Sunday, July 12, 2015

“ခွေးကလေးလို ကြိုးနဲ့ဆွဲကာ ခေါ်သွားမလား”

 
           ကျောင်းပြီးကတည်းက ကွဲကွာသွားတဲ့ သူငယ်ချင်းတစ်ယောက်က မြန်မာပြည် ပြန်ရောက်လာပြီး သူငယ်ချင်းများနဲ့ တွေ့ချင်ဆုံချင်တယ်ဆိုလို့ ကိုယ်တို့လည်း မဖြစ်ဖြစ်တဲ့နည်းနဲ့
ဇော်ပိုင်၊ ချောစုခင် ပြေးလုပ်ရပါတယ်။ ပြောမယ့်သာ ပြောရတာ အဲ့ဒီစကားမျိုးတွေ သူနားလည်မှာလည်း မဟုတ်၊ တပြည်တရွာရောက်သွားတာ အဲသည်အဆိုတော် အဲသည်သီချင်းတွေ မပေါ်ခင်ကတည်းကဆိုတော့ သိချင်ယောင်ဆောင်ပြီး ရယ်သာပြနေမယ်။ ဆုံချင်ပြီ လို့ တည့်တည့်မပြောရင် သဘောမပေါက်နိုင်တော့ဘူး။ သူ့သားလေးကို မြန်မာစကား တစ်ခွန်းစနှစ်ခွန်းစ သင်ပေးတဲ့အခါ “ကျွန်တော့်အမေက မြန်မာလေ။” အထိပဲ သင်ပေးလို့ရတယ်။ “မြန်မာဆိုတော့ မြန်မာလက်ဘက်ရည်သောက်တာပေါ့။” လို့ ဆက်ပြောလို့ မရယ်တတ်သေးဘူး။ “အဲ့ဒါ ငါတို့ဆီက ခဏခဏလာတဲ့ ကြော်ငြာလေ” လို့ ပြောမှ တဟားဟား ဖြစ်တာတဲ့။ သနားပါတယ်။ သူ့ခမျာ သည်ကစကားတွေ နားမယဉ်တော့ရုံတင် မကဘူး။ အူတွေလည်းရိုင်းကုန်ပြီ။ ဘာစားစား သွားလို့ကို မဆုံးတော့ဘူး။
ပြန်လာရင် ဘယ်သွားမယ် ဘာစားမယ် စာရင်းစာရွက်ကြီးနဲ့ လာပေမယ့် သည်ရောက်တော့မှ သူ့အချိန်တွေကို အကြာဆုံးယူထားတဲ့နေရာတွေဟာ ကားလမ်းပေါ်မှာ ကမုတ်ပေါ်မှာ ဖြစ်နေလေရဲ့။ လောလောဆယ် ကိုယ်တို့ဆီမှာတော့ “Happiness is when you get into the toilet for emergency offloading in the middle of rush hour trafic.” လို့ ပြောရင် မှန်နေတယ်။ မြန်မာပြည်မှာ ပျော်စရာတွေက ပေါပါဘိသနဲ့။


          မမြင်တာမဆုံတာ အနှစ်နှစ်ဆယ်ကျော် ကြာသွားခဲ့ပြီမို့ လူချင်းတွေ့ရင် အသိချင်ဆုံးမေးခွန်းဟာ “အခု ဘယ်မှာရောက်နေသလဲ။ ဘာတွေလုပ်နေသလဲ။ ဘာကြီးဖြစ်နေပြီလဲ” ပေါ့။ ဒီအသက်ဒီအရွယ်မှာ တစ်ခုခုတော့ ဖြစ်နေတဲ့သူတွေချည့် မဟုတ်လား။ ဘာမှ မဖြစ်ရင်တောင် ရောဂါတော့ ဖြစ်ကြတာပ။ “နင် စာရေးတာ အရမ်းကောင်းမှန်းတော့ သိပါတယ်။ ဖတ်ချင်ပေမယ့် လေးထောင့်အတုံးလေးတွေပဲ မြင်ရတယ်။” တဲ့။ သူ့ဆီမှာ မြန်မာဖွန့် မရှိဘူး။ သည်ရောက်တော့ ထည့်သွားမယ် လုပ်တဲ့အခါ သူတို့ဆီက ဖုန်းထဲကို သည်က ဆင်းမ်ကဒ်ထည့်မရ။ သည်ကဆင်းမ်ကဒ် ဝယ်သွားရင်လည်း ဟိုပြန်ရောက်ရင် သုံးမရဖြစ်မှာမို့ ဘာလုပ်ရမှန်း မသိတာလေ။ မြန်မာပြည်ကလူတွေ တစ်ယောက်ကို ဖုန်းနှစ်လုံး သုံးလုံးနဲ့ ဟိုတစ်လုံးနဲ့ကိုင် သည်တစ်လုံးနဲ့ပြော လုပ်နေတာ သူက အံတွေကိုသြလို့။ အဲ့လိုမှ မလုပ်ရင် မရဘူးလေ။ ဘာနဲ့ခေါ်ခေါ် ကြားချင်မှ ကြားတာ။ ကိုယ်ကြားလည်း သူမကြားဘူး။ တစ်ခုနဲ့မရ နောက်တစ်ခုနဲ့ ပြောင်းခေါ်ဖို့ ဖုန်းထုပ်ကြီး လူနဲ့မကွာ သယ်နေရတာ လို့ ရှင်းပြရတယ်။ ဖုန်းတွေတင်မကဘူး။ ပိုက်ဆံဆိုလည်း အထုပ်လိုက် အုပ်လိုက်ကြီးတွေ သယ်နေရတာမို့လို့ ဒီလာရင် လက်ပွေ့အိတ်ကြီးကြီးတစ်လုံးတော့ ကိုယ်နဲ့မကွာ ပါမှ။ ဖုန်းတွေ အားကုန်သွားရင် အရေးပေါ်သုံးဖို့ Power Bank က ပါရသေးတာ။ တို့ဆီမှာ Accessories တွေလည်း Necessary ဖြစ်နေတုန်းပဲကိုး။
   
