Sunday, March 29, 2015

“ကျန်းမာရေး ဂရုစိုက်”

          ရန်ကုန်ပြန်ရောက်လို့ စိတ်ချမ်းသာရတဲ့ထဲမှာ ကိုယ့်သမီးလေးနဲ့ ထွေရာလေးပါးစကားစမြည်ပြောရင်း သူ့စိတ်ထဲမှာရှိတာတွေကို အကဲခတ်၊ ကိုယ့်စိတ်ထဲက သူသိစေချင်တာကလေးတွေ နားဝင်အောင်ဖြောင်းဖြရတာ အဓိကပါပဲ။ မိသားစုကလွဲရင် အပြင်လူတစိမ်းနဲ့ ခေါ်ပြောဆက်ဆံ မရှိသလောက် နှုတ်နည်းတဲ့ကလေးကို ကိုယ့်ဆီကတဆင့် အပြင်လောကကြီးကို ကြည့်တတ်မြင်တတ်အောင် ပြူတင်းပေါက်ကလေးတွေ ဖွင့်ပေးရသလိုပေါ့။ လက်ရှိအချိန်မှာ ကိုယ်စိတ်ချမ်းသာရသလိုပဲ နောင်တစ်ချိန်ကျရင်လည်း သူ့အတွက် ပြန်အောင့်မေ့သတိရတဲ့အခါ စိတ်ချမ်းသာသွားစေချင်တယ်လေ။ Paternal Image လို့ခေါ်တဲ့ ဖခင်ရင်ငွေ့ကလေး နွေးထွေးစွာ စွဲထင်ကျန်ရစ်စေချင်တာကိုး။ ကိုယ်ငယ်ငယ်တုန်းကအကြောင်းလေးတွေ ပြောပြဖြစ်တယ်။ သူဘယ်လိုတွေးသလဲ သိအောင် စပ်စုတယ်။ အဲသလိုနဲ့ သည်သားအဖလည်း စကားတွေက ပြောမကုန်ဘူး။ သမီးဟာ သူကြုံတွေ့လာရတဲ့ အခက်အခဲတွေရှိလာရင် သူ့အဖေ သူ့အရွယ်တုန်းက ဘယ်လိုဖြတ်သန်းသလဲဆိုတာကို စိတ်ဝင်စားတယ်။
အခု သူ ဆယ်တန်းတက်ရတော့မယ်ဆိုတော့ သူ့အဖေရဲ့ ဆယ်တန်းကျောင်းသားဘဝကို သိချင်လာတယ်။ ဒါမှမဟုတ်လည်း ကိုယ်ကကိုယ့်ဘာသာထင်ပြီး အတင်းကြီးလိုက်ပြောပြနေတာ နေမှာပေါ့လေ။

           အကွာအဝေးက နှစ်ပေါင်းသုံးဆယ်ကျော်ဆိုတော့ ဘာတစ်ခုမှ မတူတော့တာ အမှန်ပဲ။ ကိုယ့်တုန်းကတော့ သည်အရွယ်မှာ ဆရာဝန်ဖြစ်ချင်တဲ့စိတ်တွေ ဝင်နေပြီမို့ ကိုယ့်ရှေ့မှာ ဆယ်တန်းအောင်ပြီး ဆေးကျောင်းတက်သွားတဲ့သူတွေကို အကုန်အတုခိုးတယ်။ ဖြစ်နိုင်ပါ့မလားဆိုတဲ့ အားငယ်စိတ်တွေ ဝင်မိပေမယ့် ကြိုးစားရမှာက ကိုယ့်အလုပ်လို့ပဲ သဘောထားတယ်။ သမီးကတော့ ဆရာဝန်ဖြစ်ချင်မှာ မဟုတ်ပါဘူး။ သူ့အဖေ ဆရာဝန်လုပ်နေတာတောင် သိပ်ကြည့်ရတာ မဟုတ်ဘူး။ အလုပ်ဇောကပ်သူကြီး ဆိုပြီး စကားနာထိုးလေ့ရှိတယ်။ သူ့မေးတဲ့အခါလည်း ခါးခါးသည်းသည်း ငြင်းနေကျ။ လူနာတွေဆီက ရောဂါတွေကူးတတ်တယ်။ မလုပ်ချင်ဘူးတဲ့။ သူ့ညီမကလေးတစ်ယောက်ကတော့ စာလည်းတော်တယ်။ ကြိုးလည်းကြိုးစားတယ်။ ဆရာဝန်မလုပ်ချင်ရင်တောင် အင်ဂျင်နီယာတော့ လုပ်ချင်မှာပဲလို့ ပြောမိတော့ သမီးက “အဆိုတော်လုပ်မှာတဲ့။” လို့ ပြန်ဖြေတယ်။ ကြည့်စမ်းပါဦး။ အဲ့ဒီနေရာမှာ ကွာသွားတာပဲ။ ကိုယ်တို့ဆယ်တန်းတက်တဲ့အခါ ဆရာဝန်၊ အင်ဂျင်နီယာအပြင် ဘာကိုမှ စိတ်ကူးမယဉ်တတ်ဘူး။ ကလေးတစ်ယောက်ရဲ့ကောင်းကင်ကို သည်နှစ်ခုတည်းနဲ့ ဘောင်ခတ်ပြီး သင်ရိုးထဲပါတဲ့စာ အလွတ်ကျက်ဖို့ပဲ ဇောင်းပေးခဲ့တယ်။ သူတို့ခေတ် သူတို့အရွယ်မှာ ကိုယ်ဘာကိုလိုချင်တယ်ဆိုတာ ပြတ်ပြတ်သားသား သိနိုင်တာ ကောင်းတာပေါ့။ စိတ်ထဲမှာ တော်တော်သဘောကျသွားပြီး အားလည်းအားပေးမိပါတယ်။ အဆိုတော်လုပ်ချင်တယ်ဆိုတာ အနည်းဆုံးတော့ သူ့နားထဲမှာ ဂီတကို အရသာခံတတ်နေလို့၊ ခုံမင်မြတ်နိုးလို့၊ ခေတ်လူငယ်တွေရဲ့သီချင်းကလေးတွေကို နားစွဲလို့ပေါ့။ ကိုယ့်သမီးတော့ဖြင့် သီချင်းရယ်လို့ နားထောင်တာ တစ်ခါမှမတွေ့ဖူးပေါင်။ “သမီးရော သီချင်းမကြိုက်ဘူးလား။ နားမထောင်တတ်ဘူးလား။” လို့ မေးတော့ “ခေါင်းသွားလျှော်ရင် ဆိုင်ကဖွင့်တာတွေ နားထောင်ဖြစ်တယ်လေ” တဲ့။ “ဝိုင်းစုခိုင်သိန်းသိလား” လို့ မေးတော့။ သိတယ်။ “သူ့သီချင်းတစ်ပုဒ်လောက် ပြောပြပါဦး” ဆိုတော့ “သိဘူးလေ။ သည်လိုပဲ နားထောင်လိုက်တာ” တဲ့။ ကိုယ်ကြိုက်မိတဲ့သီချင်း ကြိုက်မိတဲ့အဆိုတော်ဆိုတာ ရှိတယ်လေ။

          “အဆိုတော်တွေထဲမှာ ဘယ်သူ့ကို ကြိုက်သလဲ” ဆိုတော့ သေသေချာချာ မဖြေတတ်ပြန်ဘူး။ “ဖြူဖြူကျော်သိန်း သိလား။”ဆိုတော့ သိတယ်။ နီနီခင်ဇော်လည်း သိတယ်။ “ချစ်သုဝေကိုရော” ဆိုတော့လည်း သိသားပဲ။ သူတို့သုံးယောက်က အဆိုတော်တွေတင် မဟုတ်ဘူး။ ဆရာဝန်မလေးတွေလေ။ သည်နေရာတော့ သမီးက ငြင်းပါတယ်။ “ဆရာဝန်မဟုတ်ပါဘူး။သူတို့က လိုင်စင်မှ မရတာ” တဲ့။ ကိုယ်ထင်သလောက်တော့ လောကကြီးနဲ့ အဆက်မပြတ်ပဲကိုး။ သူတို့က ဆရာဝန်အဖြစ်နဲ့ ဆေးမကုတာ မှန်ပါတယ်။ ဒါပေမယ့် သူတို့မှာ ဆေးကုသခွင့်လိုင်စင်မရှိဘူး ဆိုတာကတော့ သမီးထင်သလို သူတို့က ညံ့လို့ မဟုတ်ဘူး။ မြန်မာပြည်ဆေးကောင်စီကြီးက အမြင်ကပ်လို့ လိုင်စင်ထုတ်မပေးတာလည်း