ဒုက္ခရောက်ကမ္ဘာကျော် ဘဏ်များ ခင်မောင်ညို (ဘောဂဗေဒ)
Khin Maung Nyo
မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်(၉)ခုကို လုပ်ငန်းလိုင်စင် ချပေးခဲ့ရာ၊ ပြည်တွင်းဘဏ်များအကြား၊ အတော်လေးလှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
ယခုအပတ်ဖတ်ရသော Economist အပတ်စဉ် စာစောင်တွင်၊ ကမ္ဘာတဝှမ်း လည်ပတ် လွှမ်းမိုးနေသော ဘဏ်ကြီးများအကြောင်းကို ဖတ်ရသောအခါ၊ သူတို့မှာလည်း “သူ့ဒုက္ခနဲ့သူကိုး”ဟု မှတ်ချက်ချမိသည်။
ကမ္ဘာဆန်သည့် လမ်းကြောင်းကို ပွေ့ဖက်လက်ခံရာတွင်၊ ဘဏ်များသည် ပေါ့ပ်ဂီတနှင့် ညစ်ညမ်းစာပေတွေ ကို မမီဟုပင်၊ နှိုင်းယှဉ်မှတ်ချက်ချထားသည်။
(၁၉၉၀)ပြည့်လွန်နှစ်များတွင်၊ ကမ္ဘာပေါ်၌ နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့အစည်းသုံးမျိုး ပေါ်ပေါက်လာခဲ့သည်။ ချမ်းသာသူ လူတစုအတွက် ဆောင်ရွက်ပေးသည့်ရင်းနှီးမြှုပ်နှံမှုဘဏ်များ၊ ရောက်ရာအရပ်တို့ရှိ၊ မိမိနိုင်ငံသားများအတွက်ဆောင်ရွက်ပေးရန် ဖွင့်လှစ်သည့် ဘဏ်များလည်း ပါဝင်သည်။ အထူးခြားဆုံးမှာ၊ ကမ္ဘာတဝှမ်းကွန်ယက်ဖြန့်ကျက်ပြီး၊ ငွေချေးသည့်ကိစ္စ။ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေအတွက်ငွေလွှဲသည့် ကိစ္စ၊ ငွေချေးစာချုပ် ရောင်းဝယ်သည့်ကိစ္စ၊ မော်တော်ကားဝယ်ရန်အပေါင်ခံငွေချေးသည့်ကိစ္စ စသည်ဖြင့် အစစအရာရာ လုပ်ကိုင်သည့် ဆယ်ဂဏန်းပင် မပြည့်သော၊ကမ္ဘာတဝှမ်းရှိ မိုးထိုးတိုက်ကြီးများတွင် ရှိကြသော၊ ဘဏ်ကြီးများဖြစ်သည်။
အလှမ်းကျယ်သော၊ ထိုဘဏ်ကြီးများသည်၊ ၂၀၀၈-၂၀၀၉ ခန့်က၊ အတန်အသင့်မျှသော၊အကြပ်အတည်းကိုသာ ရင်ဆိုင်ခဲ့ရသော်လည်း၊ ယခု ပိုပြီး ဒုက္ခရောက်မည့်ကိန်းနှင့်ကြုံတွေ့နေရသည်။ ဘဏ်ကို ဖျက်သိမ်းရန် ကြံသူက ကြံသည်။ ဘဏ္ဍာရေးရည်မှန်းချက်တွေအတိုင်း ဖြစ်မလာသည့် ဘဏ်လည်းရှိသည်။ ဗဟိုဘဏ်၏ စီရင်ချက်ကိုစောင့်ဆိုင်း နေရသော ဘဏ်လည်းရှိသည်။ လုပ်ငန်းကြီး ဘဏ်တွေအပြောင်းအလဲ လုပ်ကြသည်။
ထိုကမ္ဘာကျော်ဘဏ်ကြီးတွေနှင့် နှိုင်းယှဉ်လျှင် ပြည်တွင်းဘဏ်တွေ၊ ဒေသခံတွေက အခြေအနေပိုကောင်းနေကြပြန်သည်။ ဗြိတိန်မှာရော၊ အမေရိကန်မှာပါ၊ ဒေသခံဘဏ်တွေ၊အလတ်တန်းဘဏ်တွေက အခြေအနေကောင်းနေသည်။