          ကျောင်းမှာတုန်းက ကိုယ်ဝန်ကြီးတစ်ဘက်နဲ့ ကျောင်းပြီးအောင် တက်ခဲ့သူမို့ “အခု သမီးလေး ဘယ်အရွယ်ရောက်နေပတုန်း” မေးတဲ့အခါ “ဟိုမှာ ဆေးကျောင်းတောင် တက်နေပြီ” တဲ့။ သူ့သားအငယ်ကလေးတော့ ဟိုတခါ ဖေ့စ်ဘုတ်ပေါ် တွေ့လိုက်မိပါတယ်။ တော်တော်ချောတဲ့ ကလေးလေး။ “အမေလောက်တော့ ဘယ်ချောမလဲ ဟယ်။” လို့ သူ့ဘာသာ ကြော်ငြာဝင်ရင်း သူ့သားအငယ်ဆုံးလေးနဲ့ မိတ်ဆက်ပေးဖို့ ဖုန်းထဲမှာ ဓါတ်ပုံရှာပါတယ်။ “ငါ့မှာ ခြေလေးချောင်း သားလေးတစ်ယောက်ရှိသေးတယ်” တဲ့။ ဘုရားဘုရား။ ဒီမိန်းမ စပိုင်ဒါမန်းနဲ့ရနေလို့ ခြေလေးချောင်း လက်လေးချောင်း သားငယ်လေးတစ်ယောက် မွေးထားတာလား မသိဘူး။ သူတို့ ဥရောပဆိုတာ ထူးဆန်းပါဘိသနဲ့။ ဓါတ်ပုံထဲမှာတော့ ချောလိုက်တာ။ နက်မှောင်ပြောင်လက်နေတာပဲ။ အမျိုးအစားတော့ ကိုယ်လည်း မခေါ်တတ်ဘူး။ တန်ဖိုးကြီးတဲ့အစားမှန်းတော့ သိတယ်။ အားကြီးချစ်ဖို့ကောင်းတာပဲ။ အရမ်းလိမ်မာသတဲ့။ သူတို့သွားလေရာ ပါတယ်ဆိုပဲ။ အခုဆို Continent ထဲမှာ သူမရောက်ဖူးသေးတာ အာဖရိကပဲ ရှိတော့တယ် လို့ ဆိုတယ်။ အားကျလိုက်တာကွယ်။ “ဒါနဲ့ နေစမ်းပါဦး။ သူ့အတွက်ကော နင်တို့ ပတ်စ်ပို့တွေ ဗီဇာတွေလျှောက်ရသေးလား” လို့ စပ်စုတော့ “ရှိတယ်လေ။ သူ့မှာ ပတ်စ်ပို့။ Family tree ရော၊ Immunization History ရော။ နေမကောင်းရင် ဆေးကုထားတဲ့ ကျန်းမာရေး မှတ်တမ်းပါ အကုန်ပါတယ်။” တဲ့။

         သူတို့လိုမျိုး ခြေလေးချောင်း သားတော်မောင် အပါခေါ်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ လေဆိပ်က ခွေးဝင်မှုကြီးကြပ်ရေးတွေက ကိုယ်တို့လဝကတွေထက် စည်းကမ်းတင်းကြပ်သတဲ့။ မလာခင်ကတည်းက ကျန်းမာရေးစစ်ဆေးထားရပြီး လေဆိပ်အဝင်မှာ နှစ်ပတ်လောက် Quarantine လုပ်ဖို့ အပ်ထားရတဲ့နိုင်ငံတွေလည်း ရှိသတဲ့။ အောင်မလေး။ ခွေးထားတဲ့စားရိတ်ဆိုတာ လူတည်းတဲ့ ဟော်တယ်စားရိတ်လောက်ကို ကြီးသတဲ့ကွယ်။ နှစ်ပတ်နေလို့ ဘာရောဂါမှ မပြတော့မှ မိဘလက်ထံ ပြန်အပ်နှံလို့ သူတို့တိုင်းပြည်ထဲ ဝင်ခွင့်ပေးလေတယ် ဆိုပဲ။ သိပ်တင်းကြပ်တဲ့ နိုင်ငံတွေဆို ခြောက်လတောင် အပ်ရတာမို့ သူတို့တော့ အဲ့လိုနိုင်ငံမျိုး မသွားဘူးတဲ့။ မခွဲနိုင်ရှာပဲကိုး။ ကိုယ်ကသာ ထူးဆန်းနေတာပါလေ။ ဒါမျိုးကိစ္စတွေက သူတို့ဆီမှာဆို သမားရိုးကျ ဖြစ်နေပါပြီ။ ဂျက်စပဲရိုးလေးတစ်ယောက် သြဇီမှာ ရုပ်ရင်သွားရိုက်တော့ စင်းလုံးငှားလေယာဉ်နဲ့ လာတာမို့ သူ့သားတော်မောင် ပါလာတာ ဟိုက