Monday, March 23, 2015

ခေတ်သစ်အိုးထိန်းသည်ပုံပြင်


အားလုံးကြားဖူးတဲ့ ပုံပြင်ကလေးပါ။ ခဝါသည်ကို မနာလိုတဲ့ အိုးထိန်းသည်က ဘုရင်ကြီးကို အရှင်မင်းကြီးရဲ့ ဆင်မည်းကြီး ဖြူသွားအောင် ခဝါသည်ကို ဖွတ်ခိုင်းပါဘုရားလို့ လျှောက်တင်တော့ ဘုရင်လုပ်တဲ့သူက အေး… ဟုတ်သားပဲ။ ငါ့ဆင်ကြီးဖြူလာအောင် ဖွတ်စမ်းဟဲ့လို့ ခဝါသည်ကို ခိုင်းပါလေရော။ ဒါသူ့ကို အိုးထိန်းသည်က ချောက်တွန်းတာမှန်း ခဝါသည်က သိတာပေါ့။ ဆင်တစ်ကောင်လုံး ထည့်လျှော်လို့ရတဲ့ အိုးတစ်လုံးရရင် ပြီးပါတယ် အရှင်မင်းကြီးလို့ ပြန်လျှောက်တယ်။ အဲဒီတော့ ပြဿနာက အိုးထိန်းသည်ဆီပဲ ပြန်ရောက်သွားတော့တာပေါ့။ ဆင်တစ်ကောင်လုံးဆန့်တဲ့ အိုးဆိုတာမျိုးဖုတ်ဖို့က ဘယ်လွယ်မှာလဲ။ ရတယ်ပဲထားဦး။ မြေအိုးဆိုတော့ ဆင်နင်းတာနဲ့ ကွဲမှာပဲ။ တိုတိုပြောရရင် သူတစ်ပါးကို မနာလိုတဲ့သူ ကိုယ့်အတတ်ကိုယ်စူးပြီး ကိုယ်ကျိုးနည်း ရတဲ့အကြောင်း သင်ခန်းစာယူဖို့ ပုံပြင်ကလေးပါ။

ခေတ်သစ် အိုးထိန်းသည်ပုံပြင်က အဲဒီလိုမဟုတ်ဘူးဗျ။

တစ်နေ့မှာ အိုးထိန်းသည်ကို ဘုရင်ကြီးက ဆင်ကျောင်းအုပ်ကြီးသွားလုပ်ချေလို့ မိန့်ပါလေရော။ အိုးထိန်းသည်က ကျွန်တော်မျိုး အိုးပဲလုပ်တတ်တာ။ ဆင်အကြောင်း ဘာမှမသိပဲ ဆင်ကျောင်းအုပ်လုပ်ဖို့ မတော်ပါဘူးဘုရာ့လို့ ပြန်ပြီး လျှောက်တင်တာပေါ့။ ဘုရင်ကြီးက ဟဲ့မောင်မင်း… ဆင်အကြောင်းသိမှ ဆင်ကျောင်းအုပ် လုပ်လို့ရသလား။ လောလောဆယ် ဒုကျောင်းအုပ် ရာထူးနဲ့ အရင်လေ့လာ။
ဒီလိုပဲ လုပ်ရင်းနဲ့ သိလာမှာပေါ့။ ငါ့ကိုစောဒကမတက်နဲ့ ဆိုပြီးကြိမ်းတော့ အိုးထိန်းသည်ခမျာ ဆင်ကျောင်းတော်ကြီးရှိရာ ကျောက်စရစ်ကုန်းကို သွားရတော့တာပေါ့။ ဆင်ကျောင်းကြီးကိုရောက်တော့ လုပ်နေကိုင်နေကြတာကို ကြည့်ပြီး ဒီဆင်ကလေးတွေကို သစ်လုံးတွေ ဆွဲတတ်အောင် သင်နေတာဆို။ ဒလိမ့်တုန်းပေါ် တက်လှိမ့်ခိုင်း၊ ဘောလုံးကန်ခိုင်း၊ ခွေးချေပေါ်ထိုင်ခိုင်း လုပ်နေတော့ သစ်ဆွဲဖို့မဟုတ်ပဲ ဆပ်ကပ်ထဲပြဖို့ သင်ပေးသလို ဖြစ်မနေဘူးလားဗျလို့ အိုးထိန်းသည်ကပြောတယ်။ အဲဒီတော့ အရင်ကျောင်းအုပ်က ခင်ဗျားက ဘယ်လောက်တတ်လို့ ကျုပ်တို့ကို ဆရာလာလုပ်နေတာလဲ။ ဒါသင်ရိုးအတိုင်း သင်နေတာ။ သစ်ဆွဲတတ်တာ မတတ်တာ ကျုပ်တို့အပူမဟုတ်ဘူး ဆိုပြီး ဘုတောတော့တာပါပဲ။ အိုးထိန်းသည်လည်း ငြိမ်နေလိုက်ရတာပေါ့။

