Tuesday, March 3, 2015

နေရာမှန်

ယခုတစ်ပါတ်ဝတ္ထုတိုအသစ်ကဏ္ဍအတွက် Pyae Pyae ဟုအမည်ရသည့် Facebook Account ရှင်ပေးပို့လာသော နေရာမှန် ၀တ္ထုတိုကို ရွေးချယ်ဖော်ပြလိုက်ပါသည်။
(၁)
၁၉၉၀ ပြည့်လွန်ကာလမှ နှစ်တစ်နှစ်ဖြစ်သည်။
"မီးဗျိုး မီး မီး"
အလန့်တကြားနှင့် အော်ဟစ်သံများ သတိပေးသံများ မီးသတ်ကားသံများ စသည့် စသည့် အသံများသည် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံပွက်လော ရိုက်နေသည်။
"မလွယ်ဘူး မလွယ်ဘူး အေးချို မီး က တို့ဘက်ကို အတော်ရောက် လာပြီ
နောက်ဖေးလမ်းက ကိုလှမြင့် တို့အိမ်ကို ကူးနေပြီဟ"
"ဟင် ဟုတ်လား"
ပြတင်းပေါက်ကနေ ကြည့်ရင်း ဦးချိုအေး ပြောသော စကားကို ဒေါ်အေးချိုတစ်ယောက် အလန့်တကြားတုန့်ပြန် လိုက်သည်။

တကယ်တော့ ကိုလှမြင့်တို့အိမ်နှင့် ဒေါ်အေးချိုတို့ နောက်ဖက်က အိမ်ဆို သုံးအိမ် တိတိသာခြားတော့သည်။
"ပစ္စည်းတွေမြန်မြန် သိမ်းပါဟ"
"သိမ်းနေတာပဲလေ
ရှင်က ဘာလုပ်နေတာလဲ
လာ ဝိုင်းသယ်ချေအုံး"
"ဟ ငါက အလကားကြည့်နေတယ် ထင်လားကွ အခြေအနေကို ကြည့်ရသေးတယ်
အငယ်မ အံဆွဲထဲက လက်ဝတ်လက်စားတွေ ပိုက်ဆံတွေနဲ့ စာရွက်စာတမ်းတွေ အရင်ထည့် နော်
ထည့် ပြီးပြီလား"
"ဟုတ်ကဲ့အဖေ အစောကတည်းက ထည့်ထားတယ်
ကျောပိုးအိတ်ထဲမှာ ပါ"
အငယ်မ ပုံ့ပုံ့ကို လှမ်းကြည့် လိုက်တော့ ပုံ့ပုံ့က ဖောင်းကားနေသော ကျောပိုးအိတ်တစ်လုံးကို လွယ်ထားသည်။
လက်ထဲမှာလည်း အိတ်နှစ်လုံးကို ဆွဲထားသည်။
"နင့်အိတ်ထဲက ဘာတွေတုန်း
သမီးကြိုက်တဲ့ စာအုပ်တွေနဲ့ ကျောင်းစာအုပ်တွေပါ အမေ"
မိခင်လုပ်သူ ဒေါ်အေးချို၏ အမေးကို ပုံ့ပုံ့ ဖြေလိုက်သည်။
"အမလေးလေး
ဘာများအဖိုးတန်တာတွေလည်း လို့မိပုံ့ရယ်
ထားခဲ့စမ်း အဲ့ဒါတွေ
ပန်ကာရယ် မီးပူရယ်ကို မ
ဒါတွေကမှ ရောင်းလို့ရတာ"
အမေ့စကားကို မပယ်ရှားဝံ့သဖြင့် ပုံ့ပုံ့တစ်ယောက် စာအုပ်များကို ရေချိုးခန်းထဲသို့ပစ်ထည့်ပြီး အမေ ပြောတာတွေကို ကောက်ယူလိုက်သည်။
"အကြီးမ ဟိုဘက်က မ စမ်း"