မသိလိုက်ဘူး။ ကိုယ်တော်ချောက ရှည်ကြောပြီး Spa မှာ ဘော်ဒီရှမ်ပူသွားလုပ်တော့မှ ဟိုက Illegal Immigrant ကြီးပါဆိုပြီး အခုချက်ခြင်း ပြန်ပို့ခိုင်းလို့ ရှုတင်ဖျက်ပြီး ပြန်သွားသတဲ့။ နောက်ဘယ်တော့မှ လာမရိုက်တော့ဘူး ဆိုပါလား။ တော်သေးတာပေါ့။ ငါတို့ဆီ ခေါ်မလာတာ။ နို့မို့ မတော်လို့ သည်က YCDC Beef နဲ့ ညားသွားရင် သင်္ဘောကြီးနဲ့ လာစစ်တိုက်နေဦးမယ်။

          သူတို့ဆီမှာတော့ ခွေးကို အဲသလို လက်စတုံး လုပ်ဖို့မပြောနဲ့ ညှင်းပန်းနှိပ်စက်နေပါတယ်လို့ အိမ်နီးချင်းက ဖုန်းဆက်တိုင်လိုက်ရင်တောင် တရားစွဲခံရသတဲ့။ ခရီးသွားလို့ အိမ်မှာ တစ်ကောင်တည်း ပစ်ထားခဲ့ရင်လည်း ပြုစုကျွေးမွေးမယ့်သူ မကျန်ရကောင်းလားဆို အရေးယူခံရမှာပဲ။ ကိုယ်တို့မြန်မာတွေ ခွေးမွေးပုံမွေးနည်းနဲ့ဆို ခွေးကို အိမ်ပေါ်တင်ပြီး လူတွေ ထောင်ထဲဝင်နေရလိမ့်မယ်။ ခွေးဆိုတာ စားကြွင်းစားကျန် ကျွေးရတဲ့ အစား မဟုတ်ဘူး။ သေရင်တောင် အမွေစားအမွေခံ စာချုပ်စာတမ်းနဲ့ထားခဲ့တာမို့ အိမ်တော်ထိမ်းတွေ၊ ထမင်းချက်တွေ၊ နာနီတွေ၊ မာလီတွေနဲ့ ကိုယ်တော်သခင် ဖြစ်နေတဲ့ ခွေးတွေ အများကြီး။ ဖေ့စ်ဘုတ်ပေါ် နံမည်တပ်ပြီး မဟုတ်တမ်းတရား လျှောက်ရေးလို့ကတော့ နောက်နေ့ သူ့ရှေ့နေဆီက နို့တစ်စာရလိမ့်မယ်သာမှတ်။ (ကိုယ်တို့ဆီက အလဲဗင်းက ဘာဟုတ်သေးလို့တုန်း။ ဟိဟိ) လူ့အခွင့်အရေးဆိုတာ ဘယ်ဆီနေမှန်းမသိတဲ့ တိုင်းပြည်မှာ ခွေးအခွင့်အရေးကြော်ငြာစာတမ်း လာဖတ်ပြသလို ဖြစ်နေပါပြီ။ လောလောဆယ်မှာတော့ ကိုယ်တို့တတွေ သူတို့ဆီက ခွေးတစ်ကောင်လောက် အရေးတယူ ဆက်ဆံခံရလို့ရှိရင် “အာဂဟဲ့ငါ။ လူဖြစ်ကျိုးနပ်ပါပကော” ရယ်လို့ လက်ပန်းပေါက်ခတ်ပလိုက်လို့ ရပါတယ်။

          သူ့ခွေးကလေးကို ပတ်စ်ပို့လုပ်ဖို့ ဘယ်လောက် လွယ်လွယ်ကူကူ ရှိသလဲဆိုတဲ့ကိစ္စကို သူကိုယ်တိုင် မြန်မာပြည်ကထွက်တုန်းက ဆရာဝန်မကြီးတန်မဲ့ ကိုးတန်းအောင် ပတ်စ်ပို့လုပ်ရတဲ့အဖြစ်ကို ပြန်မှတ်မိရင် သဘောပေါက်သွားပါလိမ့်မယ်။ ကိုယ်တို့လို လုပ်သက် အနှစ် ၂၀ ကျော် ဝန်ထမ်းဆရာဝန်ကြီးတွေဆို လေဆိပ်က ပြန်ဝင်လာတာနဲ့ စာအုပ်ကောက်သိမ်းပလိုက်တာ။ လက်ထဲမှာ ကိုင်ဆောင်ထားခွင့် မရှိဘူး။ လျှောက်ချင်ရင် ဝန်ကြီးအဆင့်နဲ့တောင် မဟုတ်ဘူး။ ဝန်ကြီးတွေ အစုံအညီထိုင်တဲ့ ကက်ဘိနက်ထိအောင် တင်ရတယ်။ ပြန်မလာရင် လျော်ပါ့မယ်ဆိုတဲ့ အာမခံပေးမယ့်သူ ငါးယောက်လောက် လိုတယ်။ ဟိုတုန်းကဆို ဘဏ်မှာ ပိုက်ဆံသိန်းငါးဆယ် အရင်သွားသွင်းထားရတယ်။ ပြန်မလာ အဲသည်ငွေ အဆုံး။ ကိုယ့်တုန်းကတော့ အိမ်ကကား အရောင်းအဝယ်စာချုပ်နဲ့ အုံနာဘုတ်ကြီးကို သူတို့လက်ထဲ သွားအပ်ထားရတယ်။ ပြန်လာလို့ စာအုပ်ထဲမှာ သူတို့ဆီ အစီရင်ခံထားပြီး နိုင်ငံတွေမဟုတ်တဲ့ တုံးတွေ ထုထားတာတွေ့လို့ကတော့ ထောက်လှမ်းရေးလက် အပ်တော့မလားပဲ။ ဝန်ထမ်းဆိုတာ ကိုယ့်သဘောနဲ့ကိုယ် ဘယ်ကိုမှ သွားခွင့်မရှိဘူးတဲ့။ လူကြီးတစ်ယောက်ရဲ့ ရုံးခန်းထဲမှာ တစ်နာရီနီးပါး ဆဲဆိုကြိမ်းမောင်းနေတာကို ငုတ်တုတ်ထိုင်စောင့်ခဲ့ရဖူးတယ်။ ဆရာဝန်မတစ်ယောက်က ဆရာတော်ကြီးတစ်ပါးရဲ့ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ထဲမှာ ဆေးလိုက်ကုပေးတဲ့အတွက် နှစ်ပြားမတန်အောင် အပြောခံနေရတာ။ “ခင်ဗျားပညာ ခင်ဗျားဘွဲ့နဲ့ ကုတယ်ဆိုပေမယ့် ခင်ဗျားကို ဝန်ကြီးဌာနက ပိုင်တယ်။ ဝန်ကြီးဌာနက ခွင့်ပြုချက်မရပဲ ဘယ်ကိုမှ ထွက်မကုရဘူး” တဲ့။ နားနဲ့ဆတ်ဆတ် ကြားရလို့တောင် မယုံနိုင်စရာ စကားတွေပါပဲ။ ဟိုအဖွဲ့ကြီး မဲဆွယ်တုန်းကကျတော့ သူတို့ပဲ မလိုက်မနေရ အတင်းထည့်ပြီး။ ကိုယ်တို့ကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့ အုပ်ချုပ်နေတာမှ မဟုတ်ပဲ။ သြဇာအာဏာသက်သက်နဲ့ အုပ်ချုပ်နေတာ။ မလုပ်ချင်ထွက်သွား။ ငကန်းသေ ငစွေလာလိမ့်မယ်ဆိုတဲ့ အပြောမျိုးနဲ့ အုပ်ချုပ်နေတာ ကိုယ်တို့လစာဘယ်လောက်များ ကောင်းနေလို့လဲလို့ သိရင် အရမ်းအံ့သြသွားမယ်။ အလုပ်ထဲမှာ ဆရာဝန်ဆိုတာ ခွေးလောက်တောင် တလေးတစား ဆက်ဆံကြတာ မဟုတ်။

            ဒါကတော့ ညံ့တဲ့သူတွေ အစိုးရအလုပ် ဝင်လျှောက်တာပဲ။ ထားရာနေ စေရာသွား ပြောသမျှခံပေါ့။ ဒါပေမယ့်လည်း အလုပ်ဝင်ဝင် မဝင်ဝင် MBBS ဘွဲ့ကြီး ယူထားမိရင်တော့ ပတ်စ်ပို့လျှောက်ဖို့ရာ ပညာရေးကင်းရှင်းကြောင်း လက်မှတ်ကြီး ထုတ်မပေးတော့ပါဘူး။ အဲ့ဒါကြောင့်မို့လို့ နိုင်ငံခြားရောက်ဆရာဝန်တွေ အားလုံး ကိုးတန်းအောင် နဲ့ ထွက်ကြရတာ။ အလုပ်ထဲကနေ အကြောင်းအမျိုးမျိုးနဲ့ ထွက်စာတင်ပြီး နိုင်ငံခြားထွက်မယ်ပြင်ရင်လည်း ကောင်းဘွိုင်ကားထဲက Wanted ကြော်ငြာလို လေဆိပ်မှာ Black list ထည့်ထားတဲ့အတွက် “အခုချက်ခြင်း ထောင်ထဲရောက်သွားချင်သလား” လို့ နင်ပဲငဆ အပြောခံရပြီး အမြီးလေးကုပ်လို့ ပြန်လာကြရပါတယ်။ ဘူတန်မှာ အလုပ်လုပ်ပြီး တစ်နှစ်ပြည့်လို့ ခွင့်နဲ့အပြန်မှာ မိသားစု အလည်ခေါ်သွားချင်လို့ ခွင့်ယူထားတဲ့ တစ်လလုံးလုံး အိမ်ကသားအမိ ပတ်စ်ပို့စာအုပ်လုပ်ရင်း အချိန်ကုန်ထားရတာ။ လေကြောင်းကောင်တာမှာ ချက်ကင်ဝင်ပြီး လဝကက ဆရာကြီးများနဲ့တွေ့တော့မှ မိုးကြိုးပစ်တော့တာပါပဲ။ ကိုယ်တို့ဝန်ကြီးဌာနရဲ့ အမိန့်စာဟာ တစ်ခါသာလျှင် အဝင်အထွက် ပြုလို့ရပါမယ်တဲ့။ နောက်တစ်ခါ ထွက်ချင်ရင် နောက်ထပ် အမိန့်စာတစ်စောင် ထပ်ပေးရမတဲ့။ ဘယ်တုန်းက ပြောင်းသွားတဲ့ စည်းကမ်းလဲ မသိပေါင်ကွယ်။ ကိုယ့်ရှေ့ တစ်ပတ်က ပြန်သွားတဲ့သူတောင် အဲသည်စာရွက်နဲ့ပဲ ပြန်သွားတာ ဘူတန်တောင် ရောက်ပေါ့။ လေယာဉ်က ထွက်တော့မယ်။ သူတောင်းတဲ့စာရွက်က ဘယ်က ပြန်ယူရမတုန်း။ အိမ်ကို