Wednesday, April 1, 2015

ဒီအသက်အရွယ်ထိ သန်သန်မာမာ ဆိုက္ကားနင်းနေတဲ့အဘ

 
နေ့လည် ၁၂ နာရီဝန်းကျင် ရန်ကုန်မြို့ကောင်းကင်က နေကြဲကြဲတောက်ပူပြင်းနေချိန်
ဒီအချိန်မှကျွန်တော် စိတ်ကူးပေါက်ပြီး ဟင်းချက်စားဖို့ တွေးမိတယ်။
ဒါနဲ့ပဲ ဈေးသွားဖို့ အောက်ဆင်းလာခဲ့တယ်။ နေပြင်းလွန်းလို့ ဘယ်သူမှာပြင်မထွက်ကြဘူး။ ရပ်ကွက်ရဲ့ အတွင်းလမ်းပေါ်မှာ လမ်းလျှောက်သူ ကျွန်တော် တစ်ယောက်တည်း။
လမ်းထိပ်ရောက်တော့ ``သားဘယ်သွားမလို့လဲ´´ ဆိုတဲ့အသံကို ကျွန်တော့ နောက်ကျောဖက်မလှမ်းမကမ်းကနေကြားရလို့ လှည့်ကြည့်မိတဲ့အခါ ပိတောက်ပင်သေးသေးလေးရဲ့အရိပ်အောက်ရပ်ထားတဲ့ ဆိုက္ကားဘေးမှာ အဖိုးအို တစ်ယောက်။
ကျွန်တော်လည်း `` ဈေးသွားမလို့ပါ အဘ´´ လို့ ပြန်ဖြေတော့ ``အဘ လိုက်ပို့ပေးမယ်လေ´´ တဲ့။ သူ့မျက်နှာ ညှိုးရီနေတယ်၊ စူးရှတဲ့ နေရောင်ခြည်ကြောင့် မစိုလဲ့တော့တဲ့မျက်လုံးတွေ မှေးကျဉ်းနေတယ် `` ရပါတယ် ကျွန်တော်လမ်းလျှောက်မလို့ပါ ´´ ဆိုတော့ `` အဘ မနက်တည်းကရင်း တစ်ကြောင်းမှ မနင်းရသေးလို့ပါ´´ တဲ့။
ကျွန်တော့ရင်ဆို့ သွားတယ်။ ဆိုက္ကားစီးလေ့နည်းတဲ့ကျွန်တော် ဒီလောက်နေပူကြဲကြီးအောက်မှာ ဒီအသက်အရွယ် ဘဘကြီးတစ်ယောက်နင်းတဲ့ဆိုက္ကားကို ကျွန်တော် ဘယ်လိုစိတ်နဲ့ စီးရမလဲ? ကျွန်တော် တွေဝေနေတုန်းမှာပဲ သူကဆက်ပြောတယ် `` သား အားမနာပါနဲ့ အဘ ကောင်းကောင်း နင်းနိုင်ပါတယ် တက် တက် ´´ ဆိုပြီး ထိုင်ခုံက ကူရှင်လေးလှန်ပေးတယ်။ `` ကဲ ဒါဆိုလည်း အဘထိုင် ကျွန်တော် နင်းမယ် ´´ဆိုတော့ `` တက်သာ တက်ပါလူလေးရာ´´ တဲ့
မတတ်သာလို့ စီးခဲ့ရင်းနဲ့ အရမ်းပူတဲ့အချိန် အပြင်မထွက်ဖို့ နားနားနေနေ နေဖို့ ပြောရင်းနဲ့ သူကလည်း ဆိုက္ကားကို တုန်တုန်ချိချိ နင်းရင်း သူ့အကြောင်း ပြောပြလာတယ် ။
သူ့ အသက် က ၈၈ နှစ်ရှိပြီတဲ့ ကျွန်တော် အံ့သြသွားတယ်။ သူ့သားက ၆၆ နှစ် ရှိပြီး ဆက်သွယ်ရေးဝန်ထမ်းအငြိမ်းစားတဲ့ ။
သူ ဆက်ပြောတယ်
သားသမီး ၂ ယောက်လုံးကို ဆိုက္ကားနင်းပြီးကျောင်းထားတာ ဘွဲ့ ၂ ဘွဲ့ စီရကြတယ်။ အစိုးရ၀န်ထမ်းတွေဖြစ်ကုန်တယ်။ ( သူ့လေသံမှာ ဂုဏ်ယူမှုနဲ့ ပီတိတွေ ရောလျှက်) သားသမီးတွေလည်း အဘကို ဆိုက္ကားမနင်းစေချင်ပါဘူး ဒါပေမယ့် သားသမီးတွေက အခု အလုပ်မရှိ အငြိမ်းစား မိသားစုတွေဖြစ်နေတော့ အပူမပေးချင်တာရယ် ကိုယ်တိုင်က အလုပ်မရှိရင်မနေတတ်တာကြောင့် ဆိုက္ကားပဲဆက်နင်းနေတာလေ။ အဘ အသက် ၁၂ နှစ်မှာ ဂျန်ပန်ဝင်တာပေါ့။ အဘက အင်္ဂလိပ်မင်း လက်ထက်တည်းကရင်း အလုပ်ကြမ်းပဲလုပ်ခဲ့တော့ ခုချိန်အလုပ်မလုပ်ရင် အကြောတွေ ထုံတာကျဉ်တာတွေဖြစ်တာပေါ့။ ဒါပေမယ့် ခရီးသည်တွေကလည်း အဘအသက်ကြီးနေပြီဆိုတော့ စီးရမှာ အားနာကြတယ်လေ။ ဒီတော့ အဘလည်း တစ်ရက် တစ်ခေါက် ၂ ခေါက်ထက်ပို မနင်းရဘူးပေါ့။