မဟုတ်ဘူး။ သူတို့မှာ အောင်မြင်နေတဲ့ တခြား အသက်မွေးမှုပညာတွေ ရှိနေတာမို့လို့ သည်ဘက်က ဆရာဝန်အဖြစ်နဲ့ အသက်မွေးဖို့အလုပ်ကို စွန့်လွှတ်လိုက်တာ။ တကယ်လို့များ သူတို့မှာဆရာဝန်လုပ်ချင်စိတ်ရှိရင် ဆမလိုင်စင်ရဖို့ဆိုတာ ဘာမှခက်ခဲတဲ့အလုပ် မဟုတ်ဘူး။ အရည်အချင်းပြည့်ဝပြီး ဘွဲ့ရထိုက်လို့ ဆေးပညာဘွဲ့ကိုတောင် ပေးထားပြီပဲ။ သည်အလုပ်ကို သူတို့မလုပ်တတ်စရာ ဘာအကြောင်းမှမရှိဘူး။ ဒါပေမယ့်လည်း သူတို့နေရာက ဝင်ပြီး စဉ်းစားကြည့်ရအောင်လေ။ ဟိုဘက်ကအလုပ်က အရမ်းကိုအောင်မြင်နေတဲ့အချိန်။ သည်ဘက်က ဆရာဝန်အလုပ်က အခုမှ စလုံးရေစရမှာ။ ဘယ်မှာဆုံးမလဲ ပြောလို့ရတာမဟုတ်။ ဘွဲ့လွန်တွေဆိုတာကလည်း တက်လို့ပြီးတယ်ကို မရှိ။ ထားပါတော့ နှစ်ပေါင်းများစွာကြာလို့ ဆရာဝန်အလုပ်နဲ့ အောင်မြင်ကျော်ကြားလာတဲ့အခါ အခုလက်ရှိ သူတို့တခြားအလုပ်နဲ့ရထားတဲ့ ဝင်ငွေမျိုး၊ အဆင့်အတန်းမျိုး၊ လူထုပရိသတ် အားပေးချစ်ခင်မှုမျိုး ရနိုင်မယ်ဆိုတာ သေချာလို့လား။ ငါးစိမ်းတောင်မြင်ကြည့်လို့မရပဲနဲ့ လက်ထဲက ငါးကင်ကြီး ဘယ်သူက ပစ်မှာတုန်း။

           ကဲပါလေ။ သမီးပဲ စဉ်းစားကြည့်စမ်းပါ။ လူတွေက ဆရာဝန်အလုပ်ကို ဘာဖြစ်လို့ လုပ်နေတာ ထင်သလဲ။ ဆရာဝန်အလုပ်လုပ်ခြင်းအားဖြင့် ဘာတွေ အကျိုးရှိလဲ။ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်သလဲ။ သူကတော့ သူ့အဖေလိုပဲ စောင်းစောင်းရွဲ့ရွဲ့ပြန်ဖြေပါတယ်။ “ဂုဏ်ရှိတယ်လေ။ ကြွားလို့ရတယ်လေ။ ဂုဏ်မက်တဲ့သူတွေ၊ ကြွားချင်တဲ့သူတွေဆရာဝန်လုပ်ကြတာပေါ့” တဲ့။ ဟုတ်သေးပါဘူးကွယ်။ ဆရာဝန်ဆိုတာ ဂုဏ်ငယ်တဲ့အစားထဲ ရောက်နေတာ တော်တော်တောင်ကြာပေါ့။ “သမီးရယ်။ ကြိုက်လိုက်ပါ သမီးရယ်။” ဆိုတဲ့ သီချင်းထဲတောင် ဆရာဝန်မပါတော့ဘူး။ ဆရာဝန်နဲ့မို့လို့ မိဘသဘောမတူပါဘူးဆိုပြီး ခိုးပြေးရတဲ့သူတွေ အများကြီးပဲ။ ဆရာဝန်ဆိုတာ ဂုဏ်လည်း မရှိဘူး။ ငွေလည်း မကပ်ဘူး။ (ဒါတော့ ကိုယ့်သမီး အသိဆုံးနေမယ်) ဆရာဝန်တွေ ပင်စင်ယူတဲ့အခါ ဟိုးထိပ်ဆုံးက ဝန်ကြီးလုပ်တဲ့သူတွေတောင် အထည်ကြီးပျက် တန်းဖြစ်တော့တာ။ ရေခဲလောက်မှ ပျော်အောင်စောင့်ချိန်မရဘူး။ အဲသလို ဂုဏ်တွေ ငွေတွေအတွက်ဆိုရင်တော့ ဆရာဝန်အလုပ်က ရင်းရတာ မတန်ပါဘူးလေ။ မရေရာတဲ့ရှေ့ရေးကိုတစ်ဘဝလုံး အပတ်တကုတ် အားထုတ်ရင်းနှီးပြီး မအိပ်နိုင်မစားနိုင် စိတ်ဖိစီးခံရတာ။

