Friday, April 10, 2015

`မပြောရက်ခဲ့ပါဘူး´


ဖေ့စ်ဘွတ်ခ်ပေါ်မှာပျံ့နှံ့လာတဲ့ ဓာတ်ပုံလေးနဲ့အတူ အမေ့အိမ်စာပေပိတ်တဲ့သတင်းကြားရတော့ တကယ်ပဲစိတ်မကောင်းဖြစ်ရပါတယ် ။အမေ့အိမ်စာပေဆိုတာ ကျွန်မတို့ခပ်ငယ်ငယ်ကတည်းက ပန်းဆိုတန်းစာအုပ်တန်းလျှောက်ရင် မဝင်မဖြစ် ဝင်ခဲ့တဲ့ဆိုင်လေးပေါ့ ။ ဒီဆိုင်ပိတ်သွားတာ ပိတ်သူ အလွန်တော့မဟုတ်ခဲ့ပါဘူး ။ ဆိုင်ခန်းခတွေဈေးကြီးလွန်းတဲ့ခေတ်ကြီးမှာ စာအုပ်တင်ရောင်းလို့ ဘယ်လောက်မြတ်နိုင်မှာမို့လဲ။
စာအုပ်ဈေးကွက်ကရော ဘယ်လောက်တောင်ထွန်းကားနေလို့ပါလဲ ။ စာအုပ်ဈေးကွက်ထွန်းကားလာဖို့ စာရေးဆရာတွေပေါ်ပေါက်လာဖို့၊ စာရေးဆရာတွေဘဝသာယာစိုပြေဖို့ ဘာတွေများပံ့ပိုးကူညီမှုတွေရခဲ့ပါသလဲ။
တကယ်တော့ စာဖတ်အားတွေမြင့်တက်လာဖို့ဆိုတာ စာရေးသူမှာရော စာဖတ်သူမှာရော နိုင်ငံတော်မှာပါ တာဝန်ရှိပါတယ် ။ စာရေးသူဆိုတာ ကိုယ်အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ လိုင်းတစ်ခုမှာ သစ္စာရှိရှိ မှန်မှန်ကန်ကန်ရပ်တည် တတ်ဖို့လိုပါတယ် ။
စာပေအမျိုးအစားဆိုတာ အဆင့်အတန်းလည်းခွဲစရာမလိုပါဘူး ။ ဂန္ထဝင်ဝထ္ထုကြီးတွေရေးနေသူက ပုံပြင်ရေးတဲ့သူ ၊ကာတွန်းရေးတဲ့သူ ၊လူငယ်ဖတ်အချစ်ဝထ္ထုရေးတဲ့သူကို ငါ့လောက်မကြီးမြတ်တဲ့သူ ၊သိမ်နုတ်အဆင့်နိမ့်တဲ့သူလို့ အထင်သေးလို့ မရပါဘူး ။ အနုပညာရှင်ဆိုတာ ကိုယ်ရွေးချယ်လိုက်တဲ့အနုပညာ လမ်းကြောင်းနဲ့ ကိုယ့်ပရိတ်သတ်အပေါ်မှာ ဖြောင့်မှန်ပြီး ကြိုးစားနေရင် ဆက်အောင်မြင်နေဦးမှာပါပဲ ။
အနုပညာအမျိုးအစား ဆိုတာ `ရွေးချယ်မှု´ပါ `အဆင့်အတန်း´မဟုတ်ပါဘူး ။ ပုံပြင်ရေးတဲ့သူက ပုံပြင်ရေးတယ် အချစ်ဝထ္ထုရေးတဲ့သူကရေးတယ် ၊ဂန္ထဝင်စာပေရေးသူက ရေးမယ်၊ သရုပ်မှန်စာပေရေးသူကရေးမယ် ၊တိုင်းကျိုးပြည်ပြုရေးသူကရေးမယ် ၊တကယ်တမ်းကိုယ်ရွေးချယ်တဲ့ အနုပညာအမျိုးအစားမှာ အောင်မြင်နေဖို့တော့ လိုပါတယ် ။ စေတနာထားတတ်ဖို့လည်း လိုပါတယ်။ အားလုံးကို ပရိသတ်က တန်ဖိုးဆုံးဖြတ်သွားမှာဖြစ်ပါတယ် ။