မကြာပါဘူး။ အိုးထိန်းသည် ပရိုမိုးရှင်းနဲ့ ကျောင်းအုပ်ကြီးဖြစ်လာတယ်။ ရာထူးတိုးပေမယ့်  သူ့ခမျာ  မပျော်နိုင်ပါဘူး။ ရှင်းရမယ့် ပြဿနာတွေက တထွေးကြီးကိုး။ မရှေးမနှောင်းမှာပဲ သွက်သွက်လက်လက်၊ ချက်ချက်ချာချာနဲ့ အလိုက်လည်းသိတဲ့ ခဝါသည်ကို ဘုရင်ကြီးက နန်းရင်းဝန် ခန့်လိုက်ပါရော။ လျှော်ရေးဖွတ်ရာဌာနလည်း ကွန်ကရစ် ရေကန်ကြီးတွေ၊ ရေစုပ်စက်ကြီးတွေနဲ့ ဖြစ်သွားတာပေါ့။ အဲဒီအချိန်မှာ ဆင်လေ့ကျင့်ရေးကျောင်းကြီးကတော့ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ပါပဲ။ တစ်နေ့ ဘုရင်ကြီးတိုင်းခန်းလှည့်ရင်း ဆင်ကျောင်းကိုရောက်တော့ ဟဲ့ ကျောင်းအုပ်ကြီး… မောင်မင်းရဲ့ဆင်တွေက ပိန်လှပါကလား။ အစာကောင်းကောင်း မကျွေးဘူးထင်တယ်လို့ မိန့်တယ်။ ဘုန်းတော်ကြောင့် ဘတ်ဂျက်မရ၍ မကျွေးနိုင်ကြောင်းပါဘုရားလို့ အိုးထိန်းသည်က ကြောက်ကြောက်နဲ့ လျှောက်တင်ရတာပေါ့။ ဘုရင်ကြီးက စိတ်ဆိုးသွားပြီး သယ်… ရာဇဝင်ရိုင်းလိုက်လေ။ နန်းရင်းဝန်ကြီး… ဒီကောင့်ကို ဘတ်ဂျက်ချပေးလိုက်လို့ မိန့်မှတ်ချက်ပြုတယ်။ ဘုရင်ကြီး ဒေါပွပွနဲ့ထွက်သွားတော့ နန်းရင်းဝန် ခဝါသည်က ကျောင်းအုပ်ဖြစ်တဲ့ အိုးထိန်းသည်ကို ငွေတစ်မတ်ပေးတယ်။ ဟာဗျာ… ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းတက်ကိုင်လို့ ဖြစ်မလားဗျလို့ စောဒကတက်တော့  ဒါကျွန်ုပ်ရဲ့ပြဿနာမဟုတ်ဘူးလေတဲ့။ (စကားချပ် - ဆင်များ ငါးကြင်းခေါင်း မစားပါ။ ဇတ်နာအောင် တင်စားခြင်းသာ ဖြစ်ပါသည်။)