ခြင်ထောင်ကိုပက်လက်လှန်ပြီး ပစ္စည်းများရွေးချယ်ထည့်နေသော အမေက အမကို ခိုင်းလိုက်သည်။ သားအမိနှစ်ယောက်
"တစ် နှစ် သုံး"
ဟုပြိုင်တူအော်ပြီး မလိုက်ပေမဲ့နှစ်ယောက်အိပ် ခြင်ထောင်ထုပ်ကြီးက တုတ်တုတ်ပင်မလှုပ်
"ကိုချိုအေး ရှင်ဘာလုပ်နေလဲ လာမလေ"
"အေးအေး လာပြီ"
ခြင်ထောင်ထုပ်ကြီးကို သားအမိ သားအဖသုံးယောက် ဆွဲရင်းမရင်း အိမ်ပြင်သို့ရောက်အောင် သယ်ထုတ်လာသည်။
"သော့ခတ်ခဲ့ ပုံ့ပုံ့"
အဖေ့စကားကြောင့် ပုံ့ပုံ့ အိမ်ကို ကမန်းကတမ်း သော့ခတ်လိုက်သည်။ လမ်းပေါ်တွင်လည်း လူများအားလုံး ပြေးကြလွှားကြဖြင့် ယောက်ရက်ခတ်နေသည်။
"တောက် အရေးထဲဆိုကွာ မင်း သား တစ်ကောင် ဘယ်ရောက်နေလဲမသိဘူး"
"မီးကူသတ်နေတယ်လေ"
"ဘာ အဲ့ဒီ လတ်ယားလတ်ယား လူငယ်အဖွဲ့ထဲဝင်ပြီး ကိုယ့်အိမ်ကိစ္စ ထက် သူများအိမ် မီးလောင်တာ အရေးကြီးနေတယ်
ဒီကောင်ကွာ အိမ်နဲ့ဒီလောက် ကပ်နေပြီကို ပြန်မလာဘူး"
လူတွေကို တိုးရင်း ကျော်ဖြတ်ရင်းနှင့် လမ်းမကြီးတစ်ဖက်ရောက်သည်အထိ ဖြတ်ကူးကာ မီးလွတ်လောက်သောနေရာတွင် ပစ္စည်းများကိုချပြီး ဦးချိုအေးက
"နင်တို့ညီအမ ဒီမှာစောင့်နေ သေသေချာချာ ကိုင်ပြီးစောင့်နော်
မီးလောင်တယ်ဆိုရင် လုတဲ့ယက်တဲ့သူတွေ သိပ်ပေါတယ်
ကြားလား
ပေး သော့"
သော့ လှမ်းပေးရင်းဖြင့်
အော အဲ့ဒါကြောင့် ဒီလောက် သုတ်သုတ်ပြာပြာနိုင်နေတဲ့ အချိန်မှာ အိမ်တံခါးကို ပိတ်ခိုင်းတာကိုး
လို့ပုံ့ပုံ့ တွေးမိလိုက်သည်။
"အော လူကြီးတွေ အသက်ကြီးသွားတာ အလကားမဟုတ်ပါလား
အတွေ့အကြုံလည်း တိုးလာတာ ကိုး"
(၂)
ပုံ့ပုံ့ နှင့် အကြီးမ တို့ ပိတ်ခြင်ထောင်ကြီးကို တတ်နိုင်သလောက် တစ်ယောက်တစ်ဖက် စုကိုင်ထားလိုက်သည်။ တောက်လျှောက် ဆွဲလိုက် မလိုက်နှင့်မို့ ခြင်ထောင်ကြီး၏ တချို့ နေရာများမှာ ပေါက်ပြဲနေပြီ ဖြစ်သည်။ ဘေးဘီကို ကြည့်လိုက်တော့ အိမ်နီးနားချင်းများနှင့် ရပ်ကွက်သူရပ်ကွက်သား အတော်များများမှာ ကိုယ်တို့လိုပင် လမ်းဘေးပလက်ဖောင်းပေါ်ရောက်နေကြသည်။
အိမ်ထဲမှာ အမြဲနေသည် အမေကြီး ဒေါ်မြလည်း သူ့မြေးတွေနှင့် အတူ ကိုယ်တို့နားမှာ ရောက်နေသည်။