အားလုံးမှာ မတူညီသောပရိတ်သတ်အမျိုးအစားအမျိုးမျိုးရှိကြပါတယ် ။ အရွယ်အမျိုးမျိုး လူတန်းစား အမျိုးမျိုး ဖတ်လို့ရမယ့် စာပေအမျိုးမျိုးထွန်းကားနေမှသာ စာပေလောကကြီးဖွံ့ဖြိုးတိုးတက်နေတယ်လို့ဆိုနိုင်ပါတယ် ။ ဂန္ထဝင်ပဲရှိချင်ပြီး အပျော်ဖတ်မရှိချင်လို့မရဘူး ။ သုတပဲရှိချင်ပြီး ရသမရှိချင်လို့မရဘူး ။ ဘဝသရုပ်ဖော်ပဲရှိချင်ပြီး စိတ်ကူးယဉ်ဝထ္ထုမရှိချင်လို့မရဘူး ။လူကြီးဖတ်ပဲရှိပြီး လူငယ်ဖတ်၊ ကလေးဖတ်မရှိချင်လို့မရဘူး ။
စာကြီးပေကြီး ရေးနေတာပါ ၊တန်ဖိုးရှိတဲ့စာပေပဲရေးတာပါ ၊သရုပ်မှန်စာပေပဲရေးတာပါ ၊အပေါစားအချစ်ဝထ္ထုတွေမရေးဘူး ၊တို့ကမှ စာပေသမားအစစ် ၊တို့ကမှတန်ဖိုးရှိသူလို့ ကိုယ့်ကိုယ်ခံယူထားပြီး တခြားသူတွေကိုအထင်သေးနှိမ့်ချနေပေမယ့် ကိုယ်တိုင်ကမအောင်မြင် ကိုယ့်စာကိုဖတ်မယ့်သူမရှိရင်လည်းအလကားပါပဲ။
ကိုယ့်စာကို လက်ခံတဲ့ လူတန်းစားတစ်ခုတော့ရှိနေရမယ် ။ဒါမှသာအောင်မြင်တယ်လို့ဆိုနိုင်ပါတယ် ။ကိုယ်ရွေးချယ်တဲ့စာပေအမျိုးအစားမှာတော့ ကိုယ်ဟာ ထူးချွန်နေမှဖြစ်မယ် ။သူများရေးတာကျ အထင်သေး၊ ကိုယ်တိုင်လည်းမအောင်မြင်ဆိုရင် ဘာမှအကျိုးထူးမှာမဟုတ်ပါဘူး ။အရေးကြီးတာက စာပေသမားအချင်းချင်း အထင်သေးခြင်း ကင်းရှင်းနိုင်ဖို့ပါပဲ။
နောက်တစ်ခုကတော့ စာရေးပြီး ငွေရနေသူတွေကို အထင်သေးချင်ကြတာပါပဲ။ စာရေးဆရာဆိုတာ ငွေရဖို့ စာရေးနေတာမဟုတ်ဘူး၊ ဝါသနာအရ ရေးနေတာ ၊ငွေစကားမပြောရဘူး လို့ထင်ကြတယ် ။
အလုပ်တစ်ခုလုပ်ရင် အပျော်တမ်းရယ် ပရောဖက်ရှင်နယ်ရယ် ၂မျိုးရှိပါတယ် ။ အပျော်တမ်းသမားက စာရေးလို့ရတဲ့ပိုက်ဆံနဲ့မရပ်တည်ဘူး ။ တခြားအသက်မွေး ဝမ်းကျောင်းအလုပ်သက်သက်ရှိတယ်၊ ငွေစကားမပြောဘူး ၊ငွေက အရေးမကြီးဘူး။ ဒီတော့ ဘာဖြစ်သလဲဆိုရင် တခြားအလုပ်လည်း လုပ်နေရသေးတဲ့အတွက် စာမှန်မှန်မရေးနိုင်ဘူးပေါ့ စာများများမရေးနိုင်ဘူးပေါ့ ။စာရေးခြင်းမှာ စိတ်ရောကိုယ်ပါ မနှစ်မြုပ်နိုင်ဘူးပေါ့ ။
