Monday, March 9, 2015

“အချစ်မပြယ်တဲ့ အနှစ်နှစ်ဆယ်”

SoeMin

          ကျောင်းတုန်းက အတန်းဖော်သူငယ်ချင်းတွေနဲ့ မတွေ့ရတာ တော်တော်ကိုကြာပါပြီ။ ကြာဆို ၉၄ ကတည်းက ကျောင်းပြီးခဲ့တာ အခု ၂၀၁၄ တောင်ကုန်လုပြီဆိုတော့ အနှစ်နှစ်ဆယ်ရှိပြီလို့ ပြောလို့ရတယ်။ ဆရာဝန်ဘဝနဲ့ အစိုးရအလုပ်ထဲမှာ ကျင်လည်ရင်း တချို့တွေနဲ့ ပြန်တွေ့ဖြစ်တယ်။ တော်တော်များများနဲ့ မတွေ့ဖြစ်တော့ဘူး။ လူသတင်း လူချင်းဆောင်သမျှလေးပဲ ကြားရသိရတော့တယ်။ကိုယ်နဲ့သက်တူရွယ်တူ သူငယ်ချင်းထဲက ဘဝတပါးကို ကူးပြောင်းသွားတာတောင် လက်ချိုးရေလို့ လေးငါးယောက် ရနေပြီ။ မကျန်းမာလို့ ပင်စင်ယူသွားရသူလည်း ရှိနေပြီ။ သေမင်းနဲ့ စစ်ခင်းပြီးကာမှ တုံးကျော်မလေပါတီ လုပ်နေသူတွေလည်း ပါတာပေါ့။ အရွယ်က လေးဆယ့်ငါးနှစ်အောက်မှာ တစ်ယောက်မှ မကျန်တော့ဘူးလေ။ လူပျိုကြီး အပျိုကြီးတွေတော့ ကျန်နေသေးတုန်းပဲ။ ပြန်လည်ပျိုမြစ်လာသူတွေရော အသစ်တဖန် မွေးဖွားထားသူတွေရော စုံလို့။ ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းဆိုတာ အမြဲတမ်းသူငယ်ချင်းတွေပါပဲ။ အပတ်တကုတ် အားထုတ်လှုံ့ဆော်လို့ ဆရာကန်တော့ပွဲကလေးတစ်ခု ဖြစ်မြောက်အောင် ကြိုးပမ်းရင်း အနှစ်နှစ်ဆယ် အကြာမှာတော့ အဲသည်သူငယ်ချင်းတွေ အချင်းချင်း ပြန်လည်ဆုံတွေ့ခွင့်ရကြတယ်။ ဘယ်လောက် ပျော်စရာကောင်းသလဲ။


          ငယ်သူငယ်ချင်းတွေ ပြန်တွေ့တာဆိုတော့ ဘယ်အသက်အရွယ်ပဲရောက်ရောက် အတိတ်လမ်းကို ပြန်လျှောက်ရင်း ပြန်လည်နုပျိုလန်းဆန်းသွားရတာ သဘာဝပါ။ ကျောင်းတော်ကြီးထဲမှာ မိဂမ္ဘီခြေရာကောက်သလို ခြေရာဟောင်းကလေးတွေ ပြန်ကောက်ကြည့်ကြတယ်။ အားလုံးရဲ့ မှတ်ဥာဏ်ထဲမှာတော့အတူတကွ သိုမှီးထားဆဲပဲ မဟုတ်လား။ မျက်စိထဲမှာတောင် ငယ်ရုပ်ကလေးတွေ ပြန်ပေါ်လာခဲ့သေး။ ကိုယ်တို့ ဆေးကျောင်းစတက်တော့ သည်လမ်းမတော်ဆေးကျောင်းကြီးမှာ ဆေးလာစစ်ရတယ်။ ခုချိန်မှာ ကိုယ်က ကလေးတွေကို ဆေးပြန်စစ်ပေးရတဲ့ အရွယ်ကိုရောက်နေပြီဆိုတော့ ကိုယ့်တုန်းကအကြောင်းတွေ တိုက်တိုက်ဆိုင်ဆိုင် တွေးပြီး ပြုံးမိတယ်။ ရှက်တတ်တဲ့ လူပျိုကြီးသူငယ်ချင်းကို “မင်းအဲ့ဒီတုန်းက ငါ့ရှေ့မှာ ကုန်းပြီး ချွတ်ပလိုက်တာလေ။” လို့စတော့ သြစတေးလျက လာတဲ့သူငယ်ချင်း တိုးရစ်စ်မကြီးက “မျက်မှန် မျက်မှန်” လို့ ဖြည့်ပေးတယ်။ “အိုင်က 18 plus တွေ ကြားလို့မဖြစ်ဘူးကွ။” လို့လည်း ပြောသေးတယ်။ ဆေးစစ်တဲ့အချိန်က ငဖောင်ရိုးခြောက်ကလေးလို ပိန်လှီလွန်းလှတဲ့ စာရေးဆရာ သူငယ်ချင်းမကလေးက အခုအခါမှာ လုံးကြီးပေါက်လှ ဆင်တိုင်းလှဖြစ်နေတာကို ပြောပြတော့ “အေးဟယ်။ သူတော်တော်လှမှာပဲ။ အဲ့တုန်းကတောင် မျက်နှာကလေးက အရမ်းချစ်စရာကောင်းတာ။” ဆို မြင်ယောင်တမ်းတမိကြတယ်။

