Monday, March 30, 2015

လွမ်းငှက်တွန်ကြူး အတာနွေတန်ခူး

နှာဝဆီသို့ တိုးဝင်လာသော ရနံ့တစ်ခု။ သေချာစွာဖြင့် အနံ့ခံကြည့်လိုက်ရာ ပန်းရနံ့လေး တစ်ခုဖြစ်နေခဲ့၏ ။ ဆက်၍အိပ်ချင်နေသေးသော မျက်လုံးများ၏ ဆန္ဒကို ထုံသင်းမွှေးကြိုင်သော ပိတောက်ပန်းရနံ့တို့မှ တွန်းလှန်ဖယ်ရှားပစ်လိုက်ကြသည် ။ လေးလံသော မျက်ခွံ့များအား ကြိုးစားဖွင့်ကြည့်လိုက်သည်။ မျက်ဝန်း ရှေ့တည့်တည့်၌ ရွှေဝါရောင် ပိတောက်ပန်းခက်လေးများအား မြင်လိုက်ရလေသည် ။
ပန်းခက်လေးများ၏နောက်ကွယ်၌ ပြုံးကြည့်နေသော အန်တီလေး မျက်နှာထက်၌ ကျေနပ်ခြင်း ၊ စိတ်မကောင်းခြင်း အစရှိသော ခံစားချက်များ ဒွန်တွဲ ဖြစ်တည်နေကြသည် ။
အလွမ်းငှက်တွန်ကြူးသော အတာနွေတန်ခူးသို့ ရောက်ခဲ့ပြန်လေပြီ ။ ငှက်ကလေးများက တာဝန်ကျေပွန်စွာဖြင့် အလွမ်းသီချင်းများအား တွန်ကြူးနေကြပြီ ။ မီးငယ်လည်း ကိုကို အတွက် အလွမ်းတေးသွားများ ဆိုညဉ်းနေမိပြန်ပေါ့ ။ပြန်လာပါတော့ ကိုကို ။ ပိတောက်တွေလှိုင်လှိုင်ပွင့်သော အတာနွေတန်ခူးမှာ ကိုကို နှင့် မီးငယ်တို့ ဆုံခဲ့ကြသည် ။ အတာနွေတန်ခူးမှာပဲ မီးငယ်ကို ရက်စက်စွာ တစ်ယောက်တည်း ထားခဲ့ပြန်သည် ။
ပိတောက်ပန်းများ တစ်ခေါင်းလုံးပြည့်နေအောင် ပန်ဆင်ထားသည့် မီးငယ်အား အရူးမလေးနှင့် တူသည်ဟု ချစ်စနိုးပြောတတ်သည့် ကိုကို စကားသံများအား မီးငယ်နားထဲ ပြန်လည်ကြားယောင်နေမိသည် ။ ခါသင်္ကြန် ဂိမှာန် ရောက်ပြန်ပြီ ကိုကို ။ လတန်ခူးမှာ အလှထူးတဲ့ ခိုင်ရွှေဝါတွေလည်း ပွင့်ကုန်ကြပြီ။ခြံထဲမှာ ကိုကို စိုက်ပေးခဲ့သည့် ပိတောက်ပင်ကြီးလည်း ပိတောက်ပန်းတွေ ပွင့်ကုန်ကြပြီ ။ ပိတောက်ရနံ့လေးများ သင်းပျံ့နေကြပြီလေ ။ အတိတ်ဆိုတာ မေ့ပြစ်လို့ကောင်းတဲ့ အတိတ်တွေ ရှိသလို ၊ တသသနဲ့ လွမ်းနေစေမည့် အတိတ်နေ့ရက်လေးတွေလည်း များစွာရှိနေတတ်ကြပါသည် ။ ကိုကို နှင့် ဆုံတွေ့ခဲ့ရသည့် အတိတ်နေ့ရက်များမှာ မီးငယ်အတွက် ဘယ်သောအခါမှ မေ့ပြစ်၍ ရတော့မည်မဟုတ်ပါ ။ မမေ့နိုင်သည့် အချစ်နေ့စွဲလေးများပင် ဖြစ်ပါတော့သည် ။
