Thursday, July 30, 2015

မိုးရေထဲမှာ ဓါတ်ပုံ ရိုက်စို့ ...



မိုးရာသီဟာ ဓါတ်ပုံ ရိုက်လို့ ကောင်းတဲ့ အထဲမှာ ပါပါတယ်။ စိမ်းစိမ်းစိုစို သစ်ပင် မြက်ခင်းတွေ၊ အဆုပ်လိုက် အုပ်လိုက် တိမ်တောင်တွေ၊ မိုးရွာပြီးခါစ သစ်လွင်မှုတွေ၊ ရေစိုနေတဲ့ အလင်းပြန် မျက်နှာပြင်တွေ၊ လူတွေရဲ့ အပြေးအလွှား လှုပ်ရှားမှုတွေ၊ လယ်ကွင်းတွေထဲက လယ်သမား ဘဝတွေ၊ မြစ်ရေပြင်ပေါ်က တံငါသည်တွေ … ရိုက်စရာတွေ အများကြီး တွေ့ရမှာပါ။ ဒါပေမယ့် ဘာလို့ အပြင်မထွက်ချင် ဖြစ်နေရတာလဲ။
အဓိက ကတော့ သင့်ရဲ့ အဖိုးတန်တဲ့ ကင်မရာနဲ့ မှန်ဘီလူးတွေ ရေစို မှာ စိုးရိမ်နေတာ မဟုတ်လား။

National Geographic က ဓါတ်ပုံဆရာ Jim Richardson ပြောထားတာလေးတွေ နားထောင်ကြည့်ရအောင် …


ကင်မရာမိုးကာ ဆောင်ထားပါ

အပြင်ထွက်ပြီ ဆိုတာနဲ့ ကင်မရာနဲ့အတူ ကင်မရာမိုးကာပါ ယူခဲ့သင့်ပါတယ်။ ဈေးကွက်ထဲမှာ ကင်မရာမိုးကာပေါင်းများစွာ ရှိနေတာမို့ ကိုယ့်ရဲ့ ကင်မရာနဲ့ ကိုက်ညီတဲ့ အမျိုးအစားကို ရွေးချယ် ဝယ်ယူ ဆောင်ထားသင့်ပါတယ်။ (လက်ရှိ ကျနော်တို့ဆီမှာတော့ အမျိုးအစား အများကြီး ရွေးချယ်နိုင်မှာ မဟုတ်ပါဘူး။ Royal, Pixel, Technoland တွေမှာတော့ တွေ့မိပါတယ်။ များသောအားဖြင့်တော့ အိမ်နီးချင်းနိုင်ငံထုတ် တွေပါ။)
ကင်မရာ မိုးကာတွေအများစုက ဆက်တင် ပြောင်းတာ၊ ဖိုးကပ်စ် ဖြတ်တာ၊ zoom ကစားနိုင်တာတွေ လွယ်လွယ်ကူကူ လုပ်လို့ရပါတယ်။ တချို့က ရေအောက်ရိုက်တဲ့ အိတ် underwater camera bag တွေ သုံးကြပါတယ်။ ရေပိုလုံပေမယ့် ကိုင်တွယ်ရတာ ခက်ခဲသလို၊ tripod နဲ့ရိုက်လို့ မရပါဘူး။


ကျွတ်ကျွတ်အိတ် ကြီးကြီးတွေလည်း အလုပ်ဖြစ်ပါတယ်

ကိုင်တွယ်ရ ခက်ခဲပေမယ့် ဈေးအသက်သာဆုံးကတော့ ကျွတ်ကျွတ်အိတ်တွေ၊ ပလပ်စတစ် အကြည်အိတ်တွေပါပဲ။ lens hood ဒါမှမဟုတ် lens ရဲ့ ထိပ်ဆုံးမှာ သားရေပင်နဲ့ လွယ်လွယ်ကူကူ စုစည်းထားလိုက်ရင် တော်တော် အလုပ်ဖြစ်ပါတယ်။ (သင်္ကြန်တုန်းက အဲလိုရိုက်ခဲ့တာပေါ့။ ကိုင်ရတာ နည်းနည်းချောတာမို့လို့ ပြုတ်မကျအောင်တော့ ဂရုစိုက်ဖို့ လိုမယ်။) လက်ထည့်ကိုင်ချင်သူများကတော့ အိတ်အောက်ဖက်ကနေ အပေါက် ဖောက်ထားနိုင်ပါတယ်။


