Sunday, July 26, 2015

အာနာပါနကမ္မဋ္ဌာန်းစတင်အားထုတ်ရာ၌တွေ့ ရတတ်သောအခက်အခဲများ ( အရှင်အဂ္ဂည ~ ဖားအောက်တောရ ) .


၆။ ၀င်လေထွက်လေဘယ်ရောက်သွားလဲ(၀ါ) ၀င်လေထွက်လေပျောက် နေတတ်တာ
နောက်ပြဿနာ တစ်ခုကတော့ အာနပါနရှုနေရင်း တချို့ ယောဂီတွေ ၀င်လေ ထွက်လေဟာ သိပ်သိမ်မွေ့ ပြီး မထင်မရှားဖြစ်လာတာကြောင့် ရှာမရတာ လေပျောက်နေတဲ့ ပြဿနာဘဲ။ အဲဒီလိုဖြစ်လာရင် တချို့ က တခြားကမ္မဋ္ဌာန်း အာရုံတစ်ခုခုကို ပြောင်းလဲရှုတာမျိုး၊ တစ်ချို့ ကြတော့ဝင်လေ ထွက်လေ ထင်ရှား လာအောင် ပြင်းပြင်းထန်ထန် ကြမ်းကြမ်းတမ်းတမ်း လုပ်တာမျိုး လည်းရှိတတ်ကြတယ်။
တချို့ ယောဂီကြလည်း လေ ကသိပ်သိမ်မွေ့ လာပြီး ရပ်သွားသလို ဖြစ်လာတာကြောင့် အသက်ရှုရတာ အားမရတော့ဘဲ ရင်ထဲမှာ ကြပ်တတ်တတ် ခံစားလာရတယ်။ အဲဒီတော့ တရားစစ်ချိန်မှာ တချို့ က “တပည့်တော် အသက်ရှုရပ်သလိုဖြစ်လာပြီး ရင်ထဲမှာ မွန်းကြပ်လာတာကြောင့် တစ်ခုခု ဖြစ်သွားမလား စိုးရိမ်လို့  ကြောက်ပြီး ဆက်မရှုရဲတော့ဘူး” လို့ လျှောက်တတ်ကြတယ်။ အော် “အဲဒါလား ဘာမျှမစိုးရိမ်ပါနဲ့ ၊ တရားထိုင်ရင်း ၀ိညာဏ်ချုပ်သွားရင် ကုသိုလ်စိတ်နဲ့ မို့  ကောင်းရာ မွန်ရာရောက်မှာပါ ဆက်ရှုပါလို့ ” အဲဒီယောဂီမျိုးကို ရယ်စရာ ပြောလိုက်ရတယ်။ တချို့ ကလည်း ၀င်လေ ထွက်လေကို ခပ်ပြင်းပြင်း ရှုခဲ့တဲ့ အကျင့်ပါလာတော့ ဒီလိုသိမ်မွေ့ တဲ့လေကိုရှုရတာ သမာဓိမရဘူး။ ရှုးရှဲသံလေး ထွက်ပြီး ခပ်ပြင်းပြင်း ရှုမှဘဲ သမာဓိရတယ်ဆိုပြီး အစွဲသန်ကြပြန်တယ်။ ဒီတော့လည်း “အဲဒီလိုအစွဲမထားပါနဲ့ ၊ အာနာပါန ကမ္မဋ္ဌာန်းရဲ့  သမထပိုင်းမှာ နောက်ပိုင်း သမာဓိ တကယ်အားကောင်းလာလို့  နိမိတ်ပေါ်လာရင် ၀င်လေထွက်လေကို မရှုရတော့ဘူး။ အာနာပါနပဋိဘာဂနိမိတ် ကိုဘဲ ရှုရတော့မှာ၊ အဲဒီကျရင် ဒါထက်ကို ချမ်းသာလာတာတွေ့ ရလိမ့်မယ်” ပြောပြီး အာနာပါနကမ္မဋ္ဌာန်း လင်္ကာလေးကို ရွတ်ဆိုရှင်းပြပြီး