ဖုန်းဆက်ပြီး နေပြည်တော်ကို အရေးတကြီး ဖုန်းခေါ် အကူအညီတောင်းတဲ့အခါ ကိုယ့်ဌာနက လူကြီးပီပီ အကူအညီပေးပါတယ်။ “စာရွက်လိုချင် လာယူလေ။ လူကိုယ်တိုင်လာယူ။ လူမပါပဲ ဘယ်သူဘယ်ဝါမှန်းမသိ ထောက်ခံမပေးနိုင်ဘူး။” တဲ့။ ကိုယ့်အရှေ့က ချက်ကင်ဝင်သွားတဲ့ကလေးက ဆရာဝန်ပါပဲ။ သူ ကိုးတန်းအောင် နဲ့ ထွက်တာ။ ဘာပြသနာမှမရှိဘူး။ ကိုယ့်မှာ Official Passport ကြီးနဲ့ကျမှ လေယာဉ်ပေါ် ပေးမတက်တော့ပဲ
အောင်ဖျာလိပ်ပြီး နေပြည်တော် တက်ရတယ်။ “ခင်ဗျားတို့ ဆရာဝန်တွေပဲ စာအုပ်အစိမ်းကြီးတွေနဲ့ ထွက်ထွက်ပြီး ပြန်မလာကြတာ။” လို့ လက်ညှိုးငေါက်ငေါက်ထိုးပြီးလည်း အပြောခံရတယ်။ အဲ့ဒါ ကိုယ်နဲ့ဆိုင်လို့လား။ သူနဲ့ကော ဆိုင်သလား။ ကိုယ်ပေးတဲ့စာရွက်စာတမ်းထဲမှာ လိမ်ညာတုပထားတာ ဘာတစ်ခုမှ မပါဘူး။ ဂျက်စပဲရိုးလို “နေပစေလေ။ အာ့ဆို မပြန်တော့ဘူး။ ဟိုဆေးရုံကို အချိန်မီ ပြန်မရောက်လို့ရှိရင် ခညားတို့ဘာသာ ဝန်ကြီးဌာနချင်း ရှင်းကြ။” လို့ ပြန်ရစ်လိုက်ရမှာ။ အခုတော့ ပြောင်းပြန်။ ကိုယ်ကချည့် လိုက်ကန်တော့ရတယ်။ ခွေးထက်မိုက်တဲ့ ကိုယ့်ဘဝပါကွယ်။

          သူတို့ဆီမှာ ခွေးကလေး ကြောင်ကလေးတွေကိုတောင် သူများမနှိပ်စက်အောင် ဥပဒေနဲ့ အကာအကွယ်ပေးထားပေမယ့် ကိုယ်တို့ဆီမှာတော့ လူတွေကိုတောင် အကာအကွယ်မပေးနိုင်ဘူး။ ကားမောင်းရင်း ခွေးတိုက်မိတာနဲ့ လူတိုက်မိတာနဲ့ဟာ ဆင်းမကြည့်ပဲ မောင်းပြေးကြတာချင်းတော့ အတူတူပဲ။ ကိုယ်ပြောမိတာတောင် နှစ်ခါမကဘူး။ အခု ကိုယ့်ဆေးရုံက အလုပ်သင်ဆရာဝန်ကလေးတစ်ယောက် ICU ထဲ ရောက်နေတယ်။ သူ့တိုက်တဲ့ ဒရိုင်ဘာက ကားတန်းလန်းထားပြီး ဆင်းပြေးတာ။ နေရာ၊ အချိန်၊ ကားနံပတ်အတိအကျနဲ့ တိုင်ချက်ဖွင့်ထားတဲ့ အရင်တစ်ခါရေးတဲ့ ကားတိုက်မှုတောင် တစ်လပြည့်တော့မယ်။ အခုထက်ထိ မမိသေးဘူး။ အခုလေးတင် လှည်းတန်းဂုံးပေါ်က ဆင်းလာသခိုက် ပြိုင်ကားခြောက်စီး ဟွန်းအသားကုန်တီးပြီး အိပ်ဇောသံပေးလို့ မိုင်ကုန်မောင်းလာတာ အသာလုပ်ပါဟဆို လမ်းဘေးချရပ်ပေးလိုက်ရတယ်။ ဘယ်မော်တော်ပီကယ်မှ ခရာမတွတ်ရဲဘူး။ တားလိုက်တာနဲ့ ပါးရိုက်ခံရမယ့်ကားတွေဆိုတာ သူတို့က မြင်ရုံနဲ့ သိပြီးသား။ မဟာရန်ကုန် ည ရှစ်နာရီ သတင်းလာနေတဲ့အချိန်မှာပါဗျား။ မြန်မာပြည်မှာ ပိုက်ဆံနဲ့ အာဏာရှိလို့ရှိရင် ဓါးပြတိုက်မလား။ လူသတ်မလား။ လိုချင်တာတွေအားလုံး တစ်နေရာတည်းမှာ အကုန်ရမယ်။ ကိုယ်မသိတာ ကိုယ်လက်လှမ်းမမီတာတွေ အများကြီး။ Conspiracy Theory တွေဆိုတာ အနတဂ္ဂမ။ လူကြီးအိမ်ဗုံးပေါက်တာတောင် လက်သည်ရှာမရဘူး။ ကြည့်မရတဲ့ကောင် နံမည်တပ်ပလိုက်တာ။ ကိုယ်တို့ မြန်မာပြည်ဇောတိကကြီးတောင် CIA က သူ့လိုက်သတ်နေပါတယ်ဆိုပြီး ထောက်ပြုတ်တွေ သူ့အိမ်ခေါ် ဘော်ဒီဂတ်ခန့်ထားရတယ်။ အသက် ဖက်နဲ့ထုပ်ရတဲ့အထဲ သူတို့တောင် ပါတယ်ဆိုရင် အောက်က ကိုယ်တို့တတွေ လူစာရင်းသွင်းစရာ မရှိတော့ဘူး။

