Wednesday, July 1, 2015

ချိန်းတဲ့ည

                                      လသည် တဖြည်းဖြည်း မြင့်တက်လာသည်ဟု ထင်ရသည်။ ကြီးမေကြီး၏ ဘုရားစာရွတ်သံ မှ အပ တစ်အိမ်လုံးလည်း တိတ်ဆိတ်နေသည်။ ယုတ်စွအဆုံး တစ်ဖက်ခြံမှ ခွေးကလေး အာနိုး၏ ဟောင်သံကို မှပင် မကြားရ။
                                   ထိုမျှ တိတ်ဆိတ်နေသောညတွင် မြင့်သည် ထိုင်ရမလို၊ ထရမလို ဂနာမငြိမ်ဖြစ်၍နေသည်။ တစ်ခါတစ်ရံ ပြတင်းတံခါးဆီကို ထကာ မှောင်မည်းနေသည့် လမ်းမကြီးကို လက်တဖျောက်ဖျောက်ချိုးရင်း ကြည့်မိသည့် အခါလည်း ရှိသည်။

                                   "ည တစ်ချက်တီးတာနဲ့ မောင်မောင် လက်ခေါက်မှုတ်လိုက်မယ်။ မြင့်သာဆင်းလာခဲ့။ အ၀တ်တွေ အလေးကြီး မယူခဲ့နဲ့နော်။ မြင့်တို့ဘေးအိမ်ရှေ့က ပိတောက်ပင်နားမှာစောင့်နေမယ်"
                                    မောင်မောင့်စကားသံကို ပြန်ကြားမိတော့ ရင်ထဲ တလှပ်လှပ်ဖြစ်လာပြန်သည်။ နှုတ်ခမ်းတွေကို ခပ်ကြာကြာလေး ကိုက်ထားမိရင်း မြင့်သေချာစဉ်းစားနေသည်။ သို့ရာတွင် ဘာအကြောင်းအရာကို စဉ်းစား နေသည်ဆိုသည်ကိုလည်း မြင့်ကိုယ်တိုင်ပင် ရေရေရာရာမသိ။ ထည့်ယူသွားရမယ့် အကျီတွေကို စဉ်းစားနေသည်လား၊ အိမ်အောက်ကို ဘယ်လိုဆင်းရမလဲဆိုသည်ကို စဉ်းစားနေသည်လား၊ မြင့်အိမ်မှာ မရှိရင် အဖေတို့ မည်ကဲ့သို့ ဖြစ်နေမည်ကိုစဉ်းစားနေသည်လား၊ ဒါမှမဟုတ် မောင်မောင်နှင့် လိုက်ရမည့် ခရီးအတွက် စဉ်းစားနေသည်လား။ အလို မြင့်တွင် စဉ်းစားစရာတွေ ပေါလှပါသည်ကော။
                                   မြင့်တစ်ယောက် ရင်မောသလိုလိုဖြစ်လာသည်။ ကတုန်ကယင်ဖြင့်ပင် ရေဘူးထဲက ရေကို တစ်ကျိုက်ထဲ မော့ လိုက်သည်။ ဗိုက်ထဲက နာလာသလိုလို၊ ခေါင်းထဲက မူးသလိုလိုနှင့် မြင့်သည် ထိုင်ရာမှ သေတ္တာထဲက သရေအိတ်ကို ထုတ်လိုက်သည်။
                                   အ၀တ်ဘယ်နှစုံလောက်ယူရပါ့မလဲ။ လေးငါးစုံဆို လောက်မယ်ထင်ပါရဲ့။ အ၀တ်အစားက သိပ်တော့ အရေးမကြီးပါဘူး။ လေးငါးရက်လောက်ပုန်းပြီး အဖေတို့ စိတ်ပြေချိန် ပြန်ခေါ်ရင် ပြန်လာမှာပဲ။ မြင့်သည် ကိုယ့်စိတ်ကူးနှင့် ကိုယ်ဖြည့်တွေးကာ စိတ်သက်သာရာ ရှာနေမိသည်။ အကယ်၍များ အဖေက စိတ်တိုပြီး ပြန်မခေါ်ဘူးဆိုရင်ကော။
                                   "မောင်မောင့်သူငယ်ချင်း ကိုနိုင်ဆိုတာ ပုသိမ်ဘက်မှာ ရှိတယ်မြင့်။ သူ့ဆီသွားကြမယ်။ သူ့ကိုလည်း အကုန်ပြောထားပြီးပြီ။ အားလုံးစီစဉ်ထားတယ်။ ရက်နည်းနည်းလောက်သူတို့အိမ်မှာ နေပြီးရင် မောင်မောင်တို့ အိမ်လေးတစ်လုံးငှားနေကြမယ်လေ။ မောင်မောင် ပိုက်ဆံစုထားတာရှိပါတယ်။ မြင့်သာသတ္တိရှိဖို့ပဲ"
                                   မြင့်သည် မျက်လုံးများ မှိတ်ကာ မောင်မောင့်စကားကို ပြန်ကြားယောင်မိသည်။ မောင်မောင့်မှာ ပိုက်ဆံ ဘယ်လောက်ရှိလဲလို့ ဘာလို့ မြင့်မမေးမိပါလိမ့်။ မြင့်ဆီမှာ ရှိသည့် ပိုက်ဆံလေးများကိုတော့ ယူသွားရမည်။ လက်ဝက်လက်စားတွေတော့ မြင့်လက်ထဲမှာ များများစားစားမရှိ။ ကြီးမေက ကျောင်းတက်နေတုန်း သိပ်မဆင်တာ ကောင်းတယ်ဆိုကာ ကြိုးလေးတစ်ကုံး၊ နားဆွဲလေးနှင့် လက်စွပ်လေးတစ်ကွင်းသာပေး ထားသည်။                                  

