မြင်းထိန်းနှင့် ၀န်မင်း
လက်ဝဲရေကြောင်းဗိုလ်မင်းအိမ်က မြင်းတွေကို ထိန်းပေးနေရတဲ့ ငတာဆိုသူတစ်ယောက်ရှိတယ်။ ကျွန်တော့် ငတာမဟုတ်ဘူး။ မင်းတုန်းမင်းခေတ်က ငတာကိုပြောတာ။ ကျွန်တော့် ငတာက အရူးငတာ။ အဲဒီ ငတာက မြင်းထိန်းငတာ။
မြင်းထိန်းငတာက အလှူတွေ၊ မင်္ဂလာဆောင်တွေရောက်ရင် ရွှေပြည်ဝန်ကြီး
(ယောအတွင်းဝန် ဦးဘိုးလှိုင်) ရေးတဲ့ ကျမ်းကြီးတွေ ဘယ်လောက်ကောင်းတယ်ဆိုတာ
အာပေါင်အာရင်းသန်သန်နဲ့ လိုက်ပြောနေတော့ တာပဲ။ ၀ိမုတ္တိကျမ်းက ဘာဖြစ်တယ်။
ဥတုဘောဇနကျမ်းက ဘာဖြစ်တယ်ဆိုပြီးတော့ ပြောနေတော့ ဘေး လူတွေ
နည်းနည်းအမြင်ကပ်လာတယ်။
မြင်းထိန်းတဲ့ကောင်က စကားကြီးစကားကျယ် ကျမ်းရိုး ကျမ်းကိုးတွေနဲ့ ပြောနေတာကို ရွှေပြည်ဝန်ကြီးအိမ်မှာ တာဝန်ထမ်းနေတဲ့ စာရေးတစ်ယောက်က နေရာတိုင်းကြားနေရတော့ ၀န်ကြီးကို ပြန်လျှောက်တယ်။
"ငတာတစ်ယောက် ၀န်မင်းရဲ့ ကျမ်းတွေ ဘယ်လောက်ကောင်းကြောင်း၊ ၀န်မင်း ဘယ်လောက်တော် ကြောင်း လျှောက်ပြောနေပါတယ်ဘုရား" ပေါ့။ ဒီတော့ ၀န်မင်းကလည်း "ဟဲ့ .. ဘယ်ကငတာလဲ" လို့မေးလိုက်တယ်။
"မြင်းထိန်းငတာပါ" လို့ စာရေးကလျှောက်တော့ ၀န်မင်းက "ကိုယ်ကျိုးတွေနည်းကုန်ပြီ" လို့ ညည်းရင်း
" ဟဲ့ .. ဟဲ့ အဲဒီ ငတာဆိုတဲ့ကောင်ကို မြန်မြန် သွားခေါ်ခဲ့စမ်း" လို့ မိန့်လိုက်တယ်။
မြင်းထိန်းငတာ ၀န်မင်းရှေ့ရောက်တော့ "ဟဲ့ မောင်မင်းက ငါရေးတဲ့ ကျမ်းတွေကို ကောင်းကြောင်းတွေ လျှောက်ပြောနေတယ်ဆို" လို့မေးလိုက်တယ်။ မြင်းထိန်းငတာကလည်း ၀မ်းသာအားရ "မှန်လှပါဘုရား" ပေါ့။
"မောင်မင်း ဘယ်ကျမ်းတွေအကြောင်း လျှောက်ပြောနေတာလဲ"
"ကျွန်တော်မျိုး ၀ိမုတ္တိရသကျမ်း၊ ကာယာနုပဿာနာကျမ်း၊ ဥတုဘောဇနကျမ်းတွေ အားလုံးအကြောင်းတွေ ပြောပါတယ်ဘုရား" လို့ ၀မ်းသာအားရလျှောက်တယ်။ ၀န်မင်းက
"မောင်မင်း အဲဒီကျမ်းတွေ အားလုံး ဖတ်ဖူးသလားဟဲ့" လို့ မေးလိုက်တော့