            အဲ့ဒီတော့ချစ်သုဝေတို့ နီနီခင်ဇော်တို့ကို “အဆိုတော် မလုပ်ပါနဲ့။ ဆရာဝန်ပဲ လုပ်ကြပါတော့။” လို့သွားပြောရင် ချဉ်ပေါင် နဲ့ ဝက်သားကို လဲစားခိုင်းသလို ရှိလိမ့်မယ်။ နောက်အကြောင်းတစ်ခုက ဆေးကျောင်းပြီးတိုင်း ဆေးပညာဘွဲ့ရတိုင်း ဆရာဝန်လုပ်စားလို့ ရတယ် မထင်နဲ့။ ဆရာဝန်အဖြစ်နဲ့ အသက်မွေးချင်ရင် ဆရာဝန်စိတ်ဓါတ် ရှိမှ အလုပ်လုပ်လို့ရတယ်။ ဆရာဝန်စိတ်ဓါတ် မမွေးနိုင်တဲ့သူဟာ သည်အသက်မွေးမှုနယ်ပယ်မှာ ဘယ်လိုမှ ပျော်ပိုက်နိုင်မှာ မဟုတ်ဘူး။ သူ့ဘာသူ တခြား သာ၍ကောင်းမွန်သော၊ အကျိုးစီးပွားဖြစ်ထွန်းသော၊ နှစ်လိုပျော်ရွှင်ဖွယ်ကောင်းသော သည့်ပြင့်အသက်မွေးဝမ်းကျောင်း အလုပ်တွေကို အလိုလို ရှာဖွေတွေ့ရှိသွားမှာပဲ။ ဆရာဝန်စိတ်ဓါတ်ဆိုတာကို အလွယ်တကူ နားလည်နိုင်အောင် ရှင်းပြရရင်တော့ လူနာတွေကို ရောဂါပျောက်ကင်းချမ်းသာစေလိုတဲ့ စိတ်ထားသဘောထားကို ပြောတာပါ။ ဆရာဝန်ပါဆိုမှတော့ ကိုယ်ကုတဲ့လူနာကို ရောဂါမပျောက်စေချင်ဘူးရယ်လို့ ရှိမလား။ အဲသည်စိတ်စေတနာ အခြေခံအပေါ်မှာ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ အားထုတ်ပြီး ကိုယ့်ကြောင့် လူနာကျန်းမာသွားတဲ့အခါ ကိုယ့်စိတ်ထဲမှာ ကျေနပ်ဝမ်းမြောက်သွားတဲ့ စိတ်ကလေး ဖြစ်လာတယ်။ အဲသည်စိတ်ကလေးတစ်ခုအတွက်ပဲ ကျန်တာဘာကိုမှ ထည့်မတွက်ပဲ လုပ်နိုင်မယ်ဆိုရင် ဆရာဝန်အလုပ်ဟာ အင်မတန် လုပ်ပျော်တဲ့အလုပ်။ အခုလောလောဆယ် အလုပ်လုပ်နေတဲ့ ဆရာဝန်တွေ အကုန်လုံး အဲသည်စိတ်ကလေးကို မွေးပြီး ဆေးကုနေကြတာ။ ပိုက်ဆံနဲ့လည်း မတွက်နဲ့။ ရှေ့ရေးနောက်ရေးလည်း မတွက်နဲ့။ စားဝတ်နေရေးလည်း ကိုယ့်ပြဿနာကိုယ်ကြည့်ရှင်း။ လူနာကို ကောင်းအောင်ကုတတ်ပြီး လူနာကောင်းလို့ ဝမ်းသာတတ်ပြီဆိုမှ ဆရာဝန်လုပ်။ နို့မို့ရင်ဆရာဝန်ဘဝမှာ ကြုံတွေ့လာရမယ့် ဒုက္ခသုက္ခဒဏ်တွေကို ဘယ်လိုမှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ ဆရာဝန်ဘဝဟာ ပန်းခင်းလမ်း မဟုတ်ဘူး။ ဆူးခင်းလမ်း။

