မြို့ပြဟာကြမ်းရှရှမဟုတ်လား ဖေဖေ
အဖြူရောင်စကားလုံးတွေနဲ့ တွဲဝတ်ထားတဲ့ အစိမ်းရောင်မျက်နှာဟာ အခြေခံကျောင်းတက်တုန်းကလို ပါးကွက်ကြားနှစ်ဖက်နဲ့ ပေါ့ပေါ့ပါးပါးမရယ်မောတတ်တော့ဘူး ဖေဖေ။ ပိုမိုနည်းပါးလာတဲ့ သစ်ပင်အရေအတွက်ကြောင့် မြို့ကြီးသူ၊ မြို့ကြီးသားတွေဟာ နေရောင်ခြည်ကိုပဲ အလန့်တကြား ကာကွယ်လာကြတယ်။ အနည်းဆုံး နို့ရည်လေးတစ်ထပ်လောက်မှ မလိမ်းမိရင် သမီးကို အရေပြားကူးစက်နာရှိတဲ့ရောဂါသည်လို ဆက်ဆံကြတာတော့တာပဲ။
လမ်းမကျယ်ကြီးတွေဟာ အဖိုးတန်ကားစင်းလုံးပေါင်းများစွာအောက်မှာ ကျုံ့ဝင်သွားသလား မသိဘူးဖေဖေ။ တစ်နေ့တာကျောင်းချိန် ၈ နာရီစာလောက်အတွက် အများသုံးယာဉ်တွေပေါ်မှာ အပိုဖြုန်းတီးခံရတဲ့ နာရီပေါင်းများစွာကို သမီး နှမြောလို့ကိုမ၀ဘူး။ မြို့ပြရဲ့ဟွန်းသံတွေကို နားရှောင်လို့မရဘူးဖေဖေ။ မထသ၊ ပါရမီ၊ အဓိပတိ၊ ရွှေဧည့်သည်တွေလို ယာဉ်စည်းကမ်းဖောက်ပြန်လိုမှုတွေကို ခရောင်း၊ မက်ဂ်တူး၊ အဲလ်ဖက်တွေရဲ့ မှန်အနက်ကြီးတွေနောက်ကွယ်မှာ အထင်းသားတွေ့ရတာဟာလည်း သိပ်စိတ်ဝင်စားဖို့ကောင်းတာပဲ။
ယာဉ်ထိန်းရဲတွေရဲ့ကွယ်ရာရောက်တိုင်း လူကူးမျဉ်းကြားမှာ ကားတွေကို ဦးစားပေးပါတယ်ဖေဖေ။ သူတို့တွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရတယ်မဟုတ်လား။ တချို့လူသွားလမ်းတွေပေါ်က လမ်းဘေးဝမ်းစာကို သမီးထောက်ညှာလွန်းနေလို့ ကားသွားလမ်းမက အော်ဆဲသွားသေးတယ်ဖေဖေ။ ပေါများလွန်းတဲ့ အင်တာနက်ဆိုင်တွေရယ်၊ မိုဘိုင်းဖုန်းဆိုင်တွေရယ်ကြားမှာ စက်ရုပ်ဖြစ်ချင်စိတ်တွေနဲ့ သမီး ခဏခဏချူချာနေတယ်။
မြို့ပြရဲ့ညဈေးတန်းတွေဟာ နီယွန်မီးမှိန်တုတ်တုတ်လင်းရုံနဲ့ လူလုံးညွှတ်စည်ကားကြတယ်ဖေဖေ။ ဆီချေးထူနေတဲ့ ဒယ်အိုးတွေကကျွေးတဲ့ညစာဟာ အခြေခံလူတန်းစားတွေအတွက်တော့ လည်ချောင်းမယားနိုင်လောက်အောင်ကို အရသာရှိနေတယ်။ ကောင်းရောင်းကောင်းဝယ်မလုပ်စားချင်ကြတဲ့သူတွေဟာ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေကို ဗန်းပြပြီး ညဈေးတန်းတွေတစ်လျှောက် မွှေနှောက်အသနားခံနေကြတယ်ဖေဖေ။ ထမင်းတစ်နပ်ဖိုးအတွက် လေချဉ်တက်သံတွေကြားမှာ သူတို့ဘယ်လိုနည်းနဲ့ အသက်ဆက်နေကြသလဲမသိဘူး။