          ကိုယ်တို့ ပထမနှစ်တက်ရတာက လိပ်ခုံးမှာလေ။ အဲ့ဒီတုန်းကတော့ လိပ်ခုံးခန်းမဆောင်ကြီးက မပျက်မယွင်း ရှိသေးတယ်။ တက္ကသိုလ်ပေါင်းစုံ ပန်းချီပြိုင်ပွဲမှာ ဆုရတဲ့အခါ အဲသည် လိပ်ခုံးခန်းမကြီးထဲမှာ ဆုတက်ယူဖူးတယ်။ အဲ့ဒီအချိန်က ပညာရေးဝန်ကြီး ဦးကျော်ငြိမ်းက ပေးတာ။ လိပ်တစ်ကောင်လို ပုံသဏ္ဍာန်ရှိတဲ့ အဆောက်အဦကြီးရဲ့ ခေါင်းပုံစံ ဆင်ဝင်ကလေးအောက်မှာ အတန်းထဲက ကောင်မကလေးတွေ ထမီတိုတိုလေးနဲ့ ထိုင်ပြီး အိမ်ကကားလာကြိုတာ စောင့်ကြတယ်လေ။ သူ့ဘေးနားမှာ ကားရပ်တဲ့ပါကင်ကလေးရှိတယ်။ စာမေးပွဲဖြေတဲ့အခါမှာလည်း လိပ်ခုံးခန်းမကြီးထဲမှာ ဖြေရတာပဲ။ တက္ကသိုလ်စာမေးပွဲဆိုတော့ အခန်းစောင့်တဲ့ ဆရာမကလေးတွေဟာ ရင်ဖုံးလက်ရှည်မှာ ပုဝါရောင်စုံကလေးချလို့ တခမ်းတနားစောင့်ကြတယ်။ တက္ကသိုလ်က ဆရာမဆိုတာ အဲ့သလိုပဲ နေရသတဲ့။ အမိုးကြီးနိမ့်ဝင်သွားတော့ အကောင်းကြီးပဲရှိနေသေးတဲ့ ခန်းမကြီးကို ဘာဖြစ်လို့ တစ်ခုလုံးဖျက်ပစ်လိုက်သလဲ နားမလည်နိုင်ဘူး။ ပြီးအသစ်လည်း ပြန်ဆောက်ပေးတာ မဟုတ်။ ကျောင်းထဲမှာ သူ့ထက်အိုတဲ့ ပြိုတဲ့ အဆောက်အဦတွေတောင် သည်အတိုင်းထားသေးတာကို။ လိပ်ခုံး နဲ့ RIT ကို ရုရှားကဆောက်ပေးသွားတာ လို့ သိရတယ်။ စာသင်ဆောင်(၁)ဘေးက ဆေးထိုးနေတဲ့ပုံ လို့ စကြတဲ့ ရုပ်ထုကြီးဟာ တကယ်တော့ မိုင်းတူးနေတာလေ။ Mining Engineer တွေအတွက် ဆောက်ပေးတဲ့ကျောင်းဆိုပဲ။

          လိပ်ခုံးနဲ့ မျက်နှာချင်းဆိုင်က အဆောက်အအုံကြီးကိုတော့ ပျားအုံလို့ခေါ်တယ်။ သူလည်းပဲ တကယ့်ပျားအုံက မှန်ကူကွက်တွေလို ဒီဇိုင်းထုတ်ပြီး ဆောက်ထားတာ။ ဒါပေမယ့် အဲ့ဒါကြီးကို ကိုယ်တို့ ဆေးကျောင်းက မပိုင်ဘူး။ အဆည လို့ ခေါ်တဲ့ အဆင့်မြင့်ပညာဦးစီးဌာနက လူတွေ ရုံးထိုင်တာ။ သူ့ဘေးက ခြောက်ထပ်လှေကားကြီးကိုတော့ ကိုယ်တို့ဆေးကျောင်းသားတွေ ပြန်သိမ်းထားတယ်။ အတွဲတွေ တက်ထိုင်တယ်။ အတန်းလစ်ပြီး နေ့လည်နေ့ခင်း ဆေးလိပ်ကလေးဖွာ၊ ထွေရာလေးပါးပွား၊ ဘယ်ဆရာမှ တက်မရှာနိုင်တဲ့ ဂျက်ဂါကလေးအဖြစ် အသုံးတည့်တယ်။ အဲသည်လှေကားကြီးတစ်ခုလုံးကို ဟိုဘက်ရုံးကလူတွေလည်း မသုံးဘူး။ ကလေးတွေ လွတ်လွတ်လပ်လပ်နေပါစေ လို့များ သဘောထားသလား မပြောတတ်။ ရုံးအဝင်ဝဘက်က ကြွေပြားကပ်နံရံမှာ သိုင်းကစားနေတဲ့ ဖောင်းကြွရုပ်ထုကြီးတွေ ရှိတယ်။ ခြောက်ထပ်လှေကားကြီးရဲ့အဆင်းမှာတော့ စာအုပ်ဆိုင်ကလေးတစ်ဆိုင် နဲ့ ကန်တင်းသေးသေးလေးတစ်ခု ရှိတယ်။ အဲ့ဒါ အဆည ကန်တင်းလို့ ကိုယ်တို့က ခေါ်တယ်။ မြောက်ဘက်ဖျားနားမှာက နောက်ထပ်ကန်တင်းတစ်ခု၊ ဘီအိုစီဘက်မှာ ကန်တင်းတစ်ခု ရှိသေးတယ်။ အဲ့ဒါ အကုန်ပဲ။ သူ့ဟိုဘက် အုတ်နံရံခြားထားတာ ပညာရေးတက္ကသိုလ်က ပြည်၊ ပုဂံ၊ တကောင်း အဆောင်တွေပါ။ ကိုယ်တို့ ဆေးကျောင်းသားတွေအတွက် အဆောင်ကတော့အခု ပြည်သူ့ကျန်းမာရေး ဆေးတက္ကသိုလ် လုပ်ထားတဲ့ လမ်းမတော်ဆောင်ရယ်၊ စမ်းချောင်း ဖာတီမာမယ်တော်ဘုရားကျောင်းနဲ့ မျက်နှာချင်းဆိုင်က ယုဝတီဆောင်ရယ်။ ရှားပေမယ့်လည်း အတန်းထဲမှာ အဆောင်သူ အဆောင်သား သူငယ်ချင်းများ ရှိလေရဲ့။ နယ်ကျောင်းသားဆို ဆေး(၂) ကို ထားတာမို့ ကိုယ်တို့ကျောင်းမှာ Day တွေပဲ ရှိတယ်။

