Sunday, March 29, 2015

လီကွမ်ယူရဲ့ ဘာသာစကားနှစ်ခု သင်ကြားရေးစနစ်



လီကွမ်ယူအကြောင်းရေးထားတဲ့ စာအုပ်တွေနဲ့ သူကိုယ်တိုင် ရေးတဲ့ စာအုပ်တွေကို မြန်မာစာဖတ်ပရိတ်သတ် အတော်များများရင်းနှီးပြီးသားဖြစ်ပေမဲ့၊ ‘ကျွန်ုပ်၏ ဘ၀တစ်သက်တာ စိန်ခေါ်မှု’  (My  Lifelong Challenge)  စာအုပ်ကိုတော့ လူသိနည်းသလို၊ ဘာသာပြန်ထားတာလည်းမတွေ့ရသေးပါ။ ဒီစာအုပ်က စင်္ကာပူရဲ့ ဘာသာစကားနှစ်ခု သင်ကြားရေးခရီးရှည် ( Singapore’s Bilingual Journey) အကြောင်း သူကိုယ်တိုင် ရေးထားပြီး၊ ငယ်စဉ် ပညာဆည်းပူးခဲ့ပုံ၊ ဘာသာစကားလေ့လာလိုက်စားမှု အတွေ့အကြုံနဲ့ ပညာရေးဝန်ကြီး ၀င်လုပ်ခဲ့ပုံတွေကို ပြန်ရေးထားတာပါ။


လီကွမ်ယူဟာ အင်္ဂလိပ်စကားပြော တရုတ်မိဘနှစ်ပါးကနေ မွေးဖွားလာသူဖြစ်လို့ အင်္ဂလိပ်စကားကို ပထမဘာသာစကားအဖြစ်ပြောပေမဲ့၊ မလေးနဲ့ ဂျာဗားစကားကို ကလေးဘ၀ကတည်းက ကျွမ်းဝင်ပါတယ်။ ဆယ်ကျော်သက်မှာ လာတင်နဲ့ ဂျပန်စကားတွေ သင်ယူပါတယ်။ စင်္ကာပူကိုဂျပန်သိမ်းပိုက်ထားစဉ် အသက်မွေးဝမ်းကျောင်းဖို့ ဂျပန်စကားသင်ခဲ့တာ။ အသက် ၄၀ ရောက်တော့ေ ရွးကောက်ပွဲဝင်နွှဲဖို့  Hokkein နဲ့ Hakka ဒေသိယစကားတွေ အပြင်းအထန် လေ့လာတယ်။ နောက်ဆုံး အသက် ၉၀ အထိ တစ်သက်တာ မနားတမ်း လုံ့လစိုက်ခဲ့တဲ့  ဘာသာစကားကတော့ မန်ဒရင်း တရုတ်ဘာသာစကားပါပဲ။

လီရဲ့ ငယ်ဘ၀ အိပ်မက်ကရှေ့နေ ဖြစ်ချင်တာ။ ဒါကြောင့် ဗြိတိသျှအုပ်ချုပ်ရေးအောက်က တရားခွင်မှာ အင်္ဂလိပ်ရှေ့နေတွေနဲ့ အပြိုင်နွှဲနိုင်ဖို့၊ ကိန်းဘရစ်ခ်ျ တက္ကသိုလ် ဥပဒေဘွဲ့ရယူပြီး၊ အင်္ဂလိပ်စကား အဆင့်မြင့်မြင့် ပြောဆိုနိုင်အောင် အားထုတ်ပါတယ်။ ဒါပေမဲ့ သူဟာ တရုတ်လူမျိုးဖြစ်လို့ မျိုးရိုး ဂုဏ်သိက္ခာနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ မန်ဒရင်းကို ဘ၀တလျှောက်လုံး လေ့လာဆည်းပူးသွားပါတယ်။

လီကွမ်ယူက ဘာသာစကားသစ်တစ်ခုကို ကျွမ်းကျင်တတ်မြောက်မှုဟာ ကမ္ဘာ့လူသားတွေကို နားလည်နိုင်ဖို့ နောက်ထပ် ပြူတင်းတံခါးတစ်ချပ် ပွင့်သွားတာလို့ ခံယူပါတယ်။ အဲဒီ သူ့ရဲ့ ဘာသာစကားပေါ် ထားတဲ့ အမြင်နဲ့ အတွေ့အကြုံကို အရင်ဆုံး သူ့မိသားစုရဲ့ အနာဂတ် ဘာသာစကား စီမံကိန်းမှာ လက်တွေ့ အသုံးချတယ်။ အသက်ကြီးမှ မန်ဒရင်းကို ခက်ခက်ခဲခဲသင်ယူရတဲ့ သူ့အဖြစ်မျိုး ကလေးတွေကို မဖြစ်စေချင်ဘူး။ ဒါကြောင့် သူ့သားနှစ်ယောက်နဲ့ သမီးကို အင်္ဂလိပ်ကျောင်းမှာ မထားဘဲ၊ တရုတ်ဘာသာစကားသင် ကျောင်းတွေမှာ စထားတယ်။

