Monday, March 23, 2015

တစ်ခွက်စာချန်ထားတတ်တဲ့ဆရာ


မိုးသည်းတဲ့တစ်နေ့ ကျောင်းထဲမှာ ရေစီးရေလာကောင်းအောင် မြောင်းတွေဖော်နေတုန်း
“ဟေ့ … ဆရာကြီး ကြည့်လည်း လုပ်ဦး ရွာမှာ ထာဝရအိပ်သွားရဦးမယ်”
ကျွန်တော်က ကျောင်းပြင်ကနေ အော်သွားတဲ့သူကို လှမ်းကြည့်လိုက်တော့ ဆရာ ဦးဌေးကြွယ်။ သူက ကျွန်တော့်ကို နောက်နေကျ။ ဒီရွာမှာကလည်း ကျွန်တော့်ကို အဲဒီလိုပြောတာ သူတစ်ယောက်ပဲရှိမှာ။ သူက ကျွန်တော့်ကိုသာ မဟုတ်ပါဘူး။ တစ်ရွာလုံးကိုလည်း သူပြောချင်တာပြောတာ။ အဲဒါကိုပဲ တစ်ရွာလုံးက သူ့ကို ချစ်ပြီး ခွင့်လွှတ်နေကြရတာ။

သူကတော့ ဆရာ ဦးဌေးကြွယ်။ တိုက်နယ်ဆေးရုံ ဆရာဝန်ကြီး။ ကျွန်တော်နဲ့ အသက်မတိမ်းမယိမ်း။ ဒါပေမဲ့ ဝန်ထမ်းတိုင်း လာရမှာကြောက်ကြပြီး ရှောင်တိမ်းနေကြတဲ့ ဒီလို ရိုးမတောထဲကို လာပြီးတာဝန်ထမ်းနိုင် တာကပဲ သူ့ကို လေးစားစရာ ဖြစ်နေတယ်။
ရွာမှာက ပညာရေးဌာနရဲ့ ကျောင်းဆရာတွေဆိုတာ စတုတ္ထတန်းလောက်မှာပဲရှိတယ်။ ပထမတန်းက ဆရာဝန်၊ ဒုတိယတန်းက သားဖွားဆရာမ၊ တတိယတန်းက အပ်ပုန်း၊ ကျွန်တော်တို့က စတုတ္ထတန်းနေရာမှာ။ အဲဒါကို ကြည့်ရင် ကျန်းမာရေးဟာ ရွာတွေမှာ ဘယ်လောက်အရေးကြီးနေသလဲဆိုတာ သိသာပါတယ်။ တောထဲ တောင်ထဲ ငှက်ဖျားဝင်၊ ကျားကိုက်၊ ဝံကိုက်၊ ငုတ်ထိုး၊ ဆူးထိုးနဲ့ နေ့စဉ် မရှောင်လွဲနိုင်လောက်အောင် ဖြစ်နေကြ ရတဲ့ ဒီတောထဲ တောင်ထဲမှာ ကျန်းမာရေးဌာနက ပုဂ္ဂိုလ်တွေကိုပဲ ဦးစားပေးနေကြရတာပါ။
ဦးဌေးကြွယ်ဟာ ကျွန်တော်တွေ့ဖူးသမျှ ဆရာဝန်တွေထဲမှာတော့ အလွန်ထူးခြားတယ်။ လူက ပိန်ခြောက် ခြောက် (ထိုစဉ်က)၊ မည်းကြုတ်ကြုတ်။ ဘုရားစူး ဆရာဝန်လို့ ကျိန်ပြောရမယ့်ရုပ်။ နောက်ပြီး ညာဉ်ဆိုး တစ်ခု ကလည်း ရှိသေးတယ်။ ညနေအလုပ်ဆင်းပြီးဆိုတာနဲ့ ရွာထဲလှည့်ပြီး အရက်သောက်တာ။ သူ့ကို အရက်တိုက် ချင်တဲ့ အိမ်တွေက အများသား။ အဲဒီအချိန်က ရမ်လောက်ကိုပဲ အကောင်းဆုံး သောက်နေရတာဆိုတော့ သူက တပည့်တစ်ယောက်နဲ့ ရွာထဲလှည့်ပြီဆိုရင် ဟိုကလာပါဦး၊ သည်ကဝင်ပါဦး တစ်အိမ်တက်ဆင်း အရက်သောက် လိုက်၊ ဆေးကုလိုက်။ အဲဒါ ညနေကတည်းက လှည့်လိုက်တာ တစ်ညလုံးပဲဆိုပါတော့။ မူးတယ်ရယ်လို့လည်း မတွေ့ရဘူး။