          လိပ်ခုံးနဲ့ ပျားအုံကြားက သုံးထပ်ကျောင်းဆောင်အရှည်ကြီးဟာ ကိုယ်တို့တတွေစာသင်ရတဲ့ အခန်းကျယ်ကြီးနဲ့ လက်တွေ့ဆင်းရာ ဓါတ်ခွဲခန်းများပါပဲ။ ဟိုးတုန်းကတော့ အောက်ထပ်ကြီးတစ်ခုလုံး ဘာအကာအရံ သံပန်းတံခါးမှ မရှိပဲ လွတ်လွတ်လပ်လပ် ဥဒဟို ဝင်ထွက်သွားလာလို့ရတယ်။ သိပ်လွတ်လပ်တာပဲ။ထိုင်ခုံတွေ ဘာတွေလည်း မလိုပါဘူး။ သံမံတလင်းပေါ် သည်လိုပဲ ထိုင်ချပလိုက်ကြတာပဲ။ ညစ်မှမညစ်ပတ်ပဲနဲ့။ စာသင်ချိန်ဆိုရင်တော့ ထိုင်နေလို့မရဘူး။ ဆရာမကြီးတွေတွေ့ရင် နားရွက်ဆွဲပြီး အတန်းထဲဝင်ခိုင်းတယ်။ ညနေကျောင်းဆင်းချိန်ကျမှ အိမ်ကလာကြိုတာ စောင့်နေရင်း အဲသည်နေရာလူစည်တယ်။ ကိုယ့်ဖာသာပြန်ရတဲ့ ကိုယ်တို့လည်း မောင်ကြီးမပြန်နိုင်တယ်ပါပဲ။ သူများတွေလာကြိုတာ ငေးရင်း လူကုန်မှ ပြန်တာ။ အဲသည်အောက်ထပ်ဟင်းလင်းကြီးရဲ့ အဆညဘက်အခြမ်းမှာ LCR လို့ခေါ်တဲ့ အမျိုးသမီးနားနေခန်း ရှိတယ်လေ။ ဒါနဲ့ကိုယ်တို့လည်း အားကျမခံ ဟိုဘက်စွန်းက ကင်တင်းအနောက်မှာရှိတဲ့ အခန်းကလေးကို MCR ဆိုပြီး အမျိုးသား နားနေခန်း လုပ်ကြတယ်။ တေဘယ်လ်တင်းနစ်ကစားတယ်။ ညနေဆို ဂျူဒိုလည်း ကစားကြတယ်။ တွိုင်းလက်ချင်းတူပေမယ့် ကျားနဲ့ မနဲ့ အနံ့မတူဘူးလို့ မဟာပညာကျော် ကိုယ်က အဲသည်အချိန်ကတည်းက သတိထားမိတယ်။ (မ ထဲတော့ မဝင်ဘူးပါဘူး။ အပြင်ကရှူရတဲ့ အနံ့ပြောတာ) သူတို့က ခရီးတာတိုတော့ လေထုနဲ့ ဓါတ်ပြုချိန်နည်းတယ်။ တားဂက်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်တယ်။ အဲ့ဒါကြောင့် တို့လောက် အနံ့မထွက်ဘူးလို့ ဟိုပိုသီးစစ်ကြီး ထုတ်မိတယ်။

          အဲသည်အပေါ်နှစ်ထပ်မှာတော့ စာသင်ခန်းမကြီး နှစ်ခု၊ လက်တွေ့ခန်း နှစ်ခု၊ Zoo  နဲ့ Bot ဌာန နှစ်ခု၊ မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ နိုင်ငံရေးသိပ္ပံဌာနကလေးတွေ ရှိတယ်။ ပထမထပ်မှာ။ ကျောင်းလခသွင်းရတဲ့ ငွေစာရင်းဌာန အခန်းကလေးလည်းရှိတယ်။ ပထမနှစ်ကျောင်းသားတွေကို တဝက်စီဝက်ပြီး ဟိုးနောက် သထုံလမ်းထဲက ဘီအိုစီကောလိပ်က အဆောင်တွေထဲမှာ တဝက်ကသင်ရတယ်။ Physics ဌာန နဲ့ လက်တွေ့ခန်းတွေရယ်၊ Chemistry ဌာန နဲ့ လက်တွေ့ခန်းတွေရယ်၊ သင်္ချာဌာနရယ်က ဘီအိုစီမှာ ရှိတာ။ စာသင်ခန်းမကြီးတစ်ခုလည်း ရှိတယ်လေ။ ကောလိပ်ကျောင်းပီပီ စာသင်ချိန် တစ်ချိန်ပြီးရင်တစ်ချိန် အခန်းတွေ ပြောင်းပြောင်းပြီးတက်ကြရတာ ပျော်စရာကြီး။ သူငယ်နာမစင်တဲ့ ကောင်လေးတချို့ကတော့ ရှေ့ဆုံးတန်းမှာ ရအောင်နေရာဦးပြီး ကောင်မလေးတွေအတွက်ပါ ဦးဦးထားပေးတယ်။ နောက်ဆုံးမှာနေချင်တဲ့ ကိုယ်တို့နဲ့တော့ တစ်ခါမှ အခြေအတင် မဖြစ်ဖူးပါဘူး။ သည်ကကောင်တွေက စာသင်ရင်း စိတ်မပါတော့ရင်ဖြစ်ဖြစ် အပြင်က သူငယ်ချင်းတစ်ယောက်ယောက် အရောင်လာပြရင်ဖြစ်ဖြစ် လှစ်ကနဲ လှစ်ကနဲ လစ်ထွက်ဖို့ အပေါက်ဝနဲ့ အနီးဆုံးမှာပဲ ထိုင်လေ့ရှိတယ်။ ဆယ်တန်းအထိ အတန်းမလစ်ခဲ့ဖူးပေမယ့် တက္ကသိုလ်ရောက်ပြီး တနေကုန် အတန်းထဲထိုင် စာသင်နေရလို့ရှိရင်ကိုယ့်ကိုယ်ကိုယ် အပြစ်မကင်းသလို ခံစားရတယ်။ ငါတော့ ဟိုက်ပါဖြစ်နေပြီလို့ထင်ပြီး သူများတွေသိမှာတောင် ရှက်မိသေး။

