ့ အသားလှလိမ်းဆီ စနိုးတစ်မျိုးကို ကြော်ငြာရောင်းချနေတာ ကိုယ်တိုင် မြင်တွေ့ခဲ့ရဘူးပါတယ်။

နို့ဆီလို့ပြောလိုက်ရင် နွားနို့တစ်မျိုးတည်းကိုသာ ထုတ်လို့ရသလို ဖြစ်နေတဲ့ အတွေးအခေါ် ကျဉ်းမြောင်းမှုက မြန်မာနိုင်ငံမှာ ဒီကနေ့အထိ ရှိနေဆဲပါ။ တိုးတက်နေတဲ့ နိုင်ငံတွေမှာတော့ အခြားသော တိရစ္ဆာန်တွေဆီက နို့တွေကိုပါ နို့ဆီထုတ်လုပ် စားသုံးကြပါတယ်။
တိရစ္ဆာန်နို့တွေက တစ်ဆင့် နို့ဆီထုတ်လုပ်နေရုံမက အခုဆိုရင် အုန်းသီးကို အုန်းနို့ညှစ် နို့ဆီချက်ပြီး အုန်းနို့ နို့ဆီအဖြစ် ထုတ်လုပ်ရောင်းချနေကြပါပြီ။ မက်ဆီကိုနိုင်ငံက ထုတ်လုပ်တဲ့ အုန်းနို့ နို့ဆီတွေဟာ အမေရိကားရဲ့ နို့ဆီဈေးကွက်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် နေရာယူ ရောင်းချလာတာကို တွေ့နေရတယ်။ ကာလီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ရှိတဲ့ Parque Industrial Lerma ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး Make in Mexico စာတမ်းရိုက်နှိပ်ထားတဲ့ “Calahua” နာမည်နဲ့ အုန်းနို့ နို့ဆီတွေ အမေရိကန်ဈေးကွက်မှာ ပြန့်နှံ့လို့နေပါပြီ။ RUM နဲ့ RUMCHO ကုန်စည်အရောင်းဆိုင်တွေမှာ အမြောက်အများ ဝယ်ယူလို့ ရနေပါပြီ။
ထိုင်းနိုင်ငံ၊ ထိုင်းဝမ်နိုင်ငံနဲ့ အာရှနိုင်ငံတချို့ကတော့ အုန်းရည်နဲ့ အုန်းနို့တွေကိုသာ သံဗူးပါကင်တွေနဲ့ အမေရိကန် ဈေးကွက်ကို နေရာယူနိုင်တာ တွေ့ရတယ်။ မက်ဆီကို နိုင်ငံကတော့ အုန်းသီး၊ အုန်းရည်၊ အုန်းနို့၊ အုန်းနို့ နို့ဆီ ဆိုပြီး ဈေးကွက်နေရာယူဖို့ ကြိုးစားနေတာ တွေ့ရတယ်။ အုန်းရည်မှာတော့ အာရှအုန်းရည်ကို လူကြိုက်များတာ တွေ့ရတယ်။
မက်ဆီကိုနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ရာသီဥတုတူတဲ့ နိုင်ငံဖြစ်တယ်။ အမေရိကန်နိုင်ငံရဲ့ တောင်ဘက်မှာရှိတယ်။ ကာလီဖိုးနီးယား၊ အာရီဇိုးနား၊ နယူးမက်ဆီကို နဲ့ တက်ဆက်ပြည်နယ်တွေကို နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် အမေရိကန်နိုင်ငံကို ကုန်သွယ်ဖို့ အခွင့်အလမ်းအများကြီးရထားတဲ့ နိုင်ငံတစ်ခုလည်းဖြစ်တယ်။ မြန်မာနိုင်ငံလို အုန်းသီး အမြောက်အများထွက်တယ်။ မက်ဆီကိုနိုင်ငံထွက် အုန်းသီး၊ အုန်းရည်၊ အုန်းနို့၊ အုန်းနို့ နို့ဆီနဲ့ အခြားသော စားသောက်ကုန်မျိုးစုံကို ပြည်နယ်အသီးသီးရဲ့ RUM နဲ့ RUMCHO ကုန်စည်အရောင်းဆိုင်တွေမှာ ဝယ်လို့ရတယ်။ အခုဆိုရင် မက်ဆီကိုက ထုတ်တဲ့ အုန်းနို့ နို့ဆီဈေးကွက်ဟာ အခြားနို့ဆီတွေထက် လူကြိုက်များလာတာ တွေ့နေရပါပြီ။
အုန်းနို့က ထုတ်တဲ့နို့ဆီဟာ အနံ့အရသာ အလွန်ကောင်းတာကို တွေ့ရတယ်။ အုန်းနို့ရဲ့ မွှေးရနံ့ကလည်း စားသုံးသူရဲ့ အာရုံကို ပိုပြီးဆွဲဆောင်မှုတစ်ခု ဖြစ်စေတယ်။ ချိုဆိတ်မွှေး ဖြစ်နေတော့ စားသုံးသူတွေ တဖြည်းဖြည်းများလာတယ်။ ဒါကြောင့် နို့ဆီ ဈေးကွက်ကို နေရာယူလာနိုင်တာလည်း ဖြစ်တယ်။
