ခွေးအူသံများ မကြားချင်ရင်
ကျွန်တော်က ခွေးကို ချစ်တော့ချစ်တယ်၊ ခွေးမွေးရမှာကြောက်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ အိမ်မှာ ထမင်းမှ ချက်မစားတာ။ ပြီးတော့ အိမ်မှာအနေလည်းနည်းတယ်။ အိမ်ဆိုတာ ကျွန်တော့်အတွက်တော့ မိုးချုပ်ရင် ပြန်အိပ်တဲ့နေရာ၊ ကိုယ့်ဝမ်းစာ စာအုပ်တွေကို သိုလှောင်သိမ်းဆည်းထားရာ နေရာတစ်နေရာလို့ပဲ သတ်မှတ်ထားတာ။ ဒါကြောင့် ခွေးတော့ ချစ်တယ်။ ခွေးမမွေးဘူး။
ခွေးမွေးတာ ကောင်းတာပေါ့။ အနည်းဆုံး ခြံလုံတယ်။ ဟောင်တတ်တဲ့ခွေးမွေးထားရတာ
ပိုတောင် ကောင်း သေးတယ်။ အသံကြောင့် လူရှိန်ပြီး ကြောက်ဖော်ရတယ်။ ကိုယ်က
အခြေအနေကြောင့် ခွေးမမွေးနိုင်တာ။ အိမ်အနီးနားတစ်ဝိုက် ပေါလိုက်တဲ့ခွေးတွေ။
ညဆိုရင် မည်းမည်းမြင်တာနဲ့ ထိုးဟောင်တော့တာ။ ဟောင်ရုံ လောက်က
တစ်ခါတစ်ရံဆိုတော့ ပြဿနာမဟုတ်ဘူးဗျ။ ပိုဆိုးတာက ညဥ့်နက်သန်းခေါင်
ရောက်လာပြီဆိုရင် ခွေးတွေရဲ့ ဘာဝ အူကြတော့တာ။ အူတာမှ ရိုးရိုးမအူဘူး။
ဆွဲဆွဲငင်ငင်အူကြတော့ အိပ်ရေးပျက်တာပေါ့။
ကျွန်တော်ဆိုတဲ့ကောင်ကလည်း ညဆို ၁၂ နာရီမကျော်ရင် အိပ်ရတယ်လို့ မထင်ထားသူ။ ညဥ့်တစ်နာရီ လောက်မှ ခွေးတွေကထအူတော့ လန့်နိုးပြီး အိပ်လို့ မရတော့ပြန်ဘူး။ အိပ်မရတော့ စာဖတ်။ စာထဲစိတ်ရောက်၊ မိုးလင်းပေါက်ဖြစ်သွားပြန်ရော။ ဒီတော့ အချိန်မတော် ထအူတဲ့ ခွေးကိုပဲ ကျေးဇူးတင်ရမလို။ ဘာပြောပြော စာတစ်ပုဒ်တော့ဖတ်ဖြစ်သွား။ အသိဗဟုသုတ တစ်ခုတိုးသွားပြန်တော့တာပေါ့။
ဒါပေမဲ့ ခွေးအူတာ နာခံရတာ ကြာတော့ မခံနိုင်ဘူးဗျ။ အသက်လေးနည်းနည်းရလာတော့ ငယ်ငယ်တုန်းကလို မိုးလင်းပေါက်စာဖတ်၊ နောက်တစ်နေ့လုံးကျောင်းတက်၊ လက်ဖက်ရည်ကျကျတစ်ခွက်နဲ့ နေနိုင်တဲ့ အရွယ် လည်း မဟုတ်တော့ဘူး။ အိပ်ရေးပျက်ရင် စာထဲလည်း စိတ်မဝင်စားချင်တော့ဘူး။ ကျန်းမာရေးကလည်း နည်း နည်း ထိချင်လာတယ်။
တစ်နေ့ မိတ်ဆွေတစ်ယောက်က "ခင်ဗျား နေမကောင်းဘူးလား" လို့ မေးတယ်။ နေတော့ကောင်းတယ်၊ စိတ်က သိပ်မလန်းဘူး၊ အိပ်ရေးမဝတဲ့ အကြောင်းကိုပြောလိုက်တော့ သူက "ကျုပ်နဲ့ လိုက်ခဲ့" ဆိုပြီး ခေါ်သွား တယ်။
သူခေါ်သွားတဲ့နေရာက အားကစားပစ္စည်းရောင်းတဲ့ဆိုင်။ ကျွန်တော်က ဘာဆိုင်လို့ ဒီနေရာကို ခေါ်လာ သလဲလို့ ဇဝေဇဝါဖြစ်နေချိန်မှာ မိတ်ဆွေက ကောင်တာကိုသွားပြီး
"ရေကူးရင် နားထဲထည့်တဲ့ ဖော့တုံးလေးတွေ ရှိလား"လို့ မေးလိုက်တယ်။ အရောင်းကောင်တာက နားထဲထည့်တဲ့ ဖော့တုံးသေးသေးလေးတွေကို ပလတ်စတစ်အိတ်နဲ့ ထည့်ထားတာလာပေးတယ်။ တစ်စုံမှ ၅၀၀ ကျပ်တဲ့။ မိတ်ဆွေက
"ညအိပ်ရင် နားထဲကို ဖော့တုံးတွေထည့်အိတ်လိုက်။ ခွေးအူသံသာမဟုတ်ဘူး လူအူတဲ့အသံပါ မကြားရတော့ဘူး" တဲ့။
ကျွန်တော် မိတ်ဆွေရဲ့ ကျေးဇူးနဲ့ အဲဒီညကစပြီး အိပ်ကောင်းခြင်းအိပ်ခဲ့ရတယ်။ အိပ်ကောင်းခြင်း အိပ်ရတော့ စားကောင်းခြင်း စားရ၊ ဖတ်ကောင်းခြင်း ဖတ်ရ။ ရေးကောင်းခြင်း ရေးရတော့တာပေါ့။ ကျွန်တော့် မိတ်ဆွေများကိုလည်း ညွှန်းချင်ပါတယ်။ ခွေးအူသံများ မကြားချင်ရင် ပိုက်ဆံ ၅၀၀ လောက်ရင်းလိုက်ပါ။ အားလုံး အဆင်ပြေသွားပါလိမ့်မယ်။
၂၃.၃.၂၀၁၅

0 comments:
Post a Comment