          ပရယ်တီကယ်တွေက သင်ကြားမှုကို ဘယ်လောက်အထောက်အကူပြုတယ် မပြုတယ်တော့ မမှတ်မိပါဘူး။ အတန်းထဲက ကောင်မလေးတွေနဲ့ ခင်မင်မှုကိုတော့ အထောက်အကူပြုသား။ စကားစမြည်ပြောဖြစ်တာကိုး။ ကျူတိုရီယယ်အချိန်မှာကျ အင်္ဂလိပ်စာ ကျူတိုရီယယ်တွေဆို မှန်မှန်တက်ဖြစ်တယ်။ ဆရာမလေးတွေက ငယ်တယ်၊ ချောတယ်၊ စတိုင်ကျတယ်၊ စမတ်ကျတယ်လေ။ အန်တီနွဲ့ယဉ်ဝင်းလည်း ဆေးကျောင်းမှာ အင်္ဂလိပ်ကျူတာလုပ်ခဲ့ဖူးတယ်။ ဆရာသော်တာဆွေရဲ့သမီး ဆရာမဒင်ပယ်ဆွေလည်း တူတူပဲ။ စကားပြောရင် လုံးဝ ဗမာသံမဝဲတဲ့ ဆရာမဒေါ်စီစီလီယာဂျိမ်းကိုတော့ ကပ္ပလီမကြီးမို့လို့ အဲ့သလောက်တောင် အသံပီနေတာ လို့ ထင်မိတယ်။ မြန်မာလိုတောင် မပြောတတ်လောက်ဘူးထင်နေတာ။ အဲ့ဒီအချိန်မှာ ကိုယ်တို့အတွက် အခက်ဆုံးကတော့ Listening သင်ခန်းစာတွေပေါ့။ ဆယ်တန်းအထိ တစ်ခါမှ အဲ့ဒါမျိုး မဖြေခဲ့ဖူးပဲ။ ဘိုသံဆိုတာ ကိုယ့်ပါးစပ်ကအသံပဲ ကိုယ်ကြားဖူးတာ။ သစ်စ အစ်စ အေဘုတ်ခ အဆင့်လောက်။ အင်္ဂလန်မှာ ရှစ်လသမီးကတည်းက နေလာတယ်ဆိုတဲ့ အတန်းထဲက သူငယ်ချင်းမတစ်ယောက်ဟာ အင်္ဂလိပ်စာကို ၉၈ မှတ်ရအောင် ဖြေချလိုက်တယ်ဆိုတော့ ကိုယ့်မှာ ထူးဆန်းလွန်းလို့ သွားကြည့်ယူရတယ်။ ဟုတ်ပါရဲ့။ နည်းတဲ့သွားကြီး မဟုတ်ဘူး။ (အခုတော့ မရှိတော့ဘူး။ ပြင်ပလိုက်ပြီ။ လှ မှလှ)

          ကိုယ်တို့အတွက် ဆေးကျောင်းပထမနှစ်ဟာ တစ်နှစ်ခွဲကြာတယ်။ အရင်တုန်းက ဒေသကောလိပ် နှစ်နှစ်စာ သင်ခန်းစာတွေကို ချုံ့ပြီးသင်တာ။ တက္ကသိုလ်ပညာရေးကို ပီပီပြင်ပြင်ရဖို့အတွက် ကိုယ်တို့မှာ လက်တွေ့မပါ ကျောင်းသင်စာကို အာဂုံရွတ်ပြ ဆောင်ရုံမျှလောက် အားထုတ်သင်ယူခဲ့တာ မဟုတ်ပါဘူး။ ဘီအိုစီကောလိပ်ရှိတဲ့ သထုံလမ်းက တောင်ဘက်ကိုလျှောက်လာရင် ပညာရေးတက္ကသိုလ်ကို ရောက်တယ်။ အဲသည်မှာ တက်နေတဲ့ ကြွေရုပ်ကလေးလိုလှတဲ့ ဆရာမကလေးတွေကိုလည်း မြင်ဖူးတယ်။ ထမင်းစားချိန်တိုင်း ဘီအီးဒီကင်တင်းဘက်ကို ရောက်အောင်လျှောက်ရင် အင်မတန်ဈေးသက်သာပြီး အရသာရှိတဲ့ စားကောင်းသောက်ဖွယ်များလည်း စားသုံးနိုင်တယ်။ ပုဇွန်ခွက်ကျော်သုတ် နံမယ်ကြီးတယ်။ အသီးဖျော်ရည်မျိုးစုံလည်း ရတယ်။ ကိုယ်တို့ဆေးကျောင်းကန်တင်း သုံးခုစလုံးပေါင်းရင်တောင် သူ့တဝက် မရှိဘူး။ စာရေးဆရာမဖြစ်လာမယ့် သူငယ်ချင်းကလေးကတော့ အဲသည်တုန်းက ဘီအီးဒီသွားရင် လမ်းမပေါ်က မလျှောက်ဘူး။ မြောင်းနှုတ်ခမ်းဘေးက သစ်ရွက်ခြောက်ကလေးတွေပေါ် ခြေဖွနင်းပြီးလျှောက်ရတာ အရသာတဲ့။ အဲ့သလောက်ကို ကဗျာဆန်သူပါ။ ဘီအိုစီ နဲ့ ဘီအီးဒီကြားမှာ စာပေးစာယူတက္ကသိုလ်ဆိုတာလည်း ရှိတယ်လေ။ အခုတော့လည်း အဝေးသင်တက္ကသိုလ်ပေါ့။ အဲသည်မှာလည်း ကျောင်းသားတွေ လာတဲ့အခါ ရှိတတ်တယ်။ ကိုယ်တို့က ဆေးကျောင်းသားဆိုတော့ ကျောင်းသားချင်းအတူတူ မော်သည်ကြွားသည်ပေါ့ကွယ်။

