လူငမွှေ
ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးက “ပူရာဏ် ဓမ္မဂန်ဖတ်စာ” ထဲမှာ
“မင်းစေ လုပ်ငြား၊ လျင်ဖြတ်စားသည်၊ ယောက်ျားလူလေ၊ လူငမွှေကို၊ ရွာနေ သူများ၊ မမုန်းလား” ဆိုပြီး ဆုံးမခဲ့တဲ့စကားကို အမှတ်ရသဗျ။
ဆရာတော်ကြီးက “လူငမွှေ” တဲ့။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ မေတ္တာတရား မခေါင်းပါးကြပါဘူး။ သူတစ်ပါး စိတ်ဆင်းရဲ၊ ဒုက္ခရောက်မှာကို လည်း သဘာဝအားဖြင့် မလိုလားကြပါဘူး။ အင်မတန် မုန်းလွန်းမှသာ “သေပါစေ” လို့ ပြစ်တင် ကျိန်ဆဲ လေ့ရှိပါတယ်။
တိုင်းပြည်မှာ လူမသေခင်ကတည်းက နာမည်သေနေတဲ့သူတွေ၊ မသေခင်ကတည်းက ပုပ်နေတဲ့သူတွေ၊ မသေခင်ကတည်းက မြုပ်နေတဲ့လူတွေ အများကြီးရှိတာပဲ။ ဘယ်သူသေတယ်၊ ဘယ်သူပုပ်တယ်ဆိုတာ ပြည်သူက အဆုံးအဖြတ်ပေးတယ်ဗျ။ ပြည်သူဆိုတာ သူတို့ချစ်တဲ့သူတွေကို ဘယ်သူမှ “သေပါစေ” လို့ ဆုတောင်းမှာ မဟုတ်ဘူး။ သူတို့မချစ်ခင် မနှစ်သက်တဲ့သူတွေဆိုရင် “သေပါစေ” လို့ ဆုတောင်းကြမှာပဲ။
တိုင်းပြည်မှာ ပြည်သူ့ချဉ်ဖတ်တွေ အများကြီးပဲ။ အဲဒီလူတွေကို Facebook ပေါ်မှာ တန်းစီပြီးဆဲခိုင်းရင်တောင် အလုအယက် ဆဲမယ့်သူတွေ အများကြီးပဲ။ အဲဒီလောက်နဲ့ပဲ တိုင်းတာကြည့်လိုက်ပါဦး။
ပြည်သူ့ဘဏ္ဍာတွေကို ဖြတ်စားတဲ့သူတွေကို ပြည်သူတွေ မုန်းတယ်ဆိုတာ ကျီးသဲလေးထပ် ဆရာတော် ဘုရားကြီးကဆုံးမခဲ့တယ်လေ။ သူနဲ့ထိုက်တန်တဲ့ အကုသိုလ်တွေ သူပြန်ရနေတာပဲ။ ကိုယ်ပြုသမျှဒဏ် ကိုယ်ပြန်ခံရတဲ့သဘောပေါ့။
ခေတ်စကားမှာ တော်တော်မွှေတဲ့သူတွေကို “ငမြွေထိုး” လို့ပြောကြတာပဲ။ တိုင်းပြည်မှာ အသက်ရှင်စဉ်ကာလ တစ်လျှောက်လုံး ကောင်းတာတစ်ခုမှမလုပ်ဘဲ မွှေတဲ့သူတွေလည်း ရှိတာပဲ။ ဆန်ကုန်မြေလေးတွေအနေနဲ့ ဘာဖြစ်လို့ ထားနေရသလဲဆိုတော့ မလှန်နိုင်သေးလို့ပေါ့။ ပြည်သူတွေရင်ထဲက တကယ့်ကို တော်လှန်ချင်စိတ် ရှိတဲ့အခါကျတော့လည်း ၈၈ ဆိုပြီးတော့ ဖြစ်ခဲ့သေးတာပဲ။ ၈၈ မှာ ပြည်သူဖြုတ်ချခဲ့တဲ့ “လူငမွှေ” တစ်ယောက် သေတော့လည်း ဘယ်ပြည်သူက မျက်ရည်ကျပြပြီး ၀မ်းနည်းပါတယ် ပြောကြလို့လဲ။ အဲဒီခေတ်ကသာ Facebook ကို မြန်မာပြည်မှာ သုံးနိုင်ရင် ဆဲလိုက်ကြမယ့်ဖြစ်ခြင်းပေါ့။
ဦးနေ၀င်းဆိုတဲ့ လူ့ငမွှေတစ်ယောက်သေတော့ သူ့ဆန္ဒအရပါဆိုပြီး ဆွဲချ၊ မီးဖုတ်၊ ပြာတွေကို မြစ်ထဲလွှင့်ပစ်ခဲ့ ရတာပဲ။ သူလည်း အုတ်ဂူကြီးကို ခမ်းနားကြီးကျယ်စွာထားဖို့ ဘယ်သတ္တိရှိမှာလဲ။ ပြည်သူဒဏ်ခတ်ရင် ဘာဖြစ် တတ်တယ်ဆိုတာ ကောင်းကောင်း သိထားတာပဲ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတော့ နိုင်ငံတော် ဈာပနကို နှစ်ပေါက်လောက် အောင်လုပ်တယ်။ ပြည်သူတွေ သန်းနဲ့ချီပြီးပို့တယ်။ အားလုံးမျက်ရည်ကျတယ်။ တစ်နိုင်ငံလုံး ကြေကွဲဝမ်းနည်း ကြတယ်။ အဲဒါ လုပ်ယူလို့ရတာမဟုတ်ဘူး။ ဖန်တီးယူလို့ရတာ မဟုတ်ဘူး။
ခုလည်း လူ့ငမွှေတွေ သေတော့မယ်ဆိုရင် ၀ိုင်းပြီးကောင်းချီးပေးနေကြတယ်ဆိုတာ ဘယ်ပါတီ ဘယ်အဖွဲ့ အစည်း ဘယ်နိုင်ငံတကာကမှ တွန်းအားပေးနေလို့ မဟုတ်ဘူး။ ပြည်သူတွေ ရင်ထဲမှာ အဲဒီ “လူငမွှေ” တွေကို မလိုချင်လို့၊ ဆန္ဒမရှိလို့၊ မုန်းလို့ဆိုတာ ထင်ရှားနေတာပဲ။
ပြည်သူတွေရဲ့ ရင်ထဲမှာ လူငမွှေတွေအတွက် ဘယ်တုန်းကမှ နေရာမရှိပါဘူး။
၁၀.၇.၂၀၁၅

0 comments:
Post a Comment