Wednesday, July 22, 2015

“ဒီဂျေစိုး”

           မန်ကျည်းလည်းကောင်း ညောင်လည်းကောင်း၊ ကညင်လည်းကောင်း ညောင်လည်းကောင်း၊ ဘာအကြောင်းရေးရေး အပြီးသတ်တော့ ဟိုပါတီကို မဲပေးဖို့အရေး ဆီပွတ်ကျည်ပွေ့ လော်ဘီလုပ်နေတာကြောင့် မျက်စိနောက်ပြီး ဘလောက်လုပ်ထား အန်ဖောလိုးလုပ်ထားတာ ကောင်းလိမ့်မယ် လို့ ထင်မြင်ယူဆနေတဲ့သူတွေ မနည်းလောက်တော့ဘူးနော်။ ကိုယ့်ကို စိတ်ဝမ်းနှလုံး မရွှင်ပြုံးနိုင်ဖြစ်စေတဲ့ အရေးအသားမျိုးကတော့ မဖတ်ပဲနေတာ အကုသိုလ်ကင်းတာပေါ့ဗျာ။ အလကား အရေမရ အဖတ်မရ။ ဒေါသချည့် ပွားနေရမှာ။ သဘောတော်မြတ်အတိုင်းပါပဲ။ ဒါပေသိ ညောင်ညိုပင်စခန်းက လမ်းမခွဲကြခင် နှုတ်ခွန်းဆက်စကားလေး တစ်ခွန်းတော့ ပြောလိုက်ချင်ပါသေးတယ်။ အယူအဆတွေ လွဲသွားမှာစိုးလို့။ ကိုယ်အခုလုပ်နေတာ လော်ဘီ (Lobby) လို့ မခေါ်ဘူး သိလား။ အက်ဒဗိုကေစီ (Advocacy) လို့ ခေါ်တယ်။ အဲ့ဒီနှစ်ခုက မတူဘူး။ လော်ဘီဆိုတာ တစုံတယောက် တသင်းတဖွဲ့အတွက် အခကြေးငွေ ဒါမှမဟုတ် အခွင့်အရေးတွေ ယူပြီး ဝါဒဖြန့် ပြန်ကြားရေးလုပ်တာ။
အက်ဒဗိုကေစီကတော့ ဘာအကျိုးအမြတ်မှ မရယူပဲ ပြည်သူလူထုအတွင်းမှာ အပြောင်းအလဲတစ်ခု ဖြစ်လာစေဖို့ စေတနာ့ဝန်ထမ်း နိဗ္ဗာန်ဆော်လုပ်တာ။ ရပ်တည်ချက်နဲ့ စေတနာ ကွာတယ်။ ဥပမာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးတာမျိုး၊ လူကုန်ကူးမှုပပျောက်ရေး ပညာပေးလှုံ့ဆော်တာမျိုးကို အက်ဒဗိုကေစီ ခေါ်တယ်။ လော်ဘီလုပ်တဲ့သူက သူ့ငှားထားတဲ့သူဆီက ပိုက်ဆံမရတော့ရင် ဆက်မလုပ်ဘူး။ ရပ်သွားတာ။ အက်ဒဗိုကေစီသမားကတော့ ဘယ်သူ့အထောက်အပံ့မှ မယူပဲ ကိုယ့်ထမင်းကိုယ်စားပြီး လိုချင်တဲ့ အပြောင်းအလဲ မရမချင်းလုပ်တာ။ ဒီလောက်ဆိုရင် ကိုယ်ဘာလုပ်နေတာလဲ သဘောပေါက်လောက်ပြီ ထင်ပါတယ်။
 

           ဒါဖြင့်ရင် မင်းက NLD အာဏာရဖို့ တဘက်တလမ်းက မဲဆွယ်ပေးတာပေါ့ လို့ ပြောရင်လည်း မှားသေးတယ်။ အဲသလို မဲဆွယ်တဲ့သဘော သက်ရောက်ချင်ရောက်လိမ့်မယ်။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ ပန်းတိုင်က NLD အာဏာရဖို့ မဟုတ်ဘူး။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ NLD ကို