          ဘီအိုစီကနေ မြောက်သို့လားရင်တော့ တက္ကသိုလ်ဘောလုံးကွင်း၊ တက္ကသိုလ်ရေကူးကန်၊ တက္ကသိုလ်တင်းနစ်ကွင်းတွေကို ရောက်တာပေါ့။ တစ်ခုမှ အလွတ်မပေးပါဘူး။ ကိုယ်လည်း တက္ကသိုလ်ကျောင်းသားဖြစ်နေမှဟာ တက္ကသိုလ်ပါ ဘယ်ဟာမှ မကျန်အောင် လုပ်ခဲ့တာပေါ့။ သူ့ဟိုဘက်က တက္ကသိုလ်ဆေးရုံသာ မတက်ခဲ့တာ။ တက္ကသိုလ်ဆေးရုံဘေးမှာ တက္ကသိုလ်များ အရံတပ်ရင်းဆိုတဲ့ စစ်ပညာသင်တဲ့ဌာနတစ်ခု ရှိခဲ့တယ်။ ဗိုလ်မှူးကြီးဦးဖေသိန်း တစ်နေ့ကို အပွင့်တစ်ခုတင်သွားတာ အဲသည်တပ်ရင်းမှာပေါ့။ သထုံလမ်းထိပ်က ဟိုတလောတုန်းက အင်းဝစာအုပ်ဆိုင် လုပ်ထားတဲ့နေရာမှာ ကိုယ်တို့တုန်းကတော့ ကျောင်းသားကဒ်ပြပြီး ပလာစာအုပ်၊ ဘောပင်၊ ခဲတံ ဈေးပေါပေါနဲ့ ဝယ်လို့ရတယ်။ သူနဲ့ မျက်နှာချင်းဆိုင်မှာ တက္ကသိုလ်ဓမ္မာရုံရှိတယ်။ ဆေး(၁) ဗုဒ္ဓဘာသာအသင်းက ဝတ်ရွတ်ပွဲတို့ ဘာတို့ လုပ်ဖူးတယ်။ သထုံလမ်းကနေ ဟိုဘက်ကို ကားလမ်းဖြတ်ကူးလိုက်ရင် တက္ကသိုလ်အားကစားရုံကြီးမှာ အလေးမ၊ ဘော်ဒီပြင်လို့လည်း ရသဗျ။ အဲ့တုန်းကတော့ ဗလမရှိလို့ အားငယ်လိုက်ရတာ။ ဒီလိုမှန်းသိ သွားဆော့ခဲ့ပါတယ်။

         လိပ်ခုံးမှာ ကျောင်းတက်ခွင့်ရတာဟာ ကိုယ်တို့အတွက် သိပ်ကံကောင်းတာပဲ။ အမိတက္ကသိုလ် မြကျွန်းညိုကြီးရဲ့ ရင်ငွေ့ကို ခိုလှုံခဲ့ရတယ်။ တက္ကသိုလ်အသိုင်းအဝိုင်းကို ကျင်လည်ခဲ့ရတယ်။ ပထမနှစ်ကုန်လို့ ဒုတိယနှစ်ရောက်တဲ့အခါမှာ စာတွေက အရမ်းခက်ကုန်ပြီ။ ဖတ်စာအုပ်တွေက မြန်မာလို မဟုတ်တော့ဘူး။ လက်ချာတွေကလည်း မြန်မာလို မသင်တော့ဘူး။ PS လို့ခေါ်တဲ့ နီိုင်ငံရေးသိပ္ပံကလွဲလို့။ အဲ့ဒါလေးတော့ ရွှေလိုအုထားရတယ်။ Biochemistry သပ်သပ်မရှိသေးတော့ Anatomy ရော၊ Physiology ရော ကျခဲ့ရင် PS ကလေး ကယ်မှ Round ထိပြီး နောက်တစ်နှစ် မထိုင်ရမှာကိုး။ မကျမှာတော့ မပူရဘူး။ ကိုယ်လိုကျောင်းလစ်ပုံမျိုးနဲ့ဆို Class Work ယူတဲ့ စာမေးပွဲတွေမှာ မင်နီအပြည့်ပဲ။ အဲ့ဒီအစမ်းစာမေးပွဲရမှတ်တွေ ၃၀%အောက် ရောက်ရင်လည်း စာမေးပွဲတောင် ဖြေခွင့်မရဘူး။ ဒီဘားအဆွဲခံရတယ်။ ကိုယ်တို့အတန်းထဲက သူငယ်ချင်း နှစ်ဆယ်ကျော် အဲ့ဒါကြီးနဲ့ မိပြီး အောက်တန်းရောက်ကုန်ပါရောလား။ မြင်းရိုင်းကို ဇက်ခွံ့သလိုပါပဲ။ ကိုယ်တို့ဆရာကြီးတွေဟာလည်း ချိုတကြွကြွဖြစ်နေတဲ့ သူတို့တပည့်တွေကို စာမေးပွဲတွေ ဇယ်ဆက်သလိုစစ်ပြီး ထိန်းသွားတယ်။ တော်ပါသေးရဲ့။ ဆေးကျောင်းသက်တလျှောက်မှာတော့ တစ်ခါမှ ဆပ်ပလီပြန်ဖြေရတယ်လို့ မရှိခဲ့ဘူး။ ဒီအတွက် ပြစ်မှုကြွေးကို ချွေးနဲ့ဆပ်ခဲ့ရတာပေါ့လေ။ နေ့ဘက်မှာ တနေကုန် အတန်းမတက်ပဲ လည်နေတယ် မဟုတ်လား။ ညဘက် သူများအိပ်တဲ့အချိန် အိပ်ချင်လို့ဘယ်ဖြစ်မလဲ။ လက်ဘက်ရည်တွေသောက်၊ မျက်နှာ ခဏခဏသွားသစ်၊ ထိုင်လိုက်ထလိုက် လမ်းလျှောက်လိုက် စာကျက်ရတာပေါ့။ အဲ့တုန်းက ကိုယ်နဲ့ စာအတူတူကျက်တဲ့ သူငယ်ချင်းဟာ အရေးအခင်းမှာ တောခိုသွားပြီး အခု ဗီအိုအေမှာ အနောင်ဆာလုပ်နေတဲ့ တစ်ယောက်ပါ။ ခက်ခဲသောကာလများကို အတူတူ ဖြတ်သန်းခဲ့ကြသူမို့ အခင်ဆုံး အယုံကြည်ရဆုံး စာရင်းထဲပါတယ်လေ။

          ဒုတိယနှစ်မှာစာမေးပွဲကို ကြောက်တာနဲ့ လူသေအလောင်းတွေ၊ အရိုးစုတွေကို လက်ပွန်းတတီး ဖြစ်သွားတယ်။ အလောင်းကိုင်ပြီး လက်တောင် မဆေးဖြစ်ဘူး။ မုန့်တွေနှိုက်စားချင်စားတာ။ မေ့သွားတယ်လေ။ အလောင်းကြီးတွေကို ပယ်ပယ်နယ်နယ် ကိုင်တွယ်၊ အရိုးတွေကို စက္ကူပုံးတစ်ပုံးနဲ့ အိပ်ယာဘေးထားအိပ်တာဆိုတော့ ငယ်ငယ်က သရဲကြောက်တတ်တဲ့အကျင့်လည်း စာမေးပွဲနဲ့ တွေ့တော့မှ ပျောက်သွားတော့တယ်။ ဓါတ်ခွဲခန်းလက်တွေ့ သင်ခန်းစာတွေမှာတော့ ကိုယ်တို့ကျောင်းသားတွေ အစမ်းသပ်ခံ လုပ်ကြရတာပေါ့။ ကော်ဖီသောက်ပြီး ရှူးးပေါက်ပေးရတာတို့၊ လေ့ကျင့်ခန်းလုပ်ပြီး သွေးချိန်ခံရတာတို့။ ခကွေးအုပ်စုက သူငယ်ချင်းတစ်ယောက်ဆို သူ့ဆီက ဆီးနမူနာယူခိုင်းလို့ ချွေးသီးတွေ ဆီးကင်းလောက်ကျလာပြီး မူးတောင် မူးလဲမတတ်ဖြစ်တယ်ဆိုပဲ။ (ရှက်တတ်လိုက်တာ လွန်ပါရော။)

          လိပ်ခုံးမှာ တက္ကသိုလ်ရင်ခွင်ကို ကျင်လည်ခဲ့ပြီးတဲ့နောက် တတိယနှစ်ကစလို့ လမ်းမတော်ဆေးကျောင်းမှာ ဆေးပညာမိသားစုရဲ့ ရင်ခွင်ကို ခိုလှုံရပြန်ပါတယ်။ ကျောင်းသားတပိုင်းမှာပဲ ဆေးရုံပရဝုဏ်ကို ခြေချလို့ ဆေးလောကတခွင်မှာ ကျင်လည်ရတယ်လေ။ ဘာသာရပ်ကိုက ဆေးပညာနဲ့ နှီးနွယ်တဲ့ဘာသာရပ်တွေကို သင်ကြားလေ့လာရတယ်။ မနက်ခင်းတိုင်း နေ့တဝက်လုံးလုံး ဆေးရုံမှာ အချိန်ကုန်ရတယ်။ ကိုယ့်ကိုသင်တဲ့ဆရာတွေ အားလုံးဟာ PS ကလွဲရင် ဆရာဝန်တွေချည့်ပဲ။ ဆရာဝန်တောင်မှ ဘွဲ့လွန်ရထားတဲ့ အထူးကုဆရာဝန်တွေလေ။ 3rd MB နဲ့ Final Part I ဟာ ကိုယ်တို့အတွက် တစ်နှစ်စီပဲသင်ရမှာ။ ဒါပေမယ့်လည်း အရေးအခင်းဖြစ်သွားလို့ သုံးနှစ်ပိုကြာသွားတယ်။ အတန်းသားတွေ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးလာတယ်။ Trip တွေဘာတွေလည်း အတူတူ သွားခဲ့ကြတာကိုး။ လမ်းမတော်ဆေးကျောင်းကြီးဟာ လိပ်ခုံးလိုတော့ နေရာ ကျယ်ကျယ်ပြန့်ပြန့်မရှိဘူး။ ဒါပေမယ့် မြို့ထဲနဲ့ အရမ်းနီးတယ်။ နောက်ဘက်ကိုထွက်လိုက်ရင် စိန်ဂျွန်းဈေးဆိုတာကြီးက ရန်ကုန်မှာ အကြီးဆုံး မှောင်ခိုဈေးကြီးပဲ။ သူ့ကို ရွှေ့လိုက်လို့ မင်္ဂလာဈေးဖြစ်လာတာ။ ဆေးကျောင်းနဲ့ မျက်စောင်းထိုးမှာ ရန်ကုန်ဆေးရုံကြီးရှိပြီး ဆေးရုံကြီးက မျက်စောင်းထပ်ထိုးလိုက်ရင် လေဟာပြင်ဈေး၊ စကော့ဈေး ကို ရောက်ပြန်ရော။ အခုဗဟိုအမျိုးသားသွေးလှူဘဏ် လုပ်ထားတဲ့နေရာက အရင်တုန်းက သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ပေါ့။ ကိုယ်တို့နဲ့ ပထမနှစ်တစ်နှစ်ခွဲ လိပ်ခုံးမှာ အတူတူ သင်ကြရတယ်။