သူလူနာကုပုံကလည်း တစ်ကြိမ်တွေ့ဖူးတော့ အံ့သြရတယ်။ ကျောင်းသားမိဘတစ်ဦး အသည်းအသန် ဖြစ်နေတယ်ဆိုတော့ သွားကြည့်တယ်။ လူမမာက အမောဖောက်နေတယ်။ အဲဒီအချိန်မှာ ဦးဌေးကြွယ်ရောက် လာတယ်။ လူနာရှင်ယောက်ျားက ဆရာ့ကို ပင့်လာရင်းက အစိုးရိမ်လွန်နေတာပေါ့။ ဆရာက လူနာဆီ တစ်ချက်မသွားဘူး။ အိမ်ဦးခန်းမှာထိုင်လိုက်ပြီး
“ကိုလှရွှေ … ချလေဗျာ” လို့ပြောလိုက်တယ်။ အရက်ချခိုင်းတာ။ လူနာရှင်က စိုးရိမ်တာပေါ့။ ရောက်ရောက်ချင်း သူ့မိန်းမကို ကြည့်စေချင်တယ်။ ဦးဌေးကြွယ်က တစ်ချက်လှည့်မကြည့်ဘူး။ ကြောက်ကြောက်နဲ့ ကိုလှရွှေလာချ တဲ့ အရက်ပုလင်းထဲက အရက်ကို ခွက်ထဲငှဲ့လိုက်ပြီးတော့
“ကိုလှရွှေ .. လာဦး .. ရော့သောက်လိုက်” ဆိုပြီး အရက်ခွက်ကို ကမ်းပေးတယ်။ ကိုလှရွှေကလည်း
“ဆရာကြီး … ဟို .. ဟို” လို့ပြောလိုက်ရော
“ဒီမှာ …ခင်ဗျား .. မသောက်ရင် ကျုပ်ပြန်သွားမှာ” လို့ပြောလိုက်တော့ ကိုလှရွှေလည်း အရက်ခွက်ကို မော့ချ လိုက်ရတယ်။ အဲဒါ သူ့နည်းပဲ။ လူနာရှင်တွေလာပြီး သူ့ကို လောရင် သူက အရက်တစ်ခွက်တိုက်လိုက်တာပဲ။ သောက်တတ်သည်ဖြစ်စေ၊ မသောက်တတ်သည်ဖြစ်စေ သူက အတင်းသောက်ခိုင်းတယ်။ မသောက်ရင် မကုဘူးလို့ကို ပြောတာ။ ကျွန်တော်က ဆရာ့ကို အဲဒီလို ဘာလို့ လုပ်ရတာလည်းမေးတော့ သူက
“အဲဒါ ဆိုက်ကိုဗျ ..သူတို့ဘေးမှာ အဲဒီလိုလာပြီးလောနေရင် အာရုံပျက်တယ်။ ဒါကြောင့် လူနာကို ကုဖို့ထက် လူနာရှင်ကို အရင် ငြိမ်အောင် လုပ်လိုက်ရတာ” လို့ပြောဖူးတယ်။
ဦးဌေးကြွယ်ဟာ သာမန်သူလို ငါလို ဆေးထိုးအပ်ကိုင်ပြီး၊ ဆေးပေးကုတဲ့ ဆရာဝန်တစ်ယောက်တော့ မဟုတ်ဘူးဗျ။ ဗိုက်ခွဲဖို့လိုရင် ဘလိတ်ဓားနဲ့လည်း ခွဲတာပဲ။ ဒဏ်ရာကို အပ်နဲ့ အပ်ချည်သုံးပြီး ချုပ်ရင်လည်း ချုပ် တယ်။ ကောက်ရိုးပုံထဲလည်း ခွဲစိတ်တယ်။ ဘာမှမရှိရင် ခွဲစိတ်ဒဏ်ရာကို ပျားရည်စစ်စစ်တောင်းပြီး လူးချင် လူးပေးတယ်။
တစ်နေ့ တောထဲမှာ ဝံတစ်ကောင်က လက်သည်းနဲ့ ပုတ်လိုက်လို့ ပါးကြီးတစ်ခြမ်းလုံး တွဲလောင်း ဟောက်ပက် ကြီးဖြစ်လာတဲ့ လူနာကိုလည်း တစ်ညလုံး စိတ်ရှည်လက်ရှည်၊ သူ့တပည့်တစ်ယောက်နဲ့ ခွဲစိတ်ပြီး နောက် တစ်နေ့မိုးလင်းထိကုတာလည်း သူပဲ။ ခွဲစိတ်နေရင် မျက်နှာဖုံးလည်း တပ်ချင်မှတပ်တယ်။ အရက်ထွက် သောက်ရင်လည်း သောက်တာပဲ။ သူ့အကျင့်က စီးကရက်ကို မပြတ်သောက်တာကြောင့် လက်သည်းတွေ ဆိုရင် ဝါကျင့်ကျင့်တွေတောင်ဖြစ်နေတယ်။
