Thursday, July 9, 2015

လွှတ်ချလိုက်သော သတိရခြင်းများ


တွေးကြည့်မိပါက ဘ၀တွင် လွှတ်ချပစ်ချင်စရာ ကောင်းလှသော အကြောင်းအခြင်းအရာများ၊ တနည်းအားဖြင့်ပြောရလျှင် လွှတ်ချပစ်လိုက်ရန် သက်သေ သက္ကာရ အထောက်အထား ပြည့်စုံ ခိုင်လုံသော အကြောင်းအရာ အဖြစ်အပျက်များ မြောက်များစွာ ရှိနေခဲ့သည်။ အချို့အရာများမှာ အမှန်တကယ် အသုံးမ၀င်တော့ပဲ စိတ်လွတ်လက်လွတ် လွှတ်ချချင်စရာ ကောင်းလှသည်ဖြစ်ပြီး အချို့မှာမူ အနည်းငယ် လိုအပ်ကောင်း လိုအပ်နေအုံးမည်ဟု ယူဆကာ လွှတ်မချဖြစ်သေးသော အရာများဖြစ်သည်။
ထို့အပြင် လုံးဝ မလိုအပ်တော့ဟု စိတ်ထဲမှာ သေချာနေသော်လည်း ငဲ့ညှာထောက်ထားစရာ အခြေအနေအရပ်ရပ်ကြောင့် မရှိ မကောင်း၊ ရှိမကောင်း၊ သိမ်းထားရကောင်းနိုး လွှင့်ပစ်လိုက်ရကောင်းနိုး ချီတုံချတုံ ဖြစ်နေရသော အရာများလည်း များစွာ ရှိနေသေးသည်။ သို့သော် ဆုံးဖြတ်လိုက်သည်။ ဘ၀တိုတိုလေးတွင် မည်သည်က အရေးပါပြီး မည်သည်က အရေးမပါသည်ကို အသေအချာ ပြန်လည်စဉ်းစား ဆင်ခြင်မည်။ အရေးမပါသောအရာများကို အသေအချာ စီစစ်မည်။ ပြီးလျှင် အဆင်ပြေသလို တစပြီး တစ လွှတ်ချလိုက်တော့မည်။

* * * * *

ပထမဆုံး ပ၀ါလေးတစကို လွှတ်ချခဲ့သည်။ ပ၀ါများစွာ ပိုင်ဆိုင်သော်လည်း ထိုပ၀ါကလေးမှာ အမှတ်ရစရာပေါင်း မြောက်များစွာ ပါဝင်သော၊ အထိမ်းအမှတ်နေ့စွဲတခုမှာ သူကိုယ်တိုင် တယုတယ စည်းနှောင်ပေးခဲ့ဖူးသော ခရမ်းဖျော့ရောင် ပိုးပ၀ါကလေးတခု ဖြစ်သည်။ ဘ၀မှာ အတန်အသင့် မြတ်နိုးခဲ့ဖူးသော အရာတခုဟု ဆိုရလျှင်လည်း မှားမည်မထင်ပါ။ သူနှင့်ပတ်သက်သမျှ အရာရာကို လွှတ်ချလိုက်တော့မည်ဟု စဉ်းစားလိုက်သော အချိန်တွင် ထိုပ၀ါကလေးကို သတိတရ ရွေးချယ်ခဲ့မိသည်။ လွှတ်ချအံ့ဆဲဆဲ ထိုပ၀ါစလေးထဲတွင် ခါးသက်ရှတပြီး တဖက်သတ်ဆန်သော ချစ်ခြင်းမေတ္တာများ ပါဝင်မည်၊ တကိုယ်ရေ လွမ်းဆွတ်တမ်းတမှု အနည်းငယ် ပါဝင်မည်၊ ပြင်းထန်သော ဒါဏ်ရာဒါဏ်ချက်များနှင့်အတူ နာကျင်မှုအပိုင်းအစများကတော့ သေချာပေါက်ကို ပါဝင်နေပါလိမ့်မည်။ ချစ်သူဟု သုံးနှုန်းခေါ်ဆိုနိုင်ခဲ့ဖူးသော သူစိမ်းအမျိုးသားတယောက်ထံမှ ပိုင်ဆိုင်ရရှိခဲ့သော ချစ်ခြင်းမေတ္တာသည် သူ ချန်ထားခဲ့ပြီး နောက်ပိုင်းမှာ တန်ဖိုးထား စုံမက်စွာ ဆက်လက် သိမ်းဆည်းထားရန် လိုအပ်သည်လား၊ တဆက်တည်းမှာ ရက်ရက်စက်စက် ချန်ရစ်ထားခဲ့ရက်သော ထိုချစ်သူကို တရှိုက်မက်မက် လွမ်းဆွတ် တမ်းတနေရမှုကရော အမှန်တကယ် ရှိသင့်ရှိထိုက်ပါသလား၊ ထိုသူကို လွမ်းဆွတ် တမ်းတနေရဖို့ရော ထိုက်တန်ပါရဲ့လား။ ထိုသူနှင့်ပတ်သက်သော ထိခိုက်နာကျင်မှုများကတော့ ဘယ်လိုမှ သိမ်းဆည်းထားရန် မသင့်သော အရာများသာ။ ထိုအခါ အရာရာကို အပြီးတိုင် လွှတ်ချပစ်ရန်သာ စဉ်းစားရတော့သည်။