          ဆေးကျောင်းသက်တမ်းတလျှောက် ပျော်စရာအကောင်းဆုံးကာလများကတော့ Final Part II က Pre-block Posting  ၆ လ သက်တမ်းပါပဲ။ Medicine, Surgery, OG, Childဆိုတဲ့ အဓိကဘာသာကြီးလေးခုဆီမှာ ၃ လစီ သွားမနေခင် Specialty Unit တွေမှာ အလည်အပတ်သဘောမျိုး စာသွားသင်ရတာပါ။ စာမေးပွဲလည်း မရှိဘူး။ သူငယ်ချင်းတွေ တရုန်းရုန်း ကိုးကုန်းကိုးကျင်းလည်း လျှောက်သွားရသေးတယ်။ အတန်းတစ်တန်းလုံး အတူတူ စာသင်ရတဲ့ နောက်ဆုံးနေ့ရက်များလည်း ဖြစ်တယ်။ ပြီးရင် တစ်စုစီ လှည့်ရတော့မှာလေ။ ကိုယ့်အိမ်က ကားအစုတ်ကလေးတစ်စီး ဝယ်ပေးလို့ သူငယ်ချင်းတွေ ဘုရားစာဆိုပြီး လိုက်စီးကြတဲ့အချိန်ပေါ့။ နောက်ဆုတ်ရင် တိုက်လွန်းလို့ အခုမှပဲ ထိသွားတော့တယ်ဆိုတာ အခါခါ။ တံတားကလေးလည်း ရောက်တယ်။ မျက်စိ၊ နားနှာခေါင်း လည်ချောင်းက စစ်ရုံးအဟောင်းဘေးက Max အချိုရည် နေရာမှာတစ်ခု၊ ကန်တော်လေးမှာက တစ်ခု။ ကူးစက်ဆေးရုံက အောင်ဆန်းကွင်းနံဘေးမှာ။ အရိုးဆေးရုံက ကြည့်မြင်တိုင်မှာ။ ကလေးဆေးရုံ၊ ဗဟိုအမျိုးသမီးဆေးရုံ။ မြို့လုံးပတ်လည်ရွာလုံးပတ်လည် တူစုံတွဲလို့ ရေပက်ခံမယ် ဆိုတာကျနေတာပဲ။

          ဆေးကျောင်းမှာ အခက်ဆုံးနဲ့ စိတ်ဖိစီးမှု အများဆုံး စာမေးပွဲကတော့ Final Part II စာမေးပွဲပါပဲ။ အတန်းထဲက သူငယ်ချင်း ထက်ဝက်လောက်က တစ်ခုမဟုတ်တစ်ခု ဆပ်ပလီထိပြီး ကျန်ရစ်ခဲ့ကြတယ်။ ဆိုးတာက Part II ဆပ်ပလီဆိုတာ အရင်အတန်းတွေတုန်းကလို ၂ ပါတ်နေ ပြန်ဖြေရတာမဟုတ်ဘူး။ ခြောက်လပြန်နေရတယ်။ ပုံမှန်သင်ရတာကမှ ၃ လရယ်။ ဆူပါဆပ်ဆိုပြီး ဆပ်ပလီနှစ်ခါပြန်ထိလိုက်ရင် အောက်တန်းနဲ့ တူသွားရော။ ဘဝမှာ Part II စာမေးပွဲအောင်တုန်းကလောက် လွတ်လပ်ပေါ့ပါး ပျော်ရွှင်သွားတာ မရှိခဲ့ဘူး။ ဘယ်သူ့ဆီမှ မသွားဘူး။ တရုတ်ဆိုင်က အစားအသောက်တွေဝယ်ပြီး အိမ်မှာ မြေးအဖွား၊သားအမိ၊ မောင်နှမတတွေ အောင်ပွဲခံပြီး စားသောက်တယ်။ ဒါ ကိုယ်တစ်ယောက်တည်း ကြိုးစားလို့ရလာတာ မဟုတ်ဘူး။ သူတို့ ပံ့ပိုးမှုက အဓိက ပါတယ်။ ဇနပုဒ်က လေးတန်းအထိပဲနေခဲ့ရတဲ့ မုဆိုးမနှစ်ယောက်ဟာ ဆွေထဲမျိုးထဲမှာ ပထမဆုံး ဆရာဝန်တစ်ယောက် ဖြစ်လာအောင် မွေးထုတ်နိုင်ခဲ့ပြီ။ သူတို့ရောကိုယ်ရော ဖြစ်မှ ဖြစ်ပါ့မလားလို့ မဝံ့မရဲ မျှော်လင့်ခဲ့ရတာ။ ကိုယ်ဖြစ်ထွန်းဖို့ ဘယ်သူတွေဘယ်လောက် အနစ်နာခံခဲ့ရတယ် ကိုယ့်ဘာသာအသိဆုံးပဲ။ ဘွဲ့ယူတဲ့အချိန်မှာ အဖွား မရှိတော့ဘူး။အမေပဲ ရှိတော့တယ်။ သူ့တသက်မှာ ဘွဲ့နှင်းသဘင်ခန်းမထဲ ဆိုင်းဝိုင်းကြီးက ဝတ်ရုံတော်ကြိုးတီးပြီး ပါမောက္ခကြီးတွေ တစ်လှမ်းချင်းကြွလာတာကို မြင်ချင်လွန်းလို့ ဆိုတဲ့အဖွားကို ခေါ်မသွားနိုင်တဲ့အတွက် ကိုယ့်အမေကိုယ် အလှဆုံးဆင်ပြီး ပွဲတက်ခိုင်းခဲ့တယ်။ ဒါ သူလည်းရထိုက်တဲ့ ဘွဲ့ပဲလေ။ ကိုယ်တို့အမျိုးထဲ ဘွဲ့ရပညာတတ်တောင် သိပ်အများကြီး မရှိဘူး။