ကမ္ဘာကျော်ဘဏ်တွေက၊ ၄င်းတို့ရင်းနှီးထားသော အရင်းအနှီးနှင့် နှိုင်းယှဉ်လျှင်၊ပြန်လည်ရရှိသော အကျိုးအမြတ်က၊ ထင်သလောက်မများ။ ဆယ်ရာခိုင်နှုန်း အောက်မှာသာ အများအားဖြင့်ရရှိကြသည်။ ထိုအခါ၊ ရင်းနှီးမြှုပ်နှံသူတွေက မဟာဗျူဟာမြောက် အမှားအယွင်းတစုံတရာရှိနေလေရော့သလားဟု၊ စိုးရိမ်မကင်း ဖြစ်ကြသည်။ ကမ္ဘာအနှံ့ ဖြန့်ကျက်ရေးကြိုးစားရာတွင်၊ သက်ဆိုင်ရာ နိုင်ငံများ၏ စည်းမျဉ်းစည်းကမ်းတွေကို၊ ဖြည့်ဆည်းရန်အလုပ်တွေ ရှုတ်ရသော စရိတ်စကသည်၊ ရရှိမည့် အကျိုးအမြတ်ထက် နည်းနေမည်လောဟု၊တွက်ဆလာကြသည်။
လွန်ခဲ့သော အနှစ်(၂၀)ခန့်ကတော့ ယခုထက်၊ အခြေအနေ ကောင်းသယောင် ရှိသည်။
ကမ္ဘာဆန်လာသော လမ်းကြောင်းတွင်၊ ကုန်သွယ်မှုနှင့် အရင်းအနှီး စီးဆင်းမှုလှိုင်းလုံးတွေ ကြီးမားလာမည်ဟု တွက်ဆပြီး၊ လက်တဆုပ်စာမျှသော လုပ်ငန်းတွေက၊ထိုအခွင့်အရေးကို အရအမိ ဆုပ်ကိုင်ခဲ့ကြသည်။ အချို့လုပ်ငန်းများက၊ မူလကတည်းကပင်၊ကမ္ဘာအနှံ့ ဖြန့်ကျက်ထားသည့် ကွန်ယက်များရှိပြီးဖြစ်သည်။ နိုင်ငံခြားဘဏ်ခွဲတွေဖြန့်ကျက်ထားပြီးဖြစ်သည်။
၁၉၉၀ နှင့် ၂၀၀၀ ပြည့်လွန်နှစ်များတွင်၊ အဆိုပါ ဘဏ်ကြီးများက၊ နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးများ၏၊ ကုန်သွယ်ရေးအတွက် ငွေချေးခြင်း၊ နိုင်ငံခြားငွေအရောင်းအဝယ် လုပ်ပေးခြင်း၊ ငွေသား အဝင်အထွက် စီမံခန့်ခွဲခြင်းတို့ကို လုပ်ပေးသည်။သို့သော် ထိုမျှ လုပ်ငန်းများ၌သာ ရပ်မနေ၊ အခြားလုပ်ငန်းတွေကိုလည်း ချဲ့ထွင်လုပ်လာကြသည်။ရင်းနှီးမြှုပ်နှံမှု ဘဏ်၏လုပ်ငန်းတွေကို လုပ်သည်။ လက်လီဘဏ်လုပ်ငန်းတွေကိုလည်းလုပ်သည်။ အခြားဘဏ်များကို ဝယ်ယူခြင်း၊ ပေါင်းစည်းခြင်းပြုလုပ်ကာ၊ နေရာတိုင်းရှိ၊လူတိုင်းကို ဝန်ဆောင်မှုပေးရန် ကြိုးစားကြသည်။ အိန္ဒိယကအစ၊ အမေရိကန်အဆုံး နေရာတကာရောက်ကြသည်။ ထိုမျှ အရှိန်အဟုန်နှင့် လုပ်ငန်းနယ်ပယ်တွေ ကြီးမားလာခြင်းကြောင့်ပင်ဒုက္ခရောက်ရခြင်း ဖြစ်သည်။
