Monday, July 20, 2015

ရွှေ ပီရို


ကုန်းကြမ်း (လောက်ကိုင်) အထကတွင်၂၀၀၉ဇွန်လမှ၂၀၁၁မေလအထိ တာဝန်ထမ်းဆောင်ခဲ့ပါသည် ။ပြေးလွှားပုန်းရှောင်ရသောဖြစ်စဉ်များအသာထား၍ ရွှေ ပီးရို ဖြစ်စဉ်ကလေးပြောပြချင်ပါ၏။
ပင်လယ်ရေမျက်နှာပြင်ထက် ပေ၆၀၀၀ ကျော်မြင့်သော ကုန်းကြမ်းကား မိုးအလွန်ကောင်းပါသည်။ တနှစ်မှာ မိုးတစ်ကြိမ်သာရွာ၍တစ်ခါရွာလျင်၆လကြာ
သည်ဟုပြောစမှတ်ပြုကြလေသော ပင်လောင်းထက်ပင်သာမည်ထင်ပါ၏။
ရဲခန်းဝင်းအတွင်းမှ သခင်ဗသိန်းတင်၏အခိုင်အမာစခန်းအဟောင်းကြီးကား ကိုးကန့်အမျိုးသားတို့နှင့်ကုန်းကြမ်းဒေသ၏ သမိုင်းတစ်စွန်းတစကိုလှစ်ဟငြီးတွားနေသယောင်။
အထက်တန်းကျောင်းအုပ်ဟူ၍ အထင်မကြီးစေချင်။ကျောင်းသားကျောင်းသူ
၆၃ယောက်နှင့် သတ္တ္တမတန်းအမြင့်ဆုံးအတန်းတွင် အင်အား၃ယောက်မျှကိုသာ စီမံအုပ်ချုပ်အလုပ်ရှုပ်ရသူဖြစ်ပါပေ၏။ ရွှေ ပီးရိုမှဘေးချော်မည်စိုး၍လိုသည် ကိုသာပြောပါမည်။



ကျောင်းဝင်းအတွင်း တရုပ်စာသင်ကျောင်းနှင့် အစိုးရကျောင်းနှစ်ကျောင်းရှိပြီး ကိုးကန့်တိုင်းရင်းသားအများစုမှာ တရုပ်ကျောင်းသာတက်ကြ၏။ နှစ်ကျောင်းပေါင်း ကျောင်းသား၂၂၀ ခန့်ရှိပြီးစာသင်ဆောင်သီးခြားစီရှိသော်လည်းအိမ်သာနှင့်သောက်သုံးရေကိုကား ဘုံပိုင်အဖြစ်သုံးကြပါသည်။
ကျောင်းဆောင်နှစ်ဆောင်ကြားတွင်ရေဂါလံ၅၀၀ခန့်ဝင်ဆန့်သောရေလှောင်ကန်တည်ရှိသည်။

 တောင်ကျချောင်းရေကို သွယ်ယူထားခြင်းဖြစ်၍ များသောအားဖြင့်ရေမှာကော်ဖီရောင်ဖြစ်ပါသည်။
ထိုကော်ဖီရောင်ရေမှလွဲ၍ရွေးချယ်ရန်မရှိသည့်ကြား သုံးသူများနှင့်ရေလှောင်
အားကမမျှပြန်သဖြင့် မကြာမကြာရေကပြတ်လပ်သေး၏။ ရှိကမျှရေပုံး ရေပုလင်းများနှင့်မိုးရေကိုအရ စုဆောင်းလျက်ကော်ဖီရောင်သောက်ရေကို အလွတ်ရုန်းနေရသောကျောင်းအုပ်ကြီး ကိုယ်တိုင်လည်း နပ်မမှန်ချင်။
နံနက်ဝေလီဝေလင်းအိပ်ယာထဲကွေးကောင်းချိန်တရုပ်ကျောင်းမှကလေးများ ယိ အေိာ ယိ ယိ အော် ယိ အသံများပြိုင်တူအော်ရင်းကျောင်းဝင်းကို ပတ်ပြေးကြ ကျန်းမာရေးလေ့ကျင့်ခန်းများလုပ်ကြသည်
ချွေထွက်ပြီမောလာလျင်ကျောင်းအုပ်ကြီးအခန်းရောက်လာကြသည်။
အများစုမှာသူငယ်တန်းပထမတန်းအရွယ်များဖြစ်ကြ၏။
" ဆရာကြီး ရွှေ ပီရို " ကိုးကန့်တိုင်းရင်းသားကလေးငယ်လေး
ငါးခြောက်ယောက် ဆရာကြီးကိုပီပီသသနားလည်သော်လည်း နောက်က ရွှေ ပီးရိုကိုမူ
ဘာမှန်းမသိ။ ကိုးကန့်ဘာသာစကားနားလည်သော ဆရာမတစ်ဦးကရှင်း
ပြသည်။ ရွှေ ဆိုတာက ရေ ဆရာကြီး။ ပီးရို ဆိုတာက မရှိတာ။
သူတို့သောက်စရာရေမရှိလို့ဆရာကြီးဆီလာတောင်းသောက်ကြတာဆိုမှ ရှင်းသွားပါ၏။ ဆရာမကကွိကွိကွကွဖြင့်ကလေးများအား လက်ခါပြမောင်းထုတ်နေဟန်တွေ့လိုက်ရသဖြင့်
နေ နေ ဆရာမ ရေရှိပါတယ် ဆရာကြီးတိုက်လိုက်ပါမယ်ပြောရင်းရေသန့်ဘူးခွန်များထဲ စုဆောင်းထားသောရှားပါးမိုးရေလေးများကိုပေးသောက်လိုက်ရပါသည်။ သူတို့အားပါးတရသောက်တာကြည့်၍ရေက ချိုများနေသလားပင်ထင်လိုက်မိပါသည်။
တစ်ဆက်ထည်းလည်း အတွေးပေါက်သွားလိုက်မိသည်။ ကိုးကန့်ဘာသာ
ဖြင့် ရေ ကို ရွှေ ဟုခေါ်သည်။ ရေ ရွှေ ရေ ရွှေ
မှန်ပါသည် ဤအရပ်ဒေသတွင်ကား ရေသည် ရွှေစစ်စစ်ပင်မဟုတ်ပါလား။


ပေါ်ထွန်းမြိုင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...