Wednesday, July 8, 2015

ငါ့ကို ဘိုးဘွားရိပ်သာ ပို့ပေးပါ........................

Ahtar Ng

၁၉၉၁ ခုနှစ်
————-
“သားကြီး ကျောင်းသွားတော့မှာလား”
“ဟုတ်ကဲ့ဖေဖေ”
“စာကြိုးစားတဲ့ သားကြီးကို မုန့်ဖိုးအများကြီး ပေးရမှာပေါ့ကွ”
“အဖေကြီး…ရှင့်သားကို ကျွန်မ-မုန့်ဖိုးပေးပြီးသားလေ တော်ရဲ့”
“ဟာ…မင်းပေးသလို ငါလည်း ပေးမှာပေါ့ကွ၊ ငါ့သားကြီးက စာတော်တဲ့သားကွ”
“ရော့…သားကြီးအတွက် မုန့်ဖိုး။ ဒါက ဖေဖေပေးတာနော်”


x
၂၀၀၂ ခုနှစ်
————
“သားကြီးရေ၊ သားကြီး”
“မင်းအတွက် စဖို့ရှပ်လေး ဖေဖေ ဝယ်လာတယ်”
“သားကြိုက်တဲ့ အပြာနုရောင်လေးပဲ။ လိုက်၊မလိုက် ဝတ်ကြည့်စမ်းပါဦးကွ”
“ငါ့သားကြီးက တက္ကသိုလ်ကျောင်းသားကြီးတောင် ဖြစ်ပြီဆိုတော့
အကျီ င်္ကောင်းကောင်းလေးတွေ လိုမှာပေါ့။ ဖေဖေနောက်လည်း ဝယ်လာခဲ့မယ်”
“အဖေကြီး…ရှင့်ပုဆိုးက တော်တော်စုတ်နေပြီလေ”
“သားကြီးမှာက အကျီ င်္ကောင်းတာတွေ အများကြီး ရှိသေးတာပဲ တော်ရယ်”
“ရှင့်အတွက် ပုဆိုးကို ဝယ်မလာဘဲ ဘာလို့ သူ့အတွက် ဝယ်လာရတာလဲ ရှင်”
“ငါ့ ပုဆိုးက လှည့်ဝတ်ရင် အဆင်ပြေပါတယ်ကွာ။ ဘာမှ မဖြစ်ပါဘူး”
“မင်းသိလား….ငါ့သားကြီး ပညာတတ်ဘွဲ့ရ၊ အလုပ်ကောင်းကောင်းရတဲ့အခါ
ငါ့ကို ပုဆိုးတွေ ဒါဇင်လိုက် ဝယ်ပေးမှာကွ။ အဲ့ဒီ့တော့မှ မင်း ငါ့ကို ငေးကြည့်ရမယ်”
“အေးပါတော်…။ ရှင်ပဲ ပြောတော့။ ရှင်ပဲ ပြောတော့”
x
၂၀၁၂ ခုနှစ်
————
“မိန်းမရေ…ငါ့သား ချစ်သူက အချောလေးပါလားကွ”
“ပိုက်ဆံလည်း ချမ်းသာတယ်ဆိုတော့ ငါတို့ဘက်ကလည်း တစ်ခုခုတော့
လုပ်ပေးဖို့လိုတာပေါ့။ မဟုတ်ရင် ငါ့သားကြီးခမျာ မျက်နှာငယ်ရရှာမှာ”
ငါတို့နေတဲ့ မြေက…တို့အဘိုးအဘွားကြီး နှစ်ယောက်အတွက် ကြီးမနေဘူးလားကွ”
“ပေ ၄၀ ထဲက ပေ ၂၀ ကို ထုတ်ရောင်းပြီး သားကြီး မင်္ဂလာဆောင်အတွက်
သုံးပေးလိုက်ရင် ကောင်းမယ်နော် မိန်းမ။ သူလည်း တော်တော် ပျော်ရှာမှာ”
“ရှင့်ကိုတော့ ကျွန်မ မပြောတော့ဘူး။ ရှင့်သားကြီးအတွက်ဆိုရင် ကျွန်မကိုပါ
ရောင်းစားပေးမလား မသိပါဘူးတော်။ ရှင့်သဘော၊ ရှင့်သဘော”
x
၂၀၁၄ ခုနှစ်
————-
(က)
“ဟလို…သားကြီးလား…ဖေဖေပါ”
“ဖေဖေ အသုံးစရိတ်ပြတ်နေလို့
ဖေဖေ့ကို ငွေနည်းနည်းလောက် ပေးပါလား သားကြီးရယ်”
“ဟာ…ဖေဖေကလည်းဗျာ”
“ပြီးခဲ့တဲ့ လ,တုန်းကပဲ
ကျွန်တော် ဖေဖေ့ကို ငွေ သုံးသောင်း ပေးထားသေးတယ်မလား”
ဟုတ်တယ် သားကြီးရဲ့…
ဖေဖေ ဆေးဝယ်သောက်နေရလို့ ငွေက သိပ်အသုံးမခံဘူးကွယ်”
“မင်းမေမေ မရှိကတည်းက