ပရော်ဖက်ရှင်နယ်သမားကတော့ ဒီအလုပ်က ပိုက်ဆံရ ၊ဒီအလုပ်တစ်ခုတည်းနဲ့ အသက်မွေးဝမ်းကျောင်းနိုင်တော့ ဒီအလုပ်မှာ စိတ်ရောကိုယ်ပါနစ်မြုပ်ပြီး ရေးတဲ့အခါ စာအုပ်တွေလည်း ဟောတစ်အုပ်ဟောတစ်အုပ် ထွက်လာတယ် ၊ပိုက်ဆံလည်းရတယ် ။အဲ့ဒီတော့ဘာပြောကြသလဲဆိုရင် ပိုက်ဆံအတွက်စာရေးတယ် ပိုက်ဆံရှာဖို့ဟောတစ်အုပ်ဟောတစ်အုပ်ရေးထုတ်တယ် ။ အပေါစားစာပေမို့ရေးနိုင်တယ်လို့ ပြောကြပြန်တယ်။
ရေးနိုင်ပါတယ်..။.ရေးနိုင်တာပေါ့ ..။ဒီအလုပ်က ရတဲ့ပိုက်ဆံကြောင့် စီးပွားရေးမပူပင်ရဘူး ။တခြားအလုပ်လည်းလုပ်စရာမလိုဘူး။စိတ်အေးချမ်းသာ ရှိတော့ စိတ်ကူးအိုင်ဒီယာတွေတသွင်ထွက်လာတယ် ။ ကိုယ်စာရေးတဲ့နေရာမှာ အသုံးဝင်မယ့်ကုန်ကြမ်းရှာဖို့ ငွေကြေးသုံးရမယ်ဆိုလည်းသုံးနိုင်တယ် ။
စာအုပ်တစ်အုပ် မြန်တယ် နှေးတယ်ဆိုတာ စာအုပ်ကောင်းခြင်းဆိုးခြင်းအပေါ်မှာ တိုက်ရိုက်မသက်ဆိုင်ပါဘူး ။ အချိန်ကအဓိကမဟုတ်ဘူး။ အာရုံစူးစိုက်နိုင်ခြင်းက အဓိကကျတယ်။
ဒါပေမယ့် ဒီလောကမှာက ကိုယ့်လောကသားအချင်းချင်း သဘောမမှန်တာတွေလည်းရှိခဲ့တယ် ။ နိုင်ငံတော်အဖွဲ့အစည်းတွေ အသင်းအပင်းတွေကိုယ်တိုင်က ပွဲလမ်းအခမ်းအနားတွေမှာ လူငယ်ကြိုက်စာရေးဆရာကို နေရာမပေးတာ ၊အထင်မကြီးတာ တွေလည်းရှိခဲ့တယ် ။ လူငယ်တွေဖတ်ချင်တဲ့စာမျိုး မထွန်းကားဘဲ ပပျောက်သွားရင် တိုင်းပြည်မှာ ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာမသိကြဘူး ။ လူငယ်တွေကိုမှစာဖတ်ချင်စိတ် ပေါ်အောင်ဆွဲမခေါ်နိုင်ရင် စာစဖတ်စလူငယ်တွေဟာ စာကြီးပေကြီးတွေဖတ်ချင်တဲ့အဆင့်ကိုတက်မလာနိုင်ပါဘူး ။
