Wednesday, March 18, 2015

ဘမောင်၏ ငိုချင်းရှည်


အစိုးရရဲ့ ကြွေးယူမှုတွေ များပြားလာမှုကြောင့် မြန်မာပြည်သူတဦးမှာ ကျပ်လေးသိန်းကျော် ကြွေးတင်နေတယ်ဆိုတာ သိရပါတယ်၊
သို့အတွက် သေခါနီး လူပမာများ၊ ရောဂါ ကျွမ်းနေသူ များက နီးစပ်ရာ သားသမီး၊ ဇနီး ခင်ပွန်းတို့ကို သူတို့သေလျင် သံသရာကို အကြွေးပါမသွားရလေအောင် သွားဆပ်ပေးဘို့ မှာနေကြတာကို ရပ်ကွက်ထဲတွင် ကြားသိတွေ့နေရပါသဖြင့် ၎င်းတို့၏ ဆန္ဒများ ပြည့်ဝစေရန် ကျန်ရစ်သူများက အစိုးရမင်းများထံ သွားလေသူများ တင်ရှိခဲ့သော ကြွေးများကို ဆပ်လိုစိတ် ပြင်းပြနေသည်ဟု သိရပါသည်။

သို့ပါ၍ အစိုးရမင်းများအနေဖြင့် ကြွေးဆပ်လိုသူများ ကြွေးဆပ်နိုင်ရန် မြို့နယ်အသီးသီးတွင် ဌာနများ ဖွင့်၍ ကောက်ယူပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်၊ အစိုးရမင်းများ ခံဗျာ၊
အစိုးရမင်းများ လွှတ်တော်မှတဆင့် အားကျမခံ သူထက်ငါ ဂန္တာလရာဇ် ပြည်ကြီးမှ ကြွေးများ အပြိုင်ယူနေကြချိန်တွင် အရှက်ကို အသက်ထက် တန်ဖိုးထားသော လူထုကြီးမှာ သံသရာ အကြွေး ပါမည်စိုး၍ တင်သမျှကို ကုန်းရုံးကာ ဆပ်ပေးမည့်အကြောင်း သတင်းကောင်းပါးအပ်ပါသည် ခံဗျာ။
ထိုသို့ ဆပ်ပေးနိုင်ရန် တခု တောင်းဆိုလိုသည်မှာ လူ့အသုံးအဆောင် အထည်အလိပ်များ ထွက်ရှိအောင် နေ့စဉ်နှင့်အမျှ နေထွက်မှ နေ၀င် လျှာထွက်မတတ် ကုန်းရုံးလုပ်ရမှ လူတန်းစေ့နေနိုင်လောက်သည့် လုပ်ခမရရှာသော ဗမာအမျိုးသမီးလေးများ တနေ့မှ ကျပ်ငွေတထောင်လောက် တိုးမြှင့်တောင်းရှာသည့်အရေးကိုလည်း ငဲ့ကွက် မထားပဲ တလလျင် ၁၀ သိန်းသော ၀င်ငွေများကို ကုလားထိုင်တွင် လာထိုင် ငိုက်မြည်းယုံမျှဖြင့် ရရှိနေကြသော အမတ်မင်းများမှ အမြန်တိုက်တွန်း ဖြေရှင်းပေးစေလိုပါသည်။ အမတ်မင်းတို့က အတည်ပြု အောက်က လိုက်မလုပ်နှင့် ကြာရင် ငပေါလွှတ်တော်ကြီးဟု ထင်မြင်လာနိုင်စရာရှိနေပါသည်။
သို့မှသာ ၀န်ကြီး ၀န်ကလေးတို့ ချေးသမျှ သူတို့ခမျာလည်း ဆပ်ပေးနိုင်ရှာပေလိမ့်မည် ခင်ဗျာ၊
သို့သော် ၀န်ကြီးတပါးမှ သုံးပေလောက် ခုန်နိုင်ယုံဖြင့် ငါးပေလောက် ခုန်နိုင်သူတို့နှင့် ယှဉ်၍ မတောင်းဆိုပါနှင့်ဟု မညှာမတာ ပြောလာလေပြန်ရာ သာယာဝတီ အကျဉ်းထောင်တွင် အစိုးရမင်းတို့၏ စရိတ်ဖြင့် ယခုအခါ နေထိုင်ကြရရှာသော ကျောင်းသားကလေးများက ယခင်ကတည်းက ကောင်းစွာနားလည်ကြပြန်သောကြောင့် ငါးပေမက ၁၀ ပေအထိ ခုန်နိုင်ရေးအတွက် ပညာရေး အဆင့်အတန်း တိုးမြှင့်ပေးပါရန် နေပူကျဲတဲ လမ်းလျောက်ကာ တောင်းဆိုခဲ့ကြပြန်သော်လည်း လူမဆန်စွာ အရိုက်နှက်ခံခဲ့ရပြီး ဖြစ်ပါသည်။
သို့ပါ၍ မကြာမီ ဆွေးနွေးရန် ရှိသော ဥပဒေကြမ်းအတွက် အရိုက်နှက်ခံ ကျောင်းသားများအား စာနာစိတ်ဖြင့် ၎င်း တသက်နှင့်တကိုယ် လူထု တိုက်ရိုက်အကျိုးပြု ကလေး လုပ်ဘူးသည်ရှိအောင်၎င်း အဆိုပါ အရေးကို အတည်ပြုပေးရန်လည်း တောင်းဆိုအပ်ပါသည် ခင်ဗျာ။
တခု ပြောလိုသည်မှာ ပြည်သူလူထုအားလည်း ၁၀ နှစ်သား လူပမယ်ကဲ့သို့ထင်မှတ်နေမှုကို ရပ်တန်းက ရပ်သင့်ပြီ ဖြစ်သည်။ မည်သည့်ရှု့ဒေါင့်မှ လူထုက ဆန္ဒထုတ်ဖေါ်ပြသသည် ဖြစ်စေ ၀န်မင်းတို့၏ ကြီးမားလှသော သြဇာအာဏာကို ငယ်မွေးခြံပေါက် ပြောသမျှ ယုံများက ခြိမ်းခြောက်သည်ဟု အဦးဆုံးစိတ်တွင် ယူဆမိခြင်း မပြုသင့်ပဲ သူတို့အတွက် တကယ်လိုအပ်နေသလားဟု၊ဘာဖြစ်လို့ပါလိမ့်ဟူသော စိတ်ရင်းကောင်းဖြင့် အယင် သုံးသပ်က ပြဿနာဟူသမျှ အေးအေးချမ်းချမ်းဖြင့် မပြေလည်နိုင်စရာ မရှိဟု ထင်မြင်မိသဖြင့် ပညာရှိ သတိဖြစ်ခဲ တင်ပြလိုက်ရပါသည်။
ပုံ
ဘမောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...