ဝံကုတ်တဲ့လူနာကို နောက်တစ်လလောက်မှာ ပတ်တီးဖြေတော့ အံ့သြစရာကောင်းလောက်အောင် ဘာချုပ်ရိုး၊ ဘာဒဏ်ရာမှ မတွေ့ရဘူး။ သူ့နည်းက ဒဏ်ရာတိုင်းကို ပျားရည်လိမ်းပဲ။ ရွာမှက ပျားရည်စစ်စစ်ဆိုတာ အိမ်တိုင်း ရှိတာကိုး။
ကျွန်တော်တို့ တောထဲတောင်ထဲ တာဝန်ထမ်းဖို့ရောက်လာကြတဲ့ ဝန်ထမ်းတွေဟာ အတော်များများ ခင်မင် ရင်းနှီးတတ်ကြတယ်။ ဆွေးမျိုးတွေလိုပေါ့။ ဦးဌေးကြွယ်နဲ့ ကျွန်တော်တို့ကျောင်းက ဆရာ ဆရာမတွေလည်း မောင်နှစ်မတွေလိုပဲ။ သူက မူးလာရင် သီချင်းဆိုချင်ဆိုတယ်၊ ကချင်ကတယ်။ သူနဲ့တွဲသောက်တဲ့ ရွာထဲက လူလတ်ပိုင်းတွေကလည်း သူ့အိမ်မှာ တရုန်းရုန်းပဲ။ တစ်နေ့ကုန် ဆေးရုံမှာ ဆရာဝန်ကြီးတစ်ယောက်လိုသိက္ခာ နဲ့ဘယ်လောက်နေနေ ညနေဆိုရင်သူက တကယ့်ကို ရွာထဲမှာ ကာလသားတစ်ယောက်လိုဖြစ်နေတတ်တယ်။
တစ်အိမ်တက်ဆင်း သောက်လိုက်၊ ဆေးကုလိုက်လုပ်နေပေမယ့် သူ့ကို အသပြာဆရာဝန်လို့ ပြောလို့ မရဘူး။ ပိုက်ဆံပေးရင်ဆဲတယ်။ အော်တယ်၊ ငေါက်တယ်။ သူ့အိမ်မှာ လာကန်တော့ထားတာတွေ အများကြီး။ တောသူ တောင်သားတွေဆိုတော့ ဗူးသီး၊ ခရမ်းသီး၊ ပဲသီးတွေများမှာပေါ့။ ဒါတွေကို ဆေးရုံကသူ့ဝန်ထမ်းတွေ စားစေပဲ။ ဆေးလိုရင် ဌာနကထောက်၊ ရွာကထောက်။ သူ့လို ကြုံရာနဲ့ ဆေးကုနေတဲ့ ဆရာကတော့ ရွာထဲကို နားကြပ် တစ်ချောင်းနဲ့ပဲလျှောက်သွားတာ။ ဆေးဝယ်စရာရှိရင် လူနာရှင်ကို ရေးပေးလိုက်တာပဲ။ လူနာရှင်က ဆေးရောင်းတဲ့ဆိုင်ကိုပြေး ဝယ်ပေးရတယ်။ ဒါကြောင့် သူ့ဆေးရုံကို မဖြစ်မနေတက်ရတဲ့ လူနာလောက်ပဲ လာပြီး၊ တစ်ညလုံး တစ်ရွာလုံးပတ်သောက်လိုက်၊ ပျော်လိုက်၊ ကလိုက်၊ လုပ်နေတဲ့ သူ့ကိုပဲ ရွာက မျှော်နေကြ ရတာပါ။
ဆရာဦးဌေးကြွယ် ပြောတတ်တဲ့ စကားတစ်ခွန်းရှိတယ်
“လူနာအတွက် တစ်ခွက်စာ ကျုပ် .. အမြဲချန်ထားတယ်” တဲ့။
(ဆရာဦးဌေးကြွယ်သည် နောက်ပိုင်းတောင်ကြီးဘက်ပြောင်းသွားပြီး ထိုဒေသတွင်လည်း လူအများ ချစ်ခင် မြတ်နိုး လေးစားရသူတစ်ဦးဖြစ်ကြောင်းသိရသည်။ ညောင်လေးပင်သားတစ်ယောက်ဖြစ်ပြီး ပင်စင်ယူကာ ဘုရားအလုပ် တရားအလုပ်များ လုပ်နေကြောင်းလည်းကြားရသည်။ ဆရာဦးဌေးကြွယ် ကျန်းမာစွာရှိစေချင် ပါသည်။ ဆရာ့ကို အရက်သောက်သည်ဟုပြောရခြင်းအား ခွင့်လွှတ်စေချင်ပါသည်။ ကျွန်တော်ကြုံတွေ့ဖူးသည့် အရက်သမားများထဲတွင် ချစ်စရာကောင်းသောသူတစ်ဦးဖြစ်နေသောကြောင့် တင်စားမိခြင်းဖြစ်ပါသည်။)
၂၁.၃.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...