ရေမပက်တဲ့ နေရာကို ရွေးပါ။

ဒါကတော့ သင့်ရဲ့ စိတ်ရှည်မှု နဲ့ ကံတရားကို အသုံးချတာပါ။ မိုးရွာနေတာကို သဲသဲကွဲကွဲ မြင်ရတဲ့ နေရာတစ်ခုမှာ ကော်ဖီတစ်ခွက်၊ စာအုပ်တစ်အုပ်၊ ကော်ပြန့်ကြော် တစ်ပွဲနဲ့ ထိုင်စောင့်နေရုံပါပဲ။ ရိုက်ချင်တဲ့ ဘောင်ကို သေချာနေရာချပြီး စိတ်ကူးထားဖို့ လိုတာပေါ။ Subject က လိုချင်တဲ့ composition ရောက်ရင် ခလုပ်နှိပ်လိုက်ရုံပဲပေါ့။ ဒါပေမယ် တစ်နေကုန်စောင့်လို့ လိုချင်တဲ့ ပုံစံမျိုး မရနိုင်တာလည်း ရှိနိုင်ပါတယ်။ ဇိမ်ခံတတ်တဲ့ ဓါတ်ပုံဆရာတွေအတွက်တော့ အိမ်က မိန်းမ ပြန်မခေါ်နိုင်အောင် ဖုန်းလေးပါ အသံပိတ်ထားပါလို့ အကြံမပေးရဲပါဘူးဗျာ။


ကားထဲက ရိုက်ပါ

ကားဘေးမှန်ကို အနည်းငယ် အောက်ချပြီး ကားထဲက ရိုက်တာလည်း လက်တွေ့ကျတဲ့ နည်းတစ်ခုပါ။ လေကကိုယ့်ရဲ့ ကျောဘက်က တိုက်နေဖို့ (မှန်ချတဲ့ဘက်ရဲ့ ဆန့်ကျင်ဖက် အရပ်ကနေ တိုက်နေဖို့) တော့ လိုပါတယ်။


ထီးတစ်ချောင်း ဝယ်ပါ

ဓါတ်ပုံဆရာတွေရဲ့ ဘေးအိတ်ထဲမှာ ခေါက်ထီးလေးတွေ ထိုးထည့်ထားတာ မြင်ဖူးမှာပါ။ မရှိသေးဘူး ဆိုရင်တော့ တစ်ချောင်းသာ ပြေးဝယ်လိုက်ပါ။ ဘယ်ဘက်လက်က ထီးကို ကိုင်ထားရင်းနဲ့ ကင်မရာကို ပါ ဆုပ်ကိုင်ထားနိုင်ပါတယ်။ နည်းနည်းကိုင်ရခက်ပေမယ့် ကင်မရာ အပေါ်တည့်တည့်မှာ ထီးရောက်နေဖို့ လိုတယ် မဟုတ်လား။ မုန်တိုင်းလိုမျိုး မိုးကြိုး မုန်တိုင်းလိုမျိုးမှာတော့ ထီးက အသုံးမဝင်ပါဘူး။ လေထန်နေတဲ့နေရာမှာ ထီးကို ထိန်းဖို့ ကြိုးစားနေတာနဲ့ပဲ ဘာမှ ရိုက်နိုင်မှာ မဟုတ်သလို မိုးကြိုးကိုလည်း ထီးရဲ့ ထိပ်က သံချောင်းက ဆွဲဆောင်နိုင်တယ် လို့ဆိုပါတယ်။ အဲ … ဘေးကလူတော့ ပုံကောင်း ရသွားနိုင်ပါတယ်။


ထီးကို ထည့်ရိုက်ကြည့်ပါ

ဆောင်းထားတဲ့ ထီးက မိုးလုံစေရုံတင် မဟုတ်ပါဘူး။ ဖွဲ့စည်းပုံကောင်းတဲ့ ပုံတစ်ပုံရဖို့ ဘောင်အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ Wide angle lens နဲ့ရိုက်နေတုန်း ထီးကို ရှေ့ကို နည်းနည်း ငိုက်လိုက်ပါ။ မိုးရွာထဲမှာ ထီးကို မြင်ရတာ ဖော်ပြချင်တာကို ပြည့်စုံစေတယ် မဟုတ်လား။ ဒါတင်မဟုတ်ပါဘူး၊ မိုးမရွာခင် ဒါမှမဟုတ် ရွာကာစမှာ ကောင်းကင်က တိမ်တွေကဖြူပြီး အောက်က လူတွေ အဆောက်အအုံက မည်းနေတတ်ပါတယ်။ ထီးကို ရှေ့ငိုက်ခြင်းအားဖြင့် တိမ်တွေဆီက ရောက်တဲ့အလင်းကို နည်းစေလို့ ပုံကို ပိုလှစေပါတယ်။ (ထီးဘယ်အရောင် ပိုလိုက်သလဲ မရွေးနိုင်ဘူးလား၊ ထီးရောင်စုံသာ ယူသွားလိုက်ပါ။)