အာနာပါန ကမ္မဋ္ဌာန်းရဲ့  သဘာဝကလေဟာ သိမ်မွေ့ လာရမယ်။ ဒီလိုသိမ်မွေ့ တဲ့လေကို ရှုနိုင်အောင် ကြိုးစားရမယ်လို့  တိုက်တွန်းအားပေးရတယ်။ တကယ်တမ်းကတော့ ၀င်လေထွက်လေ သိမ်မွေ့ လာရတာဟာ ခန္ဓာကိုယ်ရဲ့ သဘာဝ အာနာပါနကမ္မဋ္ဌာန်းရဲ့  သဘောက ဒီလိုရှိတယ်ဆိုတာကို နားလည်ထားပြီး ဝိသုဒ္ဓိမဂ်မှာလာတဲ့ ဥပမာ ညွှန်ကြားချက် တွေအတိုင်း ရှုသွားရုံဘဲ။ လေကိုလည်း ကြမ်းကြမ်း တမ်းတမ်း ဖြစ်အောင် လုပ်မရှုရဘူး။ ကြောက်ပြီးလည်း ဘာဝနာ အလုပ်ကို ရပ်စရာမလိုဘူး။ ရှေးရှေး ယောဂါဝစရ ယောဂီသူတော်ကောင်း တွေလည်း ဒါမျိုးဖြစ်တတ်ကြလို့  ဖြစ်ခဲ့ကြလို့ လည်း ဝိသုဒ္ဓိမဂ်မှာ သေသေချာချာ ဖော်ပြထားပါတယ်။ အာနာပါနကမ္မဋ္ဌာန်းရဲ့  သဘောက “သတိမြဲရာ ပထမ၊ ဒုမှာ ရှည် တိုသိ၊ လုံးစုံလင်းရာ တ၌သာ၊ စမှာငြိမ်းစေဘိ” ဆိုတဲ့အတိုင်း တဖြည်းဖြည်း ၀င်လေ ထွက်လေဟာ သိမ်မွေ့ လာရမှာဖြစ်တယ်။
ခန္ဓာကိုယ်ရဲ့  သဘာဝကလည်း အလုပ်တွေပြေးဟယ် လွှားဟယ် ကြမ်းကြမ်းတမ်းတမ်း ပင်ပင်ပန်းပန်း လုပ်ကိုင်နေတဲ့ အခါ စွမ်းအင်များများ ထုတ်ဖို့  ဇီဝရုပ်ဖြစ်ပျက်မှုတွေမြန်လာပြီး နှလုံး အဆုပ်ရဲ့  လှုပ်ခုန်မှုတွေမြန်၊ သွေးလည်ပတ်မှုတွေမြန်၊ ခန္ဓာကိုယ်အပူချိန်တက်၊ ချွေးတွေလည်း ထွက်လာပါတယ်။ အသက်ရှုရတာလည်း နှာခေါင်းနဲ့ ရှုရတာ မ၀ရင် ပါးစပ်နဲ့ ပါ ဟောဟဲတိုက် အောင်ရှုပေးရမယ်။ အဲဒီလို ပင်ပန်းကြမ်းတမ်းတဲ့ အလုပ်တွေ မလုပ်တဲ့ အခါမှာတော့ အသက်ရှုလည်း ပုံမှန်ဘဲ။ တရားထိုင်တဲ့ အခါကျ ခန္ဓာကိုယ်လည်းမလှုပ်မယှက် ငြိမ်သက်နေတယ်။ စိတ်ကလည်း အတွေးကြမ်း တွေမရှိတော့ဘဲ ၀င်လေထွက်လေ အာရုံပေါ်မှာ ငြိမ်လာပြီဆိုရင် ခန္ဓာကိုယ်က စွမ်းအင်တွေသိပ် ထုတ်စရာ မလိုတော့ဘူး။ ဇီဝရုပ် ဖြစ်ပျက်မှုတွေ နှေးလာပြီး အဆုပ် နှလုံးခုန်နှုန်းလည်းနှေးလာတယ်။ အသက်ရှုရတာလည်း လေက သိမ်မွေ့ နူးညံ့လာတော့တာဘဲ။ အသက်ရှုတာလည်း