Sunday, July 12, 2015

ဆဒ္ဒန်လက်သစ်များ


ငတာကို ရူးသလားလို့မေးရင် မရူးဘူးလို့ ပြောရမယ်။ မရူးဘူးလားလို့ မေးရင်လည်း ရူးတယ်လို့ ပြောရလိမ့် မယ်။ ဘာကြောင့်လဲဆိုတော့ သူ့လုပ်ရပ်တွေကို လူတချို့က ရူးတယ်ပြောပေမယ့် တချို့သော လုပ်ရပ်နဲ့ အပြောတွေက မရူးဘူးလို့ပြောနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူကအတွေးပြောပြောတတ်တော့ တစ်ခါ တစ်လေ နားထောင်ရတဲ့သူတွေဟာ သူ့အလုံးထဲဝင်သွားတတ်တာများတယ်။ ဥက္ကဋ္ဌလို ဘာမှမသိတာကမှ ကောင်းသေးတော့ ငတာပြောတာကိုလည်း သူက နာရကောင်းမှန်း နားလည်ချင်မှလည်း နားလည်တယ်။ အဲဒါ ကပဲခပ်ကောင်းကောင်းလို့ ပြောရမယ်ထင်တယ်။
တစ်နေ့ ငတာက "ကျောင်းဆရာ ခင်ဗျားတို့ ပြောပြောနေကြတဲ့ အစိတ်သားဆိုတာ ဘာလဲဗျ" လို့ လာမေးတယ်။ ကျွန်တော်ကလည်း လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်းသော စစ်သားတွေအကြောင်း ပြောပြလိုက်တယ်။
ငတာက ထသွားပြီး သောက်ရေအိုးထဲကနေ ဖန်ခွက်နဲ့ ရေခပ်လာတယ်။ ရေက ဖန်ခွက်ထဲမှာ သုံးပုံ တစ်ပုံ လောက်ပဲ ပါလာတယ်။ သူက ကျွန်တော့်ကို ဖန်ခွက်ထောင်ပြလိုက်တော့
"ငတာရယ် ငါ့ကို ပညာလာမစမ်းပါနဲ့။ ခွက်ထဲကရေဟာ တ၀က်တိတိလား၊ တ၀က်ကြီးများတောင်လား ဆိုပြီး မေးမလို့ မဟုတ်လား" လို့ ပြောလိုက်တော့

"မဟုတ်ဘူး ကျောင်းဆရာ အဲဒါ သူငယ်တန်းအဆင့်လောက်ပဲရှိတယ်။ ကျုပ်ခွက်ထဲမှာ ရှိတဲ့ရေဟာ ၂၅ ကျပ်သားလောက်ရှိမှာပေါ့။ အဲဒါဘယ်လောက်လေးသလဲ" တဲ့
"ဟာ .. ငတာရယ် အစိတ်သားထည့်ထားတာ အစိတ်သားပဲရှိမှာပေါ့" လို့ ပြောလိုက်တော့
"မှားတယ် .. ကျောင်းဆရာ။ ခင်ဗျား .. အဲဒီရေတစ်ခွက်ကို လက်ဝါးပေါ်တင်ပြီး လက်ဆန့်တန်းထားရင် ဘယ်လောက်ကြာကြာ ခံနိုင်မယ် ထင်သလဲ" တဲ့။ ကျွန်တော်လည်း ထူးဆန်းတာကြောင့် "ဆိုစမ်းပါဦးကွ" လို့ ပြောလိုက်တယ်။
"ကျောင်းဆရာ ခွက်ထဲကရေဟာ အစိတ်သားလောက်ပဲရှိလို့ ခင်ဗျား လက်ထဲမှာ အကြာကြီး ထားနိုင်လိမ့်မယ် ထင်ရင်မှားသွားလိမ့်မယ်။ ၁၅ မိနစ်လောက်ဆိုရင် လက်ညောင်းသလိုဖြစ်လာမယ်။ နာရီဝက်လောက်ဆိုရင် လက်ကိုက်လာမယ်။ တစ်နာရီလောက်ဆိုရင် လွှတ်ချချင်လောက်အောင်ဖြစ်လာမယ်။ ကြည့်နေပါ ခင်ဗျား လက်ထဲက အစိတ်သားခွက်ဟာ လွတ်ကျလာတဲ့ အချိန်ရှိလာလိမ့်မယ်။ ဒီမှာ ကျောင်းဆရာ ဘယ်လောက် လေးတယ်ဆိုတာ ခံနိုင်မှုအပေါ်တည်တယ်ဗျ။ ခံနိုင်သလောက်လေးတယ်။ မခံနိုင်တော့ရင် လွတ်ကျမှာ ကျိန်းသေတယ်" တဲ့။
"ငတာရယ် … အဲဒီလက်ကို ဒေါက်တွေနဲ့ထောက်၊ တိုင်တွေနဲ့မြှောက်ထားရင်ကောကွာ" လို့ ကျွန်တော်က ပြော လိုက်တော့
"ဟဲ … ဟဲ .. ကျောင်းဆရာကလည်း သိရက်သားနဲ့ ဆဒ္ဒန်ဟူစိန်လက်သစ်တွေ ဖြစ်ကုန်မှာပေါ့။ ဆဒ္ဒန်သန်းရွှေ … ဆဒ္ဒန်ခင်ညွန့် … ဆဒ္ဒန် … ဆဒ္ဒန် …"
"ငတာရယ် မင်းကို ဆရာတင်ပါတယ်ကွာ"
၁၃.၇.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...