            ဆရာဝန်ဘဝမှာ သာတောင့်သာယာ မိုးပေါ်ကကျလာတဲ့ ဘုံကြိုးပြတ်တဲ့ ဒေဝီနတ်မျိုးနွယ်ကြီးတွေလည်း ရှိပါတယ်။ ကျောင်းသားဘဝမှာကတည်းက ပါချုပ်တွေ မော်ကွန်းထိမ်းတွေကိုယ်တိုင် အရိပ်တကြည့်ကြည့်နဲ့ တဖူးဖူးမှုတ်ထားကြတာ။ အမှတ် ၂၀၀ ပေးတဲ့ စာမေးပွဲမှာ အမှတ် ၂၀၀ အပြည့် တစ်ပြားသားမှ မလျော့အောင်ဖြေသွားလို့ ပြန်နှုတ်မရဘာမရ လူကြားမကောင်း သူကြားမကောင်း ဆရာကြီးတွေ အရှက်ကွဲရတဲ့အဖြစ်တွေတောင် ကြုံဖူးသေး။ ဒါပေမယ့် အဲ့ဒီကလေးတွေ ခရိုနီသာ လုပ်လို့ရချင်ရမယ်။ ဆရာဝန်တော့ လုပ်လို့မရဘူး မဟုတ်လား။ ဘာဖြစ်လို့ဆိုတော့ သူတို့မှာ လူနာကို ကောင်းအောင်ကုပေးချင်တဲ့စိတ် ဘယ်ကလာမလဲ။ လူနာကောင်းသွားရင် ဝမ်းသာတဲ့စိတ် ဘယ်လိုဖြစ်ဖူးမလဲ။ အရာအားလုံးကို ကိုယ်ကသာ အသာစီးအထက်စီး အနိုင်ယူ လွှမ်းမိုးလိုတဲ့စိတ်၊ ကိုယ့်ဆရာသမားများကိုတောင် နှိမ့်ချကျိုးနွံရမှန်းမသိတဲ့စိတ်နဲ့မို့ သူတို့စိတ်ထဲမယ် ဆရာဝန်လုပ်ချင်တဲ့စိတ်ကို အိပ်မက်ထဲတောင် ထည့်မက်ဖူးမှာ မဟုတ်ဘူး။ သူများအတင်းလည်း မပြောချင်ပါဘူး။ လူကြီးသားသမီးဖြစ်ပလေ့စေ ဆရာဝန်လုပ်ချင်ရင် ဆရာဝန်စိတ်ထားရှိမှရတယ် လို့ သိစေချင်တာပါ။ ဦးနေဝင်းကြီးရဲ့ သမီး ဒေါ်ကြေးမုံဝင်းဟာ ဆရာဝန်စိတ်အပြည့်နဲ့ ဆရာဝန်မကြီး လုပ်သွားတာ မြင်ဖူးတယ်။ အတောင်အလက်စုံ စူပါပါဝါတွေလည်းရှိတဲ့ သူတို့လူကြီးသားသမီးတွေဟာ သမီးပြောသလိုပဲ ဂုဏ်ရှိအောင် ဆရာဝန်အလုပ်လုပ်ရင်းနဲ့မှ သူတို့အတွက် ပွင့်လင်းလာတဲ့အခွင့်အလမ်းတွေမှာ လွှားကနဲ လွှားကနဲ တက်သွားတဲ့အခါ နောက်ဆုံးတော့ အစိုးရဝန်ထမ်းဆရာဝန်အလုပ်ကို စွန့်ခွာကုန်ကြတယ်။ ဘာလို့ဆိုတော့ သည်ကဘဝတွေက အင်မတန်နိမ့်ကျတယ်လေ။ ထောင်မြင်နေမှတော့ ဘယ်သူမှ ရာကိုဖက်တွယ်မထားဘူး။ ချိန်ခွင်လျှာက ဟိုဘက်မှာ အသာကြီးဟာကို။