*မိုးပြေးလေးရေ စိုရုံဖျန်းပက်အုံး * အဝေးဆီမှ ပျံ့လွင့်လာသော ဇော်ပိုင် သီဆိုသည့် သင်္ကြန်မိုး သီချင်းသံလေးမှာ မီးငယ်အလွမ်းများအား ဒီဂရီမြင့်ပေးနေသကဲ့သို့ပင် ။ ကိုကို အရမ်းကြိုက်သည့် သင်္ကြန်မိုးသီချင်းလေးထဲကလိုပင် *ပြေးနေတဲ့ ကိုကိုရေ အချစ်မိုးလေးနဲ့ စိုရုံဖျန်းပက်ပေးပါအုံးရှင်* ဟု မီးငယ်ရင်ထဲမှ တိတ်တခိုးလေး ညည်းတွားလိုက်မိပါသည် ။ အတွေးထဲ နစ်မျောနေသော မီးငယ်အား -
*မီးငယ်လေး ထတော့နော် ပိတောက်ပန်းတွေ ပွင့်နေပြီ*
*ဟုတ်တယ်နော်........လှလိုက်တာ တီလေးရယ်*
*ကဲ တီလေး မျက်နှာသစ်ဖို့ အဆင့်သင့်လုပ်ထားတယ်.........မောင်မြင့်ရေ လာတော့.....*
ဦးမြင့်လာသည်နှင့် မီးငယ်အား ၀ှီးချဲလေးပေါ်သို့ တင်ပေးပါသည် ။ တီလေးမှ ရေချိုးခန်းဆီသို့ တွန်းပို့ပေးသည် ။ မီးငယ်၏ နေ့တစ်နေ့၏ နံနက်ခင်းအား သူ့တပါး အကူအညီဖြင့် အစပြုရလေသည် ။ ဒီလိုနေလာခဲ့ရသည်မှာ ယခုဆိုလျှင် ၅နှစ်တုင်ခဲ့လေပြီ ။ ကားအက်ဆီးဒင့်ဖြစ်ရာမှ အောက်ပိုင်းသေခဲ့ရသည် ။ ခွဲစိတ်ကုသမှု ခံယူဖို့လည်း မကြိုးစားခဲ့ပါ ။ မီးငယ်နား ကိုကိုမရှိမှတော့ ဒီဘ၀လေးနှင့် နေခြင်းသည်သာ အဓိပ္ပာယ်ရှိသည်ဟု မှတ်ထင်ထားခဲ့၏ ။ ပိတောက်ပန်းများ ဝေနေအောင်ပွင့်သည့် အတာနွေတန်ခူးအား မီးငယ် အရမ်းကိုနှစ်သက်မြတ်နိုးလှပါသည် ။ ငရုတ်သီးများ ထည့်ထားသည့် မုန့်လုံးရေပေါ်အား စားမိ၍ စပ်ရသည့် ခံစားချက်ကိုလည်း နှစ်သက်၏ ။ ရေဘယ်လောက်စိုစို ဖျားနာခြင်းမရှိသော ထူးဆန်းသည့် အတာရေကိုလည်း ချစ်သည် ။ သင်္ကြန်တေးသံလေးများ နားထောင်ရခြင်းကိုလည်း နှစ်သက်ကြည်နူး၏ ။ သက်ြန်ဆိုသည်နှင့် ရင်တွေ အရမ်းခုန် နေတတ်သူတစ်ဦးပင် ။ ရင်ထဲမှာ အမြတ်နိုးရဆုံး ရာသီပွဲတော်လေးမှာပင် သိပ်ချစ်ရမည့် ချစ်သူတစ်ယောက်အား မီးငယ် ဆုံတွေ့ခွင့်ရခဲ့လေသည် ။ မီးငယ် မျက်ဝန်းရိပ်ဝယ် အတိတ်ပုံရိပ်တို့သည် ပို၍ပုံပေါ်ရုပ်လုံးကြွလာကြလေသည် ။