ခေတ်ကြီးရဲ့အလိုအရ မြို့ပြရဲ့ပဒုမ္မနီတွေဟာ တစတစပွင့်လင်းမြင်သာလာကြပြီဖေဖေ။ တိုင်းတပါးယဉ်ကျေးမှုတွေရဲ့ တစ်ပိုင်တစ်နိုင်ကြီးအုပ်မိုးခံရမှုကိုမှ လွတ်လပ်မှုလို့ ခေါင်းစဉ်တပ်လိုက်ကြတာကို သမီး အခုထိနားမလည်နိုင်သေးဘူး။ နောက်ဆုံးပေါ်အမြင်အာရုံတွေဟာ အစွမ်းကုန်လျှပ်ပေါ်လော်လီလာကြတယ်ဖေဖေ။ လူ့အခွင့်အရေးဆိုတာမျိုးက ဦးနှောက်ထဲမ၀င်ဘဲ လမ်းလွဲပြီး အရေပြားတွေအပေါ် လှိုက်စားလာတာ ရင်လေးစရာကြီးမဟုတ်လား။
မြို့ပြရဲ့လူနေမှုစနစ်ဆိုတာ အကူအညီတောင်းခံလွှာပါရုံနဲ့ အိမ်နီးချင်းကို တံခါးခေါက်ခေါ်ခွင့်မရှိတာမျိုးလားဖေဖေ။ ဒီမှာ တစ်နေ့တာကို ဖြတ်သန်းဖို့ ခုခံအားမကျဆင်းနိုင်တဲ့ ကိုယ်ပိုင်ရောဂါတစ်ခုတော့လိုတယ်။ မြေညီထပ်တွေဟာ ကိုယ်ပိုင်ကားတွေကိုငုံရင်း သိပ်ဘ၀င်မြင့်တတ်ကြပြီး အမြင့်ဆုံးအထပ်မှာနေရတဲ့သူတွေက ပိုပြီးမြေကြီးဆန်ကြတဲ့အကြောင်းများပြောရင် ဖေဖေယုံပါ့မလားမသိဘူး။ တိုက်ခန်းတိုင်းဟာ ပန်းအိုးတစ်အိုးတင်စိုက်ထားဖို့ထက် အဲယားကွန်းတစ်ပုံးကိုပဲ နေရာပိုပေးထားလိုက်ကြတယ်။ နေ့ထူးနေ့မြတ်တွေမှာ နိုင်ငံတော်အလံနဲ့အလှမဆင်တတ်ကြတဲ့ မြို့ပြအိမ်ဝရံတာခန့်ခန့်ကြီးတွေဟာ သိပ်သနားဖို့ကောင်းတာပဲဖေဖေ။
သစ်လွင်တဲ့စိုက်ပျိုးရေးနည်းပညာတွေကြောင့် ရာသီပေါ်သီးနှံတွေကို ရာသီစုံမှာ ရရှိလာနိုင်ပြီဖေဖေ။ သဘာဝအစားအစာတွေဟာ ဓာတုပစ္စည်း၊ ရေခဲငွေ့တွေအားကိုးနဲ့ ကုန်လွန်ရက်စွဲကို ပြောင်ပြောင်တင်းတင်းကြီး ကပ်ထားနိုင်ကြပြီ။ စည်သွပ်ဘူးတွေ၊ ခေါက်ဆွဲခြောက်ထုပ်တွေနဲ့ အဆောင်နေသူတွေရဲ့ အစာလမ်းကြောင်းဟာ ခြောက်ကပ်ကပ်နိုင်လာတယ်။ စူပါမားကတ်တွေရဲ့ တသမတ်ဆန်တဲ့ နှုန်းထားက အိမ်ရှင်မတွေရဲ့ ဈေးဆစ်လိုမှုကို ခွာချပစ်လိုက်ပြီဖေဖေ။ ခုံမြင့်ဖိနပ်တွေကို ရွံ့မပေစေချင်ရင် ကွန်ပြူတာက ထွက်ကျလာတဲ့ ငွေချေလွှာကို အထွန့်တက်စရာမလိုဘူးမဟုတ်လား။
တစ်ဦးပေါ်တစ်ဦးယုံကြည်မှုဆိုတာကို ဒီမြို့ပြမှာ သိပ်တွန့်တိုကြတာပဲဖေဖေ။ ကိုယ့်ကျောကုန်းကို လူမမြင်အောင်သိုဝှက်ရတာကိုက အလုပ်တစ်ခုဖြစ်ဖြစ်လာတယ်။ တောအုပ်ခပ်အုံ့အုံ့နား သွားထိုင်နေရတဲ့ စိတ်အေးချမ်းမှုမျိုး ဖန်တီးယူဖို့အတွက် မြို့ပြရဲ့အပန်းဖြေစရာနေရာတွေဟာ တန်ဖိုးသိပ်မြင့်ကြတယ်။ မေမေတို့အဆောင်သူဘ၀တုန်းကလို လသာညမှာ လက်ဖက်သုပ်ဝိုင်းဖွဲ့စားရင်း ကောင်းကင်နံ့မခံကြတော့ဘူးဖေဖေ။ ခေတ်ရှေ့ပြေးလွန်းတဲ့ အင်တာနက်ကို အလုအယက်ဆက်သွယ်ကြရင်း အခန်းဖော်အချင်းချင်းတောင် နှုတ်ဆိတ်ကုန်ကြတယ်။ သမီးတို့ဟာ တစ်ကမ္ဘာလုံးနဲ့ဆက်သွယ်လို့ရနေမှတော့ ကိုယ့်ကိုကိုယ် ခေတ်ရဲ့သားကောင်တွေအဖြစ်က မေ့ထားလိုက်ကြရုံပဲမဟုတ်လား ဖေဖေ။
