Tuesday, October 8, 2013

(((( ပေါင်းစပ်ခြင်း..... နိဒါန်း )))))


၁ နဲ့ ၁ ပေါင်းရင် ၂ရတယ်လို့ ဆိုပေမယ့် ရေစက်ကလေးတွေ တစ်စက်နဲ့ တစ်စက်ပေါင်းရင်တော့ ၂စက်မရဘူး... တစ်စက်တည်းပဲလို့ ဆရာကြီး နန္ဒာသိန်းဇံက ပြောခဲ့ဘူးပါတယ်...။

ဒီစကားလေးကို တွေးကြည့်မိလိုက်တာ... ရေဗူးမပါပဲ.... ကန္တာရ ခရီးအဝေးကြီးကို တစ်ယောက်တည်း သွားလိုက်ရတာနဲ့ တော်တော် တူနေပါတယ်...။


မောသလိုလို... ပမ်းသလိုလိုလည်း ခံစားလိုက်ရပါတယ်...။

ပေါင်းစပ်ခြင်း နိယာမကိုလည်း လက်လှမ်းမီသလို စဉ်းစားဖြစ်သွားပါတယ်..။

ပေါင်းစပ်ခြင်းဆိုတာ တကယ်တော့ ပေါင်းစပ်ခြင်း မဟုတ်ပဲ... စုစည်းခြင်းများ ဖြစ်သွားသလား ?

ရောယှက်ခြင်းများ ဖြစ်သွားသလား ???

ယှဉ်တွဲခြင်းများ ဖြစ်သွားသလား ? လို့ ဆက်ပြီး... ဆက်ပြီး တွေးဖြစ်တယ်..။

ပေါင်းစပ်နိုင်ဖို့အတွက် ကွဲထွက်နေတဲ့ ကွာခြားချက်တွေလည်း အမှန်တကယ် လိုအပ်နေတာပါပဲ...။

ပေါင်းစပ်နိုင်ဖို့အတွက် အမျိုးအစား တူရင်ပဲဖြစ်ဖြစ်... မတူတူရင်ပဲဖြစ်ဖြစ် သီးခြား ဖြစ်တည်မှုတွေလည်း လိုအပ်နေတာပါပဲ....။

ပေါင်းစပ်ခြင်းကြောင့် ပိုမိုကြီးမားသွားနိုင်သလို... ပျောက်ဆုံးပျက်စီးသွားနိုင်တာပဲ...။

ပေါင်းစပ်ခြင်းကြောင့် အခြားအခြားသော တန်ဘိုးတွေ မြင့်တက်စေနိုင်သလို... အခြားသော ထိခိုက်မှုတွေကိုလည်း ကြုံတွေ့နိုင်တာပဲ...။

ပေါင်းစပ်ခြင်းကြောင့် လှပခြင်းတွေ ဖြစ်လာနိုင်သလို... ပေါင်းစပ်ခြင်းကြောင့်လည်း ရုပ်ဆိုးအကျဉ်းတန်မှုတွေလည်း ဖြစ်လာနိုင်တယ်...။

သင်္ချာသဘောတရားမှာတော့ Base တူရင် Power ချင်းပေါင်းတယ်တဲ့... Base မတူရင်တော့ Power ပျက်သွားတာပေါ့....။

လောကကြီးမှာ လုပ်ပိုင်ခွင့်နဲ့ အတ္တ ပေါင်းစပ်သွားတဲ့အခါ မည်းညစ်သွားတတ်သလို....
စာနာခြင်းနဲ့ ကရုဏာတရားတွေ ပေါင်းစပ်သွားရင်တော့ ဖြူလွင်သွားမှာပါ...။

အားလုံး အဆင်ပြေစေဖို့ ပေါင်းစပ်ခြင်းအတွက် သတ်မှတ်ချက်တွေ လိုအပ်သလားလို့လည်း ဆက်ပြီး စဉ်းစားဖြစ်ပါတယ်...။

သူ့မူလ ဗီဇအတိုင်း ပေါင်းစပ်ခြင်းအတွက် သီးခြားဖြစ်တည်မှုရယ်...၊ ကွဲပြားခြားနားမှုရယ်...၊ ပေါင်းစပ်နိုင်မှုတွေရယ်ဆိုတဲ့ သတ်မှတ်ချက်တွေက ရှိပြီးသားပါပဲ...။

သဘာဝအားဖြင့် အရာရာ အဆင်ပြေအောင် ပေါင်းစပ်နိုင်ဖို့ တစ်စုံတစ်ခုကို အကျိုးအတွက်မျှော်လင့်ပြီး သတ်မှတ်ခဲ့မယ်ဆိုရင် အခြားမမြင်မတွေ့ မသိနိုင်တဲ့ တစ်နေရာအတွက် အပြစ်ကတော့ ဖြစ်နေမှာပါပဲ...။