                                 သည်ဟာလေးတွေကိုလည်း ထားခဲ့ချင်သည်။ တော်နေကြာ အိမ်က ပစ္စည်းတွေပါ ပါသွားတယ် ဟု အမှုဖွင့်နေမှဖြင့် မောင်မောင့်အတွက် စိုးရိမ်စရာပင်ဖြစ်သည်။
                                 လတ်တလောကတော့ ဟုတ်ပါရဲ့။ နောက်ပိုင်း ဘာတွေနဲ့စားကြသောက်ကြရမှာတဲ့လဲ။ မြင့်ကော မောင်မောင်ပါ ကျောင်းမပြီးကြသေး။                  ပုသိမ်မှာ မြင့်တို့လို့ ကျောင်းမပြီးသူအတွက် ဘာတွေများ လုပ်ကိုင် စားလို့ရပါ့မလဲ။မြင့်ဆင်းရဲမှာလား။ မြင့်တွေးရင်းတွေးရင်း အာခေါင်တွေခြောက်လာပြန်သည်။
နာရီလက်တံတချက်ချက်သံကို ကြားရသလိုလိုရှိမှ မြင့်လန့်ကာ နာရီကို ကြည့်မိသည်။ ၁၁ နာရီထိုးပြီ။ နောက် နှစ်နာရီခန့်ကြာလျှင် မြင့်တစ်ယောက် မောင်မောင့်နောက်ကို လိုက်ရပေတော့မည်။အ၀တ်အစားတွေလည်း မထည့်ရသေး။ အ၀တ်ဗီရိုကို မှီကာ မြင့်ရင်ခုန်သံတွေငြိမ်သွားအောင် အသက်ကိုဖြည်းဖြည်းရှူနေရသည်။
                                မိတဆိုးလေးမို့ အလိုလိုက်ထားတာ ပညာဖြင့်မစုံသေးဘူး လင်ယူဖို့တွေးနေတယ်လားမယ်မြင့် ကြီးမေကြီးမျက်နှာပေါ်လာသည်။ အို.. အဖေကလည်း မျက်နှာကြီးမှုန်လို့ပါလား။ အတော်လေး စိတ်ထိခိုက်နေပုံဖြင့် မြင့်ကို ဘာမှ မပြောဘဲ ကြည့်နေသည်။ မြင့်ထက် ရှစ်နှစ်ခန့်ငယ်သည့် မောင်လေးက မြင့်လုံချည်ကိုဆွဲကာ မမကြီး သားကို ပုံပြောပြတော့ဘူးလား မသွားရဘူး မသွားရဘူး အော်ကာ ငိုနေပြန်သည်။ မောင်မောင်စောင့်နေတော့မယ် မြင့်တော့ သွားမှာပဲ ဟုအော်က မြင့်က ဇွတ်ထွက်ဖို့ကြံသည်။ ကြီးမေကြီးက မြင့်လက်ထဲက သားရေအိတ်ကို ဆွဲယူကာ ပြတင်းပေါက်ကနေ ပစ်ချလိုက်သည်။ သားရေအိတ်ကို လှမ်းဆွဲရင်းမြင့်ပါ အရှိန်လွန်ကာ ပြတင်းပေါက်ကနေလွင့်ကျသွားတော့သည်။
                               ရုတ်တရက်မြင့်လန့်နိုးလာသည်။ တစ်ကိုယ်လုံးလည်း အေးစက်လို့နေသည်။ ရင်တွေကတော့ တဒိုင်းဒိုင်း ခုန်နေဆဲပင်။ အို..မြင့် အိမ်မက်မက်နေတာပါလား။ ဗီရိုတံခါးကလည်းဖွင့်လျက် သားရေအိတ်လည်းဖွင့်လျက် မြင့်ကလည်း ဗီရိုကို မှီလျက်။ မြင့်သည် ဘာကိုမှ မတွေးနိုင်တော့မည့်သူလို ကျောက်ရုပ်ဖြစ်၍သွားသည်။
                              မြင့်သည် ဗီရိုတံခါးကို ပိတ်လိုက်သည်။ သားရေအိတ်ကိုလည်း သေတ္တာထဲ ပြန်ခေါက်ထည့်လိုက်သည်။ ပြတင်းတံခါးနား သွားကာ လမ်းမဘက်ဆီကို ကြည့်လိုက်သေးသည်။ လမ်းမီးတိုင်များအောက်တွင် တိတ်ဆိတ် နေသည့် လမ်းမကြီးက အထီးကျန်စွာပင်။ မြင့်က လေတွေကို တ၀ကြီးရှူလိုက်သည်။ ထို့နောက် ပြတင်းတံခါးကို ပိတ်ကာ ခုတင်ဆီသို့ ပြန်လျှောက်လာခဲ့သည်။
                              ခြင်ထောင်ချကာ စောင်ပါးလေးခြုံလိုက်သည်နှင့် မည်သည့်အတွေးမျှ မြင့်ကို မနှောင့်ယှက်နိုင်တော့ပေ။ နောက်အချိန်အနည်းငယ်အတွင်း ကြားရမည့် လက်ခေါက်မှုတ်သံကိုလည်း မြင့်ကြားနိုင်တော့မည်မဟုတ်။ မြင့်သည် အိမ်မောကျသွားပြီဖြစ်လေသည်။

၂၀၁၅၊ ဇွန်လ၊ ၂၆
မိ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...