Sunday, July 26, 2015

ပျောက်နေတဲ့ စဉ်းတီတုံးနဲ့ ဓားမ


မွန်ဘုရင်ရာဇာဓိရာဇ်မှာ ဗညားပရော်လို့ခေါ်တဲ့ မြေးတော်တစ်ယောက်ရှိတယ်။ ဗညားပရော် ထီးနန်း ဆက်ခံတော့ သုနက္ခတ်ရာဇာမင်းလို့တွင်တယ်။ မွန်မင်း ဗညားပရော်နန်းတက်တော့ ရဟန်း၊ မှူးမတ်၊ ပုဏ္ဏား တွေအားလုံးကို ညီလာခံခေါ်ပြီး တိုင်းပြည်ကို ကောင်းအောင်အုပ်ချုပ်မည်။ သာသနာတော် စည်ကားအောင် လုပ်မည်။ သင်တို့အားလုံးကလည်း တရားစောင့်ကြရမည်လို့ မိန့်တော်မူတယ်။ မင်းလုပ်တဲ့သူက အပြော သက်သက် မဟုတ်ဘူး၊ နန်းတော်ရှေ့မှာ စဉ်းတီတုံးတစ်တုံးနဲ့ ဓားမကြီးတစ်ချောင်း ချထားတဲ့အပြင် ခေါင်းလောင်းကြီးတစ်လုံးကိုလည်း ချိတ်ထားလိုက်တယ်။
တိုင်းပြည်အတွင်းမှာရှိတဲ့ မတရားစီရင်မှုတွေ ပပျောက်စေချင်လို့ အဲဒီလို စဉ်းတီတုံး၊ ဓားမ၊ ခေါင်းလောင်းတွေ ချပေးထားတာပါ။ တစ်နေ့တော့ တိုင်းပြည်တွင်းမှာ ခိုးမှုတစ်မှုဖြစ်ပွားတယ်။ သူခိုးကိုမိလို့ တရားစီရင်ပေးဖို့ အထိန်းတော်ကိုအပ်တယ်။ အထိန်းတော်က သူခိုးကို အိမ်တော်ခေါ်ထားတယ်။ သူခိုးက လျှောက်ခိုးပြီး အထိန်းတော်ကိုဆက်တော့ ငြိမ်နေတယ်။ သူခိုးကို အရေးမယူပေးလို့ နန်းထဲက ခေါင်းလောင်းကို မူလ ပစ္စည်း ပိုင်ရှင်ကလာထိုးတယ်။
အကြောင်းစုံစမ်းပြီးတော့ နန်းရင်ပြင်ထဲ ညီလာခံခေါ်ပြီး ဆုံးဖြတ်တယ်။
သူခိုးက ရွှေငါးပိသာခိုးထားတာကို မစီရင်တဲ့အပြင် သူခိုးနဲ့ပေါင်းပြီး မကောင်းတာလုပ်နေတဲ့ အထိန်းတော်ကို ဘယ်လို တရားစီရင်သင့်သလဲလို့ ဘုရင်ကမေးတယ်။ ဘယ်သူမှမဖြေကြဘူး။ ဒီတော့ ဗညားပရော်က
"ဓမ္မသတ်မှာ သားသမီးပြုလျှင် မိဘခံစေ၊ ကျွန်ပြုလျှင် သခင်ခံစေလို့ပါတယ်။ ဒါကြောင့် ရွှေငါးပိသာကို အထိန်းတော်ကြီး လျှော်စေ" လို့ အမိန့်တော် ချလိုက်တယ်။ အထိန်းတော် ချက်ချင်းလျှော်ရတယ်။ ဒါနဲ့ မပြီး သေးဘူး ဘုရင်က "ဒါဓမ္မသတ်အရ စီရင်တာ၊ ရာဇဝတ်ကြောင်းအရ စီရင်ဖို့ရှိသေးတယ်။ အထိန်းတော်ကို ချက်ချင်းလည်ဖြတ်စေ" လို့ အမိန့်ချတယ်။ ဒါကြောင့် စဉ်းတီတုံးပေါ် ချက်ချင်းလည်စင်းပြီး ဓားမနဲ့ ခုတ်လိုက် ကြတယ်။ ဒီသတင်းကို ကြားလိုက်လို့ ပြည်သူတွေက ဘုရင်ကို ချီးကျူးသလို၊ အမှုထမ်းတွေ အားလုံးလည်း ကြောက်ရွံ့ထိတ်လန့်သွားတယ်။
အဲဒီလို တရားစီရင်နေချိန်မှာပဲ ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို လိုက်ခုပ်ပြီး သေသွားတာ တွေ့လိုက်ရတယ်။ ဗညားပရော်က "ငါအုပ်ချုပ်နေချိန်မှာ တရားမဲ့ အနိုင်အထက်လုပ်တာ မမြင်ချင်ဘူး။ ကြောင်ကို သတ်စေ" လို့ အမိန့်ချတယ်။ ကြောင်လည်း လည်ပြတ်ပြီးသေရပြန်တယ်။
နောက်တစ်မှုက ကောက်ညှင်းပေါင်းသည်တစ်ယောက်ဆီကနေ ကိုယ်ရံတော်တပ်သားတစ်ယောက် လုစားတဲ့ အမှု။ ကောက်ညှင်းပေါင်းသည်က မကျေနပ်လို့ ခေါင်းလောင်းလာတီးတယ်။ ပိုက်ဆံ မပေးဘဲ လုစားရ ကောင်းလားဆိုပြီး ကိုယ်ရံတော်တပ်သားကိုလည်း လည်ဖြတ်သတ်စေတယ်။
အဲဒီ အမှုသုံးမှုကို စီရင်ပြီးကတည်းက တိုင်းပြည်အတွင်း သူခိုး၊ မုဒိမ်းကင်းသွားတယ်။ အိမ်တွေမှာလည်း တံခါးပိတ်စရာ မလိုတော့ဘူး။ ဈေးတွေထဲမှာလည်း အလေးချိန်ခွင်ချပြီး ကုန်တွေ ပုံထားလိုက်ရုံပဲ။ စောင့်ပြီး ရောင်းစရာ မလိုတော့ဘူး။ လိုသမျှ ချိန်၊ ကျသလောက်ပိုက်ဆံထားသွားတဲ့အဆင့်အထိရောက်ကုန်တယ်။
ဒီခေတ်မှာ ခေါင်းလောင်း၊ စဉ်းတီတုံးနဲ့ ဓားမလာချထားလို့ကတော့ ခေါင်းလောင်းသံ ညံမဆဲ၊ ခေါင်းတွေ လည်းထည့်စရာ ခြင်းတောင်းမလောက်မှာ မြင်ယောင်သေးတော့တယ်။ မင်းကလည်း တရားမစောင့်၊ တရား စောင့်ခိုင်းထားခြင်းခံယူသူတွေကလည်း လာဘ်ယူ၊ ကိုယ့်ခေါင်းကိုယ်ပြန်ဖြတ်ရမယ့်ကိန်းမြင်လို့ စဥ့်တီတုံးနဲ့ ဓားမကို ၀ှက်ထားတာကြာလှပြီလေ။
၂၃.၇.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...