မြင်လွှာအောက်မှ အပြီးတိုင် ကွယ်ပျောက်သွားစေရန်ဟူသော အတွေးဖြင့် ပ၀ါစကလေးကို ဟိုး ခပ်မြင့်မြင့်နေရာတခုမှ လွှတ်ချနိုင်ရန် နေရာရွေးရသည်။ တွေ့ပြီ… အတန်ငယ်မြင့်သော တောင်ကုန်းငယ်လေး။ သူနဲ့အတူ တကြိမ်မက ရောက်ခဲ့ဖူးသော တောင်ကုန်းငယ်ကလေး။ တောင်ကုန်းတနေရာတွင် ခြေစုံရပ်ရင်း လက်ထဲမှ ထိုပ၀ါကလေးကို လွှတ်ချခဲ့သည်။ မလွှတ်ချခင် ဘေးဘီဝဲယာကို အသာ စောင်းငဲ့ကြည့်ရင်း တချက်ကလေး နမ်းရှိုက်လိုက်ရန် ဟန်ပြင်ပြီးမှ ရှက်ရွံ့စိတ်တို့ဖြင့် မလုံမလဲဖြစ်ကာ ခေါင်းကို ခါယမ်းလိုက်မိသည်။ ထို့နောက် စိတ်ကို ဖြတ်ကာ ပ၀ါစလေးကို လွှတ်ချလိုက်တော့သည်။

ဖြစ်ချင်တော့ ထိုနေ့ ထိုအချိန်မှာ ဆောင်းလေက အရှိန်ပြင်းပြင်းဖြင့် တိုက်ခတ်နေခဲ့သည်။ ခရမ်းဖျော့ရောင် ပိုးပ၀ါကလေးသည် လေထဲတွင် တလူးလူး တလွန့်လွန့်ဖြင့် နိမ့်ဆင်းဝဲပျံရင်း စက္ကန့်အနည်းငယ် အကြာတွင် သစ်ကိုင်းအဖျားတခု၏ ထိပ်ဖျားမှာ သွားရောက် တွယ်ငြိလို့နေခဲ့သည်။ ထိုအခါ ပ၀ါစကလေးသည် ရုတ်တရက် ဖမ်းဆီး ချုပ်နှောင်ခံလိုက်ရသူတယောက်ပမာ၊ လေအဝှေ့မှာ ရုန်းရင်းဆန်ခတ်နှင့်။ သို့သော် လေနှင့်အတူ ဆက်လက်၍လည်း မပျံသန်းနိုင်၊ သစ်ကိုင်းဖျားတွင် ငြိတွယ်မြဲ ငြိတွယ်လျက် မြင်လွှာအောက်မှလည်း ပျောက်ကွယ်မသွားနိုင်ပဲ လွှတ်ချခဲ့သူကို အပြစ်တင် စကားတင်းဆိုနေသယောင်။ နောင်တများစွာ ရစေသယောင်။ ပ၀ါကလေးကို သံယောဇဉ်မပြတ်ချင်သလို၊ အားနာသလို လှည့်ကြည့် လှည့်ကြည့်ဖြင့် ပြန်လာခဲ့ရသည်။ တဆက်တည်းမှာ ထိုနေရာကို နောက်တခေါက် ထပ်မသွားရန်လည်း ဆုံးဖြတ်မိသည်။ မကွယ်မ၀ှက်ပဲ ပြောကြစတမ်းဆိုလျှင် စိတ်ထဲမှာတော့ ကိုယ်တိုင်လွှတ်ချ ချန်ထားရစ်ခဲ့သော ထိုပ၀ါလေးကို အကြိမ်ပေါင်းများစွာ ပြန်လည်ကောက်ယူနေခဲ့မိသည်။



