ရောဂါပြီးနေကြသူများ
တောင်ကိုရီးယားနိုင်ငံမှာ မားစ်ရောဂါဖြစ်လို့ လူ ၆ ဦးသေတယ်ဆိုတဲ့သတင်းကြားရပြန်တယ်။ တစ်လောက လည်း အီဘိုလာဆိုပြီး ကြောက်စရာရောဂါဆိုးကြီးတစ်ခု ကမ္ဘာကိုခြိမ်းခြောက်ပြန်တယ်။ မားစ်ရော အီဘိုလာရော မြန်မာနိုင်ငံမှာ လာမဖြစ်တာလည်း ထူးဆန်းတယ်လို့ဆိုရမယ်။
ကမ္ဘာ့ကပ်ရောဂါဆိုးကြီးတွေ ကိုယ့်မြန်မာနိုင်ငံမှာ
ဘာကြောင့်မဖြစ်တာလည်းဆိုတာကို သာမန်ကြည့်ရင်တော့
ဗုဒ္ဓဘာသာနိုင်ငံဆိုပြီးပြောကြမှာပဲဗျ။ ကျွန်တော်ကတော့ မတူတဲ့
အမြင်တစ်မျိုးပြောကြည့်ချင်ပါတယ်။
မြန်မာတွေဟာ မွေးကတည်းက ဒုက္ခသုက္ခတောထဲမှာ မွေးဖွားလာရတဲ့သူတွေဗျ။ ဆေးရုံတက်ပြီးမွေးတဲ့သူတွေ လည်းရှိတယ်။ သူတို့လည်း ဆေးရုံဆိုတဲ့ဒုက္ခကို ခါးသီးစွာခံပြီး မွေးကြရတာ။ အချို့လည်း အရပ်ထဲက သားဖွား ဆရာမ၊ အချို့လည်း အရပ်လက်သည်တွေနဲ့ မွေးလိုက်ကြတာပဲ။
မွေးပြီးပြန်တော့လည်း ဖုန်ထူ၊ ခြင်ကိုက်၊ အမှိုက်တော၊ ကြွက်တော၊ ပိုးဟပ်တော၊ ရေပုပ်၊ မြောင်းပုပ်၊ စုတ်ပြတ် နေတဲ့ ကြားထဲမှာ ကြီးပြင်းခဲ့ကြရတာ။ ဘက်တီးရီးယား ပိုးပေါင်းများစွာဟာ လက်တွေပေါ်မှာတောင် ထောင်ပေါင်းများစွာ ပေါက်ဖွားနိုင်ကြတာဆိုရင် မြန်မာတွေ စားနေတဲ့ အစားအစာ၊ နေထိုင်ရတဲ့ ၀န်းကျင်၊ အိပ်စက်နေရတဲ့ နေရာ၊ သွားလာနေထိုင်ရတဲ့ စရိုက်မျိုးစုံထဲမှာ ဘက်တီးရီးယားပေါင်း ဘယ်လောက်ရှင်သန် နေမလဲ ဆိုတာ စဉ်းစားသာကြည့်ပေတော့။
မွေးလာကတည်းက ဒီလောက်စုတ်ပြတ်နုံချာတဲ့ ၀န်းကျင်တွေမှာ လူဖြစ်နေရတာဆိုတော့ ပိုးပေါင်းများစွာ၊ ရောဂါပေါင်းများစွာကိုလည်း မမှုတော့ဘူးထင်ပါတယ်။ ပြောရရင်ဗျာ ရောဂါပြီးနေတယ်ပေါ့။
ကျွန်တော် ရိုးမတောင်ခြေအနားကရွာလေးတစ်ရွာမှာ ဆရာသွားလုပ်တော့ ချမ်းတဲ့ကာလတွေမှာ ခြေလက်တွေ ထုံကျင်လောက်အောင်အေးတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ကျောင်းကို လာတက်တဲ့ ကလေးတွေမှာ အနွေး ထည်မပါဘူး။ အင်္ကျီစုတ် ရင်ဘတ်ဟပြဲတွေနဲ့ ဒီအတိုင်းဖြစ်သလို နေလိုက်ကြတာပဲ။ သားတို့ မချမ်းဘူးလားလို့ မေးကြည့်တော့ "ဟီး .. ဟီး" ဆိုပြီးတော့ ပြန်ရယ်ပြတယ်။ အဲဒီကလေးတွေ တစ်ခါတစ်လေ ငှက်ဖျားကြောင့် တုန်ပြီး တက်သွားတာတွေရှိတယ်။ အတွေ့အကြုံမရှိစဉ်က ကျွန်တော်ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး။ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတဲ့ ကျွန်တော့်ကို ဒေသခံဆရာမတွေက "ဆရာကြီး အဲဒီအတိုင်းထားလိုက် တအောင့်နေ ကောင်းသွားလိမ့်မယ်" တဲ့။ သူတို့ပြောတဲ့ အတိုင်းတစ်အောင့်နေတော့ အဲဒီကလေးဟာ သူဘာမှ မဟုတ်သလိုပဲ။
ကျောင်းလွှတ်လို့ မိုးရေထဲလည်း ဒီအတိုင်းပြေးသွားကြတာ။ ဖားနှိုက်၊ ငါးရှာ သူတို့ ရွှံ့ထဲ မိုးထဲမှာ ဒီအတိုင်း လည်း နေနိုင်ကြတာပဲ။ မြို့ကမိဘတွေကမှ သားသမီး မိုးစိုတာကို ပုံကြီးချဲ့ဦးမယ်။ တောက ကလေးတွေမှာ ထီးမရှိ၊ မိုးကာမသိ။ ကျောင်းကို မိုးရွာလို့ ခမောက် မဆောင်းလာရင် အပြစ်ပေးမယ်ဆိုမှ မိဘတွေက ခမောက် လောက် ၀ယ်ပေးကြတာ။
ဒီလိုဘ၀တွေနဲ့ အရေတွေထူပြီး လူဖြစ်လာရတဲ့ ကျွန်တော်တို့ပြည်သူတွေကို တကယ်ဆိုရင် အဲဒီရောဂါတွေက အတော်လေးကြောက်သွားပုံရပါတယ်။ မြန်မာတွေ သွားမလုပ်နဲ့ ငါတို့ထက်မာတယ်။ ဒီကောင်တွေ ၉၆ ပါးမကဘူး ၁၀၁ ပါးလောက်ကို ပြီးနေတာလို့ ယူဆထားကြပုံရပါတယ်ဗျာ။
(ကျွန်တော့်အယူအဆများသည် ဆရာဝန်များဘက်ကကြည့်လျှင် အကောင်းမြင်စရာ အကြောင်းမရှိပါ။ နားလည်လို့ မဟုတ်ပါ၊ ကျွန်တော်သာမန် ရိုးရိုးလေးတွေးပြီး ရေးခြင်းသာဖြစ်ပါသည်ခင်ဗျား)
၈.၆.၂၀၁၅

0 comments:
Post a Comment