ပထမဦးစွာ၊ လုပ်ငန်းများ ကြီးလာသဖြင့် စီမံခန့်ခွဲရန် ခက်သည်။ လုပ်ငန်းခွဲတွေက၊ဘုံအိုင်တီစနစ်တခုကို လက်ခံကျင့်သုံးရန် မလွယ်ကူ။ ဘုံယဉ်ကျေးမှု အလေ့အထတစ်ခု တည်ဆောက်ရန်ဆိုလျှင်၊ပို၍ ခက်ခဲသည်။ လုပ်ငန်းတွေကို ကမ္ဘာအနှံ့ ချဲ့နေရသော်လည်း၊ ဝင်ငွေထက် စရိတ်ကပိုကြီးမားသည်။ ဒေသခံဘဏ်များထက်ပင်၊ စရိတ်ကြီးနေသည်။ စရိတ်ကြီးသဖြင့်၊ဆူလွယ်နပ်လွယ်၊ ငွေအလွယ်တကူ ရသည့် လုပ်ငန်းတွေကို လုပ်ရသည်။ ဒေသခံသူဌေးကြီးတွေကိုငွေချေးသည့် အလုပ်မျိုးတွေလုပ်ရသည်။
ဒုတိယအချက်အနေဖြင့်၊ ပြိုင်ပွဲကထင်သည်ထက် ပိုကြီးသည်ကို တွေ့ရသည်။ ၂၀၀၀ပြည့်နှစ်ဝန်းကျင်တွင်၊ ဒုတိယတန်းစား ဘဏ်တွေက၊ ကမ္ဘာအနှံ့၊ ခြေဆန့်ကြရာ၊အမြတ်ဝေစုတွေ လျော့ကုန်သည်။ ပြိုင်ဘက်တွေ လိုက်ဝယ်ပြီး၊ ပေါင်းစည်းရန်ကြိုးစားတိုင်းလည်း အဆင်မပြေ။ အာရှဒေသခံဘဏ်တွေကို မပြိုင်နိုင်။ တရုတ်၊ဘရာဇီးနှင့် အိန္ဒိယဘဏ်တွေကလည်း၊ ကမ္ဘာအနှံ့ ဖြန့်ကျက်လာကြသည်။
တတိယအချက်အနေဖြင့်၊ ကမ္ဘာအနှံ့ ခြေဆန့်ကြသော ဘဏ်ကြီးများသည်၊ ကမ္ဘာအနှံ့နိုင်ငံအမျိုးမျိုးတွင်၊ သတ်မှတ်ထားသော၊ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီအောင်ကြိုးစားကြရသည်။ အမေရိကန်အစိုးရက၊ ငွေကြေးခဝါချမှု၊ အခွန်ရှောင်မှု၊ စီးပွားရေးပိတ်ဆို့မှုတို့နှင့် ပတ်သက်၍ တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားရာ၊ဘဏ်များအနေဖြင့်၊ ကိုယ့်ဖေါက်သည် ဘယ်သူဘယ်ဝါဆိုသည်ကို သိရုံဖြင့်မပြီး။ထိုဖေါက်သည်၏ ဖေါက်သည်များ အကြောင်းကိုပါ သေသေချာချာ သိရန် လိုအပ်သည်။ဒေါ်လာသုံးပြီး၊ လုပ်ငန်းလည်ပတ်နေသော ကုမ္ပဏီကြီးများ၊ ဘဏ်ကြီးများသည်၊သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သဖြင့်၊ ဒဏ်ကြေးငွေ နင့်နေအောင်ပေးဆောင်ကြရသည်။
ဒေသခံဘဏ်များထက်၊ ကမ္ဘာအနှံ့ ဖြန့်ဘဏ်တွေကို၊ အရင်းအနှီးလိုအပ်ချက်နှင့် ပတ်သက်၍ချမှတ်သော စည်းမျဉ်းစည်းကမ်းတွေက ပို၍ပင်၊ မြင့်မားသေးသည်။ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေ လိုက်နာရသလို၊ သက်ဆိုင်ရာ နိုင်ငံအလိုက် ချမှတ်ထားသောစည်းမျဉ်းတွေကိုလည်း လိုက်နာရသည်။ ဒေသခံဘဏ်တွေ ၁၀% ခန့်၊ အန္တရာယ်ရှိ ပိုင်ဆိုင်မှုများအတွက်၊ငွေချန်ထားရချိန်တွင်၊ ကမ္ဘာကျော်ဘဏ်တွေက ၁၂%မှ ၁၃% အထိ သီးသန့်ဖယ်ထားကြသည်။ထို့ပြင် ဒေသအတွင်းရှိ၊ ဘဏ်လုပ်ငန်းတွေကိုလည်း လုပ်ချင်သလိုလုပ်၍ မရ။ကိုယ့်ငွေဆိုပြီး ကမ္ဘာအနှံ့ ရွှေ့ချင်သလို ရွှေ့၍မရ။