တရုတ် အရုပ်စာတစ်ခုမှာ အဓိပါယ်လေးမျိုး လေးသံထွက်တာမို့ ကလေးဘ၀ကတည်းက မှန်မှန်ကန်ကန် ထွက်တတ်ဖို့လိုတယ်။ ကမ္ဘာ့အခက်ခဲဆုံး ဘာသာတစ်ခုဖြစ်တဲ့ တရုတ်စကားကို အသက်ကြီးမှ သင်ယူရင်  သိပ်မနိပ်တာ၊ အသံထွက်ရခက်တာ သူကိုယ်တိုင် ကြုံရတာ။ ဒီတော့ သားသမီးတွေကို တရုတ်ဘာသာနဲ့ သင်ကြားတဲ့ ကျောင်းမှာအနည်းဆုံး ဆယ်နှစ်အထိ တက်ခို်င်းတယ်။ အိမ်မှာ သူ့နဲ့ ကလေးတွေ မန်ဒရင်းစကား ပြောပြီး၊ သူ့ဇနီးက အင်္ဂလိပ်လိုပြောတယ်။ နောက် အင်္ဂလိပ်နဲ့  မလေးဘာသာ ဆရာကောင်းတွေ ရှာပြီး အိမ်မှာခေါ်သင်ပေးတယ်။ ဘာသာစကားစုံပညာရေး ရရှိတဲ့ ကလေးတွေဟာ အမြင်ကျယ်ပြီး ဘ၀ဖွံ့ဖြိုးမှု  ပိုဖြစ်စေတယ်လို့ မစ္စတာလီကယူဆတယ်။ ဒါကြောင့်  သူ့သားကြီးလီရှိန်လွန်း (ယခုဝန်ကြီးချုပ်) ဟာ မန်ဒရင်း၊ အင်္ဂလိပ်၊ မလေးနဲ့ ရုရှားစကားတွေကို အဆင့်တန်းမြင့်မြင့် ပြောနိုင်သူ ဖြစ်လာတယ်။

စင်္ကာပူရဲ့ နိုင်ငံရေးပြဿနာဟာ ဘာသာစကားပြဿနာနဲ့လည်း ပတ်သက်နေတာကြောင့် လီကွမ်ယူက ဘာသာစကားလေ့လာမှုက ပိုအာရုံထားတာ ဖြစ်တယ်။  ဗြိတိသျှလက်အောက် စင်္ကာပူကျောင်းတွေဟာ အင်္ဂလိပ်၊ မန်ဒရင်း၊  မလေး၊ တမီးလ် ဘာသာစကားလေးမျိုးအောက်မှာ သွားခဲ့တယ်။ လွတ်လပ်ရေးရပြီးစ စင်္ကာပူမှာ ဘာသာစကားပေါင်းစုံ လူမျိုးပေါင်းစုံ  ဖြစ်နေတာကြောင့် ဘုံဘာသာစကားတစ်ခု သတ်မှတ်ဖို့ လိုလာတယ်။ လီကွမ်ယူက အင်္ဂလိပ်ကို ပထမဘာသာစကားအဖြစ် ယူပြီး၊ မန်ဒရင်းကို ဒုတိယ ဘာသာစကားအဖြစ် ယူပါတယ်။ အလားတူ  ပထ၀ီအနေအထား၊ လူမျိုးနဲ့ ယဉ်ကျေးမှု အခြေအနေတွေကြောင့် မလေးနဲ့ တမီးလ် ကိုလည်း ဒုတိယဘာသာစကားအဖြစ် သတ်မှတ်ပါတယ်။

ဒါကြောင့် စင်္ကာပူရဲ့ ပညာရေးပေါ်လစီဟာ နှစ်ဘာသာနဲ့   သင်ကြားရေးစနစ် (bilingual education policy) ဖြစ်လာပါတယ်။ ‘အင်္ဂလိပ် + မိခင်ဘာသာစကား’ (English+ Mother Tongue) ဟာ စင်္ကာပူရဲ့ ပညာရေးသင်္ကေတတစ်ခု ဖြစ်တယ်။ အင်္ဂလိပ်ကို ပထမဘာသာစကားအဖြစ် သတ်မှတ်ရတဲ့အကြောင်းက ကမ္ဘာ့နိုင်ငံအတော်များများ အင်္ဂလိပ်စကားပြောတာ၊ ဓနသဟာရ အဖွဲ့ဝင်နိုင်ငံဖြစ်တာ၊ နိုင်ငံတကာနဲ့ ဆက်ဆံနိုင်ဖို့ရာ ရည်ရွယ်ပါတယ်။

