သစ်ဆွေးတုံးများ၏ အနာဂတ်
လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က Sky Net ရုပ်သံအစီအစဉ်ကို ဖွင့်လိုက်တော့ ဆွေးနွေးပွဲတစ်ခုကို နားထောင် လိုက်ရတယ်။ ဆရာကြီး သင်္ချာ သန်းနိုင်ဆွေးနွေးတဲ့အထဲမှာ "သစ်ဆွေးတုံးကို ပန်းပုထုလို့ မရဘူး" ဆိုတဲ့ စကားကိုတော့ ကြိုက်မိတယ်။
ကျန်တာတွေကတော့ ဦးဆောင်ဆွေးနွေးသူတွေပါ ကိုယ်လိုရာကိုယ်ပြော၊ အစိုးရကို
လော်ဘီလုပ် သလိုလို မျိုးတွေဖြစ်နေလို့ သဘောသိပ်မကျမိပါဘူး။
အဲဒီဆွေးနွေးပွဲတစ်ခုလုံးမှာ "သစ်ဆွေးတုံးကို ပန်းပုထုလို့ မရဘူး" ဆိုတဲ့
စကားတစ်ခွန်းပဲ စွဲကျန်ခဲ့တယ်။
ဟုတ်ပါတယ် … သစ်ဆွေးတုံးကို ပန်းပုထုလို့ မရပါဘူး။ ပန်းပုထုတယ်ဆိုတာ စူး၊ ဆောက်တွေနဲ့ ထုဆစ်ရတာ ဆိုတော့ ကြေလွယ် ပဲ့လွယ်တာပေါ့။ တိုင်းပြည်မှာကလည်း မသုံးတာကြာလို့ ဆွေးသွားတဲ့ သစ်သားတွေ ဘယ်လောက်များနေပြီလဲမှမသိတာ။
သစ်ကလည်းပွ၊ စောစောစီးစီး သုံးလို့ရတဲ့နေရာတွေမှာ အသုံးမခံကြရဘဲ မိုးထဲလေထဲ ပစ်ထားလိုက်တော့ သစ်သားတုံးတွေက သစ်ဆွေးတုံးတွေ ဖြစ်ခဲ့ရပြီပေါ့။
ဂျပန် Documentary ကားလေးတစ်ကားကြည့်ဖူးတယ်။ ပန်းချီကျောင်းကြီးတစ်ကျောင်းမှာ ဆရာက ကျောင်းသားတွေကို တောထဲခေါ်သွားပြီး ပန်းပုထုဖို့ ကိုယ်ကြိုက်တဲ့သစ်တုံးတွေကို ကိုယ်တိုင်ရွေးခဲ့ကြလို့ ပြောလိုက်တယ်။
ကျောင်းသားတွေလည်း ပန်းပုထုလို့ရမယ့် သစ်သားတွေကို ပျော်ရွှင်စွာဖြတ်တောက်ပြီးတော့ ယူခဲ့တာပေါ့။ အဲဒီ အချိန်မှာ ကျောင်းသားတစ်ယောက်က သစ်ဆွေးတုံးကြီးတစ်တုံးကို ထမ်းပြီးတော့ တောထဲက ထွက်လာတယ်။
ဆရာက "မင်းထမ်းလာတာ သစ်ဆွေးကြီး ဖြစ်ပါ့မလား" လို့ မေးလိုက်တယ်။ ကျောင်းသားက "ဆွေးတာကို ပစ်ထားလိုက်ရင် သုံးမရပိုဖြစ်သွားမှာပေါ့။ ကျွန်တော် ကြိုးစားကြည့်မယ်" လို့ ပြောလိုက်တယ်။
ကျောင်းသားတွေ စတူဒီယိုထဲမှာ ပန်းပုတွေထုကြတယ်။ သူတို့ နောက်ဆုံးနှစ်အတွက် လက်မှတ်ဟာ သူတို့ ဖန်တီးတဲ့ အနုပညာလက်ရာပေါ်မှာတည်နေတယ်။ ဒါကြောင့် ကျောင်းသားတွေ
စူး၊ ဆောက်တွေသွေးပြီး တက်ကြွနေကြတယ်။
သစ်ဆွေးတုံးထမ်းလာတဲ့ ကျောင်းသားက ဘာ စူး၊ ဆောက်မှ မကိုင်ဘူး။ တစ်နေရာမှာ သစ်ဆွေးတွေကို သစ်သားတူနဲ့ဖွဖွလေး အမှုန့်ဖြစ်အောင် ထုနေတယ်။
အားလုံး အမှုန့်တွေကို အလုံအလောက်ရတော့ ထမင်းရည်နဲ့ရောပြီး နယ်တယ်။ စိတ်ကြိုက်အနေအထားရတော့ သူကပုံစံသွင်းတယ်။
သူပုံဖော်လိုက်တာက ကောင်းကင်ပေါ်ကို လက်ဆန့်တန်းထားတဲ့ ကျောင်းသားလေးတစ်ယောက်။ လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုအပြည့် ကျောင်းသားလေးတစ်ယောက်။ ပြီးတော့ သူက ပုံဖော်ထားတဲ့
အရုပ်ကို "The Future" လို့ အမည်ပေးပြီး ဆရာ့ဆီကို သွားတင်ပြလိုက်တယ်။
ထုထောင်းပြီး အမှုန့်ဖြစ်နေတဲ့ သစ်ဆွေးတုံးတွေမှာလည်း အနာဂတ်
ရှိပါတယ်။ ပုံဖော်ပေးနိုင်သေးတဲ့သူတွေ မရှိသေးလို့ပါ။ ဘာကြောင့်လဲ
ဆိုတော့ ကျွန်တော်တို့မှာ ဆွေးသွားအောင် ပစ်ထားသူတွေပဲရှိပြီး၊
အသုံးချလို့ ရအောင် မလုပ်ပေးနိုင်သေးတော့ အနာဂတ်တွေဟာ ပျောက်နေရလို့ပါ။
Credit to တင်ညွန့်
K.K(ကနောင်)

0 comments:
Post a Comment