Wednesday, April 1, 2015

ပညာရေးနှင့် အလှမ်းဝေးနေကြရသော မောင်ဘစီများ


ကျွန်တော်တို့ အလယ်တန်းကျောင်းသားဘ၀က ကျောင်းမှာ ပြဋ္ဌာန်းတဲ့ မြန်မာစာ စာအုပ်ကို အရမ်း ရူးသွပ်ခဲ့ တာ။ ဆရာတွေကလည်း မဖတ်ချင် ဖတ်ချင်အောင် အသင်အပြကောင်းတယ်။ ဘယ်ကျောင်းသားမဆို စာကို စာလို မသင်တဲ့ဆရာတွေကို ပိုချစ်တတ်တယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ငယ်စဉ်ကလည်း အတန်းထဲကို ၀င်လာပြီး၊ "စာအုပ်ဖွင့်၊ ဖတ်" ဆိုတဲ့ဆရာတွေကို သိပ်မချစ်ဘူး။

ကျွန်တော်တို့ကို မြန်မာစာသင်တဲ့ ဆရာမက ဦးဖိုးကျားကိုယ်တွေ့ဝတ္ထုထဲက မောင်ဘစီအကြောင်းသင်တာ သူ့ကိုယ်တွေ့နဲ့ပြောသင်တာ။ သူလည်း တစ်ချိန်က ဘူးသီးကျော်လှည့်ရောင်းပြီး ကျောင်းတက်ခဲ့ရ၊ ဘွဲ့ရခဲ့တာ ဆိုတော့ ဆရာမအပေါ် အကြည်ညိုတွေ တိုးခဲ့ရတာပေါ့။
ဦးဖိုးကျားရဲ့ မောင်ဘစီဟာ ဘာကိုမှ အလကားမယူဘူး။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ဒူးကိုယ်ချွန်ပြီး ကျောင်းတက်တယ်။ ကျောင်းမှာ ဂျာရူးဝါလားလို့ အများကခေါ်တဲ့ သန့်ရှင်းရေးလုပ်ပြီး ကျောင်းစရိတ်ရှာတယ်။ ဘ၀ကို အရှုံးမပေး ကြိုးစားခဲ့တာကြောင့် သူဌေးကြီးတစ်ဦးဖြစ်လာတဲ့ ဇာတ်လမ်းကို ဆရာမက သူ့ဘ၀ ကိုယ်တွေ့ လေးနဲ့ နှိုင်းပြောတော့ မျက်ရည်တောင်ကျကြရတယ်။
ကျွန်တော်တို့အတန်းမှာ မောင်ဘစီလက်သစ်ပေါ်လာတယ်။ သူကတော့ လှစိုးပဲ။ လှစိုးအဖေက သန့်ရှင်းရေး။ သူ့အဖေသေတော့ နောက်တစ်ယောက်ကို ရာထူးခန့်လိုက်ရင် ကျောင်းထဲကနေ သူတို့မိသားစု ထွက်ရမှာ။ ဒါကြောင့် လှစိုးကို ကျောင်းမှာ သန့်ရှင်းရေးခန့်ပေးဖို့ ဆရာမကိုယ်တိုင် ကျောင်းအုပ်ကြီးကို လိုက်ပြောပေး တယ်။ သင့်ရာအပ်ပို့ ဆရာတို့ကျင့်ဝတ်အတိုင်းလည်း အဲဒီခေတ်ကဆရာတွေ လုပ်ကြတယ်။ ဒီလိုနဲ့ လှစိုး လည်း မနက်စောစော တစ်ကျောင်းလုံးကို သန့်ရှင်းရေးလုပ်၊ ရေဖြည့်ပြီး ကျောင်းတက်ရတယ်။ ဆရာမရဲ့ အသင်အပြကောင်းမှုကြောင့် သူ့အလုပ်ကို ဘယ်သူကမှ နိမ့်ကျတယ်လို့ လှောင်ပြောင်မယ့် သူမရှိဘူး။
ကျွန်တော့်မိဘတွေကလည်း ဈေးထဲမှာ လမ်းဘေးဈေးရောင်းတယ်။ မနက်ဆိုရင် အဖေက အိမ်မှာ ကုလား တစ်ယောက်ကို မှာထားပြီး ပွတ်ချွန်းလိပ်သောက်တဲ့ ဆေးရွက်ကြီးမှုန့်အိတ်ကို လာထမ်းခိုင်းတယ်။ တစ်အိပ်ကို ဈေးအရောက် ငါးမူး (ပြား ၅၀) ပေးရတယ်။ ကျွန်တော်က အဖေ့ကို စက်ဘီးနဲ့ မနက်တိုင်း ဆေးမှုန့်အိတ်ဈေးကို ပို့ပေးမယ် အဲဒီ ငါးမူးပေးဆိုတော့ အဖေကပြုံးပြီး လက်ခံတယ်။ ဒါနဲ့ မနက်တိုင်းစောစောထ၊ ဆေးမှုန့်အိတ်ကို စက်ဘီးမှာကြိုးတုတ်၊ ဈေးကိုပို့၊ ဆိုင်ခင်းပေးပြီးမှ အိမ်ပြန်လာကျောင်းသွားတဲ့ အလုပ်ကို လုပ်ရတယ်။
