Saturday, March 14, 2015

နဂါးမောက် သီးစိုက်ပျိုးယ်ဆိုလျှင် (မှတ်စုတို)



- နဂါးမောက် အစေ့ကနေ ပျိုးထောင် စိုက်လို့ ရပေမယ့် အသီးသီးဖို့ဆိုရင် ၆နှစ်အထက် ကြာပါမယ်
- ၁နှစ်သားအထက် ကိုင်းအရင့်ကို ၁ပေခန့် ဖြတ်ပြီး မြေထဲ မြုပ်စိုက်မယ်ဆိုရင် ၂နှစ်သားလောက်နဲ့ ကောင်းကောင်း သီးပါတယ်။
- ဧပရယ်အကုန် မေလဆန်းလောက်ကနေ ပန်းစပွင့်ပြီး ပန်းပွင့်ပြီး ရက် ၄၀- ၅၀ လောက်မှာ အသီးခူးနိုင်ပါတယ်။ စက်တင်ဘာအထိ ပန်းပွင့်ပါတယ်။
- ပန်းမပွင့်ခင် ၁လအလိုလောက်မှာ ကိုင်းချိုင်ပေးရင် ပန်းပိုမို ပွင့်စေပါတယ်။
- နဂါးမောက်ဟာ CAM အပင်ဖြစ်လို့ ညဘက်မှာ လေပေါက်ဖွင့်ပြီး CO2 စုဆောင်းကာ နေ့ဘက်ရောက်ရင် လေပေါက်ပိတ်စေပြီး အလင်းဖြင့် အစာချက်လို့ ရေဆုံးရှုံးမှုဒဏ်ခံပြီး အပူဒဏ်ခံနိုင်တဲ့အပင်ဖြစ်ပါတယ်။
- ဒါကြောင့် မနက်ခင်း အစော သို့မဟုတ် ညနေခင်း တွေမှာ ရွက်ဖြန်းဆေးများကို Sicker ကပ်ဆေး တမျိုးမျိုးနဲ့ တွဲဖြန်းသင့်ပါတယ်။
- လင်းတာတုံ့ပြန်မှုရှိအပင်ဖြစ်ပြီး လင်းတာရှည်တာကို ကြိုက်၍ လင်းတာရှည်တဲ့ မေလမှ စက်တင်ဘာအတွင်း ပန်းပွင့်ပါတယ်။
- ညမီးတိုင်ထွန်းထားတဲ့ နေရာအောက်က အပင်တွေက အပွင့်ပိုများတယ်လို့ မှတ်သားဖူးပါတယ်။
- လပြည့်ညတွေမှာ ပန်းပိုမို ပွင့်စေတယ်လို့ မှတ်သားဖူးပါတယ်။ နေ၊ ကမ္ဘာ၊ လ သုံးလုံးတန်းချိန် ဆွဲအားအများဆုံးအချိန်၊ လင်းတာများတဲ့အချိန်လဲ ဖြစ်လို့ ပန်းပိုမိုပွင့်စေတယ်လို့ ယူဆမိပါတယ်။
- ပန်းပွင့်တိုင်းဟာ အသီးကို မဖြစ်ပေါ်စေပါဆိုသော အဆိုအမိန့်အရ... ပန်းပွင့်ရာမှာ အသီးတင်စေဖို့ အချက်တချို့ကို သိရှိထားသင့်ပါတယ်။
- ပုံမှန် သဘာဝအရ လင်းနို့၊ လိပ်ပြာ၊ ပျား၊ ပိတုန်း၊ သစ်သီးယင်ကောင်၊ ယင်ကောင်၊ ပုရွက်ဆိတ်၊ စသောအင်းဆက်တချို့က ၀တ်ရည်အတွက် လာယူရင်း ၀တ်မှုန်ကူးစေပါတယ်။ နောက် လေတိုက်ခြင်းကလဲ ၀တ်မှုန်ကူးခြင်းကို အထောက်အကူပြုပါတယ်။ နဂါးမောက်ပန်းပွင့်က ညဘက် ၈နာရီ ၀န်းကျင်မှ မနက် ၈နာရီ အတွင်းပွင့်တာမို့ ညဘက် လှုပ်ရှားတဲ့ အင်းဆက်တွေကသာ ၀တ်မှုန်ကူးခြင်းကို ကူညီပေးတာပါ။
- နဂါးမောက်အပင်တွေမှာ မျိုးစိတ်ပေါင်း ၂၅မျိုးခန့် ရှိပြီး မျိုးစိတ်ခွဲပေါင်း ရာနှင့်ချီ ရှိပါတယ်။ အဲ့ထဲက တချို့က ပွင့်တည်းဝတ်မှုန်ကူးတာဖြစ်ပြီး တချို့ကတော့ ပွင့်ခြားဝတ်မှုန်ကူးတာဖြစ်ပါတယ်။ အနီမျိုး၊ ပန်းရောင်မျိုးတွေက ပွင့်တည်းဝတ်မှုန်ကူးတတ်တဲ့ သဘောပါ။
- သဘာဝအကူအညီနဲ့ (ဥပမာ ပျား၊ ပိတုန်း) ၀တ်မှုန်ကူးစေတာက အတိုင်းအတာ တခုအထိ ထိရောက်စေပါတယ်။ ပွင့်တည်းဝတ်မှုန်ကူးစေတဲ့မျိုးစိတ်တွေအတွက် လူက အထူးပြုလုပ်ပေးစရာမလိုပေမယ့် ပွင့်ခြားဝတ်မှုန်ကူးတတ်တဲ့မျိုးစိတ်များအတွက်တော့ လူက ပြုလုပ်ပေးမယ်ဆိုရင် အသီးတင်နှုန်း များစေပါတယ်။
- ပွင့်တည်းဝတ်မှုံကူးခြင်းမှာလဲ လူက ပြုလုပ်ပေးတာမျိုးရှိပါတယ်။ ဒါပေမယ့် အခန့်မသင့်ရင် အသီးတင်သော်လဲ အချိန်မတန်မီ မှည့်ကြွေခြင်း၊ အသီးသေးခြင်း စတဲ့ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။
- အပင်သက်ကလဲ ၃နှစ်အထက်ရှိနေပြီး မြေသြဇာတွေလဲ စုံအောင် ကျွေးထားပါလျက် (အများလို၊ အနည်းလို အဟာရစုံလင်ပြီး ၊ သဘာဝအားဖြင့် ၀တ်မှုန်းကူးစေတတ်တဲ့ ပျား၊ ပိတုန်း စသည်လဲ ရှိနေမယ်ဆိုရင်) အသီးတင်နှုန်း နဲနေရင် လူက စီမံပေးရတဲ့ ၀တ်မှုန်ကူးခြင်းကို ဆောင်ရွက်နိုင်ပါတယ်။
- ညဦးပိုင်း ၈နာရီ ၀န်းကျင်လောက်က စပြီး ပန်းပွင့်တာနဲ့ ၀တ်မှုန်များကို ကပ်ကြေးဖြင့် ၀တ်မှုန်ဖိုတိုင်မှ ညှပ်ယူပြီး ခွက်သန့်သန့်ဖြင့် ထည့်ကာ စုဆောင်းပါ။ မနက်ခင်းအာရုဏ်တက်ချိန်တွင် ၀တ်ဆံမတိုင် ပွင့်အာတတ်ပြီး ပန်းချီဆွဲ စုတ်တံ အသေး( အနုစား)ဖြင့် ၀တ်မှုန်ဖိုများကို တို့ကာ ၀တ်ဆံမတိုင်ပေါ်သို့ အသာအယာတင်ပေးခြင်းဖြင့် ၀တ်မှုန်ကူးခြင်းကို ဆောင်ရွက်နိုင်ပါတယ်။
- အစာအဟာရပိုင်းအနေဖြင့် ကိုင်းဖြင့် စပျိုးချိန်တွင် ပင်ပိုင်းအားကောင်းစေရန် နောက်ချေးဆွေး၊ ပဲဖတ်နဖက်စိမ်ရည်၊ ငါးအမိုင်နို၊ စသည်များကို အလျင်းသင့်သလိုကျွေးပြီး အပွင့်မပွင့်ခင် ၁လအလို တွင် ကိုင်းချိုင်ပေးခြင်း အသီးအချဉ်ဖောက်ရည်၊ EMဖျော်ရည်၊ အရိုးမှုန့်မြေသြဇာ၊ စသော အသီးအပွင့်အားကောင်းစေသော အဟာရများကျွေးသင့်ပြီး ပန်းစပွင့်ချိန်တွင် ၀တ်မှုန်ကူးရာတွင် အဓိက တာဝန်ယူဆောင်ရွက်ပေးသော ဘိုရွန်ဓာတ်ပါတဲ့ လက်ချားကို ရွက်ဖြန်းအဖြစ်ဖြန်းပေးခြင်း၊ အသီး၏ ဆဲလ်နံရံ တောင့်တင်းခိုင်မာစေခြင်းဖြင့် အရည်အသွေးပြည့်မှီသော အသီးများရစေရန် အသီးစတင်ချိန်မှာ Calcium ဓာတ်ပါသော ထုံးဓာတ်မြေသြဇာများကျွေးခြင်း၊ အသီးများချိုစေရန်အတွက် မဂ္ဂနီစီယမ်ဓာတ်ပါသော ဆားခါးများကို ကျွေးခြင်း၊ နဂါးမောက် စစိုက်ချိန်မှ အသီးဖြစ်ထွန်းချိန်အထိ အပင်၏ ကျန်းမာရေး၊ အရည်အသွေး၊ အနံ့၊ အရသာပိုင်း စသည်တို့ကို အဓိကတာဝန်ယူ ပံ့ပိုးနေသော ပိုတက်ဆီယမ်ဓာတ် ပြာဓာတ်ကို အစဉ်ကျွေးပေးနေခြင်း၊ စသည်တို့ဖြစ်သည်။
ခင်မင်တဲ့
ကိုဝေအောင်
စိမ်းလန်းသစ်မွှေး
၂၀၁၄ မတ်လ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...