ထိုညက ညသည် ညပီသလျှက် အမှောင်ထုကြီးစိုးကာ တိတ်ဆိတ်နေခဲ့၏။ အဖြူခံပေါ်တွင် အပြာရောင် Bulla တံဆိပ် ရေးထိုးထားသော ဒိန်ချဉ်ဗူးထဲသို့ သကြားညိုအနည်းငယ် ထည့်ကာ မွှေလိုက်သည်။ ထို့နောက် ဒိန်ချဉ်ဗူးကို ကိုင်ကာ ခပ်ကျယ်ကျယ် တွန်းဖွင့်ထားသော ပြတင်းပေါက်နံဘေးတွင် ထိုင်ရင်း အပြင်ဖက်ကို အကြောင်းမဲ့ ငေးကြည့်နေမိသည်။ နက်ပြာရောင် ကောင်းကင်ပြင်တွင် ထိုညက ကြယ်ကလေး တလုံးတလေမှ ရှိမနေပါ။ သို့သော် ကိုယ့်ရဲ့ ကြယ်ပွင့်ကလေး ဟု ခေါ်ခဲ့ဖူးသူတယောက်၏ အသံကို ဖျတ်ကနဲ သတိရသွားချိန်တွင် နှလုံးသားတနေရာမှ နာကျင်စူးနစ်ကာ အသက်ရှူရ ခက်နေခဲ့သည်။ သတိရခြင်းများသည် အခါများစွာမှာ အတိုင်းအဆမဲ့ ချိုမြိန်သည်ဟု ကျေနပ်ချင်စရာကောင်းသော်လည်း တချို့အချိန်များတွင်တော့ ထင်ထားသည်ထက် အဆပေါင်းများစွာ ခါးသက်စေသည်ချည်းသာ။ တစ်ခါတစ်ရံတွင်မူ ကြည်လင်သော ဂျင်န် တခွက်ကဲ့သို့ ရစ်မူးစွာ ပြင်းရှတတ်သေး၏။ ထိုသတိရခြင်းများကို ကိုယ်တိုင် နှစ်လိုခြင်းမရှိသော အချိန်တခုကို မလွဲမသွေ ရောက်ရှိနေပြီဟု ကိုယ်တိုင် သေချာနေခဲ့သည်။

ထိုစဉ် ရုတ်တရက် ပေါ်လာသော စိတ်အစဉ်အတိုင်း သောက်လက်စ ဒိန်ချဉ်ဗူးကို အရှိန်ဖြင့်လွှဲကာ ပြတင်းပေါက်မှ ပစ်ချလိုက်မိသည်။ ပစ်ချအပြီးမှာ တစုံတခုကို မျှော်လင့်စောင့်ဆိုင်းနေသကဲ့သို့ စက္ကန့်အနည်းငယ် ကြာသည်အထိ မျက်စိ စုံမှိတ်ကာ အသက်မရှူမိပဲ ငြိမ်သက်နေမိသည်။ တခဏအတွင်းမှာပင် ပစ်ချလိုက်သော ဒိန်ချဉ်ဗူးနှင့် ကတ္တရာလမ်းမတို့ ပြင်းထန်စွာ ထိရိုက်သွားသော အသံကို ကြားရသည်။ သေးငယ်သော ဒိန်ချဉ်ဗူးကလေးက ထိုမျှလောက် အသံပြင်းပြင်း ထွက်သည်ကို အံ့သြ မှင်သက်နေမိသေးသည်။ ထိုအသံသည် ညတည၏ တိတ်ဆိတ်မှုကို လှလှပပ ဖြိုခွင်း လိုက်သလိုပင်။ တချိန်ထဲမှာ တင်းကြပ်နေသော ခံစားမှုတို့ကို အဆုံးစွန် ဖြေလျော့ချလိုက်သကဲ့သို့ နှာသီးဖျားတွင် ရစ်ဝဲနေသော လေကို လွတ်လပ် ပေါ့ပါးစွာ ရှူထုတ်လိုက်မိ၏။ နှုတ်ခမ်းနှစ်လွှာကို မဖွင့်ဟပဲ ပိပိရိရိ ပြုံးတတ်ရန် အခါများစွာက ကြိုးစား လေ့ကျင့်ခဲ့ဖူးသည့်အတိုင်း ဟန်ပါပါ ပြုံးလိုက်၏။ တစုံတယောက်ကို သတိရခြင်း၊ ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျစွာ ခံပြင်းခြင်း၊ ဒေါသ အနည်းငယ်နှင့် ပူလောင်ခြင်းတချို့ အပြင် သစ်ကိုင်းဖျားတွင် လူးလွန့် ငြိတွယ်ကျန်နေခဲ့သော ပုဝါစကလေးပါ ထိုဒိန်ချဉ်ဗူးထဲတွင် ရီးလေးခို၍ ပါသွားကြသည်ကို မည်သူမျှ မသိနိုင်သော်လည်း ကိုယ်တိုင်ကတော့ သေသေချာချာ သိနေခဲ့သည်။