            စကားတွေက ဘယ်တွေရောက်ကုန်မှန်း မသိပါဘူး။ ကိုယ်က ကလေးကို သိစေချင်တာ သူ့အဖေဟာ သည်ဆရာဝန်အလုပ်ကိုလခလေး တစ်ပဲခြောက်ပြားနဲ့ ဘာတွေကို မျှော်ကိုးပြီး တွယ်ကပ်ကုပ်ခဲပြီး လုပ်နေသလဲဆိုတာ သိစေချင်တာ။ ဂုဏ်ကြောင့် ငွေကြောင့်တော့ဖြင့် မဟုတ်ပါဘူး။ အဲသည်ဆရာဝန်စိတ်ကလေးကို ဖျောက်မရတာကြောင့်ပါ။ အကျိုးအမြတ် အလားအလာ ကောင်းနိုးရာရာဖြင့် တစိုးတစိတောင် ရှာမရ။ နောင်ကျရင် ဘာဆရာဝန်ကြီး ညာဆရာဝန်ကြီး ဖြစ်ချင်လို့လား။ ဖြစ်ချင်တော့ပါဘူး။ ဘာဘွဲ့တွေ ညာဘွဲ့တွေ ဘာမှ မလိုချင်တော့ဘူး။ လူနာတွေရှိတယ်။ ကိုယ်တတ်သလောက် ဆေးကုပေးမယ်။ ပျောက်သွားတယ်။ သက်သာသွားတယ်။ ကျေနပ်တယ်။ တော်ရောပေါ့။ လုံလောက်ပြီ။

           ကိုယ်မှမဟုတ်ပါဘူးလေ။ ကိုယ်နဲ့တူတူ ဆေးရုံမှာ အလုပ်လုပ်နေကြတဲ့ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ်သော ဆရာဝန်များအားလုံး လူနာတွေအပေါ် ရောဂါဝေဒနာများ ပျောက်ကင်းသက်သာစေလိုတဲ့ စေတနာရှေ့ထားနိုင်လို့သာ သည်ဆေးရုံကြီးပေါ်မှာ အလုပ်လုပ်လို့ရနေကြတယ် ထင်တာပါပဲ။ ကိုယ်တို့ဆေးရုံကြီးဟာ ခေတ်မီဆန်းပြားလှပါတယ်။ ကိုယ်တို့ဆီက ဆရာဝန်တွေဟာ အံ့မခန်းပညာတွေ ကြွယ်ဝပါတယ်။ လူနာတွေအပေါ် ပျားရည်လိုချိုသာသော စကားများနဲ့ ကြင်နာစွာ ကုသပေးနေပါတယ် မပြောလိုပါဘူး။ ဒါပေမယ့် ဆရာဝန်တွေက ဆရာဝန်စိတ်အပြည့်နဲ့၊ သူနာပြုတွေက သူနာပြုစိတ်အပြည့်နဲ့ ဆေးရုံပေါ်ကျလာတဲ့ဝန်ကို (ကိုယ်နိုင်တဲ့ဝန်လို့ ပြောတာ မဟုတ်ဘူးနော်) မနိုင်နိုင်အောင် ထမ်းနေကြတုန်းပါပဲ။ နောင်လည်းပဲ သည်ဆေးရုံကြီးပေါ်မှာ စာသင်ပေးခဲ့တဲ့ ကလေးတွေထဲက ဆရာဝန်စိတ်ထားနိုင်မယ့်သူတွေ၊ လူနာကျန်းမာမှ ကိုယ်စိတ်ချမ်းသာမယ့်သူတွေသာ ကိုယ်တို့နေရာမှာ ဆက်အလုပ်လုပ်နိုင်ကြဦးမှာပေါ့။ ခုလောက်ဆိုရင်တော့ သမီး သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ဆရာဝန်ဆိုတာ ဝါသနာပါရုံနဲ့ လုပ်လို့မရဘူး။ ဝဋ်လည်းပါမှ လုပ်လို့ရတယ် လို့။ ဝိုင်းစုခိုင်သိန်း သီချင်းအသစ်ကလေး နားထောင်မလား။ “ကျန်းမာရေး ဂရုစိုက်” တဲ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...