အရင် အာဏာရအောင် လုပ်ဖို့လိုတယ်။ အဲ့ဒီအဆင့်ကို မအောင်မြင်ရင် ကျန်တာတွေ ဘာမှ ဖြစ်မလာနိုင်ဘူး။ ဒါကြောင့် NLDနဲ့ ကိုယ်နဲ့ စိတ်ဝမ်းလက်ညီ ရှိခဲ့မယ်ဆိုရင် တခရီးတည်းသွားမို့ လားရာတူတာပဲ ဖြစ်လိမ့်မယ်။ သည်ကနေ့သည်အချိန်အထိ NLD နဲ့ ကိုယ်နဲ့ စကားစမြည်တောင် မပြောဖူးသေးဘူး။ ဒေါ်စုဆို တစ်ခေါ်တစ်ပြလောက်ကတောင် နီးနီးကပ်ကပ် မမြင်ဖူးဘူး။ သူတို့လုပ်သမျှကိုင်သမျှ “ဟောဟိုအရာ အဖြူပါပင် မြင်သလားမေ” ဆိုတိုင်း “ဘော်သာခွာတူ ပုလဲဖြူ မြင်သားပေါ့သက်ဝေ” ဖြစ်နေတာ မဟုတ်ဘူး။ ဒါဖြင့် ဘာဖြစ်ချင်နေတာလဲ။ ရှင်းရှင်း ပြောစမ်းပါ ဆိုရင် ကိုယ်မွေးကတည်းက အသွင်အမျိုးမျိုးနဲ့ ဂုတ်ပေါ်ခွစီးထားတဲ့ အာဏာရှင်ဖုတ်ကောင်ကြီးကို ကျောပေါ်က ခွာချချင်နေတာ။ ကိုင်း မှတ်ကရော။ ဒီ့ထက်ရှင်းအောင် မပြောတတ်တော့ဘူး။


           မင်း ဘယ်နားသွား အိပ်ပျော်နေသလဲ။ ဦးနေဝင်းကြီး သေတာ ကြာပေါ့။ ဦးစောမောင်ကြီးလည်း သေပေါ့။ ဦးသန်းရွှေကြီးလည်း ရှိမှမရှိတော့တာ။ သူ့အောက်က အတွင်းရေးမှူး တစ် နှစ် သုံး တောင် တစ်ယောက်မှ မကျန်တော့ဘူး။ နဝတခေတ်တုန်းက ဘုန်းမီးနေလတောက်ပခဲ့တဲ့ ဝန်ကြီးမှူးကြီးတွေလည်း ဘယ်သူမှ မကျန်တော့သလောက် စိတ်သစ်လူသစ် ဗျူဟာအသစ်နဲ့ အစိုးရအသစ်ကျပ်ချွတ်ကြီးပါ လို့ သက်သေပြချင်လည်း ပြပေါ့။ ဒါပေသိ ကိုယ်ပြောတဲ့ အာဏာရှင်အစိုးရဆိုတာ ဦးနေဝင်းပါ၊ ဦးသန်းရွှေပါ ဘယ်သူဘယ်ဝါ ပုဂ္ဂလဒိဋ္ဌာန်သဘော ပြောတာ မဟုတ်ဘူး။ ဘယ်သူပဲဖြစ်ဖြစ် သည်မူ သည်စံနစ်အတိုင်း ဆက်ခံအုပ်ချုပ်နေတာမို့ သည်အတိုင်းသာဆက်သွားနေရင် နောင်ပွင့်တော်မူမယ့် ဘုရားရှင်လက်ထက်တိုင်အောင် ကျွတ်တမ်းမဝင်မယ့် ပြိတ္တာကြီးတွေ ဖြစ်ကုန်မှာ သိလို့ အမျှအတမ်းဝေချင်တာပါ။

          ဖုတ်ဝင်လူမမာ ပုံပြင်တွေ ကလေးဘဝကတည်းက ကြားဖူးကြမယ် ထင်ပါတယ်။ လူ့ရှေ့သူ့ရှေ့ကျရင် မျက်နှာငယ်ကလေးနဲ့ ပလီပလာတွေ ပြောပြီး လက်ကလေး မလွှတ်တမ်း ကိုင်ထား။ သူ့ ပစ်မထားပါနဲ့နော် လို့လည်း တဖွဖွပြောလို့ မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ မူယာမာယာ အလွန်များသတဲ့။ လစ်ရင် လစ်သလို တွယ်တဲ့နေရာမတော့ အိမ်ရှိရှိသမျှ အစားအသောက်ဆိုတာ ကြွက်စာတောင် မကျန်ရဘူးဆိုပဲ။ ဖုတ်ဝင်တဲ့အိမ်မှာ ကြွက်မနေဘူး။ လစ်ရင် အဲသည်ကြွက်ပါ ဖမ်းစားတာလေ။ အစိမ်းရော အကျက်ပါ ဘာမဆို အကုန်စားတတ်မြိုတတ်လွန်းလို့ အစားအသောက် အငမ်းမရ စားတဲ့သူဆို “နင် ဖုတ်များ ဝင်လာသလား။” လို့ မေးတတ်ကြတယ် မဟုတ်လား။ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ လို့ အသံကောင်းဟစ်ပြီး ဘောင်းဘီက ပုဆိုးကလေး ပြောင်းဝတ်လိုက်တဲ့အထိ အပ်ချလောင်း အုံဖွ မန်းကာမှုတ်ကာ စည်းကမ်းပြည့်ဝ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး လို့ မျက်လှည့်ပြချင်ပြလေ။ ကြိုတင်မဲတွေကိစ္စ မေ့ချင်ယောင်ဆောင်ပြီး ယုံပေးလို့ရသေးတယ်။ ဒါပေမယ့် မီးဖိုချောင်ထဲက စားစရာတွေ အရိုးအရင်းတောင် မကျန်အောင် ပြောင်တလင်းခါနေတော့ သည်လူမမာ နာလန်ထ စားနိုင်လှချည်လား လို့ သံသယဖြစ်မိတယ်။ အဝတ်သာချိန်း လူမချိန်းတာကို မမှတ်မိယောင်ဆောင်နေကာမှ ကိုယ်တော်ချောများက အရင်တုန်းကအတိုင်း ချိုမိုင်မိုင် ထထကကြတော့ ငါ့နှယ် သောက်ကျိုးနည်း တူ တူနိုင်လွန်းလှပါရော လို့ ကိုယ့်နဖူးကိုယ် ရိုက်မိတယ်။ တူဆို အတူတူပဲဟာကို နော့။

            အရင်အစိုးရနဲ့ အခုအစိုးရကြားမှာ ပြောင်းလဲသွားတာတွေကို ပြောပြပါဆိုရင် ဘာမှမကျန်တော့တာ ပြောင်းလဲသွားကြောင်းပါ လို့ ဖြေရမယ်။ "ဇိတံမေ အောင်ပြီ ရှိတာတွေ ပြောင်ပြီ။" လို့ ငယ်ငယ်တုန်းကလို အရူးက ကလို့ရတယ်။ ရန်ကုန်မှာ အစိုးရပိုင် တပ်ပိုင် နိုင်ငံပိုင် ဘာတစ်ခုမှ မကျန်တော့ဘူး။ အသံလွှင့်ရုံကြီးတောင် တင်ဒါခေါ်ထားတာ အခုလေးတင် ဖတ်လိုက်ရသေး။ စံနစ်တကျ ဆုတ်ခွာတဲ့နေရာမှာ မြေလှန်စံနစ်ကို သုံးသွားတဲ့အတိုင်းပဲ။ သည်ဘက်အရပ်မှာ ဆုတ်ခွာပြီး ဟိုဘက်အရပ်မှာ စိုးမိုးသိမ်းပိုက်ထားတာက ဋ္ဌာနဆိုင်ရာက စီမံခန့်ခွဲ အုပ်ချုပ်ရေးပိုင်းတွေမှာ စစ်ပုံမကျ မဝင်ရ လို့ ဆိုင်းဘုတ်တပ်ထားရမလောက် အခိုင်အမာ တပ်စွဲထားတယ်။ ရွေးကောက်ခံ အစိုးရ ဘယ်အစိုးရပဲတက်တက် ဝန်ကြီးဌာနအုပ်ချုပ်ရေးပိုင်းကို အတွင်းဝန်ကတဆင့် အုပ်ချုပ်တော့မှာဆိုတော့ အဲသည်အတွင်းဝန်တွေထဲမှာ အရပ်သား မူးလို့တောင် ရှူစရာ မရှိဘူး။ လွှတ်တော်ထဲမှာတောင် ကာချုပ်က ဘူးဆိုရင် ဖယုံသီးလို့မရတာ။ ဝန်ကြီးအဆင့်လောက်နဲ့တော့ တက်မလာနဲ့ တောက်ချပစ်လိုက်မယ်။ သည်အစိုးရမျိုးကိုမှ စစ်အစိုးရမခေါ်ရင် ဘယ်လိုခေါ်ရပါ့မတုန်း။ စစ်စစ် စစ်စစ် နဲ့ကို မြည်တယ်။ ယဉ်ယဉ်ကျေးကျေး ခေါ်ချင်သပဆို ဒီမိုကရေစီ အသွင်ယူထားသော စစ်အစိုးရ လို့ ခေါ်ချင်ခေါ်ပေါ့။ (အသွင်ယူတယ်ဆိုတာ ဘာလုပ်ဖို့မှန်း ရဲတွေအသိဆုံး။)

            မပြောင်းလဲတာတွေ ပြောပြရမလား။ အာဏာလက်ကိုင်ရှိတဲ့သူတွေဟာ တရားဥပဒေနဲ့အညီ မအုပ်ချုပ်ပဲ တသွေးတသံတမိန့်နဲ့ အုပ်ချုပ်တာ။ ရှင်ဘုရင်တွေခေတ်တုန်းက သူတို့ကို ဘုရားသခင်က လူသားတွေကို အုပ်ချုပ်ဖို့အတွက် ကောင်းကင်ဘုံကနေ အာဏာအပ်နှင်းထားတယ် ဆိုတာမျိုး။ သူတို့ဆီမှာ လူတကာကို ကိုယ့်သဘောကျ စီရင်ပိုင်ခွင့် ရှိတယ် လို့ သူတို့ဘာသာ ယုံကြည်နေကြတယ်။ တမြေတည်းနေ တရေတည်းသောက် ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်တာချင်းတူပေမယ့် သူတို့နဲ့ကိုယ်နဲ့ အဆင့်အတန်းချင်း နည်းနည်းမှ မတူဘူး။ မတူတာမှ သူတို့အိမ်က အိမ်ဖော် ဒရိုင်ဘာ ထမင်းချက်နဲ့တောင် မတူတာ။ အဲ့ဒါတွေ ဆေးရုံလာတက်ရင် ကိုယ့်ထမင်းအိုးလေး မိုးကြိုးပစ်တယ်။ “လူကြီးကတော် ဖုန်းဆက်ထားပါတယ်” ဆိုတာလေး တစ်ခွန်းနဲ့ စေလိုရာစေ။ မြွေလည်းမသေစေနဲ့ တုတ်လည်းမကျိုးစေနဲ့။ သူ့အိမ်သားများဆိုရင်တော့ ကိုယ့်တောင် အဖက်မလုပ်တော့ဘူး။ မြန်မာပြည်မှာ အဲသည်ရောဂါနဲ့ ပတ်သက်ရင် ဘယ်သူအကြီးဆုံးလဲ။ ကြိမ်စကြာနဲ့ ရိုက်ခေါ်တာ။ လာခဲ့။ ဆေးကုရအောင် မဟုတ်ဘူး။ စမ်းသပ်ပေး။ လိုအပ်ရင် နှာလေးဘာလေးနှပ်။ ဆေးကတော့ ဟိုရောက်မှ ကုမယ်။ လမ်းစိတ်ချရအောင် လေယာဉ်ပေါ်လိုက်ခဲ့။ လူကိုများ မြန်မာဆရာဝန်နဲ့ ကုတဲ့အစားမှတ်နေ။

           တကယ်တော့ ကိုယ့်လို ငမြောက်ငခြောက် ပါမွှားကလေးလောက်ကို သူတို့အနေနဲ့ မျက်စောင်းကလေးနဲ့တောင် ထိုးကြည့်ဖို့ မလိုပါဘူး။ သူတို့နဲ့ကိုယ်နဲ့အကြားမှာ မဟာရံတံတိုင်းကြီး ခြားသလို သည်းသည်းလှုပ်နေသော လူအုပ်ကြီးတသင်းလုံးခြားတယ်။ စကားတောင်စား သူ့ဝန်မင်းအနောက်က ကွမ်းအစ်ကြီးနဲ့ မြင်းချေးပါမကျန် လိုက်ခံသလိုပဲ သူတို့သွားလေရာ အုန်းအုန်းကြွက်ကြွက် လိုက်ပါအရေးတယူပြုနေသော ဋ္ဌာနအကြီးအကဲများစွာ ရှိတယ်။ လိုက်ရမယ်လေ။ မြန်မာတပြည်လုံး တန်ခိုးအကြီးဆုံးဘုရားတွေ လိုက်ဆုတောင်း ဆုတောင်းပြည့်ဖို့မသေချာဘူး။ ကိုယ်လိုချင်တဲ့ဆုက လူကြီးဆီက စောင်မမှုတောင် မဟုတ်ဘူး။ လူကြီးကတော်ဆီက “ကြည့်လုပ်ပေးလိုက်ပါကွယ်။ မမတို့နဲ့က မိသားစုလို ဖြစ်နေတာ။” လို့ ပီအက်စ်အိုဆီ မီးစိမ်းပြလိုက်ရင် ဘာလုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းမှ မလိုတော့ဘူး။ ဖြစ်ချင်တာတွေ အကုန် ဖြစ်လို့ရတယ်။ ဘာဖြစ်ချင် ဘယ်ခလုပ်နှိပ်ရမယ်သာ သိဖို့လိုတာတဲ့။ မဟုတ်တမ်းတရား သွားပုတ်လေလွင့် အပိုတွေ ပြောနေတာ မဟုတ်ဘူးနော်။ စကားလုံးတိုင်းမှာ ကိုယ်တွေ့ဖြစ်ရပ်တွေရှိတယ်။ ညောင်မြစ်မတူးချင်လို့နေတာ။ လာလာမဆွနဲ့။

            ဒါကတော့ ဘယ်အစိုးရတက်တက် သူနဲ့နီးစပ်ရာ ဆွေမျိုးသားချင်း အသိုင်းအဝိုင်း ကောင်းစားကြတာပဲဟာ။ ဆန်းသလား။ သူများလို ကောင်းစားချင် သူများလို ကပ်မှဖားမှပေါ့။ ဟုတ်ကဲ့။ အဲသလို ကပ်မှဖားမှ ကောင်းစားတဲ့ စံနစ်ကို ပျောက်စေချင်တာပါ။ ဘယ်လူကြီးကိုမှ ကဏ္ဍကောစ လုပ်ချင်တာ မဟုတ်ပါဘူး။ လုပ်လည်း မလုပ်ရဲပါဘူး။ သူများစားရပြီး ကိုယ်မစားရလို့ ဝန်တိုမစ္ဆရိယစိတ်တွေ ဖြစ်ပေါ်နေတာ မဟုတ်ပါဘူး။ ကိုယ်နစ်နာသလို ဘယ်သူ့ကိုမှ မနစ်နာစေချင်တဲ့အတွက် ကောင်းဖို့ရွယ်သောစံနစ်ကို အထူးသဖြင့် မျှော်မိတာပါ။ နောက်လူ နောက်အစိုးရတက်ရင် သူတို့က အမြစ်မတွယ်သေးဘူး။ မဟုတ်ရင် နှုတ်ဖို့အလွယ်လေး။ သူတို့တက်နိုင်အောင် ကိုယ့်မိဘဘိုးဘွားတသက် အမြစ်တွယ်နေတဲ့ နတ်နေကိုင်းကြီးကို ချိုင်ပလိုက်မှ ကိုယ်လိုချင်တဲ့ အပြောင်းအလဲကို ရမှာ။ ဦးသိန်းစိန်ရယ်၊ ဦးရွှေမန်းရယ်၊ ဒေါ်စုရယ်၊ ကာချုပ်ကြီးရယ် ဘယ်သူ့ဘယ်သူကိုမှ ပုဂ္ဂိုလ်စွဲမထားဘူး။ ဘယ်သူတက်လာလာ လက်ရှိစံနစ်အဟောင်းကြီးကို ဖျက်ပစ်မှ ရမှာမို့လို့။ အဲသည်စံနစ်ဟောင်းကြီးကို ဖျက်ပစ်နိုင်မယ့်သူကလည်း လောလောဆယ် ဒေါ်စုတစ်ယောက်ပဲ ရှိလို့ "မှတပါး အခြားမရှိပြီ" မူနဲ့ ထောက်ခံအားပေးတာပါ။ သူတက်လာလို့ အာဏာရှင်တဖြစ်လဲသွားရင်တောင် ငါးနှစ်အောက် အာဏာရှင်ကလေးဟာ အနှစ်ငါးဆယ် အာဏာရှင်အုပ်စုကြီးထက် အတိုက်အခံပြုရလွယ်မယ် မဟုတ်ဘူးလား။