ညီအမနှစ်ယောက်စလုံး မီးလောင်နေရာသို့ကြည့်လိုက်သည်။ မီးတောက်များကို မမြင်ရတော့သော်လည်း မီးခိုးတွေကတော့ အလုံးလိုက်တက်နေသည်။ လေတွေက ဘယ်က ဘယ်လို ရောက်လာမှန်းမသိ တရကြမ်းတိုက်ခတ်နေပြီး ပြာမှုန့်များမှာ လမ်းတစ်ဖက်ရှိ အိမ်များသို့ပင် လွင့်စင်နေသည်။ မီးသတ်ကားများကတော့ တစ်စီးပြီး တစ်စီး ဝင်လိုက်ထွက်လိုက်နှင့်။
"မီးထိန်းနိုင်ပြီဟေ့
မီးညွန့်ကျိုးသွားပြီဟေ့"
ရပ်ကွက်ထဲမှ မီးကူငြှိမ်းပေးနေသော လူတစ်ယောက်၏ ဝမ်းသာအားရ အော်ဟစ်သံနှင့်အတူ အမေ လမ်းကူးလာသည် ကိုပါတွေ့လိုက်ရသည်။
အနီးရောက်သည်နှင့် ဒေါ်အေးချိုက
"ဘုရား သကြားမတာဘဲဟေ့
ငါတို့အိမ် မလောင်ဘူး ဟ
အမလေးပျော်လိုက်တာ
ဘေးက ဦးခင်လေးတို့ အိမ်ကတော့ တစ်ခြမ်းကုန် တာပဲ
တစ်အိမ်လုံးကတော့ ဖျက်ရမှာပါ
အမလေးလေး ဘုရားကယ်လို့ ဟေးဟေး"
ပတ်ဝန်းကျင်ကို အားမနာပဲ စည်းလွတ်ဝါးလွတ် ပျော်နေသော အမေ့ကို ပုံ့ပုံ့ လက်တို့လိုက်သည်။
"အမေတိုးတိုး"
အကြီးမကြီး ကတော့ ဘယ်သူတွေများ သတိထားမိသွားလဲ ဆိုပြီး ဘေးဘီကို ကြည့် လိုက်သည်။ အားလုံးက ကိုယ့် အာရုံနှင့် ကိုယ် ကျွက်ကျွက်ညံနေကြပေမဲ့ တစ်ချို့ကတော့ မဲ့ကာ လှည့်ကြည့်သည်။
တချို့ကတော့ တစ်အိမ်လုံးပါသွား သည်မို့ ငိုနေကြသည်။
တချို့ အိမ်တစ်ခါးပိတ်ပြီးအလုပ်သွားနေကြရ သူများကတော့ ခုမှ ပြန်ရောက်လာသူများ ပင်ရှိသည်။
ကိုယ့် အိမ်မပါမှ ဟင်းချကြ။ အိမ်ပါသွားသူက ငိုကြနှင့်။
နောက်တော့ ရပ်ကွက်ရုံးက စာရင်းထွက်လာသည်။ စုစုပေါင်း အိမ် အလုံးသုံးဆယ်ဆယ်လောင်သည်။ လူ ၁၅၀ ကျော်လောက်ကတော့ ဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးစခန်းဖွင့်ပြီး ထားသည်။
အိမ်က မလောင်ဘူး ဆိုပေမဲ့ နံရံတစ်ဖက်ကတော့ မဲနက်သွားသည်။ ဒါပေမဲ့ကိစ္စမရှိပါ။ ခြင်ထောင်ကြီးဖြင့်သယ်စဉ်က အချို့အဝက် ကွဲအက် ပိန်ချိုင့်ကုန်ပေမဲ့ ကြီးကြီးမားမား ဆုံးရှုံးမှုမရှိ။
"အေးချို အေးချို"
"ဘာတုန်းတော့"
"မီးလောင်သွားတဲ့အိမ်တွေကို အိမ်ဆောက်ပစ္စည်းတွေ ဝေမှာတဲ့။ အဲ့ဒါ စာရင်းတွေ ကောက်နေတယ်။"
"ဟင် ဝေလည်းနည်းနည်းပါးပါးပေါ့ရှင်
ဒါမျိုးကြားဖူးပေါင်"
"မဟုတ်ဘူးဟ ရုံးက စာရေးကိုယ်တိုင်ပြောတာကွ
သွပ်က အချပ်သုံးဆယ်စီ သစ်တွေနဲ့ အိမ် အသုံးအဆောင်တွေလည်းပါဦးမှာကွ"
"ဟင် ဒါဆို မနည်းဘူးပဲ"
ဒေါ်အေးချိုတစ်ယောက် သူ့ယောက်ျား စကား အဆုံးမှာ မီးမလောင်သွားသည်ကိုဘဲ စိတ်မကောင်းသလိုလို မီးလောင်တဲ့ အိမ်တွေရတာကိုပဲ မနာလိုသလိုလို ဖြစ်သွားသည်။
အဖေနှင့် အမေ ပြောနေသည့် စကားများက ဆန်းသည်မို့ ပုံ့ပုံ့ တစ်ယောက် နားစွင့်နေလိုက်သည်။ အဖေနှင့်အမေပါ စကားတစ်ခုခု ပြောရင်း ဤကဲ့သို့ငြိမ်သွားလျှင် အကြံကြီးကြီး ထုတ်နေတာ သေချာပြီ ဖြစ်သည်။
အမေက
"ဘယ်လိုဖြစ်ဖြစ် ကျွန်မတို့အိမ်လည်း နံရံလောင်တာပဲလေ"
"အေးလေ"
"အုတ်တွေဆို အပူထိပြီး ကျွတ်လို့"
"ဟုတ်ပ"
"နောက်လည်းပြင်ရအုံးမှာ တော့"
"အေး အဲ့ဒါလည်းကုန်ဦးမှာ"
"သွားစာရင်းသွားပေးချေ"
"အေး ငါရပ်ကွက်ရုံးသွားဦးမယ်"
လင်မယားနှစ်ယောက် အပြန်အလှန်စကားပြော အပြီးမှာ ဦးချိုအေးတစ်ယောက် ထိုင်ရာမှ ထလိုက်သည်။
ပုံ့ပုံ့ နားထောင်နေရာမှ
"စာရင်းမပေးပါနဲ့ဖေကြီးရာ သမီးတို့အိမ်လည်း ဘာမှ ဖြစ်တာမှ မဟုတ်ဘဲ
အဲ့ဒါကိုလည်း လူတိုင်းသိတယ်
ရှက်စရာကြီး"
"ပါးစပ်ပိတ်ထားစမ်း"
ဦးချိုအေးက တစ်ချက် အော်လိုက်သည်။
ဒေါ်အေးချိုက
"နင်ဘာနားလည်လဲ
ဒါခိုးတာလည်းမဟုတ်ဘူး
ဘာမှ ရှက်စရာမလိုဘူး
ငါတို့နင့်အဖေတို့ ရစရာ ရှိရင် ဒီလို တစ်ခုမကျန်ယူတတ်ခဲ့လို့ ဒီလိုမြို့ထဲနဲ့နီးနီး နေရာကောင်းကောင်းရပ်ကွက်လေးမှာ အိမ်ပိုင်နဲ့နေနိုင်တာ။
ညီးကများ အဖေအမေကိုပြန်ပြီး ရှက်စရာလေးဘာလေးပြောနေသေးတယ်။
သွား ဦးချိုအေး ဒီမသိတတ်တဲ့ဟာမကို ပြောမနေနဲ့။
ဝ မရှိပဲ ဝိလုပ်ချင်တဲ့ဟာမ
လူလေးက လက်တောက်လောက်နဲ့
သူက အမေလားငါက အမေလားမသိ"
ပုံ့ပုံ့ အပြောကိုရပ်ပြီး စားပွဲမှာ တိတ်တိတ်ပြန် ထိုင်လိုက်သည်။ ဒီတစ်နေ့လုံးတော့ နားပူတော့မယ် ထင်ပါရဲ့ ငါကလည်းငါပဲ ရှည်ကိုရှည်တယ်ဟုတွေး လိုက်မိသည်။
(၃)
"ကိုသိန်းမောင်ကလည်းဗျာ ဟဲဟဲ"
