Wednesday, March 25, 2015

စိုးမောင်ပြန်မလာတော့ပါ


ရွာမှာ ဖွားမေဆိုတာရှိတယ်။ တစ်ရွာလုံးကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ စုန်းမကြီးလို့ ထင်ကြလို့ပဲ။ ဖွားမေကလည်း ဘယ်တော့မှ အပေါ်အင်္ကျီဝတ်တာမတွေ့ရဘူး။ ထမီရင်လျားနဲ့ ဒီအတိုင်းလျှောက်သွားနေတာ။ တစ်ခါတစ်လေ ထမီတောင် ရင်လျားထားတာမဟုတ်ဘူး။ ပိန်ကပ်နေတဲ့ နို့သီးတွေဖော်ပြီး ဘယ်သူ့မှ ဂရုမစိုက် နေချင်သလိုနေတယ်။
ဖွားမေက မနက်မိုးလင်းတာနဲ့ ရွာထဲကထွက်ပြီး တောထဲဝင်သွားတယ်။ သူနဲ့အတူ ပလိုင်းလေးတစ်လုံး၊ ငါးမျှားတံတစ်ချောင်းပါသွားတယ်။ အဲဒါသူ့ အသက်မွေးမှုပဲ။ ညနေစောင်းဆိုရင် ပြန်လာတယ်။ ငါး၊ ဖား၊ ငရှဥ့်၊ လိပ်တွေ တစ်ခုခုပါလာတယ်။ ပါလာတာကို ဈေးဆိုင်ကိုသွားပေး၊ လိုတဲ့ ဆန်ဆီဝယ်၊ ရလာတဲ့ ငါးလေး၊ ဖားလေး တစ်ကောင်နှစ်ကောင်စချန်ပြီး ဘဝမှာ ဖြစ်သလိုနေတာ။