              အခုလက်ရှိ အာဏာကို ဆုပ်ကိုင်ထားသောသူတွေဟာ အပြောင်းအလဲကို မလိုလားလွန်းလို့ ဘယ်လိုပုံစံမျိုးနဲ့ ဆက်လက်ချုပ်ကိုင်ရမလဲ။ နည်းမျိုးစုံနဲ့ ကြိုးပန်းနေတာ မြင်တဲ့အတိုင်းပဲလေ။ သူတို့မပြောနဲ့ သူတို့နဲ့ ပတ်သက်ဆက်နွယ်ပြီး ကြီးပွားကောင်းစားနေသူများတောင် ဘဘရန်သူ တို့ရန်သူ လုပ်နေကြတာပဲဟာ။ ဘယ်ညာအတောင်နှစ်ဘက် ခွင်ပျက်အောင် ဝင်ဖျက်ဖို့မလွယ်။ အလယ်မှာ အတူအောင်း၊ စုပေါင်းကာ အူခေါင်းအမြီးရယ်၊ အနည်းနည်းအသွယ်သွယ် လက်ခလယ်ကလေးနဲ့ မွှေ့လွှတ်လိုက်ပါပြီကွယ်။ အကွက်တွေကို စုံလို့စုံလို့။ သူတို့မှာ ဝါဒစွဲလည်း မရှိဘူး။ ဋ္ဌာနစွဲလည်း မရှိဘူး။ ပါတီစွဲလည်း မရှိဘူး။ ကာကီစွဲလည်း မရှိဘူး။ အာဏာသာ ရပေ့စေ။ ဘာမဆို ပြောင်းလဲပြနိုင်တယ်။ မနှစ်ကဖွတ်ဟာ သည်နှစ်ဒေါင်း ဖြစ်ချင်လည်း ဖြစ်သွားမှာ။ "အခုယူနီဖောင်းချွတ်၊ ဝင်အရွေးခံ" ဆို အိမ်ကမိန်းမနဲ့တောင် ပြန်တိုင်ပင်စရာမလို ရွှတ်ဆိုကျွတ်ပြီးသား။ မပေးနိုင်တဲ့ကတိဆိုတာ ဘာမှမရှိသလို ပေးပြီးစောင့်ထိန်းထားတဲ့ကတိဆိုတာလည်း ဘာမှ မရှိဘူး။ “သူ့ခေတ်နဲ့သူ့အခါ ငါတို့လုပ်ခဲ့တာ အကုန်မှန်တယ်ကွ။” လို့ ဒေါကြီးမောကြီး ပြန်အော်နိုင်တယ်။ ဤမည်သော စွမ်းရည်သတ္တိတို့နှင့် သမ္မန္နာဂတဿ ပြည့်စုံတော်မူသော တပ်မတော်ကြီးကို ထိပ်တိုက်ရင်ဆိုင်လာရင် ဘယ်လိုဆန့်ကျင်မှုမျိုးကိုမဆို အပြီးတိုင်ခြေမှုန်းဖို့ အသင့်ရှိပါသတဲ့။ ပြည်သူကို အကာအကွယ်ပေးဖို့ဆိုတာ ဂျပန်ခေတ်က စာအုပ်အဟောင်းကြီးထဲမှာ ကျန်ခဲ့ပြီ။

              အဖွဲ့အစည်း အသင်းအဖွဲ့တိုင်းမှာ စစ်တပ်လောက် စည်းကမ်းတင်းကြပ်တာ ဘယ်ဟာမှ မရှိဘူးတဲ့။ စစ်စည်းကမ်းဆိုတာ အသက်နဲ့လဲပြီးတော့တောင် စောင့်ထိန်းလိုက်နာရတာ မဟုတ်လား။ ဒါပေမယ့် စစ်ဗိုလ်တွေ အရပ်ဘက်ရောက်သွားတဲ့အခါ ဋ္ဌာနတွင်းလုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေတောင် သိစရာမလိုတော့ပါဘူး။ အပိုင်စားပေးသနားတဲ့ မြို့တော်ရင် ရွာတော်ရင်များလို "ထမင်းမနော အုန်းငှက်ပျောနှင့် သဘောဖြူစင် မယ်လျှင်ဖြင့်ရှိခိုး တိုးမပါဖျား" ဆိုမှ အောင်ဆုတွေပေးတာ။ နေရာတိုင်းမှာ ဆေးစက်ကျရာ အရုပ်ထင်အောင် ခြယ်နိုင်လိမ့်မယ် လို့ အထင်ရှိကြတယ်။ ကျန်းမာရေးကို ရောက်လာဖူးတဲ့တစ်ယောက်ဆို ဆေးကျောင်းက ဖတ်စာအုပ်တွေလိုက်ဖတ်ပြီး ဘွဲ့လွန်ကျောင်းသားနဲ့ လူနာပြိုင်စမ်းတယ်။ “မင်းမှားတယ်။ ငါ့ခြေထောက်အောက် လေးဘက်ထောက်ဝင်စမ်း။” လို့ ခိုင်းဖူးတယ်။ ပညာတတ်တစ်ယောက်ရဲ့စိတ်ကို ဦးကျိုးသွားအောင် နှိမ်တာ။ နေရာတိုင်းမှာ နယ်ပယ်တိုင်းမှာ အလားတူဖြစ်ရပ်မျိုးတွေ မကင်းခဲ့ဘူး။ ဒါဖြင့် မင်းတို့က ဘာဖြစ်လို့ ခေါင်းငုံ့ခံနေသေးသလဲဆို ဟုတ်တယ်။ အရင်တုန်းက မတတ်သာလို့ ခေါင်းငုံ့ခံခဲ့ရတယ်။ အခု အဲဒီဒဏ်တွေ မခံချင်တော့ဘူး။ ဘယ်သူဘယ်ဝါကိုမှ ဆန့်ကျင်နေတာမဟုတ်ဘူး။ အဲ့လိုလုပ်လို့ရတဲ့ စံနစ်ကြီးကို ပြောင်းချင်တာ။ ကိုယ့်ဆရာသမားကြီးတွေက ညောင်နှစ်ပင်မှာ ပြောင်းခဲ့ကြတယ်လို့ ပြောတာပဲ။ ထွက်လာတော့ ၂၀၀၈ ကြီးနဲ့ ငုတ်တုတ်မေ့နေတယ်လေ။ အခုလည်း သူတို့ လွှတ်တော်တွင်းမှာ ပြောင်းနေကြသေးတယ်တဲ့။ နောက်နှစ်ခါ တန်ဆောင်မုန်းမှာ သူတို့ပဲ ပွဲကြည့်နိုင်ပါစေဦး ဆုတောင်းနေရတယ်။ ကိုယ်တွေတော့ မီမယ်မထင်ပေါင်။ ဒါကြောင့် ဆီပွတ်ကျည်ပွေ့ တစ်ခါထပ်ပွတ်လိုက်ဦးမယ်။ ဘွားတော်ကို တလှည့်မဲပေးပျစီ။ သူလည်းတလှည့် ပြောင်းကြည့်ပါစေနော့။ (အရင်တစ်ခါတုန်းကတော့ ဆြာကြီးတို့ကိုပဲ ပေးခဲ့သလိုလိုပေါ့ဗျာ။)

             ကိုယ် အခုလိုစာမျိုးရေးနိုင်တာဟာ သူတို့ရဲ့ ကြီးမားသော မေတ္တာတော် အာနုဘော်အဟုန်ကြောင့်သာပါ။  သောက်မြင်ကပ်သွားရင် နေ့မကူးဘူး။ အခုရေးတင် အခုလာစိ ကပ္ပိပလိုက်လို့ရတယ်။ အချိန်မရွေး။ လူတစ်ယောက် ထောင်ထဲရောက်ဖို့ဆိုတာ အပြစ်ရှိစရာလည်းမလိုဘူး။ ပြစ်မှုထင်ရှားစရာလည်း မလိုဘူး။ စပါးမွှေးစူးသွားဖို့ပဲ လိုတယ်။ စမကပုဒ်မဆိုတာ အရင်တုန်းကလည်း ရှိတယ်။ အခုလည်း ရှိတယ်။ နောင်လည်း ရှိနေဦးမှာ။ စာအုပ်ထဲ ထည့်ရေးမထားပေမယ့် ဥပဒေကဲ့သို့ အာဏာတည်တယ်။ ကဗျာတစ်ပုဒ် ထောင် ၇ နှစ် နဲ့ ကိုမင်းလူ အထဲရောက်သွားတယ် မဟုတ်ဘူးလား။ အခုရော အဲ့ဒါမျိုး မရှိတော့လို့လား။ ငါလေ မြင်နိုင်ရင် မင်းကိုပြချင်တယ်။ ဂယ်ပဲ ဂယ်ပဲ။ အဲသလို အာဏာရှင်ကို ဖီဆန်ရင် (အာဏာဖီဆန်တာ မဟုတ်ဘူးနော်) ပြန်လမ်းမရှိတဲ့အရပ်မှာ ကျီးလန့်စာစား နေရတဲ့ဘဝမျိုးကို မလိုချင်တော့ဘူး။ အဲ့ဒါကြောင့် ဒီဂျေပွတ်သလို ထပ်ပွတ်လိုက်ဦးမယ်။ မာမီ့ကို မဲပေးကြပါစို့။ ယို့ ယို့။