သူ့သဘာဝအတိုင်း ပေါင်းစည်းသွားခြင်းကို စောင့်စည်းမလား ဒါမှမဟုတ် ကိုယ်တိုင်ပေါင်းစည်းခြင်းများကို ဖန်တီးမလား ဆိုတာကတော့ သိပ်ကို တွေးရခက်သော မေးခွန်းများပါပဲ....။

ဥာဏ်မမီတာလည်း ဖြစ်နိုင်ပါတယ်...။

တစ်စုံတစ်ခုကို ပေါင်းစပ်နိုင်ရန်အတွက် အနည်းဆုံးတော့ဖြင့် ဖိတ်ခေါ်ခြင်း၊ ရွှေ့ပြောင်းပေးရခြင်းစသည့် အခွင့်အရေးများကို ပေးဆပ်ကြရပါတယ်...။

အချို့သော ပေါင်းစည်းမှုများသည် မူလရှိရင်းစွဲ တန်ဘိုးများကို ထိခိုက်စေနိုင်ပြီး.... အချို့သော ပေါင်းစပ်မှုများသည်ကား ပေါင်းစပ်ခြင်း ခံရသည့် တစ်ဘက် ပေါင်းစပ်မှုတန်ဘိုးကို ကျဆင်းစေပါတယ်။

အချို့ ပေါင်းစပ်မှုများသည်ကား အကျိုးဖြစ်စေပြီး.... အပြစ်လည်း ဖြစ်သွားတတ်ပါတယ်။

ရေစက်ချင်းအတူတူ အရောင်ရှိသော ရေစက်နှင့် အရောင်မဲ့ ရေစက်များကို ပေါင်းစပ်လိုက်လျှင် အရောင်ဖျော့ ရေစက်ကြီးဖြစ်သွားပြီး နှစ်ဘက်စလုံး အာနိသင်လျော့ကျသွားတတ်ပါတယ်

ထို့ကြောင့် ပေါင်းစပ်မှုများအတွက် သဘာဝအနေအထား၊ သဘာဝပစ္စည်းများ၊ ဖန်တီးမှုများနှင့် လူသားများကို ခွဲခြားတတ်ရန်လည်း လိုအပ်ပါတယ်။

ဘာကြောင့်ပါလဲ ???

လူတွေဆိုသည်မှာ ကိုယ်ပိုင် အတ္တ. ၊ ကိုယ်ပိုင် အသိဥာဏ်...၊ ကိုယ်ရည်ကိုယ်သွေး.၊ ကိုယ်ပိုင် စိတ်ထားများ.. သီးခြားဖြစ်တည်လာတဲ့ ကိုယ်ပိုင် အတွေ့အကြုံများဖြင့် တည်ဆောက်ထားကြခြင်းကြောင့်ပါပဲ...။

လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အရည်အသွေးကို လုပ်ငန်းဖြင့် အကြမ်းဖျင်း စမ်းသပ်တိုင်းထွာ ရရှိနိုင်သော်လည်း စိတ်ကူးနှင့် အတ္တများအတွက်ကား သာမန် အခွင့်အရေး ဖော်ပြရုံမျှဖြင့် မသိရှိနိုင်ခြင်းကြောင့် ဖြစ်ပါတယ်...။

အခြေအနေ.. အချိန်အခါနှင့် ပတ်ဝန်းကျင်ပြောင်းလဲမှု၊ ဖြတ်သန်း စီးဆင်းမှုများသည်..... လူသားများ၏ စိတ်ထားများအတွင်း အသွင်သဏ္ဍာန်နှင့် အနှစ်သာရကို ပြောင်းလဲတတ်သောကြောင့် ဖြစ်ပါတယ်။

အမှန်တကယ်တွင်ကား ပေါင်းစပ်ခြင်းနိယာမတွင် သင်္ချာသဘောတရားများသည် အရာရာတိုင်းအတွက် မှန်ကန်နေမည် မဟုတ်သကဲ့သို့... ခန့်မှန်းခြေ တွက်ချက်မှုများသည်လည်း အချိန်အခါအရ ပြောင်းလဲတတ်ပါကြောင်း တင်ပြရင်း...

ကဲ... မိတ်ဆွေ...
၁ နဲ့ ၁ ပေါင်းရင် ဘယ်လောက်ရပါသလဲ ????

(ကွန်ဆူးမား)(၈-၁၀-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...