အင်္ဂလိပ်စကားဟာ အလုပ်အကိုင်ဘာသာစကား၊ အသိပညာရပ်ဆိုင်ရာ ဘာသာစကားဖြစ်တယ်။  ကမ္ဘာမှာ လူဝင်ဆန့််ဖို့၊ အလုပ်အကိုင်ကောင်းတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ဖို့၊ အဆင့်မြင့်ပညာရပ်ဆိုင်ရာနယ်ပယ်ထဲ သွားနိုင်ဖို့ဆိုရင် အင်္ဂလိပ်စကားနဲ့ စာပေ အဆင့်မြင့်မြင့် တတ်ကျွမ်းရမယ်။ အင်္ဂလိပ်စကားပြောခြင်းဟာ ကမ္ဘာနိုင်ငံတွေကြားထဲ စင်္ကာပူဆက်လက်ရှင်သန်စေမယ့်  လက်နက်တစ်ခု (a tool of  survival) လို့ လီကွမ်ယူက မြင်ပါတယ်။

ဒါပေမဲ့ ပညာရေးစနစ်မှာ  နှစ်ဘာသာသင်ကြားရေးစနစ် လက်တွေ့ကျင့်သုံးတာ သူလုပ်သမျှ လုပ်ငန်းတွေထဲ အခက်ခဲဆုံးမူဝါဒပဲလို့ လီက ပြောတတ်ပါတယ်။ နောက်ပြီး သူ့ဘ၀တလျှောက် ဂုဏ်အယူဆုံးအလုပ်ကလည်း စင်္ကာပူမှာ အင်္ဂလိပ်စကားကို ပထမဘာသာစကား သတ်မှတ်နိုင်ခဲ့တာလို့ မကြာခဏ ထုတ်ပြောပါတယ်။ အခက်အခဲပေါင်းစုံ၊ ဝေဖန်ခံရမှုပေါင်းစုံကြားကနေ အင်္ဂလိပ်ကို ရုံးသုံးဘာသာစကား သတ်မှတ်နိုင်ခဲ့အတွက် ဖွံ့ဖြိုးပြီးနိုင်ငံတွေအလယ်မှာ စင်္ကာပူရဲ့ နေရာဟာ အခိုင်အမာရှိလာတယ်။ အစွဲသန်တဲ့ လူမျိုးစုံ၊ ဘာသာစုံ၊ စရိုက်စုံတွေကြား အင်္ဂလိပ်စကားကတဆင့် တင်းမာမှု အမြင်ကျဉ်းမြောင်းမှုတွေကို လျှော့ချပေးနိုင်ခဲ့တယ်။

လီကွမ်ယူက စင်္ကာပူကို ဘာသာစကားနှစ်ခု အနည်းဆုံး တတ်မြောက်တဲ့  ရပ်ဝန်းဖြစ်အောင် နှစ်ပေါင်း ၅၀ ကျော် အချိန်ယူဖန်တီးခဲ့တယ်။ ကနေ့ စင်္ကာပူလူငယ်တိုင်းဟာ ကမ္ဘာ့အသိပညာတွေ  စုတ်ယူမျိုချနိုင်ဖို့ အင်္ဂလိပ်ဘာသာစကားကို မာစတာဖြစ်အောင် လုပ်ထားရသလို၊ မန်ဒရင်းဘာသာစကားကို ကျွမ်းကျင်ထားခြင်းက လူမျိုးကြီးလက္ခဏာ ယဉ်ကျေးမှုဂုဏ်သိက္ခာတွေ ပြဖို့ဖြစ်တယ်။ ကနေ့ ဩဇာကြီးလာတဲ့ တရုတ်နိုင်ငံအပေါ် ဩဇာရှိနိုင်ဖို့ ဖြစ်တယ်။

လီကွမ်ယူရဲ့ နိုင်ငံရေးအမြင်တွေအပေါ် သဘောထားကွဲလွဲစရာ လက်မခံနိုင်စရာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အခုစာအုပ်ကတော့ သူ့ငယ်စဉ်ဘ၀ ပညာရေးနဲ့ ပညာရေးသဘောထားအမြင်တွေကို တင်ပြထားတာမို့  မြန်မာပညာရေးသမားတိုင်း မဖြစ်မနေဖတ်သင့်ပါတယ်။ အထူးသဖြင့်  ကနေ့ မြန်မာ့ပညာရေးပြု ပြင်ပြောင်းလဲမှုနဲ့  တိုင်းရင်းဘာသာစကား သင်ကြားရေး ပြဿသနာများအတွက် စဉ်းစားစရာအချို့ ရရှိနိုင်ကောင်းပါတယ်။

ရဲမြင့်ကျော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...