ကိုကိုက နာမည်ကြီး အဆိုတော်တစ်ယောက်ပေါ့။ တစ်ခွေတည်းနှင့်ပင် အရမ်း အောင်မြင်သွားခဲ့သူပါ ။ ကိုကို နာမည်က နေမင်း ။ ကိုကိုက ဖြူဖြူ သွယ်သွယ် ၊ မျပ်ခုံးကောင်းကောင်းသွယ်လျလျ နှင့် ခပ်မြင့်မြင့် အရပ် တို့ကိုပိုင်ဆိုင်ထားသူပါ ။ ဘယ်လိုနေနေ ကြည့်ကောင်းနေသတစ်ဦးပင် ။ ပထမဆုံး စီးရီးတစ်ခွေတည်းနဲ့ အရမ်းကို အောင်မြင် ကျော်ကြားလာခဲ့သော အဆိုတော်ကောင်လေး တစ်ယောက် ။ ကိုကို နှင့် ဆုံတွေ့ခဲ့ကြသည်က အတာနွေတန်ခူး မှာပေါ့ ။ မီးငယ်သူငယ်ချင်းမဏ္ဍပ်မှာ ရေကစားရင်း ကိုကို နှင့် ဆုံတွေ့ခဲ့ကြသည် ။ ကိုကို ဆိုတဲ့ သီချင်းသံဇဉ်ထဲမှာ မျောပါရင်း မီးငယ်နှလုံးသားကိုပါ ကိုကိုက သိမ်းပိုက် စိုးမိုးသွားခဲ့ပါ၏ ။ သူငယ်ချင်း၏ မိတ်ဆက်ပေးခြင်းမှ ခင်မင်ရင်းနှီးခဲ့ကြသည် ။ ဒီကမှ တစ်ဆင့်တက်၍ ချစ်သူတွေ ဖြစ်ခဲ့ကြပြန်သည် ။ ချစ်သူဘ၀သို့ ရောက်ပြန်တော့လည်း မီးငယ်တို့ အပျော်ကြီး ပျော်ခဲ့ရပါသည် ။ မီးငယ် သိပ်ချစရသော သင်္ကြန်ပွဲတော်လေးမှာ သိပ်ချစ်ရသည့် ကိုကို့ အား ဆုံတွေ့ပိုင်ဆိုင် ခွင့်ရခဲ့ခြင်းကြောင့် အတာနွေတန်ခူးသည် မီငယ်အတွက် ပိုပြီး မြတ်နိုးစရာတွေ ဖြစ်စေခဲ့ပြန်သည် ။ချစ်သူ သက်တမ်း တစ်နှစ်ပြည့်သော အတာနွေတန်ခူးလေးမှာပဲ ပိုင်နိုင်သည့် ဆုံးဖြတ်ချက်တစ်ခုအား နှစ်ယောက်စလုံး ချမှတ်နိုင်ခဲ့ကြသည် ။
မနက်အစောကြီး ပိတောက်ပန်းတွေ တစ်ပွေ့တစ်ပိုက်နှင့် မီးငယ်အိမ်သို့ ကိုကို ရောက်လာခဲ့သည် ။ မီးငယ်ပင် အိပ်ယာမှ မနိုးသေးပေ ။ ကိုကို ဖုန်းဆက်နိုးမှ မျက်နှာသစ်ပြီး ညအိပ်ဝတ်သောဘောင်းဘီ အကျီင်္ဝမ်းဆက်လေးနှင့် ကိုကို ရှေ့သို့ရောက်လာခဲ့သည် ။ မီးငယ်ကိုတွေ့သည်နှင့် သူယူလာသည့် ပိတောက်ပန်းများ မီးငယ်လက်ထဲသို့ ထည့်ပေးလာသည် ။ ပြီးနောက် ကားထဲမှ အိတ်တစ်ခုအား ထုတ်ယူလိုက်ပြန်သည် ။ မီးငယ်အား မျက်စိမှိတ်ထားခိုင်းသည် ။ မီးငယ်မျက်စိ မှိတ်လိုက်ချိန်မှာ မီးငယ်ခေါင်းပေါ်သို့ တစုံတခု လာရောက်ထိတွေ့သည်ကို ခံစားသိရှိလိုက်ရသည် ။ ကိုကိုက ဖွင့်ကြည့်တော့လို့ ပြောချိန်မှာတော့ ကိုကို့ကားမှန်ထဲ မြင်နေရသည့် မီးငယ်ဦးခေါင်းထက်၌ ပိတောက်ပန်းများဖြင့် ဖန်တီးပြုလုပ်ထားသော ပန်းခရောင်းလေးတစ်ခု အခန့်သားနေရာယူထားသည်ကို တွေ့လိုက်ရ၏ ။ ပိတောက်ပန်းများနှင့် အလှဆင်ထားသော ပိတောက်ပန်းကုံးလေးကိုလည်း မီးငယ်လည်တိုင် ကျော့ကျော့လေး၌ ဆင်မြန်းပေးပြန်ပါသည် ။ ပိတောက်ပန်းလေးများနှင့် အလှဆင်ထားသော ပိတောက်လက်စွပ်လေးကိုလည်း ၀တ်ပေးခဲ့သည် ။ အားလုံးပြီးတော့မှာ ရေမွှေးရနံ့များ ထုံသင်းနေသည့် အတာရေးအေးအေးလေးဖြင့် ပတ်ဖျန်းပြီးနောက် မီးငယ်အား လက်ထပ်ခွင့် တောင်းခဲ့ပါသည် ။
မီးငယ်လေ အံ့သြကြည်နူးရလွန်း၍ ဘာပြောရမှန်းပင် မသိတော့ပေ ။ ရုတ်တရက် စကားပြန်ပြောဖို့ပင် ကြောင်အမ်းနေခဲ့သည် ။ ချစ်သူသက်တမ်း တစ်နှစ်ပြည့်သော သင်္ကြန်ပွဲလေး၌ မီးငယ်အတွက် ကြည်နူးခြင်းများနှင့် ထုံမွှမ်းစေခဲ့ပါ၏ ။ ရေပတ်ခံထွက်တော့လည်း ချမ်းလာသည့်အချိန်တိုင်း ပူလောင်ခြင်း ရမက်များ ကင်းစင်၍ ချစ်သူအား နွေးထွေးစေခြင်းစေတနာတစ်ခုတည်းဖြင့် ထွေးပွေ့လာသည့် ကိုကို၏ အကြင်နာထွေးပွေ့မှု့များ၌ မီးငယ် လုံခြုံနွေးထွေးခဲ့ရပြန်ပါသည် ။
သင်္ကြန်ပြီးသည်နှင့် မီးငယ်တို့ လက်ထပ်ခဲ့ကြပါသည် ။ မိဘတွေကလည်း ကြည်ဖြူ ၊ လူငယ်ချင်းကလည်း အရမ်းချစ်ကြသူများမို့ မီးငယ်တို့ အရမ်းကို ပျော်ရွင်ခဲ့ကြ၏ ။ ပိတောက်ပွင့်သည့် သင်္ကြန်ကာလလေးအား ချစ်မြတ်နိုးကြသူများဖြစ်ကြသည့်အတိုင်း မီးငယ်တို့ မင်္ဂလာပွဲလေးအား ပိတောက်ပန်းတုလေးများဖြင့် အလှဆင်ကာ အမှတ်တရတွေ ဖြစ်တည်စေခဲ့ပါသည် ။ သိပ်ကို ပြီးပြည့်စုံနေသည့် မီးငယ်တို့ နှစ်ယောက်ထံသို့ ထင်မှတ်မထားသော ကံကြမ္မာဆိုးများ ရောက်ရှိလာခဲ့သည့် အချိန်ကာလမှာ ကိုကို နှင့် မီးငယ် သိပ်ချစ်ရသည့် အတာနွေတန်ခူး လေးမှာပါပဲ ။ အိမ်ထောင်ကြခဲ့ပေမယ့် သင်္ကြန်ချစ်သူတွေမို့ သင်္ကြန်ရောက်တိုင်း ကိုကို သီချင်းဆိုသော မဏ္ဍပ်များသို့ မီးငယ် လိုက်၍အားပေးဆဲပါ ။
♫ ♫ ♫ ယိမ်းနွဲ့ကာ တီးကွက်နဲ့အတူ ကမယ် လက်ခုပ်သံစည်းချက်လိုက်မှာလား
ညီညီညာညာညှင်းသွဲ့သွဲ့ လေပြေမှာ ယိမ်းနွဲ့ကာ စိုပြည်တဲ့ ပိတောက်တို့ပွင့်စေမယ် ......♪ ♪ ♪
ဆိုသော သီချင်းတေးသံလေးအား သီဆိုဖျော်ဖြေနေသည့် ကိုကို့ အသွင်လေးအား ဘေးနားမှနေ အားပေးရင်း၊ ငေးကြည့်နေခဲ့ရသည့် အချိန်များသည် အရမ်းကို သာယာချိုမိန်စေခဲ့ပါသည် ။ သင်္ကြန်အတက်လေးမှာ ကိုကို နှင့် မီးငယ် သီချင်းဆိုဖို့ မဏ္ဍပ်တစ်ခုသို့ အသွား လမ်းခုလတ်တစ်ရောအရောက် ကားတုံ့ခနဲ ရပ်သွားရသည် ။ အကြောင်းမှာ လမ်းကိုပိတ်ပြီး