ရှော့ပင်းစင်တာတွေဟာ ဆယ်ကျော်သက်တွေအတွက်တော့ အမျိုးသားပြတိုက်တွေပဲမဟုတ်လား ဖေဖေ။ ငွေကုန်မခံနိုင်လည်း ကြိုက်သလောက်လည်ပတ်နိုင်တာ အခွင့်ကောင်းကြီးတစ်ခုပဲဟုတ်စ။ ဆန်းသစ်တဲ့ ဒီဇိုင်းတွေကို အတားအဆီးမရှိ စီးဆင်းခွင့်ပေးနိုင်တာကိုက မြို့ပြကပေးတဲ့ သစ်လွင်မှုတစ်ခုပဲလေ။ အထွတ်အထိပ်က အတတ်ပညာအားလုံးနီးပါးနဲ့ မြို့ပြရဲ့သရဖူကို သမီးသိပ်ကြိုက်တယ်။
ဓာတ်ပုံ၊ ပန်းချီ၊ စာပေ အနုပညာအသီးသီးရဲ့ လက်ရည်ပြပွဲ၊ အမြည်းပွဲတွေနဲ့ မြို့ပြဟာ ထည်ဝါလွန်းနေတယ်။ ခေတ်သစ်အနုပညာရဲ့အရသာတစွန်းတစကို မြို့ပြရဲ့ အုတ်တံတိုင်းတွေကတောင် ပေးနိုင်တယ်ဖေဖေ။ မြို့ပြလူငယ်တွေဟာ ဂါရ၀တရားကို ဆံပင်ရှည်ထားခြင်း၊ မထားခြင်းနဲ့ မပြသတတ်ဘူးဆိုပဲ။ သူတို့ရဲ့စိတ်ရင်းကို နှလုံးသားရဲ့အခန်းလေးခန်းကလွဲလို့ ဘယ်ပြင်ပကမှ မခန့်မှန်းနိုင်ကြဘူးဖေဖေ။ စာအုပ်အဟောင်းတန်းတွေက အကောင်းသန့်ဆုံးစာအုပ်တွေဟာ သမီးကို အခင်တွယ်ကြဆုံးပဲ ဖေဖေ။ ကော်ဖီအေးတစ်ခွက်မှာသောက်ရင်း ဆိတ်ငြိမ်ရပ်ကဖေးတစ်ခုခုမှာ တစ်ကိုယ်ထဲ ဘောပင်တစ်ချောင်းနဲ့အလုပ်လုပ်ရဲအောင် သမီးကို မြို့ပြက ကောင်းကောင်းသင်ပြလိုက်ပြီ။
အခုဆို အချိန်တော်တော်များများမှာ အိမ်လွမ်းစိတ်ကို အတွေးများစွာက ဖြန့်ကျက်ထားနိုင်ခဲ့ပြီ။ ခြေထောက်နှစ်ချောင်းနဲ့ ခပ်တောင့်တောင့်ရပ်နိုင်အောင် မြို့ပြရဲ့အများသုံးယာဉ်တွေက လေ့ကျင့်ပေးခဲ့ပြီဖေဖေ။ ဖေဖေ့ကို ပြောချင်တဲ့စကားတော်တော်များများကို မြို့ပြခိုတွေက စားသုံးပေးလိုက်ကြပြီ။ ဒါပေမဲ့ ယာဉ်တန်းတွေကိုကျော်ကြည့်မှ မြင်ရတဲ့ဆည်းဆာနဲ့ အသားကျဖို့တော့ တော်တော်ကြိုးစားရဦးမယ် ဖေဖေ။ ရောမသူလို ကျင့်ကြံဖို့ သိပ်ကိုခဲယဉ်းတဲ့ ကိစ္စတော့ မဟုတ်ဘူးမဟုတ်လား။ မြို့ပြဟာ ကြမ်းရှရှမဟုတ်လား ဖေဖေ။ မထိတွေ့တော့ဘူး။ တစ်ခါထဲ ပျော်ဝင်ပစ်လိုက်တော့မယ်။
ဖြူစေခိုင်
ဖေဖော်ဝါရီ ၉၊ ၂၀၁၃

0 comments:
Post a Comment