           ဒါနဲ့ နေစမ်းပါဦးကွယ်။ နင့်သားတော်မောင်က မျိုးရိုးက အထက်တန်းစား။ သူ့ကိုရဖို့ နှစ်လသုံးလလောက် လျှောက်လွှာတင်ပြီး စောင့်ခဲ့ရတယ်။ ရွှေပေါ်မြတင် သားရတနာကလေးလိုလည်း စောင့်ရှောက်ရတယ်။ ဒင်းကလေး အရွယ်ရောက်လာရင် ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင် ဖခင်မယ်တို့တာ ကော ဆက်ပြီး တာဝန်ယူထားရသေးသလား။ ဂုဏ်ရည်မတူရင် မပေးစားနိုင်ဘူးဆိုပြီး မျိုးစောင့်ဥပဒေတွေ ဘာတွေညာတွေကော ရှိနေပြီလား လို့ ပူပူပင်ပင် မေးရသေးတယ်။ မတော်တရော် ပေါက်လွှတ်ပဲစားတွေနဲ့ တွေ့ရင် မွေးမေမေ ရင်ကျိုးနေမစိုးလို့ပါ။ သူကတော့ ပုံမှန်ပါပဲ။ “သူ့ကို ကလေးမရအောင် လုပ်ထားလိုက်တယ်လေ။” တဲ့။ “နို့မို့ သူမွေးသမျှ ငါအကုန် လိုက်ကြည့်နေရမှာ။ သူကမွေးတာဆို ပစ်လည်း ထားရက်မှာ မဟုတ်ဘူး” တဲ့။ “သနားပါတယ်ဟယ်။ သူ့မှာ enjoy လုပ်စရာ ဒါလေး သုံးခု ရှိတာ။ တစ်ခုကို ဖြတ်ပစ်လိုက်တော့ ဘယ်လိုလုပ်မတုန်း။” ဆိုတော့။ “အေးလေ။ သနားလို့ လုပ်ပလိုက်ရတာပဲ။ နို့မို့ ဒီကလေးက မရဘူး။ မြင်သမျှ အကုန်တက်ချင်တာ။ အထီးအထီးချင်းလည်း တက်တယ်။ ဂေးများလား မသိဘူးလို့တောင် အောင့်မေ့မိတာ” ဆိုပဲ။ “ဒါကတော့ နင်တို့ ယူရိုပီယန်တောမှာ ဂေးတွေ ဆိတ်တွေဆိုတာ မရှိတော့ပါဘူးကွယ်။ ခုနှစ်ရက်သားသမီးအပေါင်းတို့ အားလုံးနှင့်ဆိုင် သုံးစွဲနိုင် Bi တွေ ဖြစ်ကုန်မှပဲဟာ။ သာယာမှုဆိုတာ မျိုးပွားခြင်းနဲ့ မဖြစ်မနေ ဆက်စပ်ထားစရာ မလိုတော့ပါဘူး။ သူပျော်သလိုနေပါစေ။” လို့ ကိုယ်က လျှောက်လဲချက်ပေးပေမယ့်လည်း “အခု သူ့မှာ အဲသည်စိတ်တွေ မရှိတော့ သူလည်း နေလို့ထိုင်လို့ကောင်း၊ ငါတို့လည်း စိတ်ပူစရာ မရှိတော့ နေလို့ထိုင်လို့ကောင်းတယ်လေ။” လို့ ပြန်ဖြေပါတယ်။

          သူ့ဆီက ပြန်လာတဲ့အခါ ကိုယ့်ဘာသာ ဆက်စဉ်းစားမိတာက သူတို့အနောက်တိုင်းယဉ်ကျေးမှုရဲ့ အချစ်နဲ့ သံယောဇဉ်ဟာ ကိုယ်တို့ အရှေ့တိုင်းကလူတွေနဲ့ တော်တော် မတူတာပဲ လို့ သတိထားမိသွားတာပါ။ ဟိုတစ်ခါ ယိမ်းနွဲ့ပါး ရုပ်ရှင်အကြောင်းရေးတုန်းက ဘိုးဘိုးအယ်လန်ကို သတိရသွားတယ်။ သူ့သားသမီးတွေဟာ သူ့ကို မချစ်လို့ ဘိုးဘွားရိပ်သာ ပို့ထားတာ မဟုတ်ဘူး။ သူတို့လည်း အဆင်ပြေ သက်သာလွယ်ကူ၊ ကိုယ်လည်း အဆင်ပြေ သက်သာလွယ်ကူ၊ နှစ်ဦးနှစ်ဘက် မေတ္တာမပျက် အကျိုးမယုတ်တဲ့ လမ်းကို ရွေးထားတာ လို့ ဆိုတယ် မဟုတ်လား။ သူတို့ဆီမှာ လူနှစ်ဦးနှစ်ယောက် သွေးမတော်သားမစပ် အတူနေတာပဲ ဖြစ်ဖြစ်၊ မိဘ နဲ့ သားသမီး ကြားမှာဖြစ်ဖြစ်၊ အချစ်တော် သတ္တဝါကလေးတွေနဲ့ပဲ ဖြစ်ဖြစ်၊ ကိုယ့်စိတ် ကိုယ့်သဘောအတိုင်း တခြားတစ်ယောက်က လိုက်နေပေးရမယ် လို့ ဘယ်တော့မှ တွေးမထားဘူး။ ကိုယ့်အခွင့်အရေးနဲ့ ကိုယ်နေတယ်။ သူများဘက်ကို ကျူးကျော်လေ့မရှိဘူး။ ဆုံးဖြတ်စရာရှိလာရင် နှစ်ဦးစလုံးအတွက် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာမယ့်လမ်းကို ကျေကျေနပ်နပ် လက်ခံကြတယ်။ သူများအတွက် ကိုယ်က အနစ်နာခံရတယ်။ ကိုယ့်အတွက် သူများက အနစ်နာခံရတယ်ဆိုတာ မရှိဘူး။ ချစ်လို့ကြိုက်လို့ ယူထားတဲ့ အိမ်ထောင်ဘက်တောင်မှပဲ အလုပ်ထဲမှာရော အိမ်မှာရော တစ်နေကုန် တပူးတွဲတွဲ အတူနေရလို့ရှိရင် မကြိုက်ဘူးတဲ့။ Privacy မရှိလို့ လို့ ဆိုတယ်။

           ကိုယ်တို့ဆီမှာက ခွာလို့ကို မရဘူး။ သမီးကလေး ငယ်ငယ်က ကိုယ်အိမ်သာတက်နေရင် တံခါးအပြင်က စောင့်နေတယ်။ သူ့အဖေက ဟိုဘက်ခန်း၊ သူက သည်ဘက်ခန်းဆိုရင်တောင် မနေတတ်ဘူးတဲ့။ (ယုံလောက်အောင် သူပြောပြန်လျှင် ယုံကြည်စွာ စိတ်ကထင်။) အခု သည်အရွယ်ရောက်တော့လည်း ကိုယ်က ကွန်ပြူတာတစ်လုံးနဲ့ စာထိုင်ရိုက်နေလို့ ခါးတညောင်းရှိလာရင် ဘာရယ်မဟုတ်၊ ငါ့သမီးလေး ဘာများလုပ်နေပါလိမ့်ဆို သွားကြည့်မိတာပဲ။ မျက်စိအောက်က အပျောက်မခံဆိုတာမျိုး နေမှာပေါ့။ ဟိုက ကလေးတွေကို ဘယ်သည်လိုလုပ်လို့ရမှာလဲ။ သားသမီး အိမ်အပြန်ကို မိဘက တံခါးစောင့်ဖွင့်ပေးရတယ်ဆိုတာ ထုံးစံ မဟုတ်ဘူး။ သူတို့အပြင်ထွက်တဲ့အချိန်ကိုက ဆယ်နာရီလောက်မှ ထွက်တာ။ ၁၈ နှစ် မပြည့်သေးရင် ညသန်းခေါင်ဆို ဆိုင်တွေက ဆက်မရောင်းလို့ ပြန်ရတယ်။ ၁၈ နှစ် ပြည့်ပြီးသားတွေကတော့ အဲသည်အချိန်ဆို ကလေးတွေနဲ့ ရှုပ်လွန်းလို့ မထွက်သေးဘူး။ သန်းခေါင်ကျော်မှ ထွက်ပြီး အာရုဏ်တက်မှ ပြန်တယ်။ မိဘစိတ်ပူတာ တစ်ခုတည်းနဲ့ သားသမီးအခွင့်အရေးကို ပိတ်ပင်လို့မရဘူးလေ။ သူတို့လည်း သူတို့အရွယ် သူတို့ဘာဝ တက်ချင်ရာနဲ့ တက်၊ ကိုယ့်ဘက်က ပြောခွင့်မရှိဘူး။ အသက်ပြည့်နေရင် လက်လွှတ်လိုက်တော့။ အဲ့ဒါကြောင့် အရွယ်ရောက်ပြီး သားသမီးတွေ မိဘနဲ့ အတူမနေကြတော့တာ မချစ်လို့၊ သံယောဇဉ် မရှိလို့တော့ မဟုတ်ပါဘူး။ ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်မို့ နှစ်ဦးနှစ်ဘက် အချင်းမများရတဲ့လမ်းကို ရွေးထားတာ။ တစ်နှစ်တစ်ခါ အီစတာပွဲတို့ ခရစ်စမတ်ပွဲတို့ကျရင် တပြွတ်ပြွတ် မြည်နေအောင် ချစ်ကြလိမ့်မယ်။ သည်ကြားထဲတော့ ကြိုချိန်းမထားပဲ အိမ်လာမရှာနဲ့။ ကိုယ့်အချိန်ဇယားနဲ့ကိုယ် လည်ပတ်နေရတာ။ အရေးကြီးရင်တော့ သွေးနီးပါတယ်။ မစိမ်းပါဘူး။ နေမကောင်းရင် မတ်စိပို့လိုက်။ ပန်းစည်းကလေး ရောက်လာလိမ့်မယ်။ ဘာလို့ဆိုတော့ သည်မှာလို လူမမာမေးတဲ့ဓလေ့ဟာ လူနာကိုရော ဆရာဝန်ဆရာမကိုပါ အနှောက်အယှက်ဖြစ်စေနိုင်တယ်လေ။ တွေ့ချင်ရင် ဧည့်ချိန်လာ။ တိတ်တိတ်နေ၊ ပြုံးပြ၊ အာဘွားပေး၊ ပြန်။ ဒါလည်း မချစ်လို့တော့ မဟုတ်ပါဘူးတဲ့။