ရန်ဖြစ်နေကြသည့် လူတစ်စုကြောင့် ကားအား ခဏရပ်လိုက်ရဖြင်းပင် ။ ပြန်လှည့်ဖို့လည်း အဆင်မပြေခြင်းကြောင့် ဒီတိုင်းလေးပဲ အသာစောင့်ကြည့်နေချိန်၌ ကောင်လေးတစ်ယောက်မှာ ဒဏ်ရာများနှင့် မီးငယ်တို့ ကားလေးဆီသို့ ပြေးလာပါသည်။ မီးငယ်တို့ ကားနားရောက်ချိန်၌ ကိုကို၏ သနားတတ်သော စိတ်တို့က ကားတံခါးအား ဖွင့်ပေးခဲ့ပြီး ဖြစ်နေလေသည် ။ ထိုအချိန်မျာပင် ရန်ဖြစ်နေသော လူစုမှာလည်းကွဲသွားပြီမို့ ကားအား တပါတည်း မောင်းထွက် လာခဲ့လိုက်ပါတော့သည်။ ကောင်လေး၏ ဒဏ်ရာများအား အိမ်၌ ဆေးတွေဘာတွေ ထည့်ပေးပြီး သူအိမ်အထိ လိုက်ပို့ပေးခဲ့လိုက်ပါတော့သည် ။
ဒီအဖြစ်လေး ဖြစ်ပြီး တစ်နှစ်ခန့်အကြာသော သင်္ကြန်အကြိုနေ့လေးမှာ ကိုကိုတစ်ယောက် အိမ်မှ ရုတ်တရက် ပျောက်သွားခဲ့ပါသည် ။ မီးငယ် အရူးတစ်ပိုင်း ခံစားနာကျင်ခဲ့ရပါတော့သည် ။ တစ်ညလုံး ကိုကို အားလိုက်ရှာခဲ့သည် ။ မည်သည်နေရာမှာမှ ရှာ၍မတွေ့ခဲ့ပါ ။ နောက်ဆုံးမတွေ့၍ အိမ်အပြန် လမ်းတစ်နေရာမှာ မီးငယ် ကားအက်ဆီးဒင့် ဖြစ်ပြီး လမ်းမလျှောက်နိုင်တော့သည့် ဒုက္ခိတဘ၀သို့ရောက်ရှိခဲ့ရလေသည် ။ မီးငယ်ဘ၀ထဲမှ ကိုကို အကြောင်းမဲ့ ပျောက်ဆုံးသွားခဲ့ရသည့် အကြောင်းရင်းလေးကိုဖြင့် မီးငယ်ဆေးရုံမှ ဆင်းသည့်နေ့လေးမှာပင် သိခွင့်ရလိုက်ပါသည် ။ မီးငယ်ဆီ စာလေးတစ်စောင်ရောက်လာခဲ့သည်။ ကိုကို ဆီက စာလေးပါ ။
ချစ်ရသော မီးငယ်လေး
အရမ်းငိုနေပြီထင်တယ်နော်။ ကိုကို ရင်နာစွာနဲ့ ကျောခိုင်းခဲ့ရတာပါကွယ်။ လွန်ခဲ့ နှစ်ပတ်လောက်က ကိုကို ခေါင်းတွေ အရမ်းကိုက်တာနဲ့ဆေးခန်းကို သွားပြဖြစ်ခဲ့တယ် ။ ကိုကို ပြတာကတော့ ခေါင်းတွေ မကြာခဏကိုက်တတ်လိုပြလိုက်တာပါ။ ဆရာဝန်က သွေးတွေ ဆီးတွေ အကုန်စစ်ကြည့်ခိုင်းတယ် မီးငယ်။ ဒီမှာ မဆီမဆိုင်တဲ့ ရောဂါတစ်ခု ကိုကို ဆီမှာ ရှိနေတယ် ။ ဘာရောဂါလဲဆိုတော့ အေအိုင်ဒီအက်ခုခံမှုကျဆင်းတဲ့ ရောဂါတဲ့ မီးငယ်လေးရယ်။ ကိုကို ဘယ်လိုမှ မတွေးနိုင်ခဲ့ဘူး။ဒီရောဂါကြီး ကိုကို ဆီ ဘယ်လိုရောက်လာခဲ့တာလဲ ။ကိုကိုမှာ ဒီရောဂါ ကြီးဖြစ်ရအောင်လည်း မနေခဲ့ပါဘူး မီးငယ်ရယ် ။ အဖန်ဖန် တွေးတော့မှ ကိုကို အချက်တစ်ချက်ကို