ဖေဖေ့ ကျန်းမာရေးလည်း သိပ်မကောင်းတော့ဘူး သားကြီးရယ်”
(ခ)
“သားကြီးတို့ လင်မယားပါလား…ဘယ်က လှည့်လာတာလဲ”
“ကျွန်တော်…
ဟိုဘက် ရပ်ကွက်ထဲမှာ ကိစ္စတစ်ခုနဲ့လာရင်း လမ်းကြုံလို့ ဝင်လာတာ ဖေဖေ”
“ဒါဆို…သားကို ပြောစရာ ရှိတာနဲ့အတော်ပဲ”
“သားမလာရင် သားဆီကို ဖုန်းဆက်ပြီး ပြောမလို့”
“သားကြီး…ဖေဖေ့ မျက်မှန်က သိပ်ကြည့်လို့ မကောင်းတော့ဘူး”
“ဖေဖေ ပါဝါတိုးရမလားမသိဘူး”
“သားကြီး အဆင်ပြေရင်
ဖေဖေကို မျက်စိဆေးခန်း ခေါ်သွားပေးပြီး မျက်မှန်လေး လဲပေးပါလား သားကြီးရယ်”
“ဖေဖေကလည်း…မျက်မှန်က အကောင်းကြီး ရှိသေးတာပဲကို”
“ကျွန်တော်လည်း အခုက မအားသေးဘူး”
“ဖေဖေ့မြေးက ဖာလူဒါသောက်ချင်တယ်ဆိုလို့ သွားတိုက်ရဦးမှာ”
“ဒီလိုလုပ်လေ…ကျွန်တော် အားတဲ့တစ်နေ့ ဖေဖေ့ကို လာခေါ်မယ်လေ”
(ဂ)
“သားကြီးရေ”
“ဖေဖေ့ကျန်းမာရေးက သိပ်မကောင်းတော့ဘူးကွယ်”
“နေလို့ ထိုင်လို့လည်း သိပ်မကောင်းဘူး။ အမောလည်း ခဏခဏဖောက်နေတယ်”
“သားကြီး အဆင်ပြေရင် သားကြီးအိမ်မှာ ဖေဖေ့ကို ခေါ်ထားပါလား”
“သားကြီးအိမ်မှာ ဖေဖေလိုက်နေရမယ်ဆိုရင်
မြေးလေးမျက်နှာကို ကြည့်ရရုံနဲ့တင် ဖေဖေ့ကျန်းမာရေး တစ်ဝက်သက်သာပါပြီ”
“ဟာ…ဖေဖေ အဲ့ဒါတော့ အဆင်မပြေဘူးဗျ”
“ကျွန်တော့် မိန်းမက အိမ်မှာ အသက်ကြီးရွယ်အိုတွေ နေတာ သဘောမကျဘူး”
“အဲ့ဒါကြောင့် သူ့အဖေ၊ အမေကိုတောင် ခေါ်မထားဘူး”
“ကျွန်တော် လုံးဝ အဆင်မပြေလို့ပါ ဖေဖေ။ ကျွန်တော့်ကိုနားလည်ပေးပါ”
x
၂၀၁၅ ခုနှစ်။
————-
လူဆိုတဲ့ သတ္တဝါဟာ
ကိုယ်စိုက်ခဲ့တဲ့ အသီးကို မစားရရင်တောင် အရိပ်ကလေးတော့ ခိုချင်ကြတာ
သဘာဝပါ သားကြီးရယ်။ သားကြီးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုးလို့
ဖေဖေ့ ဆန္ဒနဲ့ ဖေဖေကိုယ်တိုင် ဆုံးဖြတ်ပြီး ဘိုးဘွားရိပ်သာမှာပဲ သွားနေဖို့
အသင့်ဖြစ်ပါပြီ။ သားကြီးတို့ မိသားစုဘဝလေး အေးချမ်းသာယာပါစေ။
ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ ဖေဖေ ဆုတောင်းခဲ့ပါတယ် သားကြီးရယ်။
x
၂၀၁၆ ခုနှစ်
————
ဘိုးဘွားရိပ်သာတစ်ခု၏ ကုတင်နံပါတ် (၁၃)ရှိ အဘိုးအိုတစ်ဦး၏ မျက်ဝန်းမှ
မျက်ရည်တို့ တသွင်သွင် စီးကျနေသည်ကို စာဖတ်သူတို့ မြင်တွေ့ရပါလိမ့်မည်။
ထိုအဘိုးအို ဘာတွေ တွေးပြီး၊ အဘယ်ကြောင့် ငိုကြွေးနေရှာသလဲ ဆိုသည်ကိုလည်း စာဖတ်သူတို့ နားလည် သဘောပေါက်ကြမည်ကို ကျွန်တော် အသေအချာသိပါသည်။

အိမ်ဝေးသူ(KZ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...