တိရစ္ဆာန်တွေရဲ့နို့က နဂိုမူလ ရှိနေတဲ့ ညှီနံ့ကိုပျောက်အောင်လုပ်ရတာ အလုပ်ပိုတစ်ခု ဖြစ်နေတယ်။ အုန်းနို့ နို့ဆီက မူလကတည်းက အုန်းနို့ရဲ့ မွှေးနံ့က ရှိပြီးသားဖြစ်တယ်။ သီးသန့်အမွှေးနံ့တစ်ခု ဖန်တီးစရာ မလိုတော့။ ဒါဟာ အုန်းနို့ နို့ဆီရဲ့ အားသာချက်တစ်ခုဖြစ်တယ်။
ကမ္ဘာပေါ်မှာ အုန်းသီးပေါတဲ့ နိုင်ငံတွေ အမြောက်အများရှိပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါတယ်။ အခု အချိန်ထိတော့ အုန်းသီးနဲ့ပတ်သက်ပြီး အုန်းရည်၊ အုန်းဆီ၊ အုန်းနို့၊ အုန်းနို့ နို့ဆီ၊ အုန်းခွံ ဘာကိုမှ နိုင်ငံခြားကို တင်ပို့နိုင်ခြင်း မရှိသေးပါ။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ အုန်းရည်နဲ့ အုန်းနို့ အမေရိကားကို အမြောက်အများ တင်ပို့ ရောင်းချနေပါတယ်။ အိန္ဒိယနိုင်ငံက အုန်းဆံနဲ့လုပ်တဲ့ ပန်းအိုး၊ တံမြက်စီး၊ ခြေသုတ်စရာအမျိုးမျိုး အမေရိကားကို တင်ပို့နေတယ်။
အုန်းနို့ကို သကြားနဲ့ အချိုးကျ ရောစပ်ကျိုချက်လိုက်ရုံနဲ့ နို့ဆီဖြစ်လာတဲ့ ချိုဆိတ်မွှေး အုန်းနို့ နို့ဆီသာ ကမ္ဘာ့ ဈေးကွက်ထဲ နေရာယူလာနိုင်မယ်ဆိုရင် အုန်းသီးထွက်တဲ့ နိုင်ငံတွေ အလွန်အဆင်ပြေသွားမှာပါ။ အလွန်မွှေးတဲ့ အုန်းနို့ နို့ဆီရဲ့ ထူးခြားချက်ဟာ တိရစ္ဆာန်က ထွက်တဲ့ နို့ဆီထက် တပန်းသာနေတာကို စားသုံးဘူးသူတိုင်း သိလာနေကြပါပြီ။ ဒါကြောင့်လည်း နို့ဆီကို အုန်းနို့က ချက်လို့လည်းရတယ်ဆိုတာ မက်ဆီကိုနိုင်ငံက လက်တွေ့ လုပ်ပြပြီး အမေရိကားရဲ့ ဈေးကွက်ထဲ လက်တွေ့ဝင်ရောက်ထိုးဖောက် လိုက်ပါပြီ။
သမရိုးကျလောက်သာ စဉ်းစားလေ့ရှိတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေလည်း နို့ဆီကို အုန်းနို့ကတဆင့် ချက်ကြည့်ကြပါလို့ အကြံပြုလိုက်ပါရစေ။ နို့ဆီချက်နည်းတတ်ပြီးသား မြန်မာလူမျိုးတွေအတွက် အုန်းနို့ကနေ နို့ဆီချက်တာကိုတော့ ခက်ခဲမယ်လို့ မထင်ပါ။ မြန်မာနိုင်ငံမှာ ဘယ်သူမှ မမြင်သေးတဲ့၊ ဘယ်သူမှ မသိသေးတဲ့ အုန်းနို့ နို့ဆီကို အလျင်ဆုံးလုပ်ပြီး ဈေးကွက်ထဲ ဖြန့်နိုင်ခဲ့မယ်ဆိုရင် သင်ဟာ မြန်မာနိုင်ငံရဲ့ ရှေ့ဦး အုန်းနို့ နို့ဆီချက်သူ ဖြစ်လာပါလိမ့်မယ်။ အဲဒီအပြင် ပြည်ပနို့ဆီကို အားကိုးနေရတဲ့ မြန်မာပြည်ရဲ့ နို့ဆီဈေးကွက်ထဲမှာ ပြည်တွင်းဖြစ် အုန်းနို့ နို့ဆီဈေးကွက်လည်း နေရာယူလာနိုင်ပါတယ်။ သင်မြင်ရင် မြင်သလောက် သင့် ဦးနှောက် ပြေးရင်ပြေးသလောက် သင့်လုပ်ငန်းနဲ့ သင့်ရဲ့အောင်မြင်မှုလည်း ရလာပါလိမ့်မယ်။
အုန်းသီးပေါတဲ့ မြန်မာနိုင်ငံရဲ့ အားသာချက် အညှာကိုကိုင်ပြီး မြန်မာပြည်သူတွေလည်း အုန်းနို့ နို့ဆီ ထုတ်လုပ်နိုင်ကြပါစေ။
မင်းကျော်ကျော်ထွန်း (မော်လမြိုင်)
၂၀၁၃ စက်တင်ဘာလ ၁၂- ရက်၊ ကြာသာပတေးနေ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...