ရပ်မသွားဘူး။ ဒီအဆင့်မှာ ၀င်လေ ထွက်လေချုပ်တဲ့ သမာဓိအဆင့်လည်း မဟုတ်သေးဘူး။ ရုတ်တရက် သိမ်မွေ့ သွားတဲ့အခါ ခန္ဓာကိုယ်က အလေ့အကျင့်မဖြစ်သေးလို့  ရင်ကြပ်သလို မောသလို ခံစားရတာဖြစ်တယ်။ အကျင့်ရလာရင် ဒီလို သိမ်မွေ့ နေတဲ့ လေကိုရှုနေရတာက ပိုကောင်းတယ်ဆိုတာ သဘောပေါက် လာလိမ့်မယ်။
ဝိသုဒ္ဓိမဂ်မှာ တောင်တက်လာသူတစ်ဦးရဲ့ ၀င်လေ ထွက်လေ သဘာဝနဲ့  ရှင်းပြထားတယ်။ ၀င်လေ ထွက်လေ ပျောက်သွားတဲ့အခါမှာ ယောဂီတွေမလုပ်ဖို့  အကြောင်းအချက်တွေကိုလည်း ဖော်ပြထားပါတယ်။ ကိုယ့်ကိုယ်ကို အသက်မရှုတဲ့ ပုဂ္ဂိုလ်ခုနှစ်ဦးမှာ သတိမပါဘူးလို့  ဆင်ခြင်ပြီး အားကောင်းတဲ့ သတိနဲ့  နှာသီးဝကစောင့်ရှုနေပါ။ လေထင်ရှားလာပါလိမ့်မယ်လို့  ညွှန်ကြားထားတယ်။
၁။ အမိဝမ်းတွင်း၌ ပဋိသန္ဓေနေသူ
၂။ ရေနစ်နေသူ
၃။ သတိမေ့လျော့နေသူ
၎။ သေဆုံးသောသူ
၅။ စတုတ္ထ္ထဈာန်ကို ၀င်စားနေသူ
၆။ ရူပဘ၀၊ အရူပဘ၀ကို ရောက်သောသူ ( ဗြဟ္မာ )
၇။ နိရောဓ သမာပတ်ဝင်စားသူတို့  ဖြစ်ကြပါတယ်။
ဝိသုဒ္ဓိမဂ်မှာ ပေးထားတဲ့ ဥပမာတစ်ခုကတော့ လယ်ထွန်တဲ့ ယောက်ျား တစ်ယောက် လယ်ထွန်ရတာပင်ပန်းလာလို့  နွားတွေကို ထွန်တုန်းမှဖြုတ်ပြီး အနားပေးလို့  သူလည်းအနားယူတယ်။ အနားယူပြီးလို့  လုပ်ငန်း ပြန်စဖို့ အချိန်တန်တော့ ပျောက်နေတဲ့နွားတွေကို တစ်ကောင်ချင်း ဟိုဟိုဒီဒီ လိုက်ရှာမနေဘဲ ဒီနွားတွေ နေ့ စဉ်ရေသောက်ဆင်းနေကျ ရေကန်ကိုဘဲ တိုက်ရိုက်သွားပြီး စောင့်နေလိုက်တယ်။ အဲဒီမှာ နွားတွေကို ပက်ပင်းတွေ့ ပြီး ပြန်ဖမ်းလို့  လယ်ထွန်တဲ့အလုပ်ကို ပြန်လုပ်အလိုပဲ လယ်သမားနဲ့ တူတဲ့ ယောဂီကလည်း လေပျောက်နေရင် ဘယ်မှရှာနေစရာမလိုပဲ နွားတွေ ရေသောက်ဆင်းနေကျ ရေကန်နဲ့  အလားတူတဲ့ တစ်သက်လုံး အသက်ရှုနေတဲ့ နှာသီးဝနဲ့  နှုတ်သီးဝနဲ့  နှုတ်ခမ်းဖျားကြားကသာ သတိထားပြီးနေရင် နွားနှစ်ကောင်နဲ့  အလားတူတဲ့ ၀င်လေ ထွက်လေကို ပြန်တွေ့ လာမယ်။ တွေ့ ရင် မိမိရဲ့  ဘာဝနာလုပ်ငန်းခွင်ကို ပြန်လုပ်ဖို့ ပါဘဲ။ တစ်ခါတစ်ရံမှာ ၀င်လေ ထွက်လေလို့  ခွဲခြားလို့ မရအောင် လှုပ်လှုပ်ဖြစ်နေတဲ့လေပဲ နှာသီးဝမှာ ရှိနေတတ်တယ်။ အဲဒီအခါမျိုးကျလည်း ဒါကိုလဲ ၀င်လေထွက်လေဆိုတဲ့ အမှတ်သညာနဲ့  စိတ်ကိုဧကဂ္ဂတာ ကျနေအောင် သေးငယ်တဲ့အပ်ပေါက်ထဲကို အပ်ချည်ကြိုးလေးသွင်းသလို စူးစိုက် အားကောင်းတဲ့ သတိနဲ့  သာရှူပေးပါ။ သိမ်မွေ့ တဲ့ လေအာရုံမှာ စိတ်ငြိမ်ကပ်ပြီး နစ်နေသလိုဖြစ်နေရင် တရားထိုင်ရတာ ငြိမ်းအေး ချမ်းသာ ပေါ့ပါးနေပါလိမ့်မယ်။ မလှုပ်ချင်၊ မဖြုတ်ချင်၊ မတော်ချင် လောက်အောင် ကောင်းပြီး ပြင်ပအသံတွေကို လည်း ဥပက္ခာပြု နေနိုင်ပါတယ်။ မွန်မြတ်တဲ့စိတ် ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေ တစ်ကိုယ်လုံးမှာ ထုံမွှမ်းပျံ့ နှံ့ ပြီး သမာဓိရဲ့  အကျိုးငါးပါးဖြစ်တဲ့ ဒိဋ္ဌဓမ္မသုခ၀ိဟာရနိသံသာပစ္စုပ္ပန်မှာ ချမ်းသာစွာ နေနိုင်ခြင်းအကျိုးကို ခံစားနေရပါလိမ့်မယ်။
နောက် တစ်နည်းကတော့ နှာခေါင်းပေါက်နှစ်ဖက်ဟာ အသက်ရှူ မညီမျှတာကြောင့် လက်ညှိုးနဲ့ လက်မဖြင့် နှာခေါင်းပေါက် နှစ်ဖက်ကို တလှည့်စီပိတ်ပြီး အသက်ရှူတဲ့ လေအားကို စမ်းသပ်ရှုကြည့်ပါ။ တစ်ခါတစ်ရံမှာ ဘယ်ဖက်ကလေရှူအားများတယ်။ တစ်ခါတစ်ရံ ညာဖက်က လေရှူအား များတယ်။ အသက်ရှူချောင်တဲ့ဖက် လေအားများတဲ့ဖက်ကို သတိပိုထား ရှုခြင်းအားဖြင့်လဲ လေကိုတွေ့ နိုင်ပါတယ်။ တချို့ ယောဂီတွေ လေကိုထင်ရှား အောင် ခေါင်းတငြိမ့်ငြိမ့်လုပ် အသက်ရှုပြီး သမာဓိထူထောင် တတ်ကြတယ်။ ဒါလည်း ကောင်းတဲ့ အလေ့အကျင့်မဟုတ်ဘူး။ တချို့ ယောဂီတွေကျတော့ တရားရှုရတာကြာလာရင် နတ်ဝင်သလို ခေါင်း၊ လက်၊ ခန္ဓာကိုယ် တုန်ခါရမ်းပြီး နေတတ်တယ်။ ဒါကို ဆရာကလည်း အားမပေးသင့်သလို တပည့်ကလည်း ဒါကိုတရားပဲလို့  သာယာမနေသင့်ဘူး။ ဒါနဲ့ ပက်သက်ပြီး မန္တလေးက ဆရာတော်တစ်ပါးလည်း မလုပ်သင့်ဘူးဆိုတာ ရေးဖူးတယ်။ အဘိဓမ္မတ္ထသင်္ဂဟမှာ “အပ္ပနာဇ၀နံ ဣရိယာ ပထမ္ပိ သန္နာမေတိ” ဆိုတဲ့အတိုင်း အပ္ပနာဇောစိတ်တွေဟာ ဣရိယာပုထ်ကို ခိုင်စေတယ်။ ဒါကြောင့် သမာဓိအား ကောင်းလေလေ ခန္ဓာကိုယ်အနေအထားက ငြိမ်သက်လေလေပါပဲ။ အခက်အခဲအချို့ ကတော့ အာနာပါနရှုရင် နဖူးကြော နားထင်ကြောတွေ ခေါင်းနောက်က အကြောတွေ တင်းတာ ကိုက်ခဲတာ နှာခေါင်းရိုးတင်းတာ မျက်ခုံးရိုး မျက်လုံးအောင့်တာတွေလည်း ဖြစ်တတ်ကြတယ်။ တကယ်တော့ တရားအားထုတ်တာ မြတ်စွာဘုရားကလည်း ဘာဝနာတရားပွားများကြဖို့  တိုက်တွန်းတော်မူတာဟာ သတ္တ၀ါတွေ ချမ်းသာသုခရဖို့ ပါဘဲ။ တရားအားထုတ်ပြီး ချမ်းသာသုခမရပဲ ဖြစ်နေတာဟာ ယောဂီအနေဖြင့် နည်းမှား လမ်းမှား အားထုတ်ပုံ မှားယွင်းနေလို့ သာဖြစ်တယ်။ ဒါကြောင့် အဲလိုဖြစ်လာရင် စိတ်မပျက်ပဲ အတွေ့ အကြုံရင့်ကျက် ကျွမ်းကျင်တဲ့ ဆရာသမားနဲ့  တိုင်ပင်ပါ။ ကိုယ်လုပ်နေတဲ့ အမှားကို ဆင်ခြင်သုံးသပ်ပြုပြင်ပြီး စိတ်ကို သက်သက်သာသာ ထားပြီး ရှုပွားရပါလိမ်းမယ်။ အဲဒီလို နဖူးကြော နားထင်ခေါင်းကြောတွေ တင်းရတာဟာ တချို့ ယောဂီတွေ စိတ်ပျံ့ လွင့်မှုများရင် ပျံ့ လွင့်တဲ့အာရုံတွေကို လိုက်တွေးနေတဲ့စိတ်နဲ့  တရားရှုမှတ်နေတဲ့ စိတ်နှစ်ခုတို့  ပဋိ ပက္ခဖြစ်လာပြီး နဖူးကြော နာထင်ခေါင်းကြောတွေ တင်းလာတတ်တယ်။ အဲဒီအစမှာ ပျံ့ လွင့်မှု နည်းနိုင်သမျှနည်းသွားအောင် ရှေ့မှာဖော်ပြခဲ့တဲ့ ပျံ့ လွင့်မှုကို ပယ်ဖျောက်နည်း တွေကို သုံးပြီးရှုသွားပါ။ တချို့ ယောဂီကျလည်း “သူများတွေ အာနာပါနဥဂ္ဂဟနိမိတ် စတာတွေ မြင်ကုန်ပြီး ငါမရသေးဘူး” ဆိုပြီး ဒါမှမဟုတ်ရင်လည်း ရက်တိုတရားစခန်းမှာ တရား အမြန် တိုးတက်ချင်ပြီး ဆန္ဒစောကာ ရှိသမျှအားတွေနဲ့  လွန်ကဲတဲ့ ၀ီရိယနဲ့  ၀င်လေ ထွက်လေကို အားစိုက်ရှုရင်လည်း ဖြစ်တတ်တယ်။ အာရုံကို မျက်စိနဲ့  အားစိုက်ရှုရင်လည်း မျက်လုံး မျက်ခုံး အောင့်တတ်တယ်။ ၀င်လေ ထွက်လေကို စိတ်နဲ့  သတိထားပြီး သိရမှာဖြစ်လို့  စိတ်နဲ့ သိအောင်ရှုပါ။ မျက်စိနဲ့  ကြည့်ခဲ့တဲ့ အကျင့်ပါလို့  လေကိုကြည့်နေရင်လည်း သက်သက်သာသာနဲ့ ရှုပါ။ နှာခေါင်းရိုးတင်းတာက ဘာဝနာရှုတဲ့ စိတ်ကလေနောက်လိုက်ပြီး နှာခေါင်း အတွင်းဖက် ရောက်နေရင်လည်း ဖြစ်တတ်တယ်။ မိမိစိတ်ကို နှာသီးဝနဲ့  နှုတ်ခမ်းဖျား မှာပဲထားပြီး လေကိုသိအောင်ရှုပါ။ နှာခေါင်းရိုးတ၀ိုက် ပတ်ဝန်းကျင်မှာဖြစ်လာတဲ့ တင်းတဲ့ တွန်းတဲ့အာရုံတွေကို လိုက်ပြီး သတိပိုထားရင် ဒီအားတွေကို ခံစားမှုပိုပြင်း လာစေတတ်တယ်။ အဲဒီလို မလိုလားအပ်တဲ့ ခံစားမှုတွေကို ဥပက္ခာပြုပြီး ၀င်လေ ထွက်လေတို့ ပဲ ရှုသွားရင်လည်း ဒီလို မလိုလားအပ်တဲ့ ခံစားမှုတွေ ပျောက်သွားနိုင်ပါတယ်။ တချို့ ယောဂီကျတော့လည်း အဲဒီလို နှာခေါင်းကြောတင်းတာ နဖူးကြော ခေါင်းကြောတွေ တင်းတာတွေ ခပ်ပြင်းပြင်းထန်ထန် ခံစားထားဘူးရင် နောက် တရားရှုတဲ့ အခါမှာလည်း “ငါဒီလိုဖြစ်တော့မှာဘဲ” လို့  စိုးရိမ် ကြောင့်ကြစိတ်ကို တတ်နိုင်သမျှ ကြိုးစားပြီး ဥပက္ခာပြု ၀င်လေ ထွက်လေကို ရှုပွားရင်လည်း အဆင်ပြေသွားတတ် ပါတယ်။ ယောဂီ အနေဖြင့် ကိုယ်ရဲ့မှားယွင်းတဲ့ အားထုတ်မှုတွေကို ဆင်ခြင် သုံးသပ်ပြီး ကိုယ်ကိုယ်တိုင် ပြုပြင် ရှုသွားတတ်ရမယ်။ ရှုသွားကြရမယ်။ ဒါဆိုရင် အာနာပါနကမ္မဋ္ဌာန်း အားထုတ်တဲ့အခါ အခက်အခဲတွေ ကို ကျော်လွှားပြီး ချမ်းသာတဲ့ အကျိုးတရားတွေကို ရရှိခံစားနိုင်ပါလိမ့်မယ်။ တချို့ ယောဂီကတော့ “တရားမထိုင်ချင်ဘူး၊ စိတ်မပါဘူး၊ တရားထိုင်ရတာ ပျင်းတယ်၊ ဘယ်လိုလုပ်မလဲလို့ ” မေးတတ်ကြသေးတယ်။ အထူးသဖြင့် ညနေပိုင်းငါးနာရီခွဲ တရားထိုင်ချိန်ဟာ တရားထိုင်ရတာ စိတ်မပါဆုံး အချိန်ပဲ။ နွေရာသီ ညနေပိုင်း ရာသီကလည်းပူ၊ ဓမ္မာရုံတိုက် နံရံကလည်း အပူပြန့် လွှတ်ချိန်မို့ အိုက်စပ်စပ် ချွေးတလုံးလုံးနဲ့  တရားထိုင်ရတာ “စိတ်မပါဆုံးအချိန်၊ စိတ်လည်းပျံ့ လွင့်ဆုံး အချိန်ပဲ” လို့  ပြောကြတယ်။ တကယ်တော့ တရား အားထုတ်ဖို့  တွန့် ဆုတ်နေတာတွေကို ပျင်းရိနေတာ ၀ီရိယတွေ ဆုတ်နစ်နေတာတွေကို ထက်သန်တဲ့ ၀ီရိယတွေဖြစ်လာအောင် ပြောရမယ်ဆိုရင်တော့ အကျယ် ပြောရလိမ့်မယ်။ မဟာသတိပဋ္ဌာနသုတ္တန် ဓမ္မာနုပဿပိုင်း နီဝရဏပဗ္ဗနဲ့  ဗောဇ္ဈင်္ဂပဗ္ဗ အပိုင်းတို့ မှ အဋ္ဌကထာမှာ ဖော်ပြထားတဲ့ အချက်တွေဟာ မှတ်သား လိုက်နာစရာကောင်းတဲ့ အချက်တွေပါဘဲ။ အာနာပါန အခက်အခဲများ ခေါင်းစဉ်အောက်မှာ အကျဉ်းချုပ် အနေဖြင့် ပြောရရင် စတုရာရက္ခကမ္မဋ္ဌာန်းများ ဖြစ်တဲ့ ဗုဒ္ဓါနုဿတိ၊ မေတ္တာဘာဝနာတို့ ကို ပွားများပြီး နီဝရဏတွေကို ငြိမ်းအောင် စိတ်ကိုရွှင်လန်း အောင် လုပ်ပေးရမယ်။အသုဘဘာဝနာ၊ မရဏာနုဿတိ ကမ္မဋ္ဌာန်းများကိုလည်း ပွားများပြီး ကာမစ္ဆန္ဒနဲ့  ပျင်းရိမှုကို ပယ်ဖျောက်ရမယ်။ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ ဗျာဓိဒုက္ခ၊ မရဏဒုက္ခ၊ အပါယ်ဝဋ် ဆင်းရဲဒုက္ခ တွေကို ဆင်ခြင်ပြီးဖြစ်တဲ့ သံဝေဂဉာဏ် တွေဖြစ် လာအောင် လုပ်ရမယ်။ သံဝေဂဉာဏ်ဟာထက်သန်တဲ့ ၀ီရိယ တွေဖြစ်စေပြီး သမထ ၀ိပဿနာဘာဝနာဉာဏ်တွေကို များစွာ အထောက်အကူ ပြုတယ်။ အဲဒီလို မိမိ နှစ်သက်တဲ့ ကမ္မဋ္ဌာန်း အာရုံတစ်ခုခုကို ရွေးချယ်ပြီး ရှုပွားကာ ပျင်းရိ၊ စိတ် မပါတာတွေကို ပယ်ဖျောက်ရပါလိမ့်မယ်။ ပယ်ဖျောက်နိုင်ပါလိမ့်မယ်။ နိဂုံးချုပ် အနေဖြင့်ဘာဝနာ အလုပ်ခွင်မှာ တိုးတက်ချက်ရင် ၀ိသုဒ္ဓိမဂ်မှာ ဖော်ပြထားတဲ့ အသပ္ပါယ -မသင့်လျှော် မလျှောက်ပတ်တဲ့ ခုနှစ်ပါးကို ရှောင်ကြည်ကြပြီး၊ သပ္ပါယ - သင့်လျှော် လျှောက်ပတ်တဲ့ ခုနှစ်ပါးကို မှီဝဲရမယ်။ (အားလုံးကို ပြည့်စုံအောင် ရနိုင်မယ်လို့ တော့ မဆိုလိုပါ။) အဲဒီဂါထာကတော့…
အာဝါသော ဂေါစရာ ဘာသံ၊ ပုဂ္ဂလော ဘောဇနံ
ဥတု၊ ဣရိယာပထောတိ သတ္တေတေ၊ အသပ္ပါယေ ဝိဝဇ္ဇယေ။
ဂါထာရဲ့ အဓိပ္ပါယ်ကတော့..