             တကယ်တမ်းကျတော့ ကိုယ်က NLD ကို Support လုပ်ပါတယ်။ ဘွားတော်ကို ထောက်ခံပါတယ်။ နဲ့ ကိုယ့်အင်အားကို သူတို့အတွက် သုံးပြီး Advocacy လုပ်နေတာ မဟုတ်ပါဘူး။ ကိုယ်လုပ်ချင်တဲ့ Advocacy အောင်မြင်ဖို့အတွက် NLD နဲ့ ဘွားတော်ရဲ့ အင်အားကို အသုံးချတာပါ။ ရွေးကောက်ပွဲဆိုတာ မြန်မာပြည်မှာ ၂၀၁၅ တစ်နှစ်ပဲ လုပ်မှာ မဟုတ်ဘူး။ နောက် ကိုယ်တွေသေသွားလည်း ဆက်ကာဆက်ကာ ရှိနေဦးမှာ။ လောလောဆယ် အမြစ်တွယ်နေတဲ့ အာဏာရှင်စံနစ်ကို ဖြုတ်ချဖို့က ကိုယ့်အင်ကိုယ့်အားနဲ့မရဘူး။ စောစောကပြောသလို လက်သန်းကလေးနဲ့ တောက်ပလိုက် နှစ်ချက်စာတောင် မတောက်ရဘူး။ သူတို့ဘက်က ကြောက်တာ ဘွားတော်တစ်ယောက်ပဲ ရှိတယ်။ ကမ္ဘာက အသိအမှတ်ပြု တလေးတစားနဲ့ ကျောထောက်နောက်ခံပေးမှာလည်း ဘွားတော်တစ်ယောက်ပဲ ရှိတယ်။ ဒါကြောင့် ဘွားတော်အင်အားကို ကိုယ်က မှီပြီး လိုက်ရတာ။ တစ်ခရီးတည်းသွားနေတာလေ။ "ဟျောင့်ဒေ သတ္တိရှိရင် ဟော့မယ် ငတို့အမေကြီးနဲ့ ချကြ။ တို့မေရီး ဒုန်း ဒုန်း ဒုန်း" လုပ်ရတာ ဘာခက်တာလိုက်လို့။ "မောသလားမေမေ။ ရေကလေးသောက်ပါဦး" ဆို ဝတ္တရားကိုကျေလို့။ ယာလည်းညက် ကြက်လည်းပန်း။ သို့သော်လည်း ကိုယ်အပါအဝင် ဘွားတော်ရဲ့နောက်က ဒုတိယမျိုးဆက်တွေကို အတွေးအခေါ် ပြောင်းလဲစေချင်တာက “ဘွားတော်အာဏာရတာလည်း ပန်းတိုင် မဟုတ်သေးဘူး။ နောက်ထပ် အာဏာရှင်အသစ်တွေ ထပ်ပေါ်မလာအောင် အစွမ်းကုန် တားဆီးရလိမ့်မယ်” ဆိုတာကို ကြပ်ကြပ်သတိပေးချင်တာပါပဲ။ ကိုယ်တို့ဟာ ကိုယ်တို့တသက် နိုင်လိုမင်းထက် ဥပဒေမဲ့ အုပ်ချုပ်ခဲ့တဲ့စံနစ်ဆိုးကြီးဒဏ်ကို ခါးစည်းခံခဲ့ရတယ်။ သိပ်ရွံ့မုန်းစရာကောင်းတယ်။ အဲ့ဒါမျိုးကြီးကို ကိုယ်တို့နောက်ကမျိုးဆက်ကို လက်ဆင့်ကမ်းအမွေ မပေးခဲ့ချင်ဘူး။ အဲသလို မပေးခဲ့ချင်တဲ့အတွက် ဆိုးကျော့သံသရာကို သည်နေရာတင်ဖြတ်ဖို့ရာ ဘယ်သူ့ကို မဲပေးရမယ်ဆိုတာ ထပ်ပြောဖို့ လိုသေးလား ဘော်ဒါတို့။ ညီစေနော်။ ဒီဂျေ ခေါ်လိုက်မယ် ထပ်ပွတ်ရအောင်။ ဟိုက်ရော့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...