Saturday, July 18, 2015

မည်သူ့ကိုမျှ မရည်ရွယ်ပါ


ကျွန်တော် စာရေးတာ ၀ါသနာကြောင့်ဗျ။ စာတွေကို ပိုက်ဆံရလည်း ရေးတယ်။ ပိုက်ဆံမရလည်းရေးတယ်။ ကျမ်းတစ်စောင်လောက်ပြုစုချင်လို့ဆိုပြီး လာအကူအညီတောင်းလည်း အစွမ်းကုန် ကူညီပေးလိုက်တာပဲ။ ဒါလေးကို မြန်မာလိုပြန်ပေးစမ်းပါဦးဆိုလည်း တတ်သလောက်မှတ်သလောက် လုပ်ပေးလိုက်တာပဲ။ အဲဒီ အတွက် ကျွန်တော် ဘာအကျိုးအမြတ် မျှော်လင့်ချက်နဲ့မှ လုပ်နေတာမဟုတ်ပါဘူး။
အားရင် စာအုပ်အတွက် စာရေးတယ်။ ပျင်းရင် Facebook ပေါ်တက်ပြီး လျှောက်ရေးတယ်။ ကျွန်တော့် အလုပ်က မိုးလင်း မိုးချုပ် အိပ်မှပဲ စာနဲ့ ကွန်ပျူတာနဲ့ မျက်နှာနဲ့ ခွာတာဆိုတော့ ကျွန်တော်ဘာလုပ်သလဲဆိုရင် အဲဒါ ကျွန်တော့် အလုပ်ပဲလို့ပြောရမှာ။
ကျွန်တော် ခေတ်ကို၊ စနစ်ကိုသရော်ချင်ရင် လှောင်ချင်ရင် ဗြောင်ရေးတယ်။ ကျွန်တော်တိုက်တာ စနစ်နဲ့ ခေတ်ပဲ။ ကျွန်တော် လူရဲ့ (personal) ကို ဘယ်တော့မှ မတိုက်ခိုက်ဘူး။ ခေတ်၊ စနစ်၊ မူတွေကိုပြောတယ်။ ကိုယ်ပြောလို့ရတဲ့ ဘောင်အတွင်းက ရအောင်ပြောတယ်။
တစ်လောက ငတာနဲ့ ဥက္ကဋ္ဌအကြောင်းရေးလိုက်ရင်းက KTV အကြောင်းရောက်သွားတယ်။ အဲဒါ ဘယ်သူ့ ဆီကမှ ရတဲ့သတင်းမဟုတ်ဘူး။ သူများရေးခိုင်းလို့ ရေးတာလည်း မဟုတ်ဘူး။ ကျွန်တော့်စာတွေကို ဖတ်နေတဲ့ FB ပေါ်က friend တွေအားလုံး သိမှာပါ။ ကျွန်တော် သူများ ခြောက်တိုင်းလည်း ကြောက်တဲ့ကောင် မဟုတ် ဘူး။ သူများ မြှောက်တိုင်း လည်း မြောက်နေတဲ့ကောင်မဟုတ်ဘူး။ ကျွန်တော် စာရေးတယ်။ ဘယ် သူနဲ့မှ မရင်း နှီးဘူး။ ရင်းနှီးအောင်လည်း မနေဘူး။ ဘယ်အသိုင်းအ၀ိုင်းတွေကြားထဲမှ ၀င်ဆန့်အောင်လည်း မနေဘူး။ ကိုယ်ဖတ်ချင်ရာဖတ်၊ ရေးချင်ရာရေးတယ်။ ရေးချင်တဲ့နေရမှာရေးတယ်။ ကျွန်တော်က ရွာပြင်ကကောင်ပဲဟာ။
ကျွန်တော့်မှာ ငတာ့ဇာတ်လမ်းတွေ အများကြီး။ စာအုပ်တစ်အုပ်ဖြစ်အောင် ထုတ်မယ်ဆိုပြီးရေး ထားတာတွေ။ ငတာ့အကြောင်းတွေကလည်း များသောအားဖြင့် န၀တခေတ်/ နအဖခေတ်တွေမှာ အခြေခံထားတာများတယ်။ ဒီဘက်ခေတ်မရောက်ဘူး။ အဲဒီအချိန်က ကြုံတွေ့ခဲ့ရတာတွေကို အခြေခံပြီးရေးထားတာတွေ။
ခုတစ်လော KTV ကိစ္စတွေ အရမ်းလူပြောများလာတယ်။ ကျွန်တော် အဲဒီပုဂ္ဂိုလ်တွေကို မသိဘူး။ စိတ်လည်း မ၀င်စားဘူး။ ကျွန်တော့်ဘာသာ ဟာသလို (Satire) အနေနဲ့ ရေးလိုက်တာ။ အဲဒါ တိုက်ဆိုင်သွားတယ်ဆိုရင် မတတ်နိုင်ဘူး။ သူတစ်ပါးစိတ်ဆင်းရဲရမယ့် ကိစ္စကို ကျွန်တော် ဘယ်တော့မှ မလုပ်ဘူး။ ကျွန်တော့်စာကြောင့် ထိခိုက်တာမျိုးကိုလည်း ကျွန်တော်မလိုလားဘူး။
မနေ့က ဘိုင်ဆပ်နဲ့ ဦးပိန်အကြောင်းရေးဖို့ ကြံတယ်။ ဘိုင်ဆပ် အကြောင်းရေးလိုက်ရင် ပြဿနာတွေ အများကြီး။ ဘာသာရေးတွေ လူမျိုးရေးတွေ အများကြီး ထိခိုက်လာနိုင်တယ်။ ကျွန်တော် အဲဒီလို အမြင် ကျဉ်းမြောင်းတဲ့ တစ်ဘက်လတ်သမားမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် ဆက်မရေးတာ။
KTV ကိစ္စ တိုက်ဆိုင်မှုပါ။ ရိုးသားစွာတိုက်ဆိုင်မှုပါ။ ကျွန်တော့်မှာ သတင်းသမားနဲ့ အစိုးရ ဘယ်ဘက်က နေမလဲ ဆိုရင် ကျွန်တော် သတင်းသမားဘက်ကနေမှာပေါ့။ ဘာကြောင့်လဲဆိုတော့ သတင်းသမားတွေ ဆိုတာလည်း ကျွန်တော့်လို ကိုယ်မှန်တယ်ထင်တာ ကိုယ်လုပ်နေကြတာပဲ။ အစိုးရကတော့ မှန်တာတွေချည်း လုပ်နေတဲ့ သူတွေလို့ ကျွန်တော် ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။
၁၈.၇.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...