နောက်တစ်ခုက စာပေအသင်းအပင်းတွေပေါ်ပေါက်လာတဲ့ခါ ဘက် ဆိုတာတွေလည်းရှိလာကြတယ် ။ စာရေးဆရာဆိုတဲ့အမြင်ထက် ဟိုအဖွဲ့အစည်းကစာရေးဆရာမို့ တို့အဖွဲ့အစည်းကလုပ်တဲ့ ပွဲမှာ မခေါ်ဘူး ။ တို့အဖွဲ့အစည်းကို ရောက်လာတဲ့ဖိတ်စာမို့ တို့နဲ့ပဲသက်ဆိုင်တယ် သူတို့ကိုမပြောပြဘူးဆိုတာမျိုးတွေရှိလာကြတယ် ။ နိုင်ငံခြား အဖွဲ့အစည်းတစ်ခုခုက ခေါ်တဲ့သင်တန်းမှာ စာရေးဆရာတစ်ဦးအနေနဲ့တက်ရောက်ခွင့်ရဖို့ ၊နိုင်ငံခြားအဖွဲ့အစည်းက ပေးမယ့် စာပေဆု တစ်ခုခု ရဖို့ဆိုရင် စာရေးဆရာအားလုံးကို ဖြန့်ကျက်အသိပေးပြီး အားလုံးထဲကမှ တကယ်အောင်မြင်နေတဲ့သူ ၊ တကယ် တော်တဲ့၊ တကယ် Image ကောင်းတဲ့ သမိုင်းကြောင်းလှတဲ့ ..ပရိသတ်ကတကယ်အသိအမှတ်ပြုလို့ လူသိများနေတဲ့ သူမျိုးကိုရွေးချယ်ရမယ့်အစား ကိုယ့်အသင်းအပင်းထဲက ပတ်သက်ရာပတ်သက်ကြောင်းတွေကိုသာ ဦးစားပေးကြတာမျိုးတွေလည်းရှိလာကြတယ် ။ အသင်းအပင်းအဖွဲ့အစည်းရဲ့ အသင်းဝင်ဦးရေများဖို့ကိုအဓိကထားပြီး ဟုတ်တိပတ်တိစာမရေးသူတွေလည်း စာရေးဆရာအမည်ခံဝင်ရောက်လာပြီး အုတ်အရောရော ကျောက်အရောရောဖြစ်လာတတ်ပြန်တယ် ။ တကယ်တော့စာရေးဆရာတစ်ယောက်အတွက်အဓိကကျတာက ကောင်းသထက်ကောင်းတဲ့စာတွေကို အမြဲရေးနေနိုင်ဖို့ပါ ။အသင်းအပင်းနဲ့ နေရာ ဆိုတာ အဓိက မကျပါဘူး ။ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု ကိုယ့်ပရိသတ်က အသိအမှတ်ပြုဖို့ ကိုယ့်စာပေ ကိုယ့်စေတနာကို ခံစားနားလည်အသိအမှတ်ပြုဖို့လိုအပ်ပါတယ် ။
နောက်တစ်ခုက တချို့သော စာရေးသူတွေဟာ အောင်မြင်လာရင် ကိုယ့်ကိုကိုယ်ဖျက် သံချေးတက်ကြတယ် ။ စာကောင်းကောင်းရေးနိုင်ဖို့လို့ပဲပြောမလား စိတ်အပန်းပြေဖို့ပဲပြောမလား ယောကျာ်းလေးစာရေးဆရာတချို့ဟာ အရက်ကလေးမှမသောက်ရင် စာရေးဆရာတန်းမဝင်တော့သလိုမျိုး မဆုပ်မနစ်အရက်သောက်ကြတယ် ။ နှမျောစရာကောင်းလွန်းတဲ့ အဖိုးတန်စာရေးဆရာတချို့ဟာ အရက်ကြောင့်စောစောစီးစီးဆုံးပါးသွားကြရတယ် ။