ဘာမှ အလကားမရဘူး၊ အလုပ်ဟူက ဂုဏ်ရှိစွ၊ မိဘပိုက်ဆံ အလကားမဖြစ်စေရဘူး၊ အကျိုးမဲ့ အလုပ်တွေ မလုပ်ဘူးဆိုတာ ကျောင်းကသင်တဲ့စာတွေထဲမှာ အပြည့်ရှိတယ်။ မိဘတွေက ပညာသိပ်မတတ်လို့ သွန်သင် တာတွေ မလုပ်နိုင်ပေမယ့် ကျောင်းက ဆရာ ဆရာမတွေက သားသမီးနဲ့မခြား ဆုံးမသွန်သင်ခဲ့လို့ ယနေ့ လူလားမြောက်ပြီး စဉ်းစားတွေးခေါ်နိုင်ခဲ့တာဆိုတော့ ကျောင်းကစာတွေရော၊ အဲဒီစာတွေကို ဘ၀တစ် သက်တာ ပါသွားအောင်သင်တဲ့ ဆရာတွေကိုရော ဘယ်တော့မှ မမေ့ဘူး။
ခေတ်သစ်မှာ မောင်ဘစီလေးတွေ ကျွန်တော်တို့ခေတ်ထက် များလာတယ်။ လဖက်ရည်ဆိုင် ထမင်းဆိုင်၊ ဈေးဆိုင်တွေမှာ ကျောင်းမတက်ရဘဲ အလုပ်လာလုပ်နေကြရတဲ့ မောင်ဘစီတွေ မယ်ဘစီတွေ အများကြီးဖြစ် လာတယ်။ မောင်ဘစီခေတ်က ပညာတစ်ဘက်၊ ကျောင်းတက်ပြီး ကိုယ့်ဒူးကိုယ်ချွန်တဲ့ခေတ်။ ခေတ်သစ် မောင်ဘစီတွေကတော့ ပညာရေးကိုပစ်ပြီး အရွယ်နဲ့မမျှ ရုန်းကန်ပေးနေကြရတဲ့အဖြစ်တွေ တစ်နိုင်ငံလုံးမှာ အများကြီးဖြစ်နေတယ်။
မူလတန်းအဆင့် မသင်မနေရပညာရေးလောက်နဲ့ လုံလောက်ပြီလားဆိုတာ ပြန်စဉ်းစားဖို့ကောင်းပြီထင်တယ်။ လေးတန်းလောက်ရောက်ရင် ကျောင်းထွက်ပြီးတော့ စားပွဲထိုးလုပ်ခိုင်းတဲ့မိဘတွေကို ကျွန်တော်တို့ ဒီအတိုင်း လစ်လျူရှုထားလိုက်မယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ် ဘာဖြစ်သွားမလဲ။ အလားတူပဲ အလယ်တန်းတောင် မအောင်သေးဘူး လင်နောက်လိုက်ခွင့်ပြုထားမယ်ဆိုရင် တိုင်းပြည်ကနစ်နာသလား၊ သူတို့မိဘတွေပဲ နစ်နာသလား ပြန်စဉ်းစားသင့်ပြီထင်တယ်။
တိုင်းပြည်ရဲ့ နေရာအနှံ့ အရွယ်မရောက်သေးဘဲ ကလေးခါးတစ်ခွင်ချီထားရတဲ့ သူတွေ၊ စကားတောင်မပီ သေးတဲ့ စားပွဲထိုးလေးတွေ လက်ညှိုးထိုးမလွဲရှိနေတာဟာ အစိုးရအနေနဲ့ ပညာရေးဝန်ကြီးဌာနက ငါတို့နဲ့ မဆိုင် လေညာကအနေသာကြီးဆိုရင်တော့ တိုင်းပြည်မဖွံ့ဖြိုး မတိုးတက်ရတာ ခင်ဗျားတို့လည်း တရားခံလို့သာ ဆိုရပါလိမ့်မယ်။
ဟုတ်ပါတယ် ပညာရေးဆိုတာ ပြန်မရနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုပြီး တိုင်းသူပြည်သား လူအများကို ကျွန်ခံခိုင်း နေတဲ့ခေတ်မှာ လူဖြစ်လာကြတဲ့ ငါတို့တတွေ ကံဆိုးခဲ့တာ နှစ်ပေါင်းကြာလှပေါ့လို့သာ မှတ်ယူလိုက်ပါ့မယ်။
၁.၄.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...