စဉ်းစားမိလိုက်တယ် ။ ကိုကို တို့ သီချင်းဆိုဖို့ အသွားမှာ ရန်ဖြစ်ပြီး ကိုကိုတို့ ကားပေါ်ပြေးတက်လာတဲ့ ချာတိတ်ကို မီးငယ် မှတ်မယ်ထင်တယ် ။သူကို ကိုကို ဆေးထည့်ပေးတဲ့နေ့က ကိုကို လက်က ဓားချတဲ့ အနာကို သူသွေးတွေပေသွားခဲ့တယ်လေ။ ဒါနဲ့ ကိုကို သူအိမ်ကို လိုက်သွားခဲ့တယ် ။ သူကိုပါခေါ်ပြီး ဆေးစစ်ကြည့်ခဲ့တယ် ။ ဒီမှာ သူမှာလည်း အဲဒီရောဂါကြီးရှိနေခဲ့တယ် မီးငယ်ရယ် ။ သူဆီကနေ ကိုကို ကူးခဲ့တာ ။ နောက်နေ့မှာပဲ မီးငယ်ကို ကိုကို ဆေးစစ်ဖို့ ခေါ်သွားခဲ့တာ မှတ်မိမလားပဲ ။ မီးငယ်ဆီကိုပါ ဒီရောဂါကြီး ရောက်နေပြီလားလို့ ကိုကို စိုးရိမ်ခဲ့မိတယ် ။ ဒါပေမဲ့ ကံကောင်းစွာ မီးငယ်ဆီမှာ ဒီရောက်ဂါဆိုးကြီး ရှိမနေခဲ့ဘူး။ ဒါကြောင့် ကိုကို မီးငယ်နားကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ မီးငယ်နဲ့ တူတူဆက်နေမယ်ဆို မီးငယ်က ကိုကို ကို ပြုစုပေးမှာလေ ။ ကိုကို တားလည်း မီးငယ်က လုပ်ပေးနေမှာ သိလို့ ကိုကို ခုလို ထွက်လာခဲ့ရတာပါ ။ ကိုကို မကျူးလွန်ဘဲ ရလာခဲ့တဲ့ ဒီရောဂါကြီးကို အရမ်းမုန်းတယ် ။ ကိုကိုချစ်တဲ့ မီးငယ်နဲ့ ခွဲနေရတဲ့အတွက် ရင်ကွဲမတတ်ခံစားနာကျင်ရပါတယ် ။ ကိုကို အနားမှာ မရှိပေမဲ့ ကိုကို နှလုံးသားကတော့ မီးငယ်အနားမှာ ထာဝရ ရှိနေတော့မှာပါ ။ မီးငယ်ကို ကိုကို အရမ်းချစ်တယ်။
မီးငယ် ရဲ့ ကိုကို
စာလေး အဆုံးမှာ မီးငယ် ရင်ကွဲပက်လက် ငိုကြွေးလိုက်မိပါတော့သည်။ ဒီလိုနှင့် တစ်နှစ်ခန့်အကြာမှာတော့ ခြေထောက်အတွက် ဆေးစစ်ဖို့ဖြစ်လာရာကနေ ကျန်တဲ့ရောဂါတွေကိုပါ ဆေးစစ်ဖြစ်ခဲ့ပါသည် ။ ကားအင့်ဆီးဒင့်ကြောင့် ခြေထောက်လမ်းမလျှောက်နိုင်တာကလွဲလျှင် မီးငယ်ဆီမှာ တခြားမည်သည့် ရောဂါမှ မရှိခဲ့ပ့ါဘူး ။
ပိတောက်တွေ ဝေနေသည့် အလွမ်းငှက်တွန်ကြူး အတာနွေတန်ခူး ရာသီလေးအား ကိုကို မရှိဘဲ ဖြတ်ကျော်လာခဲ့သည်မှာ ၅နှစ်ပြည့်ခဲ့ပါပြီ ကိုကို ။ဘယ်ဆီကိုများ ရောက်နေလဲ ။ ငှက်လေးတွေက အလွမ်းတေးသွားတွေကို တွန်ကြူးနေကြသလို မီးငယ်ရင်ထဲမှာလဲ လွမ်းချင်းတေးသွားတွေကို နှလုံးသားမျက်ရည်တွေနဲ့ ဆိုညည်းနေမိပါသည် ။ ပိတောက်တွေ ဝေနေပြီ ကိုကို ။ တူးပို့ တူးပို့ ဆိုတဲ့ သင်္ကြန်သီချင်းတွေ တကျော့ပြန်ကြားနေရပြန်ပြီ ။ ကိုကို နဲ့ မီးငယ် အကြိုက်ချင်းတူခဲ့တဲ့ မရိုးနိုင်တဲ့ သင်္ကြန်မိုး ရုပ်ရှင်ကားလေးကို မီးငယ်တစ်ယောက်တည်း ကြည့်နေရသည် ။ ကိုကိုရေ ပြန်လာခဲ့ပါ ။ စိတ်ထဲအော်နေရာမှ အပြင်ထိပါ အော်ခေါ်လိုက်မိပါတော့၏ ။
*ကိုကို ကိုကို ကိုကို ပြန်လာပါတော့ ရှင်*
*မီးငယ်လေး ရယ်*
တီလေးချက်ချင်း အနားရောက်လာပါသည်။
*တီလေး မီးငယ်ကို အိမ်ရှေ့က ပိတောက်ပင်အောက်ကို ခေါ်သွားပေးပါ*
*အေးပါကွယ်*
သက်ပြင်းချကာ တွန်းလှည်းလေးအား တွန်းလာပေးလိုက်ပါသည်။ သိပ်ချစ်ကြသည့် ချစ်သူနှစ်ဦးအား မည်သည့်အချစ်နတ်ဆိုးကများရက်ရက်စက်စက်ခွဲထားရက်ပါသနည်း ။ သနားလိုက်တာ ။ အမြန်ဆုံး ပြန်ဆုံကြ ပါစေဟု ဆုတောင်းပေးရလွန်း၍ ဘုရားရှင်ကိုယ်တော်မြတ်ကြီးပင် နားညဉ်းပါတော့မည်။
*ပိတောက်ပင်အောက်မှာထိုင်ရင်း လွမ်းငှက်တွန်ကြူးအတာနွေတန်ခူးအား မီးငယ်တစ်ယောက်တည်း ဖြတ်ကျော်နေရတယ် ကိုကို ။ အလွမ်းငှက်လေးတွေနဲ့ အပြိုင် မီးငယ်လည်း အလွမ်းတေးသွားတွေကို ဆိုညဉ်းနေရတာ ရင်တွေ နာလှပြီ ကိုကို ရေ။ ကိုကို သတင်းတွေကို နားစွင့် စုံစမ်းနေပေမယ့် ဘာမှ ထူးခြားမလာခဲ့ပါဘူး ။ မျှော်ရသူမှာ နာကျင်ကြေကွဲနေရပါပြီ ကိုကိုရယ်။ အဝေးကပျံ့လွင့်လာသော သင်္ကြန်တေးသံတွေက မီးငယ်အတွက် အလွမ်းတေးသွားတွေ အဖြစ်ပြောင်းလဲနေပါပြီ ။ ပြန်လာပါတော့ရှင်။*
အတွေးများဖြင့် အလွမ်းကမ္ဘာထဲ လွင့်မျောနေစဉ် မီးငယ်မြင်ကွင်းထဲသို့ လူတစ်ယောက် ၀င်လာပါသည် ။ သူ့လက်ထဲမှာ ပိတောက်ပန်းများအား ပွေ့ပိုက်ထား၏ ။ သေချာကြည့်စူးစိုက်ကြည့်နေရင်း မီးငယ်ရင်ထဲ မောဟိုက်လာမိသည် ။ တဖြည်းဖြည်းနှင့် နီးကပ်လာလေပြီ။ မီးငယ် အသက်ရှူဖို့ပင် မေ့လျော့နေသည့်အလား ။ မကျီစယ်ပါနဲ့ ကံကြမ္မာရယ်။ ကျီစယ်တာကို ခံဖို့ပင် မီးငယ်နှလုံးသားလေး လုံးဝ ခံနိုင်မရှိတော့လို့ပါ ။ မီးငယ်နဲ့ တစ်ကိုက်လောက်အကွာမှာ ထိုသူ ရပ်တန့်သွား၏ ။ မီးငယ်ဆီ ဆက်လာခဲ့ပေးပါ ။ ဆက်လျှောက်လာပေးပါ ။ မီးငယ်ဆီ လာခဲ့ပေးပါ။ မီးငယ်ဘယ်လို ပြောပြော သူက ရှေ့သို့ ထပ်တိုးမလာတော့ပါ ။ မီးငယ် ခြေထောက်များအား