၁။ အာဝါသော - မသင့်တော် မလျှောက်ပတ်သော ကျောင်းအိပ်ယာနေရာ၌လည်းကောင်း။
၂။ ဂေါစရာ - မသင့်တော် မလျှောက်ပတ်သော ကျက်စားသွားလာခြင်း လည်းကောင်း။
၃။ ဘာသံ - မသင့်တော်မလျှောက်ပတ်သော စကားတွေ ဆူညံစွာ ပြောဆိုခြင်း လည်းကောင်း။
၎။ ပုဂ္ဂလော - မသင့်တင့် မညီညွတ်သော ပုဂ္ဂိုလ်လည်းကောင်း။
၅။ ဘောဇနံ - မသင့်တင့် မညီညွတ်မမျှတတဲ့ စားသောက်ဖွယ်ဘောဇဉ် အာဟာရလည်းကောင်း။
၆။ ဥတု - မသင့်တင့်တဲ့ ရာသီဥတုကိုလည်းကောင်း။
၇။ ဣရိယာပထ - မသင့်တော်မလျှောက်ပတ်သော ဣရိယာပထ- ခန္ဓာကိုယ်အနေအထားလည်းကောင်း။
သတ္တ-(၇)ပါးကုန်သော၊ ဧတေ အသပ္ပါယေ - ဤမသင့်လျော်မလျှောက်ပတ်သည်တို့ ကို ဝိဝဇ္ဇယေ-ရှောင်ကြဉ်ရာ၏။
ဒီလိုမသင့်လျော် မလျှောက်ပတ်တဲ့ ခုနှစ်ပါးကို ရှောင်ကြဉ်ပြီးသင့်လျှော်တဲ့ ခုနှစ်ပါးကို ရအောင်ဖြစ်အောင် ပြုပြင်မှီဝဲလို့  ဘာဝနာအားထုတ်ကြမယ်။ ဣနြေ္ဒငါးပါးလို့ ခေါ်တဲ့ သဒ္ဓါ ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ တို့ ညီညွတ်ရင့်ကျက်လာပြီဆိုရင် မိမိတို့ ရဲ့ တိုးတက်လာမှု တဖြည်းဖြည်း တွေ့ လာပါလိမ့်မယ်။
မိမိတို့ ရဲ့ အတိတ် ပါရမီ စွမ်းအင်၊ ပစ္စုပ္ပုန်ဘ၀ရဲ့ အားထုတ် ကြိုးပမ်းမှု များဖြင့် အာနာပါန အားထုတ်ရာတွင် တွေ့ ကြုံရတဲ့ အခက်အခဲတွေကို ကျော်လွှားလွန်မြောက်နိုင်ကြပြီး သမာဓိ အဆင့်ဆင့် ဘာဝနာ ဉာဏ် တွေ ရင့်သန်တိုးတက်ကာ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် အသင်္ခတနိဗ္ဗာန် အငြိမ်းဓာတ်ကို လျှင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါစေလို့  ကောင်းမြတ်သောဆန္ဒဖြင့် တရားကို နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးချမ်းသာကိုယ်စိတ်မြဲပါစေ။
အရှင်အဂ္ဂည
(ဖားအောက်တောရ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...