          သူငယ်ချင်းတွေအားလုံးနဲ့ စုံစုံညီညီ လှလှပပ ပြန်တွေ့ကြတာကတော့ ဘွဲ့နှင်းသဘင်ခန်းမမှာပါပဲ။ လှလိုက်ကြတာ။ မှတ်တောင် မမှတ်မိဘူး။ ဓါတ်ပုံတွေလည်း ရိုက်လိုက်ကြတာ မပြောပါနဲ့။ အဲ့ဒီတုန်းကတော့ ဖလင်ခေတ်မှာပဲ ရှိခဲ့သေးတာ။ နုတဲ့ငယ်တဲ့အရွယ်၊ ပညာဂုဏ်နဲ့ ဝင့်ထယ်တဲ့အရွယ်၊ မိသားစုနဲ့တကွ ပွဲလည်တင့်တယ်တဲ့ အရွယ်ဆိုတော့ ကိုယ်တို့အားလုံးရဲ့အရှိန်အဝါဟာ တဖိတ်ဖိတ်လက်လို့နေမှာပဲ။ အဲ့ဒါ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းကလေ။ အခုအဲသလောက် အချိန်တွေကြာပြီးတော့မှ ပထမဦးဆုံးအကြိမ် စုံစုံညီညီ ပြန်တွေ့ကြရပြီ။ ဟိုးတုန်းကလိုပဲ နေ့ဘက်မှာ ဆရာတွေကို ရိုရိုသေသေ ကန်တော့ပန်းဆင်ပြီး ညဘက်မှာ သူငယ်ချင်းချင်း ရင်းရင်းနှီးနှီးပြန်ဆုံကြပြီ။ နေ့ခင်းတုန်းက မြင်ရုံလေးမြင်လိုက်ရတယ်။ ဆရာတွေ နေရာချထား ဧည့်ခံနေလို့စကားတောင် ကောင်းကောင်း မပြောရသေးဘူး။ ညနေခင်းမှာတော့ လူမြင်တာနဲ့ ဖက်လှဲတကင်း “I need a hug. I need a hug.” လို့ ရင်ခွင်တံခါးကလေး ဖွင့်ပြီး ကြိုကြတယ်။ နိုင်ငံခြားပြန်ကြီးတွေဆိုတော့ ဘိုဆန်ဆန် ပါးကလေးအပ်ပြီး ပါးစပ်က ပြွတ်ကနဲ စုတ်သပ်တဲ့အခါလည်း သပ်တာပေါ့။ အဲ့ဒါလေးက ပြင်သစ်စတိုင်လေ။ ပျော်လိုက်တာ။ ခုန်ခုန်ပြီးတော့ကို ပျော်နေကြတာ။

           “ဟယ်လို ဒါလင်” နဲ့ စလိုက်ရင်တော့“အရင်လိုကြည့်ကောင်းနေတုန်းပဲ” ဆိုတာလေး ပြောဖို့လည်း မမေ့နဲ့ပေါ့။ ဟုတ်ပါတယ်။ ညာမပြောပါဘူး။ ပိန်သည်ဖြစ်စေ။ ဝသည်ဖြစ်စေ။ အားလုံး လှလာကြတယ်။ ချောလာကြတယ်။ ချစ်သောမျက်စိဖြင့်ကြည့်ကြသည်လေ။ ဒါပေမယ့် တစ်ခု သတိထားမိသွားတာက ကိုယ်တို့အားလုံး လွန်ခဲ့သော အနှစ်နှစ်ဆယ်တုန်းကရှိခဲ့တဲ့ ကိုယ်တို့ ဖေဖေမေမေတွေရဲ့ ရုပ်သွင်နဲ့ တော်တော်ကြီး တူနေတာကို သွားတွေ့တယ်။ သူငယ်ချင်းတစ်ယောက်က မင်းသန့်ထွန်းကို ပြောတာ ကြားမိသား။ “မင်းထွန်းရယ်။ နင့်ကိုမြင်တာ ငါတို့ဆရာကြီးကို အရမ်းသတိရတာပဲ။ ဒါပေမယ့် ငါတို့ဆရာကြီးကတော့ နင့်ထက်အများကြီး ပိုချောပါတယ်။”တဲ့။ ပိုင်စိုးပိုင်နင်းကွယ်။ သူများအဖေကိုများ ငါတို့ဆရာကြီးတဲ့။ ပြီးတော့ ပိုလည်းချောသေးသတဲ့။ သားအဖချင်း သွေးခွဲတယ်။ သူလည်း သူ့အမေကြီးနဲ့ တူနေပြီပဲဟာ။ ဟုတ်တာပေါ့။ သားသမီးဆိုတာ အရွယ်ရလာရင် မိဘနဲ့ တူတာ ဓမ္မတာပဲ။ ဒါပေမယ့် ကိုယ်ကတော့ လောဘနည်းနည်းကြီးသကွယ်။ သားသမီးမို့လို့ မိဘနဲ့ တူရစတမ်းဆိုရင် တပည့်မို့လို့လည်း ဆရာနဲ့ တူချင်သေးတာပေါ့။ ဆရာကောင်းတပည့် ပန်းခေါင်းလှန်ချင်သေးတယ်လေ။ ကိုယ်တို့ဆရာကြီး ဆရာမကြီးတွေများ တော်လိုက်ကြတာ။ အခု ဆရာကန်တော့ပွဲလုပ်ချိန်အထိ ကျန်းကျန်းမာမာ စွမ်းစွမ်းဆောင်ဆောင် ရှိနေကြသေးတာ သိပ်ဝမ်းသာဖို့ကောင်းတာပဲ။ သူတို့နဲ့ တွေ့တုန်းဆုံခိုက် ခေါင်းကလေးခွေ့လို့ ဦးကလေးညွှတ်လို့ ပညာအမွေလေးများ ထပ်ပေးခဲ့ပါဦးလို့ ရာဟုလာ အမွေတောင်းသလို တောင်းလိုက်ချင်ပါရဲ့။ ကိုယ်တို့အားလုံး အနှစ်နှစ်ဆယ်တော့ ဖြတ်သန်းမိခဲ့ကြပါပြီ။ ဒါပေမယ့် ဆေးပညာအသိုင်းအဝန်းနဲ့ အမိဆေးတက္ကသိုလ်ကြီးအပေါ်မှာတော့ အချစ်မပြယ်နိုင်ကြသေးပါဘူး။ ဟိုးတုန်းကသူငယ်ချင်းတွေဟာ အမြဲတမ်း သူငယ်ချင်းတွေ ဖြစ်နေဦးမှာပါ။ ဟိုးတုန်းက ဆရာသမားများဟာလည်း အစဉ်ထာဝရ အာစရိယဂိုဏ်းဝင် ကျေးဇူးရှင်ကြီးများ အဖြစ် တည်မြဲနေဦးမှာပေါ့လေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...