သက်ဆိုင်ရာ နိုင်ငံအလိုက်၊စည်းမျဉ်းစည်းကမ်းတွေ ကိုက်ညီအောင် လုပ်ရသော အလုပ်မှာ၊ စရိတ်ကြီးမားသည်။တနှစ်တနှစ်လျှင်၊ ဒေါ်လာ သန်းထောင်ချီပြီး ကုန်သည်။
ထိုထိုသော စရိတ်တွေအားလုံး ကျေပြီဆိုသည့် ကာလရောက်မှ၊ အမြတ်ထွက်နိုင်သည်။ သို့သော်စည်းမျဉ်းအသစ်တွေက၊ ထပ်တိုးတိုးနေသည်။ ထို့ကြောင့် ၁၀% မြတ်ရန်ပင် မလွယ်။
လုပ်ငန်းတွေ ကြီးလာသည့်အခါ၊ မြတ်မည့် အမြတ်တွေကို၊ စရိတ်တွေက ပေးသွားကြသည်။လုပ်ငန်းကြီးတိုင်း၊ စရိတ်မသက်သာ။ အခြေအနေမှန် တွေကိုသာ၊ အမှန်တကယ်ထုတ်ပြကြမည်ဆိုလျှင်၊ ယခုထက်ပင်ပို၍ အခြေအနေဆိုးနိုင်သည်။ ကိုယ်ကငွေထုတ်ချေးလိုက်တိုင်း၊ ပြန်ဆပ်မည်ဟု အာမမခံနိုင်။
သို့သော်လည်း၊ ခြေကျွံနေသော ကမ္ဘာကျော်ဘဏ်တွေကို၊ နောက်ပြန်ဆုတ်ခိုင်းဖို့ ခက်သည်။
မျှော်လင့်စရာ တစ်ခုနှစ်ခုတော့ ရှိသည်။ အမေရိကန်နိုင်ငံတွင် အတိုးနှုန်းတွေတက်ရိပ်ပြနေရာ၊ လာမည့် တစ်နှစ် နှစ်နှစ်ဆိုလျှင် အမြတ်တွေ တိုးပွားလာစရာ ရှိသည်ဟုမျှော်လင့်ကြသည်။ အခြားအကြောင်းအရာတခုမှာ၊ ပြိုင်ဆိုင်မှုတွေ လျော့သွားသဖြင့်၊ဝင်ငွေတွေ တက်လာနိုင်ခြင်းဖြစ်သည်။ နိုင်ငံပေါင်း ငါးဆယ်ခန့်တွင် လည်ပတ်နေသော၊ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်မှုဘဏ်လုပ်ငန်းတွေကို၊ အချို့သောဘဏ်တွေက၊ ဆယ်ဂဏန်းခန့်အထိ လျှော့ချကြမည့် အလားအလာရှိသည်။ တဘက်တွင်ပြိုင်ဘက်အသစ်တွေ ဝင်လာနိုင်သည်ကို လျှော့တွက်၍မရ။ ဂျပန်နှင့် တရုတ်ဘဏ်တွေက၊နယ်ပယ်သစ်တွေ ရှာနေကြပြီ။
ကမ္ဘာဆန်လာသည့် ဖြစ်စဉ်ကြောင့်၊ ကမ္ဘာတဝှမ်း၊ ငွေတွေ အမြောက်အမြား၊လျှောက်ပြေးနေကြမည်မှာ၊ မှန်သော်လည်း၊ ထိုသို့ လျှောက်ပြေးနေသော ငွေတွေကို ဘဏ်တွေကမည်သို့အသုံးချကာ၊ ကြွယ်ဝချမ်းသာအောင် လုပ်ကြမည်ဆိုသည့် ပုစ္ဆာမှာ အဖြေမထွက်သေးပါ။
(GlobalBanks : A world of pain )

0 comments:
Post a Comment