လှုပ်ရှားကြည့်သည် ။ ဘယ်လိုမှ မရပေ ။ စိတ်ကို တင်း၍ ခြေထောက်များအား မြေကြီးနှင့် ထိအောင် ထပ်မံ၍ ကြိုးစားကြည့်လိုက်မိပြန်သည်။ အသိထဲ၌ ရှေ့မှာရပ်နေသော သူဆီသို့ သွားချင်သည့်စိတ်များ မီးငယ်အာရုံသို့ ပို၍ဖုံးလွှမ်းလာလေ၏ ။ မီးငယ်ခြေထောက်များ တဖြည်းဖြည်း လှုပ်ရှားလာကြသည် ။ လဲမကျပါစေနဲ့ ။လဲမကျစေနဲ့ ။ မီးငယ် သူဆီသို့ ရောက်မှကို ဖြစ်မည် ။ သွားပါ ခြေထောက်လေးတွေ သွားလိုက်စမ်းပါ ။ ရာက်အောင် လှမ်းပါ ။ မီးငယ်တို့ နီးကပ်လာပြီ။ နီးလာလေ ပီပြင်သည့် သူ့ပုံရိပ်မှာ သေချာမှုတစ်ခုအား ဦးတည်နေပါပြီ ။ အံ့သြခြင်း ၊ ၀မ်းသာခြင်း ၊ ကြည်နူး ဆိုသော ခံစားချက်ပေါင်းစုံနှင့် ပျော်ရွင်ရသည့် အပျော်မှာ မည်သည့်စကားလုံးမျိုးနှင့်မှ တင်စား၍ မှီနိုင်မည်မထင်ပါ ။ ကိုကို ...ကိုကို မီးငယ်ဆီ ပြန်လာခဲ့ပြီ။ အနားရောက်ချိန်၌ ခွေကျတော့မည့် မီးငယ်အား ကိုကိုမှ ထွေးပွေ့ ဖေးမလိုက်ပါတော့သည်။
*မီးငယ်လေးရယ် ကိုကို အတွက် ခံစားခဲ့ရသမျှအားလုံးကို အတိုးချပြီး ကိုကို ကြင်နာပါ့မယ် ။ ကိုကို မီးငယ်လေးကို အကြာကြီးခွဲမနေနိုင်ပါဘူး ။ မီးငယ်နားကို ကိုကို ပြန်ရောက်ခဲ့ရပါပြီ။ ကိုကို ရောဂါတွေ အရှင်းမပျောက်သေးပေမဲ့လည်း မီးငယ်အနားမှာ သန့်ရှင်းစွာ ကိုကိုနေပါ့မယ် ။ မီးငယ်လေးကို မြင်တွေ့ခွင့် ရနေရင်ပဲ ကျေနပ်လှပါပြီ ။ ကိုကိုနေရမယ့် အချိန်ကာလလေးတစ်ခုအတွင်းမှာ ရိုးသားတဲ့ ဆက်ဆံခြင်းတွေနဲ့ မီးငယ်အနားမှာ နေသွားမယ်လို့ဆုံးဖြတ်ထားပါတယ် ။ ကိုကိုတို့အတွက် လှပတဲ့ အနာဂတ်တွေနဲ့ အတူ လွမ်းငှက်တွန်ကြူးအတာနွေတန်ခူး ကို အဆုံးသတ်လိုက်ကြရအောင်နော်။နောက်လာမယ့် အတာနွေတန်ခူး တိုင်းမှာ ချစ်ခြင်းသံဇဉ်တွေကို သီးကုံးထားတဲ့ အတာနွေတန်ခူး အဖြစ်ပြောင်းလဲ ခံစားကြမယ်နော်။ မီးငယ်ကို ကိုကို အရမ်းချစ်တယ်။ သိပ်ချစ်ရတဲ့ ချစ်သူကို ဆုံတွေ့ခဲ့ရတဲ့ အတာနွေတန်ခူးလေးကိုလဲအရမ်းကို တန်ဖိုးထား မြတ်နိုးမိပါတယ် မီးငယ်ရယ်။*
*** ခိုင်လေး ( ရွှေတောင် ) **
 ( April – 2015 ) Fashion Image မဂ္ဂဇင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...