ဒိန်ချဉ်ဗူးသည် အနက်ရောင်လမ်းမနှင့် အရှိန်ပြင်းပြင်း ထိရိုက်ကာ တစစီ ပေါက်ကွဲ ပွင့်ထွက် လွင့်စင်သွားပုံကို စိတ်မှန်းဖြင့် တွေးမြင်ကြည့်မိ၏။ ဒိန်ချဉ်ဗူးနှင့်အတူပါသွားသော ဒေါသလှိုင်းများ၊ အလွမ်းများနှင့် သောက အပူငွေ့များသည်လည်း အပိုင်းအစများအဖြစ် ပဲ့ကြွေကာ အနက်ရောင်ကတ္တရာလမ်းမပေါ်တွင် အဆောတလျင် ပြေးလွှားသူက ပြေးလွှား၊ ဘီးလှိမ့်ရုံ မောင်းနှင်သွားသော ကားတစင်းမှ လွင့်ကျကျန်ရှိနေခဲ့သော တေးသံတချို့နှင့်အတူ နရီစည်းချက်လိုက်ကာ ကခုန်သူက ကခုန်၊ လမ်းဘေး သစ်ပင်ခြေရင်းတွင် ငြိမ်သက်စွာ လှဲလျောင်းသူက လှဲလျောင်း… ထိုမြင်ကွင်းကို စိတ်ထဲမှာ တွေးထင် မြင်ယောင်ရင်း များစွာ ကျေနပ်မိ၏။ တင်းကြပ်မှုများ ပူလောင်မှုများလည်း အချိန်တိုတိုအတွင်း သက်သာရာ ရသွားသယောင်၊ နေလို့ ပိုကောင်းသွားသယောင်။ ထို့အတူ သတိရနေစရာ မလိုအပ်ဟု ဆင်ခြင်မိသော လူတယောက်ကို ရံဖန်ရံခါ လွမ်းဆွတ် သတိရနေချိန်များဟူသည့် ခေါင်းစဉ်ကိုပါ တခါတည်း လွှတ်ချလိုက်နိုင်ပြီ ဖြစ်သည်။ ထိုအခိုက်အတံ့လေးမှာတော့ လွှတ်ချပစ်လိုက်ရခြင်း၏ အရသာကိုလည်း မက်မောစွာ နားလည်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ပ၀ါစကလေးကို လွှတ်ချခဲ့စဉ်ကလို နှမြောတသစွာ ပြန်လည်ကောက်ယူလိုစိတ်များ စိုးစဉ်းမှ ပေါ်မလာသည်ကိုလည်း အံ့သြစွာ တွေ့ရှိခဲ့ရသည်။