           ပြောချင်တာကတော့ကွယ်။ သူတို့ဆီမှာ တစ်ဦးတစ်ယောက် တစ်ကောင်တစ်ခု အတွက် ယဉ်ကျေးမှုအရရော ဥပဒေအလျောက်ပါ ကာကွယ်စောင့်ရှောက်ပေးထားတဲ့ အခွင့်အရေးဆိုတာ သိပ်ကို ကျယ်ပြန့်လွန်းတယ်။ လိုက်မမီဘူး။ ကိုယ်တို့လူ့အခွင့်အရေးဆိုတာ သူတို့ ခွေးအခွင့်အရေးလောက်မှ အစောင့်ရှောက် မခံရဘူး။ ဒါဆိုလည်း ကုသိုလ်ကောင်းမှုလေး ဘာလေးလုပ်ပြီး အမျှအတမ်းဝေ ခွေးဆုပန်ပါလား လို့ အငေါ်တူးဦးမယ်။ ခွေးက ကိုယ့်ထက်သာတိုင်း ကိုယ်က ခွေးဖြစ်ချင်တာ မဟုတ်ဘူးလေ။ ရွှေပင်ပေါ်က ရွှေကျေးလေးအစားတော့ မန်ကျည်းပင်အောက်က နွားကျောင်းသားလေးပဲ ဖြစ်ပါရစီ။ လုပ်ချင်တာတွေမှန်သမျှ လုပ်ချင်တိုင်းလုပ်ပြီး တလောကလုံး အမုန်းကျိန်စာနဲ့မှ သမ္မတကြီးနေရာ ရမယ်ဆိုရင်လည်း မလိုချင်မိဘူး။ အဖြေရလာဘ်တစ်ခုတည်းကို မကြည့်ပဲ အဆင့်ဆင့် တွက်ရတဲ့ ပေးထားချက်တွေ အလယ်မှာ သူတို့လုပ်သလို ကိုယ်မလုပ်နိုင်တဲ့အတွက် အဲသည်နေရာကို ဆုပန်တာဟာ ကိုယ့်အတွက် ဟိုဆုပန်တာနဲ့ ဘာမှ မခြားဘူး။ ဘဝဆိုတာ အခွင့်အရေးသက်သက်အတွက်နဲ့ အသိဥာဏ်တွေကို လုံးပါးအပါးခံလို့ မဖြစ်ဘူး။ ခွေးတောင်မှ အမျိုးကောင်းရင် မစားတဲ့ချေးကို လူစင်စစ်ကြီးတွေ မြိန်ရေယှက်ရေ စားသုံးနေတာ အော့နှလုံးနာလွန်းလို့။ (တကယ်စားလို့ တကယ်အဝှာဖြစ်မယ်ဆိုရင် ဘယ်နှစ်တုံး ကုန်ကုန်ပေါ့အေ။)

         လူမှာ လူကုသိုလ် ရှိသလိုပဲ။ ခွေးမှာလည်း ခွေးကုသိုလ် ရှိမှာပေါ့လေ။ ကိုယ့်ကုသိုလ်နဲ့ ကိုယ် မဟုတ်လား။ သူလည်း အတိတ်ဘဝက ဘုရားတွေ တည်ချင်တည်ခဲ့ဖူးမယ်။ ထမင်းရည်ချောင်းစီး အလှူကြီးပေးချင် ပေးခဲ့ဖူးမယ်။ သူတပါးအခွင့်အရေးကို မထိခိုက် မပိတ်ပင်တဲ့ ကုသိုလ်မျိုး ရှိခဲ့မှာတော့ သေချာတယ်။ ဒါပေမယ့်လည်း သူ့မှာ ကိုယ်တို့လို စဉ်းစား ဆင်ခြင်တတ်သော ဦးနှောက်တော့ မရှိရှာလေဘူး။ ကြည့်ရတာ သူပြုသော ကုသိုလ်ကံတို့မှာ အသိဥာဏ်ဖြင့် ယှဉ်သောကောင်းမှု ကုသိုလ်တော့ မဟုတ်လို့ ဖြစ်မယ်။ ကိုယ်တို့ဆီမှာလည်း အတ္တ မောဟ မာန ဒိဋ္ဌိ အင်မတန်အားကြီးလှစွာသော တကာတော် ရေမြေ့ရှင် အလှူ့ရှင်ကြီးတွေ ရှိနေတယ်လေ။ သူတပါးရဲ့ အသိဥာဏ်ကို အမိုက်အမှောင်တွေနဲ့ ဖုံးကွယ်လှည့်စားလို့ ကိုယ်လိုချင်တဲ့ ရလာဘ်တစ်ခုထွက်အောင် ဘာသာ သာသနာပါ မချန် ရေဗူးမပေါက်အောင် သယ်နေကြတဲ့သူတွေလည်း ရှိတယ်။ ကုသိုလ်ဟာ ကုသိုလ်ဟာ ကုသိုလ်ကံနဲ့ အကျိုးပေးသလိုပဲ အကုသိုလ်ဟာလည်း အကုသိုလ်ကံနဲ့ အကျိုးပေးဦးမှာ မလွဲပါဘူး။ ကိန်ရာသီ တော်သလင်းကျမှ ဖော်တသင်းဆုံရစ်ကြပေတော့။ အဲသည်အချိန်ကျမှ နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် သားကြောရော မယားကြောပါ အဖြတ်ခံရတော့လည်း ခများတို့ ကုသိုလ်ပေါ့နော။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...