အလင်းပြန် မျက်နှာတွေကို ရှာဖွေပါ

သဲသဲမဲမဲ ရွာနေတဲ့ မိုးအောက်မှာ ရိုက်နေတာ မဟုတ်ဘူးဆိုရင် မိုးစက်ကလေးတွေကို အသေအချာ မြင်ဖို့မလွယ်ပါဘူး။ ဒါဆို မိုးရွာနေမှန်း ပြနိုင်ဖို့ သက်သေ တွေ ရှာရပါမယ်။ မိုးစက်ကလေး စိုစွတ်လို့ တဖိတ်ဖိတ်လက်နေတဲ့ ရောင်ပြန်မျက်နှာပြင်လေးတွေက ဥပမာပေါ့။ အောက်ကပုံမှာ ဓါတ်ပုံဆရာ Jim Richardson က ဗင်းနစ်မြို့မှာ ရိုက်ခဲ့တာ နမူနာ ကြည့်ပါ။
 



နောက်ခံလင်းပါစေ

နောက်ခံ အလင်းရောင်ရှိတဲ့အခါ မိုးစက်တွေက ပိုမြင်သာပါတယ်။ မိုးစက်တွေကို ဖြတ်သန်းလာတဲ့ အလင်းက ပိုတောက်ပပြီး စုစည်းနေလို့ ထင်ရှားစေပါတယ်။ ဒါကြောင့် အလင်းပေးနိုင်တဲ့ နေရာတွေကို ဦးတည်ပြီး ရိုက်ပါ။ ညဘက်ဆို လမ်းမီးတိုင် နေ့ခင်းဘက်ဆို တိမ်တွေကြားက ထွက်ပေါ်လာတဲ့နေကို ဦးတည် ရိုက်ပါ။ အလင်းနဲ့ တိုက်ရိုက်ကျလေ မိုးစက်တွေ ပိုထင်ရှားလေ ဖြစ်သလို အလင်းရောင် အရမ်းများသွားတာလည်း ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ အလင်းထွက်ပေါ်ရာ နေရာနဲ့ အသင့်တော်ဆုံး ဖြစ်မယ့် ဒေါင့်တစ်ခုကို ရှာဖွေဖို့ လိုပါလိမ့်မယ်။ သင့်ရဲ့ ထီးကလည်း အလင်း မှန်ဘီလူးပေါ် တိုက်ရိုက်မကျအောင် အကာ အနေနဲ့ အသုံးတော်ခံပါလိမ့်မယ်။


Flash ဖွင့်ကြည့်ပါ။

မယုံမရှိပါနဲ့။ ဖလက်ရှ်က မိုးစက်တွေကို ပိုထင်ရှားစေနိုင်ပါတယ်။ အလင်းများသွားတာ ဖြစ်နိုင်တာမို့ -3 EV လောက်အထိ လျှော့ရိုက်ကြည့်ပါ။ ဒါကတော့ အလေ့အကျင့်နဲ့ လက်တွေ့လုပ်ဆောင်မှု များများ ရှိဖို့လိုပါတယ်။ အဆင်မပြေတာ ဖြစ်နိုင်ပေမယ့် ရလာတဲ့အခါ ဆန်းကြယ်တဲ့ ပုံရိပ်ကြောင့် ထိုက်တန်တယ်လို့ ခံစားရမှာပါ။ (နှင်းပွင့်တွေနဲ့လည်း စမ်းကြည့်သင့်တဲ့ နည်းစနစ် တစ်ခုပါ။)


ခံစားမှုကို အမိဖမ်းပါ

မိုးစက်တွေက လူတွေကို ခံစားချက် ဖြစ်ပေါ်စေပါတယ်။ မိုးရွာလို့ စိတ်ရှုပ်ရတဲ့ ဈေးသည်တွေ၊ စိတ်ပူပန်တဲ့ လမ်းသွားလမ်းလာတွေ မိုးရေ စိုစွတ်နေတဲ့ ခရီးသွားတွေ ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ကလေးတွေ ဒါတွေက မိုးစက်တွေနဲ့ အတူ ပေါ်ထွက်လာမှာပါ။ ခံစားမှုတွေကို အမိဖမ်းနိုင်တာနဲ့အမျှ အလွန်လှပတဲ့ မိုးရာသီပုံလေးတွေ ရရှိနိုင်မှာပါ။

ဝန်ခံချက် .. ယခုဆောင်းပါးသည် Nationalgeographic.com မှ ဓါတ်ပုံဆရာ Jim Richardson ၏ Taking Photos in the Rain ကို မှီငြမ်းကိုးကားထားခြင်း ဖြစ်ပါသည်။ ဆောင်းပါးပါ အချက်အလက်များကို စမ်းသပ်ခြင်းကြောင့် ကင်မရာနှင့် မှန်ဘီလူးများ ထိခိုက်ခြင်းသည် ဆောင်းပါးရေးသူနှင့် မသက်ဆိုင်ပါကြောင်း ...
Link - http://photography.nationalgeographic.com/photography/photo-tips/taking-photos-in-rain-richardson/



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...