သူက နွေ၊ မိုး၊ ဆောင်း ဒီအလုပ်ပဲ လုပ်တယ်။ နွေခေါင်ခေါင်၊ ငါးဖားဘယ်လိုရသလဲဆိုတာ တစ်ရွာလုံး အံ့သြကြတယ်။ ဒါကြောင့် သူ့ကို တစ်ပိုင်စားဆိုပြီးတော့လည်း ပြောကြတယ်။ ဖွားမေ ငါး ဖားမရဘဲ တောထဲက ထွက်လာတာ တစ်ခါမှမရှိဘူး။ အသက် ၇၀ ကျော် အဖွားကြီးတစ်ယောက်ဟာ တစ်ဦးတည်းနေပြီး ဒီအလုပ်ပဲ လုပ်စားနေတာ နှစ်ပေါင်းကြာပြီ။
တစ်နေ့ ဖွားမေကျောင်းနားကအဖြတ် ကျွန်တော်နဲ့ ပက်ပင်းဆုံတော့ ကျွန်တော်က "ဖွားမေ ညနေပြန်လာရင် ငါးတစ်ကောင်နှစ်ကောင်လောက်" လို့ မှာလိုက်တယ်။ ရွာမှာက အသားငါး စားရတာရှားတယ်။ မျှစ်၊ ပဲ၊ ငါးခြောက်လောက်ပဲ စားနေရတာဆိုတော့ တစ်ခါတစ်လေ စိမ်းစိမ်းစိုစိုလေး စားချင်လို့ မှာလိုက်တာ။
ညနေကျောင်းဆင်းပြီးပေမယ့် ရုံးခန်းထဲမှာ မေးခွန်းထုတ်ပြီး အလုပ်ရှုပ်နေတုန်း ကျောင်းပေါ်ကို လူတက်လာ သံကြားလိုက်လို့ ထွက်ကြည့်လိုက်တော့ ဖွားမေဖြစ်နေတယ်။ သူက ငါးခူနှစ်ကောင်ကို ကြိုးနဲ့သီလာပြီး ကျွန်တော့်ကို လှမ်းပေးတယ်။
"ဖွားမေ .. ဘယ်လောက်ပေးရမလဲ" လို့ မေးလိုက်တော့ သူက
"ဆရာကြီး ပိုက်ဆံမပေးနဲ့၊ စာတစ်စောင်ရေးပေး" လို့ပြောတယ်။ ကျွန်တော်ကလည်း ပိုက်ဆံလည်းပေးမယ်။ စာလည်းရေးပေးမယ်ဆိုပြီး ရုံးခန်းထဲခေါ် ထိုင်ခိုင်းလိုက်တယ်။
"ကဲ အဖွားပြော ..ဘယ်သူ့ဆီစာရေးပေးရမလဲ"
"သားဆီကို"
"သားက ဘယ်မှာလဲ"
"ရှေ့တန်းမှာ"
"စစ်သားလား"
"ဟုတ်"
"ကဲ … ပြော ဘာရေးရမလဲ"
"စိုးမောင်၊ နင်ဒီနှစ်မှ ငါ့ဆီပြန်မလာရင် သေခန်းပြတ်လို့ ရေးပေးပါဆရာကြီး"
ကျွန်တော်လည်း "မောင်စိုးမောင်၊ အမေစာရေးလိုက်တယ်။ အမြန်ပြန်လာပါ။ အမေသတိရလို့ပါ" ဆိုပြီး စာချောအောင်ရေးလိုက်တယ်။ ပြီးတော့ စာအိတ်တစ်အိတ်ကိုထုတ်ပြီး
"ပြော …အဖွား ဘယ်တပ်ကလဲ၊ လိပ်စာကိုပြော" လို့ ဆိုလိုက်တော့ ဖွားမေက ကျွန်တော့်ကို ငေးကြည့်ပြီး ပါးစပ် အဟောင်းသားလေး ဖြစ်နေတယ်။ ကျွန်တော်က
"အဖွား … သား တာဝန်ကျတဲ့ တပ်ကိုပြောတာ။ ဘယ်တပ်ဆိုတာ ရေးပေးမှ ဒီစာရောက်သွားမှာ" လို့ ထပ်ပြော လိုက်တော့ ဖွားမေက
"ကျုပ်လည်း မသိပါဘူးတော်၊ ရှေ့တန်းဆိုပြီး ထွက်သွားတာ၊ ကြာလွန်းလို့ သတိရလို့ ရေးခိုင်းတာ။ ဆရာကြီးပဲ ကြည့်ပြီးတော့ သူ့ဆီကို ရောက်အောင် ပို့လိုက်ပါ" လို့ပြောပြီး ကျောင်းပေါ်က ဆင်းပြေးသွားတယ်။
နောက်မှ ကျွန်တော် ရွာလူကြီးဆီမှာ စုံစမ်းကြည့်တော့ သူ့သားစိုးမောင် တိုက်ပွဲကျသွားတာ ဆယ့်သုံးနှစ်ရှိပြီ။ သူ့ကို တစ်ရွာလုံးကဖုံးထားကြတာ။ စိတ်ကလည်း နည်းနည်းဖောက်ချင်သမို့ သူ့ကို မပြောကြတာတဲ့။
ကျွန်တော်လည်း စာအိတ်ပေါ်မှာ "သို့ … စိုးမောင်" ဆိုတဲ့ စာလေးရေးပြီး အံဆွဲထဲထည့်သိမ်းထားလိုက်တာ ခုဆိုရင် နောက်ထပ်နှစ်ပေါင်း ၃၀ လောက်ကြာသွားပြီ ဖွားမေသားဆီ မပို့ဖြစ်သေးဘူး။ ခုမှ ဖိုင်တွေရှင်းရင်းက ထွက်ကျလာတဲ့စာလေးတွေ့လို့ အမှတ်ရပြီး ရေးလိုက်တာ။
၂၃.၃.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...