Friday, July 31, 2015

လက်ဦးဆရာများသို့


ကျွန်တော်တို့ ငယ်စဉ်က သင်ခဲ့ရတဲ့ မြန်မာဖတ်စာနဲ့ ရာဇ၀င်ဖတ်စာတွေမှာပါတဲ့ အကြောင်းအရာတွေဟာ များသောအားဖြင့် ကိုယ်ကျင့်တရားကို အခြေခံပြီး လိုက်နာစောင့်ထိန်းအပ်တဲ့ တရားတွေများတယ်။
ရာဇ၀င် (သမိုင်း) သင်တဲ့ ဆရာတွေကလည်း အလွတ်ဖတ်ကျက်ပြီး ပြန်ရေးခိုင်းတယ်ဆိုတာထက် သူတို့ပြောလိုက်တဲ့ အကြောင်းအရာတွေကို စီကာပတ်ကုံး ပြန်ပြီးတော့ စကားပြေကို ချောအောင်ရေးနိုင် ရင် အမှတ်ပေးတယ်။
စာထဲ ပါတာသင်တာထက်၊ စာထဲမပါတဲ့ အကြောင်းအရာတွေကို ပြောပြပြီး သင်ပေးကြတာကြောင့် ပိုပြီး စိတ်ဝင်စားတဲ့အပြင် အဲဒီဆရာ အချိန်ရောက်လာမှကိုပဲ မျှော်နေခဲ့ရတာတွေလည်းရှိခဲ့တယ်။
ကျွန်တော်တို့ ငယ်စဉ်က သင်ခဲ့ရတဲ့ ရာဇ၀င်ထဲမှာ "တရားစောင့်သောရခိုင်မင်း" ဆိုတာ ခုထိ မှတ်မိနေသေး တယ်။ အဲဒီ တရားစောင့်တဲ့ ရခိုင်မင်းဆိုတာ မင်းထီးအကြောင်းကိုပြောတာ။ မင်းထီးဟာ ရခိုင်ပြည် လောင်းကြက်မှာ သက္ကရာဇ် ၆၄၁ ခုနှစ်ကနေ ၇၃၆ ခုနှစ်အထိ စိုးစံခဲ့တယ်။ ဘုရင် မင်းထီးထုတ်ထားတဲ့ အမိန့်က ပိုပြီး စိတ်ဝင်စားစရာကောင်းတယ်။
"သားမကောင်းလျှင် အဖ၊ သမီးမကောင်းလျှင် အမိ၊ မယားမကောင်းလျှင် လင်၊ တပည့် မကောင်းလျှင် ဆရာ၊ ကျွန်မကောင်းလျှင် သခင်ကို စီရင်မည်" ဆိုတဲ့ အမိန့်ပဲ။ ဘယ်လောက်လေးစားစရာ ကောင်းလိုက်သလဲ။
တစ်နေ့ သူဌေးတစ်ယောက်ရဲ့ ကျွန်နှစ်ယောက်ဟာ နွားတစ်ကောင်ကို ခိုးယူသတ်စားတယ်။ ကျွန်ကခိုးတယ် ဆိုတော့ သခင်ကို အပြစ်ယူရမှာပေါ့။ ဒီတော့ သူဌေးက လူလည်ကျပြီး ဘုရင့်ဦးရီးတော် အနန္တဘယဆီကို ကပ်တယ်။ ဒီကျွန်တွေကို ဦးရီးတော် ကျွန်တွေလို့ပြောဖို့ အသပြာတစ်ထောင် လာဘ်ထိုပြီး ကျွန်လွှဲတာ။ ဦးရီးတော် ကျွန်တွေဆိုရင် အရေးမယူလောက်ဘူးထင်ပုံရတယ်။
တရားခံတွေကို ရုံးတင်တော့ ဦးရီးတော် အနန္တဘယရဲ့ ကျွန်တွေလို့ ပြောကြတယ်။ ဒါပေမဲ့ ဘုရင် မင်းထီးက လက်မခံဘူး။ ဘာပြောပြော ဦးရီးတော် ကျွန်တွေဆိုလည်း ဦးရီးတော် အပြစ်ဒဏ်ခံစေဆိုပြီး ဦးရီးတော်ကို လူသတ်တွေ လက်ထဲအပ်လိုက်တယ်။ အဲဒီလောက်ပြတ်သားတဲ့မင်းပဲ။
အဲဒီခေတ်က အမတ်တွေ ကွမ်းအရမ်းစားတယ်။ ကွမ်းယာတိုင်း ပိုတဲ့ထုံးတွေကို နန်းတော်တိုင်တွေမှာ သုတ် တော့ နန်းတော်တစ်ခုလုံး မြင်မကောင်းဘူး။ ဒါနဲ့ မင်းထီးလည်း "ထုံးသုတ်သူကို လက်ချောင်းဖြတ်မယ်" လို့ အမိန့်ထုတ်တယ်။
တစ်နေ့တော့ ဘုရင်ကိုယ်တိုင် အမှုမဲ့ အမှတ်မဲ့ နန်းတိုင်ကို ထုံးသုတ်မိတာကို အမတ်တစ်ပါးက အချိန်နာရီနဲ့ မှတ်ထားတယ်။ တစ်နေ့ နန်းတိုင်မှာ ထုံးရာတွေ့တော့ ဘုရင်က ဘယ်သူ့လက်ချက်လဲလို့ မေးတယ်။ အမတ် တစ်ပါးက ဘုရင်ကိုယ်တိုင်သုတ်တာကို အချိန်နေ့ရက် အတိအကျပြောတယ်။ ဘုရင်လည်း ဘာမျှ ငြင်းခုန်ခြင်း မပြုဘဲ ကိုယ့်လက်ညှိုးကို အများရှေ့မှာ သံလျက်နဲ့ ဖြတ်ပြလိုက်တယ်။
ကျွန်တော်တို့ ငယ်စဉ်က အဲဒီလို ကိုယ်ကျင့်တရားဆိုင်ရာ ပညာပေးတဲ့ စာတွေပေတွေ သင်ခဲ့ရတယ်။ ဆရာ တွေကလည်း စာဖတ်နာခဲ့သူတွေဆိုတော့ ပုံတိုပတ်စနဲ့ အခိုင်အမာပြောသင်တယ်။
ကျွန်တော် မိတ်ဆွေတွေကို ပြောပြနေတဲ့ ပုံပြင်တွေ၊ နိပတ်တွေ၊ ဇာတ်တွေအများစုဟာ ဆရာတွေ သင်ခဲ့တာတွေဖြစ်သလို ဆရာတွေ ဖတ်ခိုင်းခဲ့တဲ့ စာအုပ်တွေထဲမှာ ပါတဲ့ အကြောင်းအရာတွေပါပဲ။ လက်ဦးဆရာဆိုတာ အရမ်းအရေးကြီးတယ်။
လက်ဦးဆရာက ကိုယ်ကျင့်တရားနဲ့ အကျင့်စာရိတ္တတွေကို လက်ဦးအောင်မသွန်သင်နိုင်ရင် အနာဂတ် မကောင်းနိုင်ဘူး။ ကျွန်တော်တို့ဆရာတွေ စာဖတ်ဖို့နဲ့ ကိုယ့်ကလေးတွေ အနာဂတ်ဟာ ကိုယ်မှ မပြုပြင်ပေးရင် ရေစုန်မျောနိုင်တဲ့ အနေအထားကို ရောက်နေပြီဆိုတာ သတိပြုသင့်ပြီထင်ပါတယ်။
Credit to Tin Nyunt
K.K(ကနောင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...