* * * * *

မလိုအပ်သည်များကို လွှတ်ချခြင်း ဟူသောအဖြစ်တွင် နေသားတကျ ပျော်ဝင်လာသောအခါ လူက တစ တစ ပေါ့ပါးလာခဲ့သည်။ နေ့စဉ်နှင့် အမျှ ဘာကို လွှတ်ချရရင် ကောင်းမည်လဲ ဟူသော အတွေးများသာ ကြီးစိုးသည်။ မှတ်မိသမျှပြောပြရလျှင် စာတိုက်ပုံးထဲမှ စာအဟောင်းများကို ရှင်းလင်းပစ်ချခဲ့သည်။ လက်တ၀ါးစာခန့်ရှိသော လက်ကိုင်ဖုန်းကလေး၏ သိုလှောင်နိုင်စွမ်းကို အံ့အားတသင့်ဖြစ်နေရင်းမှပင် စာတိုများကို ကြက်ခြေခတ်ရင်း ပစ်ချခဲ့သည်။ အနှစ်နှစ်အလလက ရေးသားခဲ့သော ဒိုင်ယာရီများ၊ သံယောဇဉ် လက်ကျန်တစွန်းတစကြောင့် သိမ်းဆည်းထားမိသော မင်လက်ကျန်နည်းနေသော ဘောပင်ရောင်စုံများ၊ အသံထွက်မည် မထွက်မည် မသေချာတော့သော သီချင်းစီဒီချပ်များ၊ ဟိုတကွက် ဒီတ၀က် ဆေးသား ပြယ်လွင့်စပြုနေပြီဖြစ်သော ဓါတ်ပုံဟောင်းများ။ သာမန်မျက်စိဖြင့် မြင်နိုင်သော ထိုအရာများအပြင် အလွယ်တကူ မမြင်တွေ့နိုင်သော၊ ဟိုမှ သည်မှ တစစီထွက်နေသော အထူအပါး အတိုအရှည် မတူညီကြသော အရောင်အသွေးစုံလင်လှသော ကြိုးမျှင်များကိုလည်း တမျှင်ခြင်းစီ စိတ်ရှည်လက်ရှည် ရှင်းလင်း ဆွဲထုတ်သည်။ ထိုကြိုးမျှင်များထဲမှ အနည်းငယ်ကိုသာ ပြန်လည်သိမ်းဆည်းကာ အချို့ကို အပိုင်းအစငယ်ကလေးများဖြစ်အောင် ဖြတ်တောက်ကာ လွှတ်ချသည်။ အချို့ကို စုပေါင်း ထွေးလုံးကာ ပစ်ချသည်။ ရှင်သန်နေထိုင်ရသော နေ့ရက်များ တနေ့ထက်တနေ့ ပို၍ ပေါ့ပါးလာခဲ့သည်မှာ သေချာလှသည်။

မလိုအပ်သမျှ အရာအားလုံးကို လွှတ်ချနိုင်ခဲ့သောတနေ့…
ထိုနေ့တွင် ဟိုး မိုးကုတ်စက်ဝိုင်းအဆုံးတွင် လှပစွာ ချိတ်တွယ်လျှက်ရှိသော အဖြူရောင် တိမ်စိုင်ကလေးတစ သို့တည်းမဟုတ် ရောင်စဉ်ခုနှစ်သွယ် စီခြယ်အပ်သော လှပသည့် သက်တန့်ကွေးပေါ်တွင် မှီတွယ် ခိုနားနေသော အဖြူရောင် ငှက်ငယ်ကလေးတကောင် ကိုယ်တိုင် ဖြစ်မလာနိုင်ဟု ဘယ်သူ အတတ်ပြောနိုင်မည်လဲ။ ဒါတွေမှ မဖြစ်ရလျှင်၊ မဖြစ်နိုင်ခဲ့လျှင် အနည်းဆုံးတော့ ကောင်းကင်ပေါ်တွင် လွတ်လပ် ပေါ့ပါးစွာ ၀ဲပျံသန်းသွားသော ငှက်ငယ်ကလေးကိုယ်ပေါ်မှ မတော်တဆ ကျွတ်ကျကျန်နေရစ်ခဲ့သော ငှက်မွှေးလေးတစ၊ မိုးရွာပြီးစ ညနေခင်းတခုတွင် စိမ်းမြသစ်ရွက်ဖျား၌ တွဲခိုကျန်ရစ်သော မိုးရေစက်ကလေး တစက်၊ အဖြူရောင်နှင့် အနက်ရောင် ရောနှောနေသော လိပ်ပြာတကောင် သယ်ယူလာသော ၀တ်မှုန်ကလေး တစ၊ ပွင့်အာစပြုနေပြီဖြစ်သော အနီရောင် နှင်းဆီပွင့်ငယ်လေး၏ ကိုယ်ပေါ်မှ နုညံ့သော ပွင့်ချပ်ကလေးတခု… တခုခုတော့ ဖြစ်နိုင်လိမ့်မည်ဟု သေချာယုံကြည်နေမိသည်လေ။

သက်ဝေ
(၁၂ ဇွန် ၂၀၁၅)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...