Tuesday, March 3, 2015

မှားပြီးနောက် ပြန်တည့်ရန်

စိတ်ကိုနှစ်ပြီး လုပ်ခဲ့တာတွေချည်းမှ မဟုတ်တာ အသက်ရယ်
ဟိုးအနက်ကြီးထိဆိုတဲ့ ငယ်ဘဝရဲ့ စိတ်ရိုင်းဝင်ပုံမျိုးက
ဖျတ်ခနဲ ဖမ်း ထိ ထားတဲ့ အာရုံခံစားမှုမှာ ကပ်မနေခဲ့ဘူးလေ
ဒီရက်ပိုင်း ကိုယ့်အရေးအသားပေါ်မှာ ရှိမနေခဲ့ဘူးလေ
ပြန်တည့်ထားတဲ့ ရှင်သန်မှုဟာ အနက်ရောင် ဘဲငန်းတစ်ကောင်လို
ခု ကိုယ့်လက်ထဲမှာ တဆတ်ဆတ်တုန်နေတာ

ကိုယ့်စိတ်ကို ထုတ်ချင်းခတ်သွားတဲ့ ဆံနွယ်ရှည်တွေလို
မေ့ပစ်လိုက်ရတော့မှာလား လုပ်ထားခဲ့သမျှအမှားတွေကို/က
မှန်ထဲကကိုယ့်ပုံရိပ်ကို ကိုယ်နဲ့မှားပြီး ခေါ်ဆောင်သွားကြတယ်
ဆွံ့အခြင်းကြီးစွာနဲ့ ကိုယ့်ပါးကိုယ်သာ စိတ်နှစ်ပြီး
ဘယ်ညာ ပြန့် ပြန် ရိုက်နေမိတော့တာပါပဲ အသက်ရယ်
နံရံပေါ်က ရွဲ့စောင်းနေတဲ့ ကိုယ့်ဘဝဖြစ်စဉ်ကို ဖုန်သုတ်ပြီး
ပြန်တည့်ပေးလိုက်တော့ မင်း ဘာနစ်နာသွားမှာမို့လဲ

ဝါသနာအရတည်ဆောက်ထားတဲ့ ပျော်ရွှင်မှုဟာ
ဘေးချင်းယှဉ်ရက် အရှိန်မလျှော့ပဲ ကပ်မောင်းလိုက်လာတယ်
မင်းကြားနေရတာ မအောင်မြင်တဲ့ ကိုယ့်ဆုတောင်းခြင်းတွေပေါ့
စေတီပေါ်မှာ ပျံဝဲနေတဲ့ ငှက်တွေရဲ့ လမ်းကြောင်းကိုပဲ
အာရုံပြုနေမိတော့တယ် ဖြစ် ပျက် ရှုမှတ်လိုက်တိုင်း
ဖြစ်တည်သွားတဲ့ အမှားတွေထဲကို ပျက်ကျသွားတဲ့ သံယောဇဉ်တွေ
မျက်လှည့်ပွဲက ဝယ်ခဲ့တဲ့ မြွေဆိပ်ဖြေဆေးလို ယုံကြည်မှုနဲ့
ကိုယ့်ကို မျက်နှာမြင်ပြီး ချစ်ခင်ကြည့်ပါလားဟင်
ထွီး ဆိုပြီး ထွေးလိုက်တဲ့ ကွမ်းတံတွေးလို နီစွေးနေတဲ့ နေရာ
ဒီနေရာကို လွဲမှားစွာ အကြိမ်ကြိမ်ပြန်လာမိစေတဲ့
တောကြီးမြွေဟောက်ရောင် နှုတ်ခမ်းတစ်စုံ
နိဗ္ဗာန်လမ်း
ဟာ
ကိုယ့်လိုဝေနေယျတစ်ကောင်အတွက်တော့ ကြမ်းတယ်
ချစ်ပြီးမှတော့ ဒို့နောက်ဆုတ်ဖို့မလွယ်တော့ဘူးကွယ် *
ချစ်ပြီးမှတော့ ရှေ့ဆက်ချစ်ဖို့ပြင်ဆင်ရမယ် *
ဘယ်နှစ်ခါမှန်းမသိ ပြန်ဖတ်နေမိတဲ့ စာတစ်စောင်ဟာ
ကိုယ့်စာတိုက်ပုံးထဲကို လိပ်စာမှားပြီးရောက်လာခဲ့ပါတယ်
ပြန် ပြန် ဖတ်ရှုခံစားမိတိုင်း သွေးလေခြောက်ခြားပြီး
ည ည လန့်လန့်နိုးရတဲ့ ချစ်စွာသော မင့်ဖရုဿဝါစာလေးတွေ
အငိုက်မိသွားတဲ့ အစိုးရ(သူလေး)စစ်စာမေးပွဲမှာ အမှားတစ်မျက်နှာဟာ
မျက်စောင်းတစ်ချက်ရဲ့ခဲဖျက်ရာအောက် ကားခနဲ ပြန်တည့်ခံလိုက်ရ
တစ်ဖက်သတ်ကြီးအချစ်ခံနေရတဲ့ ကိုယ့်ရဲ့ဦးဆွေးဆံမြေ့လေးရေ
ကိုယ့်ရဲ့ စစ်သားအချစ်ဟာ တောင်ပြာတန်းနဲ့ ရောကြိတ်ထားတဲ့
ယောက်ျားဟုထင်ရှားစေသော အရာတစ်ခုလို့မထင်ပါနဲ့ကွာ
လမ်းတစ်ဝက်ကလှည့်ပြန်သွားတဲ့ ရဲဘော်ရဲဘက်သူငယ်ချင်းနဲ့
(မင်းအပေါ် မှားခဲ့မိသမျှထက် နှစ်ဆတင်ပြီး ) အမှာပါးလိုက်ပါရဲ့
ဆန္ဒ နဲ့သိက္ခာ မှားသွန်းထားတဲ့ ခေါင်းလောင်းကြီးကို
သုံးချက်တီးပြီး ကွေ့ကောက် မြစ်ပြင်ကို အခု ငေးနေမိပြီ
အဲ့ဒီ ခေါင်းလောင်းသံနဲ့ မြုပ်နေတဲ့ခေါင်းလောင်းကြီးကို
ဖြည်းဖြည်းချင်း ချော့ပြီး ဆယ်နေမိပြီ
မှားရင်လည်း ကြွေရပါမယ် မျက်ရင်လည်း ကြေရပါမယ် အသက်ရယ်
ချစ်ခြင်းမေတ္ကာဆိုတာ မျောနေဆဲ မဗေဒါရဲ့ ငယ်နာမည် ။ ။

(တေးခက်)

** ဦးခင်အောင်အေး တည်ပေးထားသောခေါင်းစဉ်ကို တစ်ဝက်ပြန်တည်ပြီး ရေးသား
* ရဲသွင်သီချင်း မောင်သစ်မင်းစာသား

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...