သူပြောရင်းနဲ့ မောလာတော့ စကားစ ခဏပြတ်သွားတယ်။ ဒါနဲ့ပဲ အဘ ခဏရပ်ဗျာ ကျွန်တော်နင်းပါ့မယ် ကျွန်တော်ကျွမ်းပါတယ် ဆိုပြီး သူ့ကို အတင်းဘေးခုံမှာထိုင်ခိုင်းပြီး ကျွန်တော် ဆက်နင်းတယ်။ ဈေးရောက်တော့ သူ့ကိုစောင့်ခိုင်းပြီး ဈေးမြန်မြန်ဝယ်တယ် အပြန်ကျ တက်ပါသားရယ် အဘပဲ နင်းပါရစေ အကြောတွေထုံလို့ပါ ဆိုပြီး သူဆက်နင်းတယ်။ သူမောမှာစိုးလို့ ကျွန်တော်စကားဆက်မပြောတော့ဘူး။ လမ်းမှာ ဆေးဆိုင်တွေ့တော့ ခဏရပ်ခိုင်းပြီး သူ့အတွက် ဓာတ်ဆားနဲ့ အော်ရာမင်ဂျီ ၀ယ်ပြီးမဖြစ်မနေသောက်ဖို့ပြောပြီးပေးလိုက်တယ်။ အပြန်လမ်းတစ်လျှောက် သူနင်းတဲ့ဆိုက္ကားဘေးမှာထိုင်စီးပြီး အတွေးတွေ ထုံနေတယ်။ ကြိုပြောထားတဲ့အတိုင်း အိမ်အောက်ရောက်တော့မှ ကျွန်တော့အတွေးစတွေကို အလျင်စလိုဖြတ်ပြီး အိပ်ထဲရှိသမျှပိုက်ဆံအကုန်ထုတ်ပေးမိတယ်။ သူကလည်း အတင်းကိုငြင်းနေလို့ `` အဘရယ်ယူပါ ဒါကန်တော့တာပါ အဘလှူချင်ရာလှူ သုံးချင်ရာသုံးဖို့ပါ ဓာတ်ဆားကိုတော့ မဖြစ်မနေသောက်ပါ´´ ဆိုပြီး ကျွန်တော်ဇွတ်ပေးတော့မှ ပိုက်ဆံတစ်လိပ်ကို လက်နဲ့ ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဆုတွေပေးနေတာ အမျိုးစုံပါပဲ။
သူ့ကိုကြည့်ပြီး `` ငါအိုသွားရင်´´ ဆိုတဲ့အတွေးက စိုးမိုးနေတယ်။ နယ်မှာနေကြတဲ့ ကျွန်တော့်မိဘတွေကိုလည်း မြင်ယောင်နေမိတယ်။
ဒီအသက်အရွယ်ထိ သန်သန်မာမာ ဆိုက္ကားနင်းနေတဲ့အဘ ပုံတစ်ပုံတော့ရိုက်ချင်တယ်ဗျာ ဆိုတော့ ရိုက်ပါ ရိုက်ပါ တဲ့
အဘပေးတဲ့ဆုတွေ အများကြီးပဲ သူငယ်ချင်းမိတ်ဆွေအားလုံးလည်း တူတူရဖို့ မျှဝေပါတယ်
ခုတော့ ကျွန်တော် ၀မ်းနည်းနေမိတယ်
---------------------------------------
လိပ်စာဖြည့်စွက်ခြင်း 24,3,2015
အဲ့ဒီအဘကို ကူညီချင်သူ ကုသိုလ်ယူလှူဒါန်းချင်သူများက လိပ်စာမေးလာကြပါတယ်
ဒါကြောင့်မို့ Post ရဲ့ Comment မှာ ပြန်ရေးပေးထားသလို တစ်ယောက်ချင်းစီကိုလည်း တတ်နိုင်သလောက်ပြန်ဖြေပေးထားပါတယ်
အဲ့ဒီအဘကို ကူညီချင်သူများ ဒါန ယူချင်သူများအနေနဲ့
ကွက်သစ်လမ်း နှင့် မောင်းထောင်လမ်း ထောင့်
စနေလူငယ်အပတ်စဉ် ဆွမ်းလောင်းဓမ္မာရုံရှေ့
ရေကျော်ရပ်ကွက် ပုစွန်တောင်မှာ သွားတွေ့နိုင်ပါတယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...