"ကျွန်တော်မျိုး အဲဒီကျမ်းတွေကို မြင်လည်း မမြင်ဘူး၊ ဖတ်လည်း မဖတ်ဘူးကြောင်းပါ။ သူများပြောသံကြားရ၍ လိုက်ပြောနေခြင်းသာဖြစ်ပါတယ်ဘုရား" လို့ပြန်ဖြေတယ်။ ဒါနဲ့ ရွှေပြည်ဝန်ကြီးလည်း မြင်းထိန်းငတာကို
"ငတာရယ် .. ရော့ရော့ ဒင်္ဂါး ၁၆ ပြားယူချေ။ အဲဒီငွေနဲ့ ပုဆိုးဝယ်ဝတ်ကွဲ့။ နောက်ဆို ငါ့ကျမ်းတွေ ကောင်းကြောင်း လျှောက်မပြောလေနဲ့" လို့ပြောပြီး ဒေါင်းဒင်္ဂါး ၁၆ ပြားပေးလိုက်တယ်။
ငတာက နားမလည်ဘဲ "ဘာကြောင့်ပါလဲဘုရား" လို့ ပြန်မေးတယ်။ ဒီတော့ ရွှေပြည်ဝန်က
"ငတာရယ် နင်က စာမှ မတတ်တာ။ စာမတတ်တဲ့ကောင်က ချီးမွမ်းနေရင် ငါဘာဖြစ်သွားမလဲ။ နင့်လို ကောင်မျိုးက ချီးမွမ်းနေတာ ငါ့ကို သတ်သလိုပဲ။ နောက်ဘယ်တော့မှ မပြောလေနဲ့၊ ခွေးမသားကောင်" ဆိုပြီး ဆဲလွှတ်လိုက်တယ်။
ငတာကို ၀န်မင်းကခေါ်တွေ့တယ်ဆိုတော့ အပေါင်းအသင်းတွေက မေးတာပေါ့။ ဘာဖြစ်လို့လဲဆိုပြီးတော့။ မြင်းထိန်းငတာလည်း
"၀န်မင်းက ဒေါင်းဒင်္ဂါး ၁၆ ပြားနဲ့ နှုတ်ပိတ်လိုက်သကွဲ့၊ ပြောလို့မဖြစ်ပေဘူး" လို့ဆိုလိုက်တယ်။
ကဲ .. ဗိုလ်ပြုတ်တို့ရေ မြင်းထိန်းငတာတွေ ခင်ဗျားတို့ စာအုပ်တွေကောင်းကြောင်း လော်ဘီ လုပ်ပြီး လျှောက်ပြောနေတာကို ဒီခေတ် တစ်သောင်းတန် ဘယ်နှရွက် ခေါ်ပြီး ချီးမြှင့်ဖို့ စဉ်းစားထားကြသလဲ။ ခင်ဗျားတို့ကတော့ နှုတ်ပိတ်ခိုင်းမှာ မဟုတ်ပါဘူး။ ပိုက်ဆံပေးပြီး လျှောက်ပြောခိုင်းမှာ သေချာတယ်။ ဗိုလ်ပြုတ်တွေ ပိုက်ဆံပေးပြီးရေးခိုင်းတာ ကိုတောင် အမည်မခံဘဲ စာအုပ်ဖြစ်အောင် ရေးပေးနေတဲ့ ကောင်တွေ ရှိနေတာပဲ။
စာမတတ်တဲ့ကောင်တွေ ချီးကျူးတာကို ဗိုလ်ပြုတ်ကြည်နူးနေမှာ သေချာတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ရေးထားပါတယ်ဆိုတဲ့ စာအုပ်တွေကိုတောင် သူတို့ပြန်ဖတ်နိုင်တာမှ မဟုတ်တာပဲ။
၆.၇.၂၀၁၅

0 comments:
Post a Comment