နောက်တစ်ခု ကိုယ့်ကိုကိုယ်ဖျက်သူများဟာ လုံးချင်းဝထ္ထုမှာနာမည်ရတဲ့အခါ နာမည်လေးကပဲငွေရစေတာမို့ ကိုယ်က ဆက်ကြိုးစားဖို့မလိုအပ်တော့သလိုမျိုး နာမည်မရှိရှာသူလေးတွေကို ရေးခိုင်းပြီး သောင်းဂဏန်းလောက်ပေးဝယ် ၊ကိုယ့်နာမည်နဲ့ထုတ် ၊ကိုယ်ကတော့သိန်းပေါင်းများစွာရယူကြတယ် ။ ဒီလိုနဲ့တစ်မိုးချုပ်သွားခဲ့ရသူတွေလည်းရှိတယ် ။ကုလားကား ကိုရီးယားကား ဒဲ့ကူးချရေး ၊ဘာအတွေးအခေါ်လေး ဘာသိမှတ်စရာလေးမှမပါဘဲ ချစ်ခန်းကြိုက်ခန်းကြမ်းကြမ်းရေးပြီး တစ်မိုးချုပ်ရသူတွေလည်းရှိတယ် ။
နာမည်တစ်ခုက ..အောင်မြင်လာပြီဆို နာမည်အရှိန်နဲ့မျှောလိုက်ပြီး နောက်ထပ်နောက်ထပ် ကြိုးစားအားထုတ်ဖို့မစဉ်းစားတဲ့အခါ ရိုးအီငြီးငွေ့ခြင်းအဖြစ်ရွေ့လျော တိမ်မြုပ်သွားကြပြန်တယ် ။
တချို့တချို့ကြပြန်တော့လည်း စာပေဟာပြောပွဲစင်မြင့်ထက်မှာပဲ အစိုးရကို တိုက်ခိုက်အပုပ်ချရင်း အကျိုးမရှိတဲ့ နာကြည်းချက်ကိုပြန်ဆွ၊ မခံချင်စိတ်ကိုဆွရင်း စာရေးဖို့မေ့လျော့လာတတ်ကြတယ် ။
စာပေလောက အတွက် သူများကို လက်ညှိုးမထိုးခင် ကိုယ့်လောကကိုယ် အရင်လက်ညှိုးထိုးလိုက်ရပါတယ် ။
နောက်တစ်ခုကတော့ စာဖတ်သူများဘက်ကပါ ။ ကျွန်မဖေ့စ်ဘွတ်ခ်သုံးတဲ့အခါ ကျွန်မကို pdf ဖိုင်တင်ပေးဖို့ပြောကြတယ် ။ www.burmese classic. com က ကျွန်မစာအုပ်သစ် မြန်မာပြည်မှာဖြန့်လို့ တစ်ပတ်မပြည့်ခင်မှာ သူတို့က ကျွန်မကိုခွင့်မတောင်းဘဲတင်လိုက်ပါပြီ ။ ဒါဟာ ခိုးခြင်းတစ်မျိုးပါပဲ။ မသိနားမလည်သူများကတော့ အခမဲ့ website ပါပဲ ၊ ပရိသတ် အလွယ်တကူအလကားဖတ်လို့ရအောင်လုပ်ပေးတာလို့ထင်ကြတယ်။ သူတို့ကိုတောင်ကျေးဇူးတင်ရဦးမယ် ။ အမှန်တကယ်က သူတို့ siteကို လူကြည့်များလေ သူတိုကြော်ငြာခတွေရလေပါ ။ နို့မို့ ဘယ်သူကများ ကိုယ့်ထမင်းကိုယ်စားပြီး ဂျီးဒေါ်နွား အလကားကြောင်း နေပါ့မလဲ။
ကျွန်မပရိတ်သတ်အများစုကတော့ စာအုပ်ဝယ်ဖတ်ကြပါတယ် ။ တချို့ pdf တောင်းသူတွေပေါ်လာရင် ..ဝယ်ဖတ်ပါလားကွယ် တစ်အုပ်မှ ၂ထောင်မပြည့်ပါဘူးလို့ ပြောချင်ပေမယ့်လည်း မပြောရက်ခဲ့ပါဘူး ။
ကျွန်မကို တချို့ကပြောကြတယ် သိပ်ခေတ်မီတာပဲ ၊ခေတ်နဲ့အမီလိုက်ရေးနိုင်တယ်။ ခရီးသွားဗဟုတုတလေးတွေထည့်ရေးတာ သိပ်သဘောကျတာပဲလို့ဆိုကြတယ် ။ ခေတ်မီမှာပေါ့ ခေတ်နဲ့အမီလိုက်နိုင်အောင် ငွေကြေးသုံးစွဲရတာတွေရှိတယ် ။ စာအုပ်တွေဝယ်ဖတ်ရတယ် ။ စာရေးနိုင်ဖို့ ကိုယ့်ကိုကိုယ် relax လုပ်ဖို့ အင်တာတိန်းမန့်လုပ်ဖို့ ခရီးသွားဗဟုသုတတွေရေးနိုင်ဖို့ ပိုက်ဆံသုံးရတယ် ။ စိတ်ရောလူပါ ကျန်းမာဖို့ အစားအသောက်လေးလည်း သင့်တင့်မျှတအောင်စားရသေးတယ်။အိမ်ထဲအောင်းပြီး ပိုက်ဆံကို ချွေတာကျစ်ကုပ်နေလို့လည်းမရဘူး။ အဲ့ဒီအတွက် ကိုယ့်ကိုကိုယ်မြေသြဇာထည့်ဖို့အတွက် စာဖတ်သူများထံကရရှိတဲ့ ငွေကြေးကိုပြန်လည်သုံးစွဲရပါတယ်။
ကျွန်မမှာ စိန်တွေညွှတ်မနေပါဘူး ။ဒါပေမယ့် ကျွန်မဝယ်ချင်တဲ့စာအုပ်တွေဝယ်နိုင်ဖို့ပိုက်ဆံရှိရမယ် ၊ခရီးသွားဖို့ပိုက်ဆံရှိရမယ်။ သိသင့်သိထိုက်တာ သွားပြီးလေ့လာဖို့ပိုက်ဆံရှိရမယ် ။ နေမကောင်းရင် ဆေးကုနိုင်မှစာမြန်မြန်ပြန်ရေးလို့ရမယ်။ ဒီလိုနဲ့ စာရေးဆရာတစ်ယောက်ရဲ့ကလောင်ဟာ ဆက်လက်ရှင်သန်ရတယ် ။
နောက်တစ်ခုက မဂ္ဂဇင်းစာမူခတွေပါ ။ တချို့မဂ္ဂဇင်းတွေဟာ စာပေကိုအဓိကထားတဲ့မဂ္ဂဇင်းတွေ အမြတ်အစွန်းသိပ်မရှိတဲ့မဂ္ဂဇင်းမို့ ငွေကြေးစကားမပြောလိုပါဘူး။ တချို့ကတော့ ကြော်ငြာခပေါင်း များစွာရရှိသောမဂ္ဂဇင်းများဖြစ်ပါတယ် ။ အဲ့ဒီမဂ္ဂဇင်းတွေမှာ ဝထ္ထုတို တစ်ပုဒ်ကောင်း ၂ပုဒ်ကောင်းပါလေ့ရှိပါတယ် ။စာမူခက လွန်ရောကျွံရောမှ ၁၅၀၀၀ နဲ့ ၂၀၀၀၀ လောက်ပါပဲ ။ အဲ့ဒီတော့ကျွန်မက ငွေစကားပြောပါတယ် ။ ကျွန်မက ငွေမက်သူပါ ။ဒါပေမယ့် ကိုယ်ရသင့်ရထိုက်တဲ့ ကိုယ့်အားထုတ်ရတာနဲ့တန်တဲ့ငွေကြေးကလွဲလို့ ဘာကိုမှမမက်တတ်သူဖြစ်ပါတယ် ။ စာပေမဂ္ဂဇင်းမှမဟုတ်ရင် ပိုင်ရှင်နဲ့မှ ခင်ရာမင်ကြောင်းမရှိရင် ကျွန်မရဲ့ဝထ္ထုတိုစာမူခက ၅သောင်းဖြစ်ပြီး ဝထ္ထုရှည်ကတော့ တစ်သိန်းဖြစ်ပါတယ် ။ ကိုယ့်အားထုတ်မှုနဲ့တန်တဲ့ငွေကို ကိုယ့်ဘာသာပဲသတ်မှတ်ပါတယ် ။ ပေးနိုင်သူများ လာယူကြပါတယ် ။ မပေးနိုင်ရင်တော့မရေးပါဘူး ။ရေးချင်စိတ်ရှိလို့ကိုယ့်ဘာသာရေးဖြစ်ရင်တော့ စာပေမဂ္ဂဇင်းတစ်ခုအတွက် ပိုက်ဆံရရ မရရ ပေးမှာပါ။
တကယ်တမ်းစဉ်းစားရင် ဝထ္ထုတိုက ရတဲ့ငွေဟာ လုံးချင်းစာမူခနဲ့စာရင်မပြောပလောက်ပေမယ့် ကျွန်မက မြို့ရိုးကြားက ကိုယ့်လုပ်အားနဲ့ရမယ့် အသပြာလေးရွေးကို မစွန့်နိုင်တဲ့ ရေသည်မိန်းမသာ ဖြစ်ပါတယ်။
ကျွန်မ ဒီစာကို အမှန်တရားအပေါ်သစ္စာရှိစွာ...စာပေအပေါ်သစ္စာရှိစွာ အမုန်းခံရေးသားပါတယ် ။
ကျွန်မ အဓိက ပြောချင်တာကတော့ ..
စာရေးသူတွေဘက်က ကိုယ့်ရပ်တည်မှုကိုယ့်တန်ဖိုးကိုမမြှင့်တင်ရင် ...
သူ့စာပေ ကိုယ့်စာပေ လက်ညှိုးထိုးနေရင် ..
နိုင်ငံတော်ကလည်း စာပေကိစ္စကို အထွေအထူး နိုင်ငံ့တိုးတက်ရေးမဟုတ်ဘူးလို့ထင်ခဲ့ရင်..
နိုင်ငံ့တဝှမ်း အများအပြားရှိနေတဲ့ စာကြည့်တိုက်တွေဟာ အသက်ဝင်မှုနည်းပါးပြီး ကိုယ်ထူကိုယ်ထ လုပ်နေတဲ့ စာကြည့်တိုက်ကလေးတွေလောက်မှ လူလာဖတ်ဖို့ မတတ်နိုင်ခဲ့ရင်..
မိဘဆရာသမားများကလည်း ကိုယ့်သားသမီး တပည့်များကိုပြုစုပျိုးထောင်တဲ့အခါ အင်္ဂလိပ်စာတတ်ဖို့သာအဓိက မြန်မာစာ တတ်စရာ ဖတ်စရာ မလိုအပ်ဘူးလို့ထင်ခဲ့ရင် ..
အခမဲ့အမည်ခံသူခိုးများကလည်း ဆက်လက်ခိုးနေကြဦးမယ်ဆိုရင်..
စာဖတ်သူတွေကလည်း စာအုပ်ဝယ်မဖတ်ဘဲအလကားရတဲ့ website ကနေ ဒေါင်းပြီး ဖတ်နေကြဦးမယ်ဆိုရင် ..
အမေ့အိမ်သာမက စာအုပ်ဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင် ပိတ်သွားကြတဲ့နောက် အနှစ်၂၀ ကြာတဲ့အခါ ..
ကျွန်မတို့နိုင်ငံကြီးဟာ.........။
ပုညခင်
၎.၄.၂၀၁၅
ဓာတ်ပုံကို မူရင်းတင်သူထံမှကူးယူတင်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...