"ဘယ်ဖြစ်မလဲ ကိုချိုအေးရဲ့ ကျွန်တော်တို့က စာရင်းနဲ့ဇယားနဲ့လုပ်ရတာဗျ"
"ဟာဗျာ ကို သိန်းမောင်ရယ်
မီးဘေးသင့် အိမ်ထောင်စု စာရင်းထဲ ထည့်ပေးရတာဘဲဗျာ
မခက်ပါဘူး
ခင်ဗျားပြီးရင် အားလုံးပြီးတာ သိပါတယ်ဗျာ
ကျုပ်တို့အိမ်လည်း နံရံကြီးတစ်ခုလုံးမဲသွားတာ ခင်ဗျားမြင်ရဲ့သားနဲ့"
ရပ်ကွက်ထဲက လက်ဖက်ရည် ဆိုင်တစ်ဆိုင်၏ ချောင်ကျကျ စားပွဲ မှာ ဖြစ်သည်။ မီး ဘေးသင့် အိမ်ထောင်စုများကို ပစ္စည်းဝေပေးရန် စာရင်းကောက်နေသော ရပ်ကွက်ရုံး စာရေး ဦးသိန်းမောင်ကို ဦးချိုအေးတစ်ယောက် လက်ဖက်ရည် တိုက်ရင်း စာရင်းထဲတွင် သူ့အိမ်ကိုပါထည့်ပေးရန် တောင်းဆိုနေခြင်းဖြစ်သည်။
သိန်းမောင်က လူကောက်တစ်ယောက် ပိုက်ဆံရဖို့ဆို အခွင့်သာပါက ရပ်ကွက်ရုံးကိုပင် သူ့အိမ်ဟု ပြောရောင်းမည့် ကောင်မျိုးမှန်း ဦးချိုအေး သိသည်။ မက်လုံးလေးတော့ ပေးလိုက်အုံးမှ လို့တွေးပြီး
"ဒီတိုင်းချည်းဘဲ ထည့်ခိုင်းတာတော့ ဘယ်ဟုတ်ပမလဲ ကိုသိန်းမောင်ရယ် ကျွန်တော်က သိတတ်ပါတယ်ဗျ
အနာဂတ် ရပ်ကွက်ဥက္ကဌ ကြီးရဲ့
သွပ် ဆယ်ချပ်ဖိုးဆို မနည်းပါဘူးနော့"
"ဟူး
ဦးချိုအေးရာ အားနာရမယ့် မိတ်ဆွေတွေ မို့နော်
ကျွန်တော်က ဘောင်ကျော်ပြီး လုပ်ရမှာဗျ အန္တရာယ် ရှိတယ်"
"ဟာဗျာ ဘာမှ မဖြစ်လောက်ပါဘူးဗျ
ဟဲဟဲ"
ဦးချိုအေးတစ်ယောက် လေလေး တချွန်ချွန်ဖြင့် အိမ်ထဲကို ဝင်လာသည်ကို တွေ့သည်နှင့် ဒေါ်အေးချိုရဲ့မျက်နှာလည်း ချိုမြ သွားသည်။
အိမ်ထဲအဝင်ကိုပင် မစောင့်တော့ပဲ ဖိနပ်ချွတ်မှာပင် ကပ်၍မေးလိုက်သည်။
"ဘယ်လိုလဲ"
"သွပ်ဆယ်ချပ်နဲ့ တည့်သွားတယ်ကွ"
"အမလေးတော် ဘယ့်နှယ် ဆယ်ချပ်တောင် ပြောရတာလဲ
ဘယ်လိုသွပ်မျိုးပေးမယ်မှန်းမသိ
ဟိုတစ်ခေါက်ကလည်း ခြံလေးတစ်ပေလောက် ရှေ့တိုးခတ်ပါတယ် ဒင်းနဲ့တင်ပြီးမလားမှတ်တယ်
စည်ပင်က ဝင်လာပြီးဖျက်ခိုင်းတာပဲမဟုတ်လား
ဒီကောင်ကတော့ တကယ့်ကို စားဖားပဲ
သူ့အကြောင်း တိုင်လိုက်ရရင်တော့ ဘာမှတ် ဟွန်း"
"အမလေးလေး မလုပ်လိုက်ပါနဲ့အုံး မယ်မင်းကြီးမရယ်
ဒီကိစ္စလေး ပြတ်ပါစေဦး"
ပုံ့ပုံ့တစ်ယောက် သက်ပြင်းသာချလိုက်မိတော့သည်။ ကိုကို က အခု အလုပ်သွားနေသည်။ ပြန်လာရင်တော့ ပြောပြရမည်။ ကိုကိုပြောရင် ရကောင်းပါရဲ့ဟုလည်းတွေးမိသည်။
မကြီးကတော့ ဘာမှ သိပုံ မပေါ် နောက်ဖေးမှာ ဟင်းချက်ရင်း အလုပ်ရှုပ်နေသည်။ သူ့သွားပြောလဲ ဘာမှထူးမှာ မဟုတ်။
"လူကြီးတွေ လုပ်တာအေ နင်ဘာနားလည်လို့လည်း အေးအေးနေစမ်းပါ" လို့သာပြောမည် ဖြစ်သည်။
မကြီးသည် ဆယ်တန်းနှစ်ခါကျ သဖြင့် ကျောင်းဆက်မတက်တော့ပေ။ အစကတည်းက ကျောင်းစာမှာလည်း ဥာဏ်ရည်နည်းပြီး အေးချမ်းသည့်အပြင် မိဘစကားနားထောင်သော သမီးကြီး ဖြစ်သည့် အတွက် အဖေတို့အမေတို့ လုပ်သမျှကို ဘာမှဝင်ပြောလေ့မရှိ။
အဖေကတော့ ယခင်က အစိုးရဝန်ထမ်းဖြစ်သည်။ သို့သော် ရုံးတွင် ငွေကြေးအရှုပ်အရှင်းတစ်ခုဖြစ်ပြီး မယူမနေရ အငြိမ်းစားပေးခံရခြင်းဖြစ်သည်။ ထိုအချိန်ကဆိုရင် ရပ်ကွက်ထဲမှာရော ကျောင်းမှ သူငယ်ချင်းများပါ ထိုကိစ္စကို သိကြသဖြင့် ကျောင်းသွားရင်ပင် မျက်နှာ မဖော်ဝံ့။ လူပြောသူပြောရပ်ပြီး အခြေအနေတည်ငြိမ်သည် အထိ သည်းခံနိုင်ရန် အတော်ကြိုးစားခဲ့ရသည်။ ချီးမွမ်း၇ ရက် ကဲ့ရဲ့ ၇ရက် ဆိုပေမဲ့ ထို ၇ရက်ကတော့ ပုံ့ပုံ့ အတွက် ငရဲပင်။ အကြည့်များကိုရင်မဆိုင်ရဲ။
ကိုယ့်ကို ကြည့်ရင်ပင် ငါ့ကို သူခိုးသမီး ဆိုပြီးကြည့်နေတာ ဟုထင်မိသည်။
ထိုအချိန်ကတည်းက "ငါ့အလှည့်ကျရင် ဘယ်တော့မှ မတရားတဲ့နည်းနဲ့ ပိုက်ဆံမရှာဘူး။ ငါလုပ်တဲ့အလုပ်ရော ငါရှာတဲ့ငွေရော သန့်ရှင်းရမယ်။ ငါ့မိဘကို ပြန်လုပ်ကျွေးခွင့် ရရင် သန့်စင်တဲ့ငွေနဲ့ပဲ လုပ်ကျွေးမယ်လို့ ဆုံးဖြတ်ထားမိခဲ့သည်။
ထို အဖေ့၏ဖြစ်ရပ်ကြောင့် ကိုကို့မှာလည်း သိပ်ကို ထိခိုက်ခဲ့ရသည်။ ကိုကိုဘွဲ့ရပြီး ပထမဆုံးလျှောက်တဲ့ အလုပ်မှာ ဖြစ်ချင်တော့ အဖေ့ရဲ့ အသိမိတ်ဆွေဟောင်း၏ကုမ္ပဏီ ဖြစ်သည်။
"မင်းကော မင်းအဖေနဲ့တူလားကွ"
ဆိုတဲ့ခနဲ့တဲ့တဲ့စကားကြောင့် အင်တာဗျူးဖြေနေရာမှ ထထွက်လာခဲ့သည်တဲ့။ အဲ့ဒီအချိန် တုန်းက ကိုကို
နှင့် အဖေ အကြီးအကျယ် စကားများကြသည်။
အဖေက "ငါရှာတာစားပြီး ငါ့ကို မင်းကရှက်တယ်ပေါ့" ဟု ပြောသလို
ကိုကိုကလည်း "လူတွေကြားမှာ ကျွန်တော်တို့ဘယ်လိုမျက်နှာမျိုးနဲ့ နေနေရလဲ သိရဲ့လား" ဟု ပြောသည်။
ထိုအချိန်က
အမေလည်းငိုသည်။
အဖေလည်း ငိုနေသည်။
ကိုကိုလည်းငိုနေသည်။
မကြီးလည်းငိုနေသည်။
ပုံ့ပုံ့လည်းငိုနေခဲ့ရသည်။
ကိုကိုပြန်လာတော့ ကိုကို့ကို တိုးတိုးတိတ်တိတ် လေးပြောပြလိုက်သည်။ ကိုကိုက အဝတ်လဲနေရာမှ သက်ပြင်းတစ်ခုကိုသာ လေးလေးပင်ပင် ချလိုက်ပြီး
"ထားလိုက်ပါညီမလေးရာ။
ကိုကိုလည်း ထားလိုက်မှာ။
နောက်ကိုကိုတို့တွေ ပိုက်ဆံများများရှာနိုင်တော့မှ အဖေတို့အမေတို့ ဒီလိုတွေ မလုပ်တော့အောင် ဖျောင်းဖျ ကြမယ်လေ။
အဖေတို့ ဒီလိုလုပ်တာ ငါတို့အတွက်လည်းပါတယ်။
ထားလိုက်ပါ ပုံ့ လေးရယ်။"
ကိုကိုက ပုံ့ပုံ့ ခေါင်းကိုပုတ်ပြီးနှစ် သိမ့်လိုက်သည်။
(၄)
. "ဘာ ဘယ်လို
မီးသင့်တဲ့ အိမ်တွေအကုန် မူလနေရာမှာ ပြန်မရဘူး
မြို့သစ်ကို ပြောင်းရမယ်"
တစ်ရပ်ကွက်လုံး အုံးအုံးကျက်ကျက် ပြောနေသော အကြောင်းအရာများကြောင့် ဒေါ်အေးချို ရင်တွေတုန်လှသည်။
"အမလေး မြို့သစ်က မြို့ထဲ မပြောနဲ့ ဒီနဲ့တောင် အတော်ဝေး ဆိုပဲ"
ဒူးများပင် မခိုင်ချင်တော့။
"လမ်းလည်းမရှိ မီးလည်းမရသေး ဗွက်က မိုးတွင်းဆို ဒူးတောင်မြှုပ်သတဲ့ ဘုရားဘုရား"
ဘယ်လိုပဲ အကြံတွေထုတ်ပြီး ကြိုးစားကြိုးစား မပြေးသော် ကန်ရာရှိ မီးသင့်သောနေရာမှာ အိမ်ပြန်ဆောက်ခွင့်မပြုတဲ့။ စာရင်းရှိ အိမ်ထောင်စုများ ပြောင်းကိုပြောင်းကိုပြောင်းရမည်ဖြစ်သည်။
ပုံ့ပုံ့တစ်ယောက် ကျောင်းကပြန်လာ အိမ်စာလုပ်ပြီး အုတ်ခဲနှစ်လုံးစီ တန်းစီ ခင်းထားတဲ့ လမ်းလေး မှ လမ်းထိပ်ရှိ ကွင်းလည်ခေါင်တွင် ထီးထီးကြီးရှိနေသော ကုက္ကိုပင်ကြီးအောက်သွားပြီး ကိုကိုပြန်အလာကို စောင့်နေ လိုက်သည်။
အဝေးမှ ပြန်လာသော ကိုကို့ကို တွေ့တာနဲ့ "ကိုကိုရေ ကိုကို"
ဟု အော်ခေါ်ရင်းပြေးသွားလိုက်သည်။
"ဘာလို့လာစောင့်နေတာလဲဟ လူပြတ်တယ်ကွ"
"အို မကြောက်ပါဘူး"
ကိုကိုက သူ့ညီမငယ်လေး ပုံ့ပုံ့ကို သေသေချာချာကြည့်ပြီး
"ငါ့ညီမလည်း မဲလုံးလေးဖြစ်နေပြီ"
"ကိုကိုက မီးသွေးတုံးကြီးဖြစ်နေပြီ"
မောင်နှမနှစ်ယောက် ရယ်မောလိုက်ကြသည်။
"ကိုကို ပြန်လာရတာ ဝေးတော့ မပင်ပန်းဘူးလားဟင်"
"နည်းနည်းပါကွာ"
"အရင် အိမ်ကို မလွမ်းဘူးလား "
"နည်းနည်းမှ မလွမ်းဘူး"
"ဘာလို့"
"ဒီအိမ်ကမှ တကယ့်ကို ထိုက်ထိုက်တန်တန်ရထားတဲ့အိမ်လေ
နောက်ပြီး အဖေနဲ့အမေလည်းဒီကိစ္စမှာ အတော့်ကို သင်ခန်းစာရသွားပြီ
ခုဆို တရားနာ တရားအားထုတ်နေတာပဲ ကြည့်လေ
ပုံ့ လေးက လွမ်းလို့လား"
"ဟင့်အင်း ပုံ့လည်း
ဒီက သူငယ်ချင်း အသစ်တွေနဲ့ပျော်တယ်
အဖေ တို့ကို ကြည့် ပြီးလည်း ပျော်တယ်။"
မောင်နှမနှစ်ယောက် စကားတပြောပြောနှင့် လျှောက်လာရင်း ရေလှည်းတွန်း၍လာနေသော လူကြီးကို နှုတ်ဆက် လိုက်သည်။
"ဦးသိန်းမောင်ကြီး နေကောင်းတယ်နော်"
တကယ်တော့ ရပ်ကွက်စာရေးကြီးလည်း မီးလောင်ပြင်နှင့် ကျောချင်းကပ်နေသော သူ့အိမ်ကို စာရင်းတွင် ထည့်မိ၍ ထိုမြို့သစ်သို့ ပြောင်းလာရခြင်းဖြစ်ပေတော့သည်။
ပြီးပါပြီ
ပြည့်ပြည့်
စာမူရှင်များဖိတ်ခေါ်ခြင်း
-----------------------------------------
နိုင်ငံတကာနှင့် မြန်မာဝတ္ထုတိုများ Facebook Page ၏ ၀တ္ထုတိုအသစ်ကဏ္ဍ တွင် ဖော်ပြရန်အတွက် ပင်ကိုယ်ရေး၊ ဘာသာပြန် ၀တ္ထုတို နှင့် အက်ဆေးများ ကို Message Box မှတဆင့် ပေးပို့နိုင်ပါသည်။
ပေးပို့လာသည့် စာမူများထဲမှ ရွေးချယ်ခံရသည့်စာမူများကို အပါတ်စဉ်တနင်္ဂနွေနေ့တိုင်း တစ်ပါတ်လျှင်တစ်ပုဒ်နှုန်းဖြင့် ဖော်ပြသွားမည် ဖြစ်ပါသည်။
ရွေးချယ်ခံရသည့် စာမူရှင်များကို စာမူခ အနေဖြင့် ၅၀၀၀ ကျပ်တန် ဖုန်းကဒ် တစ်ကဒ် ပေးပို့သွားမည်ဖြစ်ပါသဖြင့် စာမူပေးပို့ရာတွင် ဆက်သွယ်ရန်ဖုန်းနံပါတ်၊ ကိုယ်တိုင်ရေးသားကြောင်းဝန်ခံချက်၊ ဂျာနယ်၊မဂ္ဂဇင်းစသည်တို့တွင် ဖော်ပြခံထားရသည့် စာမူဖြစ်ပါက ဖော်ပြခံခဲ့ရသည့် ဂျာနယ်၊ မဂ္ဂဇင်းအမည် တို့ကို ပါ စာမူ၏ အောက်တွင်တစ်ပါတည်း ရေးသားပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Admins Team
Chosen One Digital Media

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...