တစ်ခါ နန်းရင်းဝန် ခဝါသည်က ညွှန်ကြားပြန်တယ်။ ဆင်တွေထားတဲ့ရုံကြီးရဲ့ တိုင်လုံးတွေကို ရွှေပိန်းချရမတဲ့။  အောက်က အတော့်ကိုဆွေးနေပြီဗျ။ ပြိုလုလုဖြစ်နေလို့ ဒေါက်တွေနဲ့ ထောက်ထားရတယ်။ အဲဒါကိုအရင်ပြင်ရင် မကောင်းဘူးလားဗျာလို့ ဆင်ကျောင်းအုပ် အိုးထိန်းသည်က ပြန်ပြီးအထွန့်တက်တယ်။ အောက်ကဘာဖြစ်ဖြစ် ဘယ်သူမြင်တာ မှတ်လို့ဗျာတဲ့။ ခဝါသည်ကပြောတယ်။ ဥပဓိကအရေးကြီးတယ်ဗျ။ အလှအပကို အရင်ဦးစားပေး ရမယ်လို့ ဆိုပြန်ရော။ အိုးထိန်းသည်က မလျှော့ဘူး။ ဒီလောက်ယိုင်ရွဲ့နေတာဗျာ… တိုင်လုံးတွေကို ရွှေချရုံနဲ့ လှလာမှာမှ မဟုတ်တာလို့ ပြောပြန်တယ်။ ခင်ဗျားတော်တော်ခက်တဲ့လူ။ ဒါမင်းကြီးအမိန့်။ လုပ်ချင်လုပ်။ မလုပ်ချင်နေဆိုပြီး ခဝါသည်က ထွက်ချသွားပါလေရော။ ဘာတတ်နိုင်မလဲ။ နောက်ဆုံးတော့ ရှိစုမဲ့စု ဘတ်ဂျတ်လေးနဲ့ တိုင်လုံးတွေကို ရွှေပိန်းချရတော့တာပေါ့။

အဲဒီနောက်တော့ ခဝါသည်က အိုးထိန်းသည်နဲ့ တိုက်ရိုက်မဆက်ဆံတော့ဘူး။ စီမံအမတ်၊ ဒါမှမဟုတ် ထရိန်နင် အမတ်ကနေတဆင့်ပဲ အမိန့်တွေပေးတယ်။ သင်တန်းကျောင်းတွေကိုကိုင်ရတဲ့ ထရိန်နင် အမတ်က ကျောင်းနေဖက် ဆိုတော့ ဟန်ကျတာပဲလို့ အိုးထိန်းသည်က ထင်တာပေါ့။ ဘယ်ဟုတ်လိမ့်မလဲ။ ထရိန်နင် အမတ်က ပြောတယ်။ ကျုပ်တို့မှာရှိတဲ့ ကျောင်းသုံးကျောင်းထဲမှာ ပြင်ဦးလွင်ကျောင်းက ပထမဦးစားပေး။ မှော်ဘီကျောင်းက ဒုတိယ။ ခင်ဗျားတို့ကျောင်းကတော့ တတိယနေရာမှာရှိတယ်။ အဲဒါကိုမမေ့နဲ့တဲ့။ အိုးထိန်းသည်က စောဒကတက်တာပေါ့။ ကျွန်တော်တို့ကျောင်းက ဆင်တက္ကသီလာကျောင်းတော်မဟာလေဗျာ။ မုခ်ဦးကြီးမှဟီးလို့။ ကျွန်တော်တို့က ပထမ ဖြစ်သင့်တာပေါ့လို့ဆိုတော့ ထရိန်နင် အမတ်ကပြောတယ်။ စဉ်းစားကြည့်လေဗျာ။ ပြင်ဦးလွင် ဆိုတာက သာသာယာယာမို့ ပထမဖြစ်ရမှာပေါ့။ မှော်ဘီက ရန်ကုန်နဲ့ နီးတယ်လေဗျာ။ အဲဒီတော့ ဒုတိယ။ ခင်ဗျားတို့ ကျောက်စရစ်ကုန်းကတော့ ကျုပ်တို့အတွက် အရှုပ်ထုပ်ပဲ။ ကျောင်းသုံးကျောင်းထဲမို့ တတိယရတာ။ ကျုပ်တို့မှာ ကျောင်းဆယ်ကျောင်းလောက်ရှိရင် သေချာတယ်။ ခင်ဗျားတို့က ဒဿမပဲ။ ခင်ဗျားတို့ဖာသာ တက္ကသီလာ ကျောင်းတော်မဟာပဲဖြစ်ဖြစ်။ ဘာပဲဖြစ်ဖြစ်။ ကျောက်စရစ်ကုန်းက ကျောက်စရစ်ကုန်းပဲတဲ့ဗျာ။

အိုးထိန်းသည် ဆင်ကျောင်းကိုရောက်ပြီး သုံးနှစ်ကြာတော့ ဆင်ကောင်ရေက ၂၀၀ လောက်ဖြစ်လာတယ်။ အရင်က ၅၀ ပဲလက်ခံတဲ့ ဆင်တက္ကသီလာ ကျောင်းတော်မဟာကြီး ပြည့်ကျပ်လာတာပေါ့။ ဆင်ကလေးတွေသာ များလာတယ်။ ဆင်ဆရာက တိုးမလာတော့ ကျောင်းအုပ်ကြီးဖြစ်တဲ့ အိုးထိန်းသည်ခမျာ အခက်ကြုံရပြန်ရော။ ဒီကြားထဲ ဆင်ဘွဲ့လွန် သင်တန်းတွေပါ ဖွင့်ရတော့ ပါရဂူဘွဲ့၊ မဟာဘွဲ့တွေရထားတဲ့ ဆင်ဆရာက လိုလာပြန်တယ်။ အဲဒီတော့ ထရိန်နင် အမတ်ကို အိုးထိန်းသည်က ခင်ဗျားတို့ဆီမှာ နိုင်ငံခြားပြန် ဆင်ဂုရုကြီးတွေ၊ ဆင်မဟာ အာစရိလေးတွေ များလာပြီပဲဗျာ။ ကျွန်တော်တို့ကို နည်းနည်းမျှပါဦးလို့ အပူကပ်တာပေါ့။ သူတို့က နိုင်ငံခြားပြန်တွေဆိုတော့ ကျောက်စရစ်ကုန်းကို လာပြီး ဆင်ထိန်းတဲ့အလုပ်ကို မလုပ်ချင်ကြဘူးဗျတဲ့။ ထရိန်နင် အမတ်ကပြန်ပြောတယ်။ ဟောဗျာ… ဒါနဲ့များ ဘာလို့ ဆင်ထိန်းကျောင်းရေး အတတ်တွေကို နိုင်ငံခြားအထိတောင် သွားသင်ကြတာလဲဗျာလို့ အိုးထိန်းသည်က ဆိုတော့ သူတို့ကို ဆင်ဆရာလုပ်ဖို့ နိုင်ငံခြားလွှတ်တာ မဟုတ်ဘူး။ ကျုပ်တို့ ရွှေနန်းတော်ကြီးမှာ စာရေးတော်အရာရှိတွေ လိုတယ်ဗျတဲ့။ တော့ကင်းပွိုင့်ဆို နန်းရင်းဝန်ကြီးက သူတို့ရေးမှ စိတ်တိုင်းကျတာ။ မြန်မာသရီးရိုက်တာလည်း ကျွမ်းသလားမမေးနဲ့။ ခင်ဗျားတို့ဆီပို့လိုက်ရင် အဲဒီစွမ်းဆောင်ရည်တွေ အလကား ဖြစ်ကုန်မှာပေါ့… ပညာရှင်တွေရဲ့ ဘဝကို နစ်မွန်းအောင် မလုပ်ချင်စမ်းပါနဲ့ဗျာတဲ့။

ကဲဗျာ… ဆင်ဆရာ ထပ်မပေးလဲနေတော့။ ဧည့်ကြိုဆရာမတွေက များလွန်းနေသဗျ။ ဖွဲ့စည်းပုံက နှစ်ယောက်ပဲ ခန့်လို့ရတာ။ ခုငါးယောက်ဖြစ်နေပြီ။ လုပ်စရာအလုပ်ကလည်း မယ်မယ်ရရ မရှိတော့ ရန်ကုန်ကိုပဲ အလှည့်ကျ ပြန်နေကြတယ်ဗျာ။ ကြည့်လုပ်ပေးပါဦးလို့ အိုးထိန်းသည်က တောင်းဆိုပြန်ရော။ ထရိန်နင် အမတ်ကပြောတယ်။ ရာဇဝတ်အိုး တုတ်နဲ့မထိုးနဲ့ကိုယ့်လူ။ သူတို့က သေနာပတိကြီးတွေရဲ့ မဒမ်တွေလေဗျာ။ သူတို့က လစာလိုချင်လို့ အလုပ်လုပ်နေကြတာ မဟုတ်ဘူး။ တက္ကသီလာ ဆရာမဆိုတဲ့ဂုဏ်ကြောင့် လုပ်နေကြတာ။ ဒီအတိုင်း ထားလိုက်စမ်းပါဗျာတဲ့။ ထားလို့မဖြစ်ဘူးဗျ။ ခင်ဗျားတို့ပဲ ပြည်သူ့ဘဏ္ဍာ အလဟဿ မဖြစ်စေနဲ့ဆို။ တော်ကြာ စာရင်းစစ်က ကန့်ကွက်ရင် ဘယ့်နှယ်လုပ်မလဲ ဆိုတော့ ခင်ဗျားဒီလို အထူအပါး နားမလည်လို့ ကျောက်စရစ်ကုန်းကို အပို့ခံရတာဗျ။ သိရဲ့လား… တဲ့ဗျာ။ အိုးထိန်းသည်ကလည်း အင်း… ဟုတ်မှာပဲ။ အရှင်မင်းကြီးနဲ့ နန်းရင်းဝန်ကတော့ ငါ့ကိုအမျက်ရှမှာ သေချာတယ်။ မတတ်နိုင်ဘူး။ ဆင်ကျောင်းအုပ်လုပ်မှတော့ ဆင်ကျောင်းတော်ကြီး ကောင်းရာကောင်းကြောင်း အမုန်းခံပြောဖို့က ငါ့တာဝန်ပဲလို့ တွေးမိတယ်။ ဒီတော့သူက ခေါင်းမာမာနဲ့ တစ်ခုပြီးတစ်ခု တင်ပြတာပဲ။ အပေါ်ကလည်း ဘာတင်တင် ပယ်ချတာပါပဲ။

တစ်ရက်မှာတော့ ထရိန်နင် အမတ်က ညွှန်ကြားချက်ကို ဖက်စ်နဲ့လှမ်းပို့တယ်။ ဆင်ကလေးတွေကို ဖြူအောင်လုပ်ရ မတဲ့ဗျာ။ အိုးထိန်းသည်က ပြောတာပေါ့။ သဘာဝဟာ သဘာဝပဲ။ အမည်းကအဖြူ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ။ နန်းရင်းဝန်ကရော ဘာပြောလဲဆိုတော့ သူလည်းဘာပြောမှာလဲဗျာ။ သင့်မြတ်ကြောင်းပါဖျာ့ပေါ့။ မျိုးရိုးဗီဇနည်းနဲ့ဆိုရင် ဖြစ်နိုင်ကြောင်းပါတဲ့ဗျား။ ဒုက္ခပါပဲဗျာ။ မျိုးရိုးဗီဇဆိုတိုင်း ရမလားဗျ။ ခင်ဗျားတို့ ရှင်းမပြကြဘူးလားဆိုတော့ ထရိန်နင် အမတ်က ကြောင်ကိုခြူလာဆွဲခိုင်းမနေနဲ့ကိုယ့်လူ။ မင်းတြားကြီးက နန်းရင်းဝန်ကို အမိန့်ပေးတယ်။ နန်းရင်းဝန်က ကျုပ်ကိုအမိန့်ပေးတယ်။ ကျုပ်ရဲ့တာဝန်က ခင်ဗျားကို ဆက်ပြီး အမိန့်ပေးဖို့ပဲဗျ။ ကိုယ့်ပြဿနာ ကိုယ်ရှင်းလို့ ပြန်ပြောတယ်။ အဲဒါနဲ့ အိုးထိန်းသည်ကလည်း ဆင်မည်းကို ဖြူစေချင်ရင် ခဝါသည်အတတ်မှာ တစ်ဖက်ကမ်းခတ်တဲ့ နန်းရင်းဝန်ကိုသာ တာဝန်ပေးပါတော့ဘုရားလို့ ဘုရင်ကြီးကို လျှောက်တင်တယ်။ ဒီတော့မှ နန်းရင်းဝန်က မဖြစ်နိုင်တာကို မဖြစ်နိုင်ကြောင်း မင်းတြားကြီးကို နားချမှာပဲလို့ အိုးထိန်းသည်က ထင်မိတာကိုးဗျ။ တက်တက်စင် အောင်လွဲတော့တာပဲ။ မင်းတြားကြီးက ဆင်တစ်ကောင်လုံးဆန့်တဲ့ အိုးတစ်လုံး ဆင်ကျောင်းအုပ်ကြီးက ပြုလုပ်စေလို့ အမိန့်တော် ချမှတ်လိုက်တယ်။ အိုးထိန်းသည်က အကျိုးတော့နည်းပြီ။ ဘယ့်နှယ်လုပ်ရပါ့ ဆိုပြီး ဉာဏ်နီဉာဏ်နက်တွေ ထုတ်ရတော့တာပေါ့။

အဆုံးမတော့ အိုးထိန်းသည်က ဆင်ကလေးတွေကို ဖြူအောင်လုပ်ထားပြီးပါပြီ။ မင်းကြီးကိုမပြခင် နန်းရင်းဝန်ကြီး အရင်လာကြည့်လှည့်ပါလို့ ရွှေနန်းတော်ကို သတင်းပို့လိုက်တယ်။ နန်းရင်းဝန် ရောက်လာတော့ ဆင်ကလေးတွေကို ပြပြီး အိုးထိန်းသည်က ပြောတယ်။ ကဲ… နန်းရင်းဝန်ကြီး မျက်မြင်ပဲ။ ဆင်မည်းကို ဖြူအောင်လုပ်ဖို့ မျိုးရိုးဗီဇနည်းလည်း မလိုဘူး။ လျှော်ဖို့ဖွတ်ဖို့လည်း မလိုဘူး။ ဆင်ငါးကောင်ကိုမှ ထုံးဘိုးတစ်မတ်ပဲလိုတယ်။ ဖြူချင်ရင်တော့ ဒါမျိုးပဲရမယ် လို့ဆိုတော့ နန်းရင်းဝန်က ကဲပါဗျာ… မင်းတြားကြီးကို ကျွန်ုပ်ကပဲ သင့်တော်သလို လျှောက်တင်လိုက်ပါ့မယ်ဆိုပြီး မျက်နှာညိုညိုနဲ့ ထွက်သွားတယ်။ အနားကလူတွေကတော့ ပြုံးစိစိနဲ့ပေါ့ဗျာ။ ပုံပြင်ကလေးကတော့ ဒီလောက်ပဲဗျ။ ရှေ့ဆက်လို့ မရတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဆင်တက္ကသီလာကျောင်းတော်မဟာကို ပညာရေးအောက် ပို့တော့မှာကိုး။  နန်းရင်းဝန်ကြီးလည်း ခုမှရင်ထဲကအလုံးကြီး ကျသွားတဲ့ပုံပဲ။ ဇတ်ပေါင်းရရင် မလည်မဝယ် နုံနုံအအ ခေတ်သစ် အိုးထိန်းသည်မှာ ကျောက်စရစ်ကုန်းက ကျောင်းအုပ်ကြီး ကျွန်တော်ဖြစ်၍ ကျန်သောဇတ်ကောင် များသည်ကား… အဲ… မပြောရဲလို့ မပြောပါရစေနဲ့တော့ဗျာ။

စာကြွင်း။  ။ ဟိုတစ်နေ့က ကျွန်တော်တက်နေတဲ့ သင်တန်းမှာ ဂုရုကြီးတစ်ပါးက ပြောတယ်။ သူကတော့ လက်ဝှေ့ထိုးနေရသလိုပါပဲတဲ့။ အားတင်းပြီးထိုးလာတာ နောက်ဆုံးအချီ ရောက်နေပါပြီ။ ဒီတော့ အချိန်စေ့လို့ အချက်ပေးတဲ့ မောင်းသံကိုသာ နားစွင့်နေတော့တာပါပဲတဲ့။ ကျွန်တော်လည်း သူ့လိုပါပဲ။ လာမယ့်ဒီဇင်ဘာမှာ ၅၅ နှစ် ပြည့်ပါတော့မယ်။ တကယ်တော့ ကျွန်တော်ကြိုးပမ်းသမျှဟာ ကျောင်းတော်ကြီး အရှည်ရပ်တည်နိုင်ဖို့ပါ။ အလုပ်ကို ပုဂ္ဂိုလ်ရေးနဲ့ ရောထွေးလိုက်တာကတော့ စိတ်မကောင်းစရာပါပဲ။ ငါ့စကားနွားရ ပြောကြဆိုကြတာတွေကိုလည်း ငြီးငွေ့ပြီ။ တာဝန်သာခံရပြီး ဘာမှလုပ်လို့ကိုင်လို့ မရတဲ့ ကျောင်းအုပ်ကြီးဘဝကိုလည်း စိတ်ကုန်လှပါပြီ။ နောက်ဆုံးအချီ အချိန်စေ့တဲ့ မောင်းသံကလေးကိုသာ ကျွန်တော် စောင့်မျှော်လျက် ရှိကြောင်းပါခင်ဗျာ။

credit
Myint Oo, Ph.D.
Rector
University of Forestry, Yezin


ဆင်ကျောင်းအုပ် (ကျောက်စရစ်ကုန်း) တင်ဆက်သည်။

  1 comment:

  1. ဘာဖြစ်